လက်သီးတစ်ချက် ... ။
Vol. 24 Ch. 282
အဆုံးတွင် အမှောင်နတ်ဓားကို လွှဲချလိုက်သည်။ ဤဓားသည် စစ်မှန်သော စွမ်းအင်နှင့် ကျင့်ကြံမှု အားလုံးနီးပါးကို အသုံးပြုထားခဲ့၏။
“ ခရစ် ... ။ ”
ကောင်းကင်နှင့်မြေကြီးသည် ဖိအားကို မခံနိုင်တော့ဘဲ လေဟာနယ်သည် ကင်းဗတ်စ တစ်ခုကဲ့သို့ ကွဲထွက်သွားလေသည်။
“ ချွင် ... ချွင် ... ချွင် ... ။ ”
တဟုန်ထိုး ဓားမြည်သံများ ပဲ့တင်ထပ်သွား၏။ ပြိုးပြက်လင်းလက်နေသော ဓားအလင်းသည် အမည်မဲ့ နဂါးခြောက်ဦး၏ စွမ်းအင်များနှင့် တိုက်မိသွားသည်။
“ ဘုန်း ... ။ ”
ကောင်းကင် တုန်ခါလျက် နေနှင့်လ၏ အလင်းများ ပျောက်ကွယ်သွား၏။ လူတိုင်း၏ အမြင်တွင် အဖြူရောင်မှတပါး အခြားမရှိချေ။
ကမ္ဘာကြီးတစ်ခုလုံးသည် အဆုံးမဲ့ ပရမ်းပတာအခြေအနေသို့ ပြောင်းလဲသွားပြီး အကြွင်းအကျန်လှိုင်းများမှာ အရပ်မျက်မှာ အသီးသီးထံ ပျံ့နှံ့သွား၏။
စုရီ၏ဓားတွင် ဖျက်ဆီးနိုင်သော စွမ်းအားများပါရှိပြီး အမည်မဲ့နဂါး ခြောက်ဦး၏ ပူးပေါင်းတိုက်ခိုက်မှုကို ချိုးဖျက်သွားသည်။
အမည်မဲ့နဂါးများခမျာ ချက်ချင်း နောက်ပြန်ဆုတ်သွားရ၏။ ခန္ဓာကိုယ်ဟန်ချက် အပေါ် တည်ငြိမ်အောင်ထိန်းရန် ဆယ်ပေအထိ ဆုတ်ခွာလိုက်သည်။
တစ်ဖက်တွင် စုရီသည် ဓားကိုလျက် ရပ်နေသည်ကို တွေ့လိုက်ရ၏။ ဖြူဖပ်ဖြူရော် မျက်နှာပြင်မှတပါး ဒဏ်ရာ မရရှိခဲ့ချေ။
ထိုမြင်ကွင်းကြောင့် အမည်မဲ့နဂါး ခြောက်ဦးလုံး ပြုံးလိုက်၏။ တစ်ဖက်လူတွင် စွမ်းအင်များ ကုန်ဆုံးသွားချေပြီ။
အားနည်းခြင်းနှင့် ပင်ပန်းနွမ်းနယ်မှု လက္ခဏာများ ပြသနေသည်ကို အထင်းသား မြင်နိုင်၏။
“ မကောင်းတော့ဘူး ... ။ ”
ပင်လယ်ဘုရင်၊ ငှက်မွှေးဘုရင်၊ တောင်တန်းဘုရင်နှင့် အဖွဲ့သားများ အားလုံး အမူအရာများ ပြောင်းလဲသွားကြသည်။ စုရီ ရောင်ဝါသည် လျင်မြန်စွာ ယိုယွင်း ကျဆင်းလာနေ၏။
“ အရမ်း ကောင်းတယ် ... ။ ”
ကျင်းဟဲ၊ ယွင်ကျန့်ချုံးနှင့် ရှစ်ဖုန်းလျူတို့သည် စိတ်လှုပ်ရှားမှုများစွာဖြင့် အခွင့်အရေး ရယူရန် အသင့်ပြင်လိုက်၏။
“ စုရီ၊ မင်းက တကယ့်ကို မယုံနိုင်လောက်အောင် အစွမ်းထက်ပြီး တုနှိုင်းမရတဲ့ ဓားရေးစွမ်းရည် ရှိပါတယ် ...
... ငါတို့ ခြောက်ယောက်ရဲ့ ပေါင်းစပ်တိုက်ခိုက်မှုကို ခံနိုင်ရည်ရှိဖို့ဆိုတာ တကယ်မလွယ်ဘူး ... မင်းနဲ့တူတဲ့ တစ်စုံ တစ်ယောက် မဟာကျိုးမှာ ... မရှိနိုင်တော့မှာ ငါကြောက်မိတယ်။ ”
ကျိုးချန်ယီက အနည်းငယ်ပြုံးပြီး၊
“ အခုတော့ မင်းပင်ပန်းနေပြီ ... ငါတို့ကို ဘယ်လောက်ကြာကြာ မင်းထိန်းထားနိုင်မှာလဲ စုဟုန်လီရဲ့ သွေးဓားနဲ့ ကြေးနက်ခေါင်းလောင်း သိမ်းလိုက်တာ ...
... အံ့သြစရာတော့ မဟုတ်ပါဘူး၊ မင်းမှာဒီရတနာနှစ်ခုကို အသက်သွင်းဖို့ ခွန်အား မကျန်တော့ဘူး မဟုတ်လား။ ”
-ဟုပြောကြားလိုက်သည်။
ကျိုးချင်းရွှမ်က သနားစိတ်ဖြင့် ကြည့်၏။ ကျန်အမည်မဲ့ နဂါးများသည်လည်း ယုံကြည်မှု အပြည့်ရှိလာပြီး လူသေကို မြင်နေရသကဲ့သို့ စိုက်ကြည့်နေကြသည်။
သို့သော် စုရီသည် မသေမီ ၎င်းနှင့်အတူ ဆွဲခေါ်သွားမည်ကို စိုးရိမ်သဖြင့် အလျင်စလို မလုပ်ခဲ့ကြချေ။
ဖူယွင်လန်က သဲလွန်စအချို့ကို သတိပြုမိခဲ့၏။ အမည်မဲ့ နဂါးခြောက်ကောင်၏ ပေါင်းစပ်စွမ်းအားသည် စုဟုန်လီကို နတ်ဆိုး သိမ်းပိုက်ချိန်ကထက် သာလွန်သည်။
၎င်းတို့တစ်ဦးစီတွင် ရှေးဟောင်း လျှို့ဝှက်ရတနာများနှင့် အမွေအနှစ်များစွာကို ပိုင်ဆိုင်ကြသည်။ မဟာကျိုး၏ အကောင်းဆုံး အရင်းအမြစ်များလည်း သုံးစွဲထား၏။
တစ်ဖက်တွင်မူ စုရီ၏ ရောင်ဝါသည် တဖြည်းဖြည်း အားနည်းလာသည်ကို လူတိုင်း မည်သူမဆို မြင်နိုင်သည်။
“ လူ့စွမ်းအားက အကန့်အသတ်ရှိတယ် ... စုရီဘယ်လောက်ပဲ အစွမ်းထက်နေပါစေ သူက မဟာသခင်တစ်ယောက်ပဲ ရှိပါသေးတယ်။ ”
“ မှန်တယ် ... ရှေ့မှာ တိုက်ပွဲကြီးတစ်ခု ဆင်နွှဲထားပြီး ... အခုဘယ်လိုလုပ် ပြန်တိုက်ဖို့ ခွန်အားရှိနိုင်မှာလဲ။ ”
လူများစွာက မှတ်ချက်ပေးပြီး သက်ပြင်းချလိုက်ကြသည်။ ဤသည်မှာ သူတို့အမြင်ဖြစ်၏။
“ ဟမ့် ... မင်းက ထက်မြက်တဲ့ ကြွက်တစ်ကောင်ပဲ ... ငါစုရီအပေါ် အနိုင်ကျင့်ဖို့ လွယ်တယ်များ ထင်နေတာလား။ ”
စကားပြောနေစဉ် ခန္ဓာကိုယ်အတွင်းမှ မြည်သံများထွက်လာပြီး ကျောက်စိမ်းရောင် ဝတ်ရုံနှင့် အနက်ရောင်ဆံပင်များ လွင့်ပျံသွား၏။
တစ်ဆက်တည်းမှာပင် ဆောင်းဦးပေါက်ရာသီတွင် ပြန်လည်ရှင်သန် လာသည့် သစ်ပင်ကြီးတစ်ပင်ကဲ့သို့ အသက်ဓါတ်များ ရုန်းကြွလာသည်။
ခမ်းခြောက်သွားသော စစ်မှန်သောစွမ်းအင်များသည် အတားအဆီးမရှိ လှိုင်းလုံးကြီးသဖွယ် ရုတ်တရက် မြင့်တက်လာတော့၏။
“ ခရစ် ... ။ ”
ပိုးအိမ်မှထွက်လာသော လိပ်ပြာကဲ့သို့ အရေပြား၊ အရိုး၊ အသွေး၊ အသား၊ အပ်စိုက်မှတ် အတွင်းအင်္ဂါများနှင့် စွမ်းအင်လမ်းကြောင်းများ အလင်းရောင် တောက်ပလာသည်။
ချက်ချင်းပင် နေမင်းကြီး ထွက်ပေါ်လာသကဲ့သို့ ရောင်ဝါများ လင်းထိန် သွား၏။
ထို့နောက်တွင် ကျောက်စိမ်းမြို့တော် တဝိုက်ရှိ ဝိညာဉ်စွမ်းအင်များသည် အရပ်ရပ်မှ တဟုန်ထိုး ပြေးဝင်လာသည်။
“ ဘုန်း ... ။ ”
ယင်းသည် စုရီကို ဗဟိုပြုလျက် စွမ်းအင်စုပ်ဝဲကြီးအလား ဖြစ်ပေါ်နေလေရာ တုန်လှုပ်ဖွယ်မြင်ကွင်းပေပင်။
“ ဒါ ... ။ ”
လူအချို့သည် အံ့ဖွယ်အမှုတစ်ခုကို မြင်လိုက်ရသကဲ့သို့ မျက်လုံးများ ပြူးကျယ်သွား ကြသည်။
“ သူ ... အဆင့်ချိုးဖြတ်နေတာလား။ ”
လူတစ်ချို့က မောဟိုက်ပြီး မျက်နှာများပြောင်းသွား၏။
“ တိုက်ပွဲအတွင်းမှာ အဆင့်ချိုးဖြတ်ခဲ့တယ် မယုံနိုင်စရာပါပဲ။ ”
မူလက စိုးရမ်စိတ်ဖြင့် ကူညီပေးရန် အသင့်ဖြစ်နေသော ဖူယွင်လန်၏ မျက်ဝန်းများ ပြန်၍တောက်ပလာ၏။
ဤမျှ အန္တရာယ်များပြားလှသော အခြေအနေအောက်တွင် စုရီသည် ရှန်ရှင်း အဆင့်သို့ ဝင်ရောက်နိုင်ခဲ့ချေပြီ။
ထိုမြင်ကွင်းကြောင့် အမည်မဲ့ နဂါးခြောက်ကောင်သည် တစ္ဆေသရဲများ မြင်ရ သကဲ့သို့ မျက်လုံးပြူးကုန်၏။
“ သေစမ်း ... ။ ”
“ ဒီကောင်လေးက ... ငါတို့ကို သူ့ရဲ့ အဆင့်ချိုးဖြတ်ဖို့အတွက် ခြေနင်းတုံးတစ်တုံးလို မှတ်ယူနေခဲ့တာပဲ။ ”
“ မြန်မြန် ... သူ့ကျင့်ကြံမှု မတည်မငြိမ်ဖြစ်နေတုန်း သတ်ပစ်ရအောင်။ ”
အဆုံးတွင် ကျိုးချန်ယီက ကျယ်လောင်စွာ အော်ဟစ်အမိန့်ပေးပြီး သူ့မျက်ခုံးများကြားတွင် လူသတ်လိုစိတ်များ တောက်လောင်လာ၏။
“ အတူတူ သွားရအောင်။ ”
ကျိုးချန်ယီ ဦးဆောင်ကာ ခရမ်းရောင်လျှပ်စီးဓားဖြင့် မဆိုင်းမတွဘဲ ခုတ်ပိုင်းချလိုက်သည်။
သူ ဆက်ထိန်းထားရန် ဆန္ဒမရှိချေ။ စုရီသည်သာ အဆင့်တည်ငြိမ်သွားပါက များစွာ ကြောက်စရာ ကောင်းလာပေလိမ့်မည်။
“ သတ် ... ။ ”
ထို့နောက်တွင် အမည်မဲ့နဂါးငါးကောင်မှ ကိုယ်ပိုင်ဝှက်ဖဲများကို အသုံးပြုလာကြတော့၏။ ရှေးခေတ်အမွေများနှင့် ရတနာများပိုင်ဆိုင်ထား ကြလေရာ ထိုမြင်ကွင်းသည် မကြုံစဖူး ရူးချင်စရာ ကောင်းချေပြီ။
ကောင်းကင်နှင့်မြေကြီးကြား အဖျက်စွမ်းအားများ တုန်ခါလျက် လေဟာနယ် တစ်ခုလုံး ပြိုကျတော့မည့် အရိပ်အယောင်များ ပြသနေခဲ့သည်။
“ ဝှစ် ... ။ ”
ထိုအချိန်တွင် ကျင်းဟဲသည် အနီရောင်သပိတ် တစ်လုံးကို ထုတ်ယူကာ လေထဲ ပစ်ချလိုက်၏။
သပိတ်နီသည် လေထုအလယ် တရွေ့ရွေ့ကြီးလာပြီး စုရီထံ ပျံသန်းသွားသည်။
“ ဟိတ် ... ။ ”
ယွင်ကျန့်ချုံးသည်လည်း မျက်လုံးများ လင်းလက်သွားပြီး တံဆိပ်ကို အသက်သွင်းကာ ကျယ်လောင်စွာ ဟစ်အော်လိုက်သည်။
“ ဝှီး ... ။ ”
“ ခရစ် ... ။ ”
ရှေးခေတ် မြင့်မြတ်သောတောင်ကြီး တစ်လုံးရွေ့လျားလာပြီး လေဟာနယ်ပြိုကျသွား ချေပြီ။
“ ထွက်လာစမ်း ... ။ ”
ရှစ်ဖုန်းလျူမှ အသက်ပြင်းပြင်းရှူပြီး လျှပ်စီးကဲ့သို့ လျင်မြန်သောငွေဓားဆင့်ခေါ်ကာ ဓားအလင်းဖြင့် ပစ်ခတ်အားဖြည့်လိုက်သည်။
“ သွား ... ။ ”
အဆုံးတွင် ဟွာစန်းသည်လည်း လေထုထဲ လှမ်းတက်ကာ လက်ဝှေ့ယမ်းလျက် မီးနဂါးများ ဖန်တီးပြီး ပစ်ခတ်လိုက်ပြန်၏။
ထိုမြင်ကွင်းကြောင့် ချန်ကွာခယ်သည် ကူကယ်ရာမဲ့သွားသည်။ သူ့ဆရာသခင်မှ ဤသို့ တိုက်ပွဲအတွင်း ပါဝင်လိမ့်မည်ဟု မျှော်လင့် မထားချေ။
ချင်ကျင်းသည်လည်း ထိုလုပ်ရပ်ကြောင့် လက်သီးများ ဆုပ်လျက် စိတ်ရှုပ်ထွေးနေခဲ့၏။ ဤမျှအရေးကြီးသော အခိုက်အတန့်တွင် စုရီက အမှောင်နတ်ဓားကို သိမ်းလိုက်သည်။
သူ့အတွက် ရှန်ရှင်းအဆင့်သို့ ရောက်ရှိပြီဖြစ်ရာ စစ်မှန်သော အနှစ်သာရသည် မူလစွမ်းအင်အဖြစ်သို့ အသွင်ပြောင်းသွားပြီ ဖြစ်သည်။
“ ဝှစ် ... ။ ”
ထို့ကြောင့် ဤကြွက်များကို သတ်ရန် ဓားမလိုတော့ချေ။ ရုတ်တရက် လက်သီးနှင့် လှမ်းပစ်လိုက်၏။
ကောင်းကင်နှင့် မြေကြီးသည် ပြင်းစွာ တုန်လှုပ်သွားပြီး မူလစွမ်းအင်များက လက်သီး ပုံရိပ်အဖြစ် ထွက်ပေါ်လာသည်။
ဤသည်မှာ တာအိုလက်သီးဖြစ်၏။ ၎င်းအနားတွင် တာအိုကျက်သရေများ ရစ်သိုင်း နေချေပြီ။
“ ခရစ် ... ။ ”
လက်သီးသွားရာ လမ်းတလျှောက် တိုက်ခိုက်မှု ဖြစ်စဉ်များ အားလုံးအပေါ် ချေဖျက်သွားလေသည်။
“ ဝုန်း ... ။ ”
အဆုံးတွင် သပိတ်နီနှင့် မီးနဂါးများပင် ပေါက်ကွဲကုန်၏။ လူတိုင်း မယုံကြည်နိုင်ချေ။ ရှန်ရှင်းအဆင့်ရောက်စ လက်သီးတစ်ချက်သည် ဤမျှအစွမ်းထက်နေသည်လော။
“ အားလုံး ... ငါတို့အတူတူ မလုပ်ရင် ဒီမိစ္ဆာကောင်က မကြာခင်မှာ ကစားပွဲရလာဒ်ကို လှည့်သွားမှာ ငါကြောက်မိတယ်။ ”
တိုက်ခိုက်မှုများ ပျက်ပြယ်သွားပြီးနောက် ကျိုးချန်ယီမှ အံကြိတ်ကာ စကားဆိုလိုက်သည်။ သူ့မျက်နှာတစ်ပြင်လုံး မည်းမှောင်နေပြီး ကြောက်စရာ ကောင်းနေ၏။
“ သတ် ... ။ ”
ထို့နောက်တွင် တိုက်ပွဲသည် နောက်တစ်ဆင့်သို့ ရောက်ရှိသွားတော့သည်။ အမည်မဲ့နဂါးများနှင့် ကျင်းဟဲတို့ခမျာ ဝှက်ဖဲများ ထုတ်ဖော်လာကြ၏။
“ မြင်းရထားကို ရပ်တန့်ဖို့ ကြိုးစားနေတဲ့ ပုရွက်ဆိတ်တသိုက်ပဲ။ ”
သို့တိုင် စုရီက ခေါင်းကိုအနည်းငယ် ခါယမ်းလိုက်သည်။ ရည်ရွယ်ချက်အောင်မြင်ပြီ ဖြစ်ရာ အချိန်မဖြုန်းလိုတော့ချေ။
“ မင်းက အရင်ပဲ ... ။ ”
မျက်စိတစ်မှိတ်အတွင်း သူနှင့် အနီးဆုံးဖြစ်သော ကျိုးရှန့်ကျိထံသို့ ရောက်ရှိ သွားလေသည်။
“ ဟမ့် ... ။ ”
ကျိုးရှန့်ကျိ၏ ရုပ်ခန္ဓာသည် ပြိုင်ဘက်ကင်းချေ၏။ ၎င်းက လက်နှစ်ဖက်ကို ကြက်ခြေခတ်ကာ ရွှေရောင်အလင်းများဖြင့် ခေါင်းလောင်းသဏ္ဍာန် ဖန်တီးလိုက်သည်။
ခေါင်းလောင်းပေါ်တွင် ရွှေရောင် ဖုံးလွှမ်းနေသော ရဟန်းတစ်ပါး နဂါးကြီးနှင့် ကျားကို စီးနင်းနေ၏။
“ ဖန်ဆင်းရှင် ရွှေခေါင်းလောင်း။ ”
ဤသည်မှာ မယုံနိုင်လောက်အောင် ခုခံကာကွယ်နိုင်စွမ်းရှိသော ရှေးဗုဒ္ဓ၏ အမွေ အနှစ်တစ်ခုဖြစ်၏။ နဂါးနှင့်ကျား ဟောက်သံများ ညံနေခဲ့သည်။
“ ဘုန်း ... ။ ”
“ ချွင် ချွင် ချွင် ... ။ ”
ထိုအချိန်တွင် စုရီလက်သီးသည် ရွှေခေါင်းလောင်းအပေါ် ကျရောက်သွားသည်။ ဆူညံသော ခေါင်းလောင်းထိုးသံများ ထွက်ပေါ်လာ၏။
“ ခွမ်း ... ။ ”
အဆုံးတွင် အံ့ဖွယ်ကောင်းလွန်းသည့် ဖန်ဆင်းရှင် ရွှေခေါင်းလောင်းသည် မှန်တစ်ချပ် ကဲ့သို့ ပြိုကျသွားချေပြီ။
“ ဝုန်း ... ဝုန်း ဝုန်း။ ”
ယင်းမှာ အဆုံး မဟုတ်ခဲ့ချေ။ ကျိုးရှန့်ကျိ ခန္ဓာကိုယ်ပေါ်ရှိ ပုတီးများ၊ သပိတ်များ၊ ဓားနှင့် အခြားသော အကာအကွယ် ပစ္စည်းများလည်း ဆင့်ကာ-ဆင့်ကာ ပေါက်ကွဲသွားတော့၏။
“ ဖျပ် ဖျပ် ဖျပ် ... ။ ”
အဆုံးတွင် ကျိုးရှန့်ကျိတစ်ယောက် ရော်ရွက်ဝါတစ်ရွက်အလား ပေတစ်ရာအကွာသို့ ဆုတ်ခွာလိုက်ရသည်။
မျက်နှာတစ်ပြင်လုံး ဖြူဖျော့လျက် အသက်ရှုသံ လေးလံလာကာ နှုတ်ခမ်းစွန်းမှ သွေးများစီးကျနေ၏။
နှလုံးသားနေရာပေါ်တွင် သုံးလက်မခန့် နိမ့်ဝင်နေသော လက်သီးပုံစံတစ်ခု ရှိနေခဲ့သည်။ နံရိုးများကျိုးကာ နှလုံးကွဲအက်သွား၏။
“ ငါ ... ငါမတားနိုင်လိုက်ဘူးလား ... ။ ”
ကျိုးရှန့်ကျိမှ နှလုံးသွေးများ ပျံ့ကျဲကုန်သည်ကို ခံစားမိသဖြင့် အံသြစွာ ညည်းတွားလိုက်သည်။
“ ဘောင်း ... ။ ”
ထို့နောက်တွင် သန်မာလွန်းသော ခန္ဓာကိုယ်ကြီးသည် ဖန်ခွက်တစ်လုံးကဲ့သို့ အစိတ်စိတ်အမွှာမွှာကွဲသွား၏။
“ ရွှပ် ... ။ ”
ယင်းသည် အဆုံးမဟုတ်သေးချေ။ ဓားရောင်ဝါများ ဖြာထွက်လာပြီး အသွေးအသား အပိုင်းအစများကို သွေးမြူအဖြစ်သို့ ပျက်ပြယ်သွားစေတော့သည်။
ရွှေမိုးကြိုး ခန္ဓာကိုယ်ကို အောင်မြင်ထားသော ကျိုးရှန့်ကျိတစ်ယောက် ဤနည်းဖြင့် ကမ္ဘာလောကကြီးမှ အပြီးတိုင် ပျောက်ကွယ် သွားချေပြီ။ သူ့ကိုယ်သူပင် ထင်ထားမိမည်မဟုတ်ချေ။
***