နတ်ဘုရားသတ် ဓား ... ။
Vol. 24 Ch. 284
ကမ္ဘာကြီးတစ်ခုလုံး တိတ်ဆိတ်နေပြီး ဤဓားတန်ခိုးတော်သည် စောင့်ကြည့်နေသော လူအများကို မွန်းကြပ်လာစေသည်။
ထိုအချိန်တွင် ကျိုးချန်ယီ မျက်လုံးများ၌ ထိတ်လန့်မှုများ အပြည့်ရှိနေ၏။ လက်ဗလာဖြင့် နတ်မိစ္ဆာ ခြောက်ပါးအသွင်ပြောင်း ဝင်္ကပါကို ချိုးဖြတ်ပြီး အမည်မဲ့နဂါး ငါးကောင် အသတ်ခံလိုက်ရသည်။
“ စုရီ၊ ငါတို့အမည်မဲ့နဂါးတောင်က အမှားလုပ်မိသွားပါပြီး ... ပြုပြင်ဖို့ အခွင့်အရေး ပေးနိုင်မလား ငါသေမှာ မကြောက်ပါဘူး ဒါပေမယ့် ...
... ငါတို့ရဲ့ အမည်မဲ့နဂါးမျိုးရိုး ပျောက်ကွယ်သွားရင် မဟာကျိုးမှာ ပရမ်းပတာ ဖြစ်ကုန်လိမ့်မယ်။ ”
အမည်မဲ့နဂါးတောင်တန်း၏ အကြီးအကဲတစ်ယောက်အနေဖြင့် ပထမဆုံး အကြိမ် ခေါင်းငုံ့ရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်၏။
“ အရင်က မင်းပါးစပ်ကနေ ... ငါ့ကို မဟာကျိုးမင်းဆက်အတွက် ဘေးဆိုးကြီးလို့ ပြောခဲ့တာ မေ့သွားပြီလား ... ငါ့ကို ဒီနေ့ မဖယ်ရှားနိုင်ရင် ...
... ဒီကမ္ဘာကြီးအတွက် ကပ်ဘေး ဖြစ်လာလိမ့်မယ်လို့ မင်းပြောခဲ့တာပါ ... အခု မင်းဘာလို့ စိတ်ပြောင်းသွားတာလဲ။ ”
စုရီတုန့်ပြန် လှောင်ပြောင်သည်။ ကျိုးချန့်ယီမှ သက်ပြင်းချလိုက်ပြီး၊
“ အခြေအနေကို ရှင်းရှင်းလင်းလင်း မမြင်နိုင်ခဲ့လို့ ကိုယ့်ကိုယ်ကို အပြစ်တင်မိတယ် မင်းရပ်တန့်ဖို့ ဆန္ဒရှိနေသရွေ့ ... ဒီနေ့အမှားကို အဆတစ်ရာ ပြန်ပေးဆပ်မယ်လို့ ငါ ကတိပေးပါတယ်။ ”
“ နောက်ကျသွားပြီ ... ။ ”
စုရီက ပြတ်သား၏။ ထို့ကြောင့် ကျိုးချန်ယီအမူအရာသည် ပျက်ယွင်းသွား တော့သည်။ စုရီက သူ့ကို လျစ်လျူရှုလိုက်ပြီး ကျင်းဟဲတို့ထံ လှမ်းကြည့်ကာ၊
“ မင်းတို့ ထွက်ပြေးဝံ့ရင် ... မင်းတို့ရဲ့အိမ်တွေကို ငါသွားလည်မယ် ပြီးတော့ မင်းတို့မိသားစုကို သတ်ပစ်မယ်။ ”
-ဟု သတိပေးလိုက်၏။
ကျင်းဟဲနှင့် အခြားသူများမှာ မျက်နှာ အရောင်ပြောင်းသွားသည်။ ပါဝင်ခဲ့မိသည်ကို ချက်ချင်း နောင်တရကုန်ကြ၏။
“ လူတိုင်း၊ ဒီအချိန်မှာ သေတဲ့အထိ တိုက်ပွဲဝင်ဖို့ကလွဲပြီး ရွေးချယ်စရာမရှိတော့ဘူး မဟုတ်လို့ ငါတို့လွတ်မြောက်နိုင်ရင်တောင် ငါတို့နောက်ကွယ်က မိသားစုကို သူ သတ်လိမ့်မယ်။ ”
ကျိုးချန်ယီက အသက်ပြင်းပြင်းရှူပြီး ပြောကြားလိုက်သည်။ ထို့နောက် သူ့ရောင်ဝါ ရုတ်ချည်း မြင့်တက်လာပြီး နားမလည်နိုင်သော နယ်ပယ်တစ်ခုထဲသို့ စိမ့်ဝင်သွား၏။
ကောင်းကင်နှင့်မြေကြီးကြား ဖြစ်တည်မှု ပျောက်ကွယ်သွားသည်။ ဝိညာဉ်စွမ်းအင်များက ရေစီးကြောင်းများသဖွယ် သူ့ထံစီးဝင်လာ၏။
“ သတ် ... ။ ”
ယွင်ကျန့်ချုံးက ရောင်ဝါများ ထုတ်ဖော်လျက် သားမြီးယပ်ကို ထုတ်ယူကာ ကျန်လက်တစ်ဖက်တွင် တာအိုတံဆိပ်ကို ကိုင်ထား၏။
သူသည် လစက်ဝန်းဂိုဏ်း၏ မဟာအကြီးအကဲ ဖြစ်သောကြောင့် ကျင့်ကြံမှု အရ နိမ့်ကျခြင်းမရှိချေ။
“ မြတ်ဗုဒ္ဓရဲ့ ရောင်ခြည်တော်များ အကန့်အသတ်မဲ့ ထွန်းလင်းတော်မူတယ် ဒီနေ့ ငါကျင်းဟဲက ဘဝကိုပေးအပ်ပြီး ကောင်းကင်ဘုံ အစား တရားမျှတမှု ရှာဖွေမယ်။ ”
ရှန့်လင်ကျောင်းတိုက်၏ ဆရာတော်ကျင်းဟဲက လေးနက်သော အသွင်အပြင်ဖြင့် ရွတ်ဆိုလိုက်သည်။
ယင်းကြောင့် ရှစ်ဖုန်းလျူနှင့် ဟွာစန်းတို့သည် အချင်းချင်း ပြန်ကြည့်ကာ စိတ်ပိုင်းဖြတ်လိုက်ရသည်။
ကျိုးချန်ယီ ပြောခဲ့သလိုပင် စုရီလက်မှ ထွက်ပြေးနိုင်သော်လည်း သူတို့နောက်ကွယ်မှ မိသားစုသည် ထွက်မပြေးနိုင်ချေ။
“ သိတ် ... ။ ”
တခဏချင်းမှာပင် များပြားလှသော စွမ်းအင်များပေါင်းစပ်လာပြီး ကောင်းကင်နှင့် မြေကြီး အရောင်ပြောင်းသွားတော့သည်။
“ ကောင်းပြီ ... မင်းတို့တွေ ထွက်မပြေးကြတဲ့အတွက် ဂုဏ်သိက္ခာရှိတဲ့ သေခြင်းကို ငါပေးမယ်။ ”
စုရီမှ ခေါင်းညိတ်လိုက်၏။ သူသည် လက်ဗလာဖြင့်ပင် သာလွန်ထူးခြားသော ရောင်ဝါများ ပေးစွမ်းနေခဲ့သည်။
“ အားလုံးလက်တွဲပါ ... ။ ”
ကျိုးချန်ယီက ခရမ်းရောင် လျှပ်စီးဓားကို အသက်သွင်းလိုက်၏။ ခရမ်းရောင် ဓားအလင်း တစ်လက်သည် အံ့မခန်းအရှိန်အဟုန်မျိုးဖြင့် ပြေးထွက်လာတော့သည်။
“ ထွီ ... ။ ”
တစ်ချိန်တည်းမှာပင် ပါးစပ်ကိုဖွင့်ပြီး အနီရောင် တောက်ပနေပြီး မှော်ပုလဲတစ်လုံးကို ထွေးထုတ်လိုက်၏။
“ မီးနတ်ဘုရား ပုလဲ။ ”
ဤသည်မှာ အဖျက်စွမ်းအား ကြီးမားလှသော ဝိညာဉ်ရေးရတနာဖြစ်သည်။ ကောင်းကင်နှင့်မြေကြီးကိုပင် လောင်ကျွမ်းစေ နိုင်သည့် မီးလျှံများ ကူးစက်သွား၏။
“ ဝှစ် ... ။ ”
တစ်ချိန်တည်းမှာပင် ယွင်ကျန့်ချုံးသည်လည်း တာအိုတံဆိပ်ဖြင့် လေထဲ လှမ်းတက်လာခဲ့သည်။
“ ဝှစ် ... ။ ”
ထိုအချိန်တွင် ကျင်းဟဲသည် မြင့်မြတ်သောအလင်းများဖြင့် ဝန်းရံထားသော သပိတ်တစ်လုံးကို အသက်သွင်းလိုက်ပြီး လေထဲပျံသန်းလာသည်။
“ သေလိုက်တော့ ... ။ ”
သူနှင့်အတူ ငွေဓားကို ဆွဲလျက် ရှစ်ဖုန်းလျူသည်လည်း လိုက်ပါလာခဲ့၏။ တစ်ဖက်တွင် ဟွာစန်းသည် ရွှေကျောက်စိမ်း ပေတံကို ဆွဲထုတ်ကာ လွှဲရိုက်လာသည်။
ဓားရည်ရွယ်ချက်များ ပါဝင်သော သက်တံတစ်စင်း ပြေးထွက်ကာ လေဟာနယ် တစ်ခုလုံး ကမောက်ကမ ဖြစ်ကုန်၏။
“ ဝှစ် ... ။ ”
သို့သော် စုရီသည် တိုက်ပွဲဝင်ရန် ပျင်းရိလာခဲ့သည်။ ထို့ကြောင့် လေဟာနယ်ကို ဖြတ်ကျော်ကာ ယွင်ကျန့်ချုံး ရှေ့သို့ ချက်ချင်း ရွေ့လျားလိုက်သည်။
“ ခရစ် ... ။ ”
ထို့နောက် လက်သီးဖြင့် တာအိုတံဆိပ်ကို ပင့်ကူမျှင်များကဲ့သို့ အက်ကွဲသွားအောင် ထိုးချ ပစ်လိုက်၏။ (တာအိုတံဆိပ်= သင်္ကေတ ရှစ်မျိုးပါ ယင်-ယန်ပုံစံ။)
“ ဝုန်း ... ။ ”
ဒုတိယလက်သီးချက်သည် ထိတ်လန့် ကြောက်ရွံ့နေသည့် ယွင်ကျန့်ချုံး ခန္ဓာကိုယ်ပေါ် တိုက်ရိုက်ကျရောက်သွားကာ အဆောင်ရတနာ များကို ကွဲကြေသွားစေခဲ့သည်။
အဆုံးတွင် လစက်ဝန်းဂိုဏ်း၏ မဟာအကြီးအကဲတစ်ပါးသည် ခန္ဓာကိုယ်ကြီး အပိုင်းပိုင်း ပေါက်ကွဲသေဆုံးသွား၏။
“ နောက်တစ်ယောက် ... ။ ”
လူတိုင်း အာရုံမခံစားနိုင်ခင်မှာ စုရီအသွင်သည် လျှပ်စီးလက်သလို ကျင်းဟဲထံ ဆက်၍ပြေးသွားပြန်သည်။
“ ဟမ့် ... ။ ”
ကျင်းဟဲသည် ကမ္ဘာကြီးအတွက် သနားကြင်နာမှုပြသနေသော မြတ်ဗုဒ္ဓအလား ကျမ်းစာအချို့ကို ရွတ်ဆိုလိုက်၏။
သူ့ဝန်းကျင်တွင် မီးလျှံများက အတောင်ပံများသဖွယ် ဖြန့်ကျက်သွားလျက် ဖီးနစ်တစ်ကောင်အဖြစ် ပြောင်းလဲထွက်ပေါ် လာတော့သည်။
၎င်းက စုရီကို ဝါးမျိုရန် ကြိုးစားတော့၏။ ဤသည်မှာ တားမြစ်နည်းစနစ်တစ်ရပ် ပေပင်။ တားမြစ်နည်းစနစ်များသည် အသက်နှင့် သေခြင်းကို ရည်ရွယ်၏။
စုရီ မျက်ဝန်းများ အနည်းငယ် မှေးစင်းသွားသည်။ ထို့နောက် မူလစွမ်းအင်များ အလွှာလိုက် ဖြစ်ပေါ်လာ၏။
ကြာပန်းတစ်ပွင့်အသွင်ဖြစ်သည်။ အနန္တကြာပန်းတံဆိပ်တော် ဖြစ်၏။ ၎င်းသည် အရိုင်းမြေကိုးပါးရှိ မြတ်ဗုဒ္ဓ၏ အမွေတစ်ခု ဖြစ်သည်။
ဧကရာဇ်တစ်ပါး အသုံးပြုသော် ခံစစ်အလွှာပေါင်း (၈၄၀၀၀)ကို တခဏချင်း ဖွဲ့စည်းနိုင်၏။
လက်ရှိ စုရီ အသုံးပြုထားသော အနန္တကြာပန်းတံဆိပ်တော်သည် အတားအဆီး အလွှာ (၁၂)လွှာသာ ပါရှိသည်။ ရေခဲတောင်၏ အစွန်အဖျားဖြစ်၏။
သို့တိုင် မူလတာအိုနယ်ပယ် ကျင့်ကြံသူတစ်ယောက်အတွက် ဖျက်ဆီး၍ မရနိုင်သော ခံတပ်တံတိုင်းကြီးပေပင်။
“ ဘုန်း ... ။ ”
ဖီးနစ်သည် မီးလျှံများ ခြုံလျက် အတောင်ပံများခတ်ကာ တံဆိပ်တော်ပေါ် ထိုးဆင်းသွားသည်။
“ ဝုန်း ... ။ ”
တခဏအတွင်းမှာပင် ပွင့်ချပ်များ ကြွေလွင့်သွားသကဲ့သို့ အတားအဆီးအလွှာများ အက်ကွဲသွားပြီး နားမကြားနိုင်သော ပေါက်ကွဲသံ ထွက်ပေါ်လာ၏။
ကောင်းကင်နှင့် မြေကြီးတစ်ခုလုံး တောက်လောင်နေသော မီးလျှံများစွာဖြင့် ပြည့်နှက်သွားသည်။
သို့သော် အခိုးအငွေ့များ လွင့်စင် ပျောက်ကွယ်သွားသောအခါတွင် စုရီရှေ့၌ အလွှာ (၃)လွှာ ကျန်နေသေး၏။
တစ်ဖက်တွင် မီးငှက်ကြီးသည် လွင့်ပါးသွားပြီး ကျင်းဟဲခမျာ သူ့သက်တမ်းကို ဆုံးရှုံးသွားတော့သည်။ ဤမြင်ကွင်းကြောင့် ကျင်းဟဲမှ သက်ပြင်းချလိုက်၏။
သူ့ဘဝကို ပေးပြီးနောက်တွင်ပင် ပြိုင်ဘက်၏ အဝတ်စကိုပင် မထိနိုင်ခဲ့ချေ။ စိတ်ပျက်စရာ ကောင်းချေပြီ။
အတွေးမဆုံးခင် ကျင်းဟဲတစ်ယောက် ပြာမှုန်အဖြစ်သို့ ပဲ့ကြွေကာ ရွှေမှုန်များအသွင် လွင့်ပျံသွားလေသည်။
“ နောက်တစ်ယောက် ... ။ ”
စုရီက လျစ်လျူရှုလျက် လှည့်ကြည့်ကာ သူနှင့်အနီးဆုံး ဟွာစန်းထံ ပြေးသွားလိုက်သည်။ တစ်ဖက်လူခမျာ မျက်နှာသည် ပြောင်းသွားပြီး ချက်ချင်း ရှောင်ထွက်လေသည်။
တစ်ချိန်တည်းမှာပင် သူ၏ ပေတံကြီးကို လွှဲခုတ်ချလိုက်သည်။ ထောင်ပေါင်းများစွာသော ဓားရှည်များ မြည်ဟည်းသကဲ့သို့ ကောင်းကင်မှ သက်တံတစ်စင်း ကျဆင်းလာသည်။
“ ဘုန်း ... ။ ”
သို့သော် စုရီက လက်ဝှေ့ယမ်းကာ ပေတံကြီးကို ဖျက်ဆီးပြီး လက်ချောင်းများကို ရှေ့သို့ ထိုးသွားလိုက်သည်။
“ ရွှပ် ... ။ ”
ကြည်လင်ပြီး ထက်ရှနေသော ဓားရောင်ခြည်တစ်စင်း ပစ်မှတ်ကို သတ်ရန် ထွက်ပေါ်လာတော့၏။
နီးကပ်လွန်းသဖြင့် ဟွာစန်းခမျာ အခင်းဖြစ်ပွားရာ နေရာ၌ပင် ခေါင်းဖြတ်ခြင်း ခံလိုက်ရသည်။
သူ့ကျင့်ကြံမှုသည် ယွီတျန်းဟုန်ကဲ့သို့ အစွမ်းထက်ခြင်းမရှိဘဲ အတွင်းပိုင်းသန့်စင်ခြင်း အလယ်အလတ်အဆင့်တွင်သာ ရှိသေးသည်။ စုရီရှေ့၌ ကြက်တစ်ကောင်နှင့် မခြားချေ။
“ ဆရာ ... ။ ”
ချန်ကွာခယ်မှ ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ မျက်လုံးများ နီရဲလာပြီး လက်သီးများ တင်းတင်းဆုပ်ထားမိသည်။ သူ့ကို ကူကယ်ရာမဲ့စေ၏။
တချိန်လုံး စုရီ အသတ်ခံရမည်ကို စိုးရွံ့နေခဲ့သည်။ ယခု ဆရာသခင် အသတ်ခံခဲ့ရ သည်ကို မြင်ပြီးနောက် စိတ်ဝိညာဉ် ဗလာကျင်းသွားသည်။
“ သတ် ... ။ ”
ဤအခိုက်အတန့်တွင် ကျိုးချန်ယီ မျက်လုံးများသည် သေမင်းကို မြင်လိုက်ရ သကဲ့သို့ နီမြန်းတုန်ရီလာသည်။
မြေကြီးတုန်ခါစေသော ဟောက်သံကိုပြုလျက် ခရမ်းရောင်မိုးကြိုးများ ကောင်းကင်နှင့်မြေကြီးကြား ပေါက်ကွဲထွက် လာခဲ့သည်။
ချက်ချင်းပင် ခရမ်းရောင်သက်တံအဖြစ် ပြောင်းလဲကာ စုရီထံ ပြေးသွားလေသည်။ အရူး တစ်ယောက်လိုပေပင်။
“ ဟမ့် ... ။ ”
စုရီက ကြယ်တာရာဆွဲငင်ခြင်းဓားကို အသုံးပြုလိုက်သည်။ ချက်ချင်း ကြယ်မြစ်ကြီး ပေါ်ပြီး လေဟာနယ် ပြိုကျသွားသည်။
ကျိုးချန်ယီသည် ယခင်တိုက်ပွဲ၌ ဤဓားချက်ကြောင့် ကျောကွဲကာ ဒဏ်ရာများ ကြီးကြီးမားမားရရှိခဲ့သည်။
ထို့ကြောင့် ယခုတစ်ကြိမ်တွင်လည်း သူခံနိုင်ရည် မရှိခဲ့ချေ။ ဦးစွာ မီးနတ်ဘုရားပုလဲ ပေါက်ကွဲသွားပြီး ခရမ်းရောင်လျှပ်စီးဓား ပျောက်ကွယ်သွားသည်။
“ ဝုန်း ... ။ ”
ထို့နောက်တွင် ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ကြယ်မြစ်ကြီး သူ့အပေါ် ကျဆင်းထိမှန်လာတော့၏။
“ အား ... ။”
နာကျင်စွာ အော်ဟစ်လျက် အဆုံးတွင် သွေးမြူအဖြစ် ပြောင်းလဲကာ ကြယ်မြစ်အတွင်း ပျောက်ကွယ်သွားလေသည်။ အမည်မဲ့နဂါး ခြောက်ကောင်လုံး ဇာတ်သိမ်းသွား၏။
“ ဝှစ် ... ။ ”
တစ်ဖက်တွင် ရှစ်ဖုန်းလျူသည် တုန်လှုပ်သွားပြီး လှုပ်ရှားမှုကို ချက်ချင်းရပ်ကာ အလင်းတန်းအဖြစ် လှည့်ပြေးတော့သည်။
ရှင်းနေချေပြီ။ သူ ဆက်နေသော် သေရမည်ဖြစ်၏။ ထို့ကြောင့် လှည့်မကြည့်ဘဲ တစ်ချိုးတည်း ထွက်ပြေးသွားခြင်းပေပင်။
“ ဟမ့် ... ခန္ဓာကိုယ်ကို သိမ်းယူထားတဲ့ ဝိညာဉ်တစ်ကောင်အနေနဲ့ မင်းက အရမ်းကို သတ္တိကြောင်တာပဲ။ ”
စုရီက မျက်ခုံးပင့်လိုက်ပြီး နတ်အာရုံကို စုစည်းလိုက်သည်။ ထိုနောက် မျက်ခုံးနှစ်ခုကြား ဧရိယာသည် ထူးထူးခြားခြား အက်ကွဲသွားကာ ကြည်ပြာရောင် အလင်းများ ထွက်လာသည်။
၎င်းသည် လေထုအလယ် တစ်လက်မ မျှသာရှိသော အပြာရောင် ဓားပါးလေးအဖြစ် ဖွဲ့စည်းသွားသည်။ ကြည်လင်လွန်းသဖြင့် ရှိနေသည်ဟုပင် မထင်ရချေ။
ထိုဓားထွက်လာသည်နှင့် အဝေးရှိ လူအုပ်ကြီးခမျာ ဝိညာဉ်များ ကွဲအက်သွားသလို ခံစားလိုက်ရသည်။
“ ဒီနည်းစနစ်ကို နတ်ဘုရားသတ် ဓားချက်လို့ခေါ်တယ် နတ်ဘုရားတွေကို သတ်ဖို့ ငါကိုယ်တိုင် ဖန်တီးထားတာ ...
... ဒီဓားအောက်မှာ ပထမဆုံး အသက်ပေးလိုက်ရတဲ့အတွက် မင်းကိုယ်မင်း ဂုဏ်ယူသင့်ပါပြီ။ ”
စကားသံဆုံးသည်နှင့် ဓားပါးလေးသည် လေဟာနယ်အတွင်း ဖျပ်ခနဲ ပျောက်ကွယ်သွား ချေပြီ။
၎င်းပျောက်ကွယ်သွားချိန်၌ အဝေး ရောက်ရှိနေပြီဖြစ်သော ရှစ်ဖုန်းလျူခမျာ ချက်ချင်း အေးခဲသွားတော့၏။
***