အားနည်းလွန်းတယ် ... ။
Vol. 24 Ch. 283
ကျိုးရှန့်ကျိတစ်ယောက် လက်သီး တစ်ချက်တည်းဖြင့် သွေးမြူအဖြစ် ပြောင်းသွား ခဲ့သည့် မြင်ကွင်းသည် ပတ်ဝန်းကျင်ကို တိတ်ဆိတ်သွားစေ၏။
ကျိုးချန်ယီခမျာ မျက်ဝန်းများ မှေးစင်းသွားကာ အမူအရာ သိသိသာသာ ပြောင်းသွားသည်။
ကျိုးချင်းရွှမ်မှာ တုန်လှုပ်လာ၏။ သူမသည် အတွင်းပိုင်းသန့်စင်ခြင်း အလယ်အဆင့်တွင်သာ ရှိသောကြောင့် အော်ဟစ်လုနီးပါးပေပင်။
ဤလက်သီးသည်သာ သူမအပေါ် ပစ်မှတ်ထားခဲ့ပါက ရလာဒ်အတူတူ ဖြစ်မည်မှာ သေချာနေ၏။
“ ဟမ့် ... ဒါက အမည်မဲ့ နဂါးတစ်ကောင်ရဲ့ စွမ်းအားလား။ ”
စုရီက လေထုအလယ် လွင့်မျောလျက် မေးမြန်းလိုက်၏။ ဆံပင်ရှည်များ လွင့်ဝဲလျက် အစိမ်းရောင်ဝတ်ရုံစများ တဖျပ်ဖျပ် ခတ်နေခဲ့သည်။
မူလစွမ်းအင်ရောင်ဝါကို ထုတ်ဖော်ထားသဖြင့် တန်ခိုးရှင်တစ်ပါးကဲ့သို့ ထင်မှားစေ၏။
“ သတ် ... ။ ”
ကျိုးကျန့်ယီမှ ဒေါသတကြီး အော်ဟစ်လိုက်သည်။ ခရမ်းရောင်လျှပ်စီးများ ကောင်းကင်၌ ပြည့်နှက်သွား၏။
ကျိုးတုဟုန်နှင့် အခြားသူများ သည်လည်း ပြန်၍သတိဝင်လာပြီး ရတနာများကိုကိုင်ဆွဲကာ စုရီထံ ဝိုင်းရံ တိုက်ခိုက်လိုက်ကြသည်။
“ ဝှစ် ... ။ ”
စုရီက ကောင်းကင်မှ ကျဆင်းလာသော ခရမ်းရောင်လျှပ်စီးဓားများကို တိမ်းရှောင်လျက် ကျိုးချင်းရွှမ်ထံ ဦးတည်တော့၏။
ဤအမျိုးသမီးသည် နဂါးများအတွင်း ကျင့်ကြံမှု နိမ့်ကျသော်လည်း စကားအရမ်းများ ချေပြီ။ သည်မတိုင်မီ လှောင်ပြောင်မှုများစွာကို ပြုလုပ်ခဲ့၏။
“ ဟမ့် ... ။ ”
အန္တရာယ်ကို ခံစားမိသဖြင့် ကျိုးချင်းရွှမ်တစ်ယောက် ထိတ်လန့်လာပြီး အဆောင်ရတနာများ ထုတ်ယူ အသက်သွင်း လိုက်သည်။
“ သက်တံတစ်ထောင် ... ။ ”
လှပသော ရောင်စုံသက်တံများ ကောင်းကင်မှ ကျဆင်းကာ နွယ်ပင်များကဲ့သို့ စုရီလမ်းကို ပိတ်ဆို့တော့၏။
“ ဝုန်း ... ။ ”
သို့သော် စုရီ၏ လက်သီးစွမ်းအားသည် ကြောက်စရာကောင်း၏။ တစ်ချက်တည်းဖြင့် ထောင်ချီသော သက်တံနွယ်ပင်များကို ချက်ချင်း ပေါက်ကွဲသွားစေသည်။
ပေါက်ကွဲမှုအတွင်း ကျိုးချင်းရွှမ်၏ လှပသောရုပ်သွင်သည် စက္ကူအပိုင်းအစများ ကဲ့သို့ လွင့်ပါးသွားခဲ့၏။
“ ဟမ့် ... တည်နေရာရွေ့ပြောင်း အဆောင်လား ... ။ ”
စုရီမှ မျက်ခုံးပင့် လိုက်မိလေသည်။ ကျိုးချင်းရွှမ်သည် ရုတ်ချည်း ပေပေါင်းများစွာ အကွာ၌ ပြန်ပေါ်လာ၏။ သူမ မျက်နှာပေါ်တွင် ကြောက်ရွံ့မှု အပြည့်ရှိနေခဲ့သည်။
ဤလက်သီးချက်သည် သူမကို သေခြင်းသို့ပို့ဆောင်ပေးနိုင်သည်ဟု အမှန် ခံစားရစေ၏။
သူမ၏ တည်နေရာရွေ့ပြောင်း အဆောင်ရတနာကြောင့်သာ မဟုတ်သော် သေပြီးဖြစ်ပေမည်။
“ သူ့ကို တား ... ။ ”
ကျိုးချန်ယီမှ အော်ဟစ်လျက် ရှေ့သို့ ပြေးတက်သွားပြီး ဓားဖြင့် ခုတ်ချလိုက်သည်။ တစ်ဖက်လူသည် မြန်လွန်းသဖြင့် ပိတ်ဆို့မှုမှ လွတ်မြောက်သွားခဲ့၏။ ကျိုးချင်းရွှမ်အတွက် မကောင်းနိုင်ချေ။
“ မင်းတို့အားလုံးထဲမှာ ... မင်းတစ်ယောက်တည်းသာ ဂရုစိုက်ထိုက်တဲ့ တစ်ဦးတည်းသော လူပဲ။ ”
စုရီက ကျိုးချန်ယီထံ လှည့်ကြည့်ပြီး လက်သီးဖြင့်ထိုးချလိုက်သည်။ ခရမ်းရောင် လျှပ်စီးဓားခမျာ ပျက်ပြယ်သွားတော့၏။
“ ဟမ့် ... ။ ”
ကျိုးချန်ယီက ဆုတ်ခွာခြင်း မပြုတော့ဘဲ ဓားဖြင့် ထပ်မံလွှဲခုတ်လာပြန်၏။ မိုးခြိမ်းသံများ ဆူညံစွာထွက်ပေါ်လာသည်။
“ ဂျိန်း ... ။ ”
သူ၏ မူလစွမ်းအင်သည် အလွန်အမင်း သိပ်သည်းနေ၏။ လှုပ်ရှားချိန်တိုင်း တာအို ကျက်သရေများ ပြည့်နှက်နေသည်။
သို့သော် စုရီသည် ပို၍ ကြောက်စရာ ကောင်းသည်။ လက်ဗလာ ဖြစ်သော်လည်း အန္တရာယ်ပေးနိုင်ချေပြီ။
“ ဒါပဲလား ... ။ ”
စုရီမှ လှောင်ပြုံး ပြုံးလိုက်သည်။ အသက်တရှိုက်စာအတွင်း တိုက်ခိုက်မှုပေါင်း ငါးကြိမ်ထက် မနည်း ဖလှယ်လိုက်ကြ၏။
“ ဝှစ် ... ။ ”
အဆုံးတွင် စုရီသည် ဓားတစ်လက်ကဲ့သို့ လက်ဖဝါးဖြင့် ဒေါင်လိုက် လှီးဖြတ်လိုက်သည်။ ကောင်းကင်မှ ကျဆင်းလာသော ခရမ်းရောင် လျှပ်စီးဓားခမျာ ချက်ချင်း ကျိုးပဲ့သွား၏။
“ ဖျပ် ဖျပ် ဖျပ် ... ။ ”
အကျိုးဆက်အနေဖြင့် ကျိုးချန်ယိ၏ တာအိုဝတ်ရုံသည် အပိုင်းအစများ အဖြစ်သို့ စုပ်ပြဲသွားကာ ချက်ချင်း ဆုတ်ခွာခဲ့ရသည်။
ခြေတစ်လှမ်း ဆုတ်ခွာလိုက်တိုင်း သူ့ခြေထောက်အောက်၌ လေဟာနယ်ဝဲဂယက် ထွက်ပေါ်လာသည်။
အဘယ်ကြောင့်ဆိုသော် တိုက်ပွဲ၏ သက်ရောက်မှုအပေါ် ချေဖျက်ရန် လေဟာနယ် လှိုင်းများ ဖန်တီးလိုက်ရခြင်း ဖြစ်သည်။
“ အွတ် ... ။ ”
တစ်ဖက်တွင် အတွင်းပိုင်းသန့်စင်ခြင်း အဆင့်မှ အမည်မဲ့နဂါးများအားလုံး ပါးပြင်များ နီရဲလျက် သွေးအန်လုနီးပါး ခံစားခဲ့ရသည်။
တိုက်ပွဲမှလာသော အကြွင်းအကျန် စွမ်းအင်လှိုင်းများကိုပင် သူတို့၏တိုက်ခိုက်မှုများ မကျော်ဖြတ်နိုင်ခဲ့ချေ။
ယင်းအစား လှိုင်းများ ရိုက်ခတ်ကာ ဒဏ်ရာများပင် ရရှိခဲ့သည်။ စုရီနှင့် သူတို့သည် ခြားနားသော အဆင့်၌ ရှိနေချေပြီ။
“ ဝင်္ကပါကို သုံး ... ။ ”
ကျိုးချန်ယီက လေးနက်သော အသံဖြင့် အမိန့်ပေးပြီး အဝါရောင် အလံငယ်တစ်လက်ကို ထုတ်ယူလိုက်သည်။
သူ့လူများ အခြေအနေ မကောင်းနိုင်မှန်း သတိထားမိ၏။ ကျန်လေးယောက်သည်လည်း အလံငယ်တစ်ခုစီ ထုတ်ယူကာ ဝင်္ကပါကို ချက်ချင်း အသက်သွင်းလေသည်။
ရလာဒ်အနေဖြင့် အမည်မဲ့နဂါး ငါးယောက်၏ နောက်တွင် ကြောက်မက်ဖွယ် ကောင်းသော နတ်မိစ္ဆာတစ်ပါး ပေါ်လာ၏။
၎င်းတို့ခန္ဓာကိုယ်မှ ထွက်လာသော ရောင်ဝါသည်ပင် မကောင်းဆိုးရွား ဆန်လွန်းနေ ချေပြီ။ သွေးဆာလှ၏။
“ ဟမ့် ... ။ ”
စုရီမှ အနည်းငယ် အံ့သြသွားသည်။ ဤဝင်္ကပါသည် အလွန် မှော်ဆန်လှလေသည်။ ၎င်းတို့ငါးဦး၏ ရောင်ဝါများကို ပေါင်းစပ်နိုင် သည်သာမက သက်ဆိုင်ရာ စွမ်းအားများကို သိသိသာသာ မြှင့်တင်ပေး၏။
“ ကျိုးရှန့်ကျိ သေသွားတာ နှမျောစရာပဲ မဟုတ်ရင် ဒီနတ်မိစ္ဆာခြောက်ပါး အသွင်ပြောင်း ဝင်္ကပါရဲ့ စွမ်းအားက ပိုအားကောင်း လာနိုင်မယ်။ ”
ကျိုးချင်းရွှမ်က ညည်းတွားလိုက်၏။ သူမမျက်ဝန်းများသည် ဒေါသကြောင့် နီရဲနေ ချေပြီ။ ကျိုးချန်ယီမှ သူမကိုလျစ်လျူရှုပြီး၊
“ စုရီ၊ ဒီဝင်္ကပါကို နတ်မိစ္ဆာခြောက်ပါး အသွင်ပြောင်းခြင်းလို့ ခေါ်တယ် ... ကောင်းကင် နတ်ဆိုးတောင်ကနေ ... ငါတို့ရခဲ့တဲ့
... ကံကောင်းခြင်းတစ်ခုပဲ ... ဝိညာဉ်တာအိုနယ်ပယ်အောက် ဘယ်သူမဆို သတ်ပစ်နိုင်တယ်။ ”
-ဟု သတိပေးလိုက်သည်။
ဤအချိန်၌ သူ့လက်ထဲတွင် အဝါရောင် အလံငယ်တစ်ခုကို ကိုင်ထားပြီး နောက်ကျော၌ နတ်မိစ္ဆာပုံရိပ်ကြီး ရပ်နေ၏။
ထိုနတ်မိစ္ဆာသည် အလွန် ထိတ်လန့်စရာကောင်းကာ များပြားလှသော မကောင်းဆိုးရွား အငွေ့အသက်များ ရစ်သိုင်းထားသည်။
“ ဒီဝင်္ကပါက နတ်ဆိုးဂိုဏ်းရဲ့ ပေါင်းစပ် တိုက်ခိုက်မှုတစ်ခုပဲ ... နတ်ဆိုး စွမ်းအားတွေကို ငှားယူထားနိုင်ပေမယ့် အသုံးပြုသူရဲ့ ကျင့်ကြံမှု အပေါ် စားသုံးလိမ့်မယ် ... ဒါဟာ လုံးဝ မထိုက်တန်ပါဘူး။ ”
စုရီက ဝင်္ကပါ၏ လျှို့ဝှက်ချက်များကို သိထားသဖြင့် အထင်အမြင်သေးစွာ ပြောကြား လိုက်လေသည်။
ဤဝင်္ကပါသည် ကမ္ဘာကြီးကို ဖျက်ဆီးနိုင်သည် နတ်မိစ္ဆာ စွမ်းအားများ အပေါ် ထိန်းချုပ်နိုင်၏။ အခြားသော လူများအတွက် ထိတ်လန့်ဖွယ်ဖြစ်သော်လည်း သူ မပါချေ။
“ ရွှပ် ... ။ ”
စကားဆုံးသည်နှင့် လက်ချောင်းများ အတွင်းသို့ ဓားရည်ရွယ်ချက် ပြည့်နှက်စေကာ တောက်ထုတ်ပစ်လိုက်သည်။
“ သတ် ... ။ ”
အမည်မဲ့နဂါးများသည်လည်း နတ်မိစ္ဆာခြောက်ပါး အသွင်ပြောင်း ဝင်္ကပါကို တပြိုင်နက်တည်း အသက်သွင်း၏။
ပေတစ်ထောင်ခန့် မြင့်မားသော နတ်မိစ္ဆာများက အခိုးအငွေ့များ ရစ်သိုင်းလျက် အတူတူ ပြေးထွက်လာကြသည်။
အဝေးမှ လှမ်းကြည့်သော် နတ်မိစ္ဆာငါးပါးသည် ကမ္ဘာလောကကြီးကို ဖျက်ဆီးနေသကဲ့သို့ ထင်မှားစေ၏။
လေထုအတွင်း တောင်နှင့်မြစ်များ ပျက်ပြယ်နေကာ မြေပြင်တလျှောက် မီးလျှံများ လောင်မြိုက်နေ၏။ ဖရိုဖရဲကမ္ဘာကြီးတစ်ခု ထွက်ပေါ်လာခြင်းပေပင်။
ဤဖြစ်စဉ်သည် လူတိုင်းအတွက် အလွန်ထိတ်လန့်သွားစေကာ ဦးရေပြားများ ထုံကျင်သွား၏။ စုရီဓားအလင်းက ထိုကမ္ဘာကြီး အတွင်း ရောက်ရှိသွားချိန်၌ ဒေါသတကြီး လူးလွန့်ပျက်ပြယ်သွားလေသည်။
“ ဝှစ် ... ။ ”
သို့တိုင် စုရီမှ နောက်ဆုတ်ခြင်းမရှိဘဲ သူ့ဓားအလင်း ပျက်ပြယ်သွားခြင်း မရှိစဉ်ကပင် ရှေ့သို့ပြေးတက်သွားခဲ့သည်။
သူ့လက်ချောင်းများကို ဓားတစ်လက် အသွင်ယူကာ ကောင်းကင်အနှံ့ လွှမ်းခြုံသော ဓားရည်ရွယ်ချက်ကို ပြသလိုက်သည်။
“ ကြယ်တာရာဆွဲငင်ခြင်း။ ”
“ အတားအဆီးများ ဖြတ်ကျော်ခြင်း။ ”
“ တောင်နှင့်မြစ်ကို ပိုင်းဖြတ်ခြင်း။ ”
“ နေနှင့်လ ... ။ ”
“ အဆုံးမဲ့ ... ။ ”
ဓားပုံစံ ခြောက်မျိုးတိတိ ထုတ်ဖော်၏။ ဓားချက်တိုင်း ကန့်သတ်ချက်များ ကျော်လွန်ပြီး မည်သည့် အတားအဆီးမျှ မရှိချေ။ လွတ်လပ်မှု အပြည့်အဝ ပါရှိသည်။ နှောင်ကြိုးမဲ့နေ၏။
ထို့ကြောင့် နတ်မိစ္ဆာခြောက်ပါးသည် မတားနိုင် ဖြစ်သွားတော့သည်။ ဆန့်ကျင်ဘက် အနေဖြင့် သူ့ဓားအလင်းသည် နတ်မိစ္ဆာဝင်္ကပါ အစီရင်များကို ဖြတ်တောက်သွား၏။
နတ်မိစ္ဆာများခမျာ အငွေ့အသက်များ ကမောက်ကမ လက္ခဏာများ ပြသလာသည်။ ဤမြင်ကွင်းသည် ကျိုးချန်ယီနှင့် အခြားသူများ အပေါ် စိတ်ရှုပ်ထွေးစေ၏။
နတ်မိစ္ဆာ ခြောက်ပါး အသွင်ပြောင်းခြင်း စွမ်းအားသည် စုရီအပေါ် ထိရောက်ခြင်းမရှိဟု မျှော်လင့်ထားခြင်း မရှိချေ။
“ ချိုး ဖြတ် ... ။ ”
ထိုအချိန်တွင် စုရီသည် ကျယ်လောင်သောကြုံးဝါးအသံ ပြုလျက် မူလစွမ်းအင်ကို တောက်ထုတ်လာသည်။
ဤတစ်ကြိမ်တွင် ကြည်လင် တောက်ပနေသည့် ဓားအလင်းတစ်လက်အဖြစ် ထွက်ပေါ်လာသည်။ ၎င်းသည် သိပ်သည်းပြီး တောက်ပနေ၏။
ဤဓားကို တိုက်ရိုက်ကြည့်ရှုသူတိုင်း မျက်ဝန်းများ ကျိန်းစပ် နာကျင်သွားကုန်သည်။ ၎င်းအစွမ်းကို စကားလုံးများဖြင့် ဖော်ပြရန် မဖြစ်နိုင်ချေ။
ကောင်းကင်နှင့် မြေကြီးကြားတွင် အလင်းများ ပျောက်ကွယ်သွားသည်။ သို့သော် လေခွင်းအားကြောင့် မီးပွင့်လာသည်။
“ ဖျစ် ... ဖျစ် ... ဖျစ် ... ။ ”
ဤနည်းဖြင့် ကမ္ဘာကြီးတစ်ခုလုံး လင်းတလှည့် မှောင်တလှည့် ပြောင်းလဲလာကာ မူလစွမ်းအင်သည် ဝင်္ကပါကို တိုက်ရိုက် ထိမှန်သွားသည်။
“ ဘောင်း ... ဘောင်း ... ဘောင် ... ။ ”
ရောင်ဝါ အကာအကွယ်အလွှာတွင် ပေါက်ကွဲမှုများ ဆက်တိုက် ဖြစ်ပေါ်လာသည်။ ပေတစ်ထောင်မြင့်မားသော နတ်မိစ္ဆာများမှာ အပိုင်းပိုင်းကွဲအက် ပြန့်ကျဲသွားသည်။
အကျိုးဆက်အနေဖြင့် ဝင်္ကပါကို ထိန်းချုပ်နေသော အမည်မဲ့နဂါး ငါးကောင်မှာ ညည်းတွားပြီး တုန်လှုပ်ချောက်ချားဖွယ် ပြတ်ရှများ ရရှိကုန်သည်။
“ အား ... ။ ”
ကျိုးတုဟုန်က နာကျင်နေသော မျက်ဝန်းများဖြင့် သူ့ခန္ဓာကိုယ်ကို မယုံကြည် နိုင်စွာ ငုံ့ကြည့်လိုက်၏။
“ ဝေါ့ ... ။ ”
သို့သော် ခေါင်းငုံ့လိုက်သည်နှင့် သူ့ခန္ဓာကိုယ်ကြီးသည် ခါးအောက်ပိုင်းမှစကာ ပြိုကျသွားသည်ကို မြင်လိုက်ရသည်။ သွေးများ ရေတံခွန်လို ပန်းထွက်လာ၏။
အတွင်းပိုင်းသန့်စင်ခြင်း နှောင်းပိုင်းအဆင့် အစွမ်းထက်လှသော အမည်မဲ့နဂါးတစ်ကောင် အနေဖြင့် ဆိုးရွားစွာ ဇာတ်သိမ်းရချေပြီ။
ဤသည်မှာ အစသာဖြစ်သည်။ ၎င်းရှေ့ မျက်နှာခြင်းဆိုင်တွင် ရပ်နေသော ကျိုးယွင်ဟိုင် သည်လည်း နဖူးတွင် အနီရောင်မျဉ်းကြောင်း ပေါ်လာပြီး နှာခေါင်း၊ နှုတ်ခမ်း၊ လည်ပင်းနှင့် ရင်ဘတ်ထံ လျင်မြန်စွာ နိမ့်ဆင်းလာသည်။
အဆုံးတွင် သူ့ခန္ဓာကိုယ်ကြီး ထက်ခြမ်းကွဲလျက် ထက်ရှသောဓားတစ်လက် ထွက်လာတော့သည်။
“ အား … ။ ”
မြေပြင်ပေါ် လဲမကျမီ ခန္ဓာကိုယ် နှစ်ခြမ်းကွဲကာ ထိုဓားကြောင့် ထပ်မံအပိုင်းပိုင်း စုပ်ဖြဲခံလိုက်ရသည်။
ကျိုးပိုင်လင်းအတွက်မူ ဦးခေါင်းကြီး စောင်းကျသွားပြီး လည်ပင်းမှ သွေးများစွာ ပန်းထွက်လာ၏။
“ ဘောင်း ... ။ ”
ထို့နောက်တွင် ကျိုးချင်းရွှမ်၏ သွယ်လျသောရုပ်သွင်သည် မီးရှူးမီးပန်းသဖွယ် ပေါက်ကွဲသံများ ဆက်တိုက်ကြားလာရသည်။
“ ဘောင်း ... ။ ”
သူမခန္ဓာကိုယ်ပေါ်ရှိ အမျိုးမျိုးသော ရတနာနှင့် အကာအကွယ်များ အမှုန့်အဖြစ်သို့ ပေါက်ကွဲသွားခဲ့၏။
“ ခရစ် ... ။ ”
ထိတ်လန့်တကြား အဝေးမှ စုရီထံ လှမ်းကြည့်လိုက်သည်။ တစ်စုံတစ်ရာပြောရန် ပါးစပ်ဖွင့်လိုက်သော်လည်း လည်ချောင်း အက်ကွဲသံ ထွက်ပေါ်လာ၏။
ထို့နောက်တွင် သူမ ပါးစပ်အတွင်းမှ ဓားအလင်းတစ်လက် ထွက်လာပြီး ပေါက်ကွဲ သွားလေသည်။
“ အဟွတ် ... အဟွတ် ... ။ ”
ကျိုးချန်ယီမှ ပြင်းပြင်းထန်ထန် ချောင်းဆိုးလျက် နောက်ကျောတွင် ဓားဒဏ်ရာ တစ်ချက် ရရှိသွားသည်။
ထိုဒဏ်ရာသည် အရိုးထိအောင် နက်ရှိုင်းနေသော်လည်း အသက်မသေချေ။ သွေးများ ရေတံခွန်လို စီးကျလာသည်။
“ ဒါက ဘယ်လိုဓားမျိုးလဲ။ ”
ကျင်းဟဲ၊ ရှစ်ဖုန်းလျူ၊ ယွင်ကျန့်ချုံးနှင့် ဝင်္ကပါနောက်ကွယ်တွင် ပုန်းအောင်းနေသော အခြားသူများမှာ ထိတ်လန့်သွားကြသည်။
“ အားနည်းလွန်းတယ် ... ။ ”
စုရီမှ ခေါင်းအနည်းငယ် ခါလိုက်၏။ ဤဓားတွင် ရှန်ရှင်းကျင့်ကြံမှုကို အသုံးပြုကာ အောင်နိုင်ခြင်းဓားသုတ္တန်၏ အနှစ်သာရများ ထည့်သွင်းထားသည်။
ထိုစွမ်းအားသည် သာမန်လူများအတွက် ယှဉ်နိုင်စရာအကြောင်း မရှိချေ။ သို့တိုင် ရလာဒ် အပေါ် မကျေမနပ်နိုင် ဖြစ်နေမိသည်။
ဓားတစ်ချက်ဖြင့် လူလေးဦးကိုသာ သတ်နိုင်ခဲ့သည်။ ဆိုလိုသည်မှာ အဆင့်ချိုးဖြတ် ပြီးနောက် နယ်ပယ်ကို ထိန်းချုပ်နိုင်စွမ်း အားနည်းသေးသည့် အဓိပ္ပါယ်ပေပင်။
***