အိမ်ရှေ့မင်းသား ... ။
Vol. 24 Ch. 285
နတ်ဘုရားသတ် ဓားချက်သည် ပေါ့ပေါ့တန်တန် အသုံးပြုရန် မသင့်လှချေ။ ၎င်းကိုအသုံးပြုပြီးနောက် စိတ်ဝိညာဉ်စွမ်းအင် အမြောက်အမြား ကုန်ဆုံးသွားပေမည်။
ရှစ်ဖုန်းလျူသည် အန္တရာယ်ကို သတိပြုမိလာပြီး ကာကွယ်ရေးဆိုင်ရာ နည်းစနစ်များကို ထုတ်ဖော်လိုက်ရသည်။
“ ခရစ် ... ။ ”
သို့သော် ဓားပါးလေးကို ဟန့်တားနိုင်ခြင်းမရှိခဲ့ချေ။ ၎င်း၏ခုခံကာကွယ်မှု နည်းစနစ်အားလုံး ပျက်စီးကုန်သည်။
မည်သည့်အရပ်မှ ပျံသန်းလာမှန်း မသိသောထိုဓားငယ်သည် သူ့နဖူးအတွင်းသို့ ဖျပ်ခနဲ ဝင်ရောက်လာတော့၏။
ထိုမြင်ကွင်းသည် သတိမထားမိပါက ထိုဓားရှိခဲ့သည်ဟုပင် ထင်မိမည် မဟုတ်ချေ။ ရှစ်ဖုန်းလျူနှင့် စုရီသာလျှင် ပြတ်ထင်စွာ ခံစားလိုက်ရသည်။
ရှန်ရှင်း နယ်ပယ်သို့ ဝင်ရောက်ပြီးနောက် စုရီ၏နတ်အာရုံသည် အလွန်ထက်မြက်လာ၏။ ပေရာနှင့်ချီ အကွာအဝေးကို မြင်နိုင်သည်။
“ ရွှေခေတ်ရောက်လာတာကို ... မကြုံရခင်မှာ ဒီလိုသေလိုက်ရလိမ့်မယ်လို့ ငါ မမျှော်လင့်ထားမိဘူး ... ။ ”
ရှစ်ဖုန်းလျူက လှောင်ပြုံးဖြင့် နာကျင်စွာ ညည်းတွားလေသည်။ ရုတ်တရက် သူ့ခန္ဓာကိုယ် တုန်ခါသွားပြီး သူ့အမြင်အာရုံထဲ အလင်းများ ပျောက်ကွယ်သွား၏။
ဓားငယ်သည် သူ့ဝိညာဉ်ကို နှစ်ခြမ်း ခွဲပစ်လိုက်ပြီဖြစ်သည်။ တစ်စုံတစ်ယောက်တွင် မြင့်မားသော ကျင့်ကြံမှုမည်မျှပင် ရှိစေကာမူ ဝိညာဉ်မရှိသော် သေလူသာဖြစ်၏။
အာကာသဆုံမှတ်ကို ဖြတ်ကျော်ပြီး ကံကောင်းမှု ရရှိလိုသည့် ကမ္ဘာခြားဝိညာဉ်ခမျာ ဤနည်းဖြင့် မဟာကျိုး၌ ကွယ်ပျောက် သွားချေပြီ။
စုရီက လက်နှစ်ဖက် နောက်ပို့လျက် လေထုအလယ် ဝင့်ကြွားစွာ ရပ်နေခဲ့သည်။ ကမ္ဘာကြီးတစ်ခုလုံး တုန်လှုပ်ခြောက်ခြားစွာ တိတ်ဆိတ်ကုန်၏။
မဟာကျိုးမင်းဆက်ကို ထိန်းချုပ်သော အမည်မဲ့ နဂါးခြောက်ကောင်သည် ယနေ့မှစပြီး ပျောက်ကွယ်သွားချေပြီ။
ထိုရလာဒ်သည် မဟာကျိုး၏ တော်ဝင်မိသားစုကျောရိုးကို ဖျက်ဆီးခြင်းနှင့် ညီမျှသည်။
အပိုဆောင်းအနေဖြင့် မဟာဝေနှင့် မဟာချင်၏ တန်ခိုးကြီးသော သံတမန်အဖွဲ့များ ပါရှိသွားသည်။
ဤနေ့ပြီးနောက် သူ့နာမည်သည် သုံးနိုင်ငံအတွင်း၌ ကျယ်ကျယ်ပြန့်ပြန့် ပြောဆို နေမည်မှာ သေချာ၏။
သို့သော် စုရီမှ စိတ်မဝင်စားချေ။ စုရွှမ်ကြွယ်ဟူသည် အရိုင်းမြေကိုးပါးတွင် ဓားမိစ္ဆာဖြစ်သည်။
ဆန္ဒရှိက လူသတ်နိုင်သည်။ ဤသုံးနိုင်ငံဟူသည် သူ့အတွက် ရေအိုင်ငယ် မျှပင် မရှိချေ။
“ ဘယ်သူ ရှိသေးလဲ။ ”
မည်သူမျှ အသက်မရှူဝံ့ချေ။ အသက်ရှူသံကြောင့် စုရီအာရုံထဲ ရောက်ရှိသွား မည်ကို စိုးရွံ့ကုန်ကြသည်။
“ ကံမကောင်းစွာနဲ့ပဲ၊ တစ်ယောက် လွတ်သွားတယ်။ ”
စုရီမှ တိုးတိုးလေး ညည်းတွားသည်။ လူအုပ်အတွင်း ရောနှောနေသည့် ကျွမ်းကျင်သူ တစ်ယောက်ကို သူ သတိထားမိခဲ့၏။
သို့သော် တိုက်ပွဲမပြီးခင် ထိုသူမှ ထွက်သွားချေပြီ။ သူသာ မမှားသော် လျှို့ဝှက် ကောင်းကင်ဂိုဏ်း၏ မဟာအကြီးအကဲ ရန်ချုံးယန်ဖြစ်သည်။
ကြက်သွေးရောင် မီးတောက် ဘုရင်၏ တပည့်ဖြစ်သည်။ ဘုန်းကြီးဟုန်ကျိ၏ သတိပေး စကားတွင် ထိုလူသည် သူ့ဆရာသခင်၏ အမိန့်အတိုင်း မြို့သို့ ရောက်ရှိလာကြောင်း သိရှိထားသည်။
( သလဲသီး မီးလျှံဘုရင်ကို ... ကြက်သွေးရောင် မီးတောက်ဘုရင်ဟု ပြောင်းလဲ အသုံးပြုပါမည်။)
“ ကျေးဇူးပြုပြီး ... ။ ”
စုရီက မုရှီထံ လှမ်းကြည့်သည်။ မုရှီက အလိုက်သိစွာ ခေါင်းညိတ်လျက် တိုက်ပွဲမြေပြင် အပေါ် ရှင်းလင်းရန် ပြင်တော့၏။ ဤသည်မှာ သူ့တာဝန်ပေပင်။
စုရီ လှည့်ထွက်သွားသည်။ စုမိသားစု၊ ကျောက်စိမ်းမြို့တော်နှင့် သူ့ကြား ရန်ငြိုးများ ပြေလည်သွားပြီဖြစ်သည်။
အနေရာ၌ ဆက်နေစရာ မလိုချေ။ ရှန်ရှင်းနယ်ပယ်ကို စုစည်းရန် အရေးတကြီး လိုအပ်နေပြီဖြစ်သည်။
စုရီထွက်သွားသည်ကို ကြည့်ပြီး လူတိုင်း အိပ်မက်ထဲမှ လန့်နိုးလာသကဲ့သို့ ရုတ်တရက် ပြန်လည် အသက်ဝင်လာသည်။
“ ဒီနေ့ တိုက်ပွဲရလာဒ်က မဟာကျိုးမင်းဆက်အပေါ် အပြောင်းအလဲ ဖြစ်စေတော့မှာ ကြောက်မိတယ်။ ”
လူတချို့ သက်ပြင်းချကြသည်။
“ မဟာကျိုးမှာ မှန်းဆမရနိုင်တဲ့ ရုန်းရင်းဆန်ခတ်မှုတွေ ဖြစ်ပေါ်လာတော့မယ် ငါသိချင်မိတာ တစ်ခုရှိတယ် ဒီကမ္ဘာပေါ်မှာ ဘယ်သူ စုရီရဲ့ ရန်သူဖြစ်ဝံ့သလဲ။ ”
***
လစက်ဝန်းဂိုဏ်းတည်ရာ တားမြစ်ခန်းမထဲတွင် ထွန်းတောက်နေသော ဝိညာဉ်မီးအိမ်တစ်လုံးသည် ရုတ်တရက် ငြိမ်သက်သွားခဲ့သည်။
ဤသည်မှာ မဟာအကြီးအကဲ ယွင်ကျန့်ချုံးမှချန်ထားခဲ့သော အသက်စွမ်းအင် ဖြစ်၏။
ဂိုဏ်းတစ်ခုလုံးတွင် ဤနေရာ၌ ဝိညာဉ်မီးခွက်ကို ထားရစ်ရန် အရည်အချင်း ပြည့်မီသော မြေကြီးအဆင့် အင်မော်တယ်သည် လက်တစ်ဆုပ်စာမျှသာရှိသည်။
ထို့ကြောင့် ယွင်ကျန့်ချုံး ကွယ်လွန်သည့် သတင်းမှာ အကြီးအကဲများနှင့် တပည့်များစွာ တို့ကို တုန်လှုပ်ကုန်စေသည်။
***
“ ဒေါင် ... ။ ”
ရှန့်လင် (Shanglin) ဘုံကျောင်း နဂါးသူတော်စင်ခန်းမအတွင်းမှ ဝမ်းနည်းဖွယ် ခေါင်းလောင်းထိုးသံ ထွက်ပေါ်လာ၏။
ဆရာတော်ကျင်းဟဲ ပျံလွန်တော်မူချေပြီ။ ထိုသတင်းကြောင့် ခန်းမစောင့် ဘုန်းတော်ခမျာ တုန်လှုပ်ခြောက်ခြားသွားခဲ့၏။
***
လျှို့ဝှက်နဂါးဓားဂိုဏ်း၏ ဒုဂိုဏ်းချုပ် ရှစ်ဖုန်းလျူနှင့် ဆရာဟွာစန်းတို့ ကွယ်လွန်သည့် သတင်းများ ကြားသောအခါတွင် ဂိုဏ်းချုပ် နင်ရှင်းခုံသည် တံခါးပိတ်ကျင့်ကြံနေရာမှ ထွက်လာခဲ့သည်။
မြေကြီးအဆင့် ကျွမ်းကျင်သူများသည် နိုင်ငံတစ်နိုင်ငံ၊ ဂိုဏ်းတစ်ဂိုဏ်းအတွက် မဏ္ဍိုင်များ ဖြစ်သည်။
ဤအဆင့် ကျွမ်းကျင်သူတစ်ဦး ရှိနေခြင်းသည် တစ်ဖက်ပြိုင်ဘက်များအပေါ် ခြိမ်းခြောက်ရန် လုံလောက်၏။
ထို့ကြောင့် ၎င်းတို့သေဆုံးခြင်းသည် အင်အားစုများအပေါ် သက်ရောက်မှု ရှိစေမည်။
“ စုရီက ရက်စက်လွန်းတယ်၊ အမည်မဲ့ နဂါးတွေကို သတ်ပစ်လိုက်မှတော့ မဟာကျိုးကို ဘယ်သူ ကာကွယ်ပေးမှာလဲ ... အနာဂတ်မှာ ရန်သူတွေ ကျူးကျော်လာရင် ခက်ကုန်ပြီ။ ”
စုရီသည် နောက်ဆက်တွဲ အကျိုးဆက်များကို ထည့်သွင်းမစဉ်းစားသော မိစ္ဆာတစ်ကောင်မျှသာ ဖြစ်ချေသည်။
သို့သော် ဧကရာဇ်ကျိုးသည် အမည်မဲ့နဂါးများ သေဆုံးသွားသည့် သတင်း ကြားသိပြီးနောက် လက်သီးများကို ကျစ်ကျစ်ပါအောင် ဆုပ်ထား၏။
ဟုန်ရှန့်ရှန်က သူ့ဘေးတွင် အကြာကြီး တိတ်ဆိတ်နေခဲ့သည်။ သူနှင့် ဧကရာဇ်သည် ယနေ့တိုက်ပွဲကို မကြည့်ရှုခဲ့သော်လည်း တစ်ချိန်လုံး သတင်းစောင့်နေခဲ့၏။
စုဟုန်လီ၏ အစွမ်းသည် ဤမျှ ကြောက်မက်ဖွယ် ကောင်းနေလိမ့်မည်ဟု မမျှော်လင့်ထားကြချေ။
အထူးသဖြင့် စုရီ၏ ခွန်အားဖြစ်သည်။ နှစ်ယောက်သား စိတ်တည်ငြိမ်မှု ပြန်ရစေရန် အချိန်အတော်ကြာခဲ့၏။
“ ဟား ဟား ဟား ... ။ ”
အဆုံးတွင် ဧကရာဇ်ကျိုးသည် နဂါးပလ္လင်လက်ကိုင်ကို ပုတ်လျက် ရယ်မော လိုက်လေသည်။
“ ဟား ဟား ဟား ... ။ ”
ထိုမျှဖြင့် အားမရသေးဘဲ မတ်တပ် ထရပ်ကာ ထပ်မံရယ်မောပြန်သည်။
“ ဟမ့် နှစ်ပေါင်းများစွာ ... ငါ့အပေါ် ဖိနှိပ်နေတဲ့ အဲဒီတောင်ကြီး နောက်ဆုံးတော့ ပြိုကျသွားပြီ ဟား ဟား ဟား ... ။ ”
တစ်ဖက်တွင် ဟုန်ရှန့်ရှန်မှ မရယ်နိုင်ချေ။ ရှုပ်ထွေးသော အမူအရာဖြင့် ဧကရာဇ်ကျိုးထံ ပြန်ကြည့်ကာ၊
“ အရှင်မင်းမြတ်၊ ငါတို့အမည်မဲ့နဂါးတွေ မရှိတော့ဘဲ တော်ဝင်မိသားစုနဲ့ မဟာကျိုးကို ဘယ်သူ ကာကွယ်ပေးမှာလဲ။ ”
-ဟု မေးမြန်းလိုက်သည်။
ဧကရာဇ်ကျိုးမှ ချက်ချင်း ပြုံးသည်။
“ မဟာကျိုးမင်းဆက်မှာ ... စုရီတစ်ယောက်ရှိနေရင် ကမ္ဘာကြီးတစ်ခုလုံးကို ခြိမ်းခြောက်ဖို့ လုံလောက်နေပါပြီ။ ”
ဤတိုက်ပွဲအပြီးတွင် စုရီသည် မည်မျှ ကြောက်စရာကောင်းကြောင်း သက်သေပြခဲ့ပြီး ဖြစ်သည်။
“ အရှင်မင်းကြီး၊ စုရီက အင်ပါယာကို အမှုထမ်းမှာမဟုတ်ဘူး မင်းအတွက် အကူအညီ မရမှာ ငါကြောက်မိတယ် ... ။ ”
“ ဒါကို ငါသိပါတယ် ... စုရီ ငါ့ကို အလုပ်အကျွေးပြုဖို့ မမျှော်လင့်ထားပါဘူး သူနဲ့ ဆက်ဆံရေးကောင်းတစ်ခုပဲ ငါယူမှာပါ။ ”
“ ဘယ်လို နည်းနဲ့လဲ အရှင်မင်းကြီး။ ”
ဟုန်ရှန့်ရှန်မှ စိတ်ဝင်စားသွားသည်။ စုရီသည် ပေါင်းသင်းရခက်သော လူထူးဆန်း ဖြစ်သည်ကို မည်သူမဆို သိနိုင်၏။
“ အဖိုးကြီး ... မင်းအသက်ကြီးနေပြီလား ကျစ်လီက စုရီနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးကို ထိန်းထားနိုင်သရွေ့တော့ ... ဒီပလ္လင်ဟာ သူ့အတွက် ထိုက်တန်နေပါပြီ။ ”
သို့မှသာ ဟုန်ရှန့်ရှန်တစ်ယောက် မျက်ခုံးပင့်လိုက်လေသည်။ ဧကရာဇ်ကျိုးတွင် ရှေးမစွတည်းကပင် ဤအရာအားလုံးအတွက် အစီစဉ်တစ်ခု ရှိနေခဲ့မှန်း နားလည် လိုက်တော့၏။
***
အမည်မဲ့နဂါးတောင်တန်း၏ တားမြစ်နဘ်မြေသည် ဧကရာဇ်နန်းတော် အနောက်ဘက်တွင် တည်သည်။
တောင်တန်းကြီးပေါ်တွင် ခေတ်ဟောင်းမဏ္ဍပ်များနှင့် ဘုံဗိမာန်များစွာ ပြည့်နှက်နေ၏။
“ အားလုံး သေကုန်ပြီလား ... ။ ”
ကျိုးကျန့်မှ တုန်တုန်ယင်ယင်နှင့် စိတ်ထဲဗလာ ဖြစ်သွားသည်။ သူသည် အဆင့် (၇) အကြီးအကဲဖြစ်၏။ ဤဆိုးရွားလှသော သတင်းမှာ သူ့ကို ကူကယ်ရာမဲ့စေသည်။
အချိန်အတော်ကြာပြီးနောက် ဆုံးဖြတ်ချက် ချလိုက်ဟန်ဖြင့်၊
“ ပထမမင်းသားက ဘယ်မှာလဲ။ ”
-ဟု မေးမြန်းလိုက်သည်။
နဂါးနှင့်ဖီးနစ် အသွင်အပြင်ရှိသော လူငယ်တစ်ဦး ခန်းမထဲသို့ ၀င်လာပြီး ဦးညွှတ် နှုတ်ဆက်လေသည်။
“ ဒီဂျူနီယာ ရောက်ပါပြီ။ ”
“ သတင်းကြားပြီးပြီလား။ ”
“ ဟုတ်ကဲ့ ... ။ ”
“ အရင်ကတော့ ငါတို့က မင်းကို မူလတာအိုနယ်ပယ်ထဲ ဝင်တဲ့အထိ စောင့်ဖို့ပဲ အခုတော့ အခြေအနေပြောင်းသွားပြီ ဒီနေ့ပဲ ကောင်းကင်ဓားဂိုဏ်းကို သွားပါ၊ ...
... မင်းနဲ့အတူ အမည်မဲ့နဂါးတောင်ရဲ့ အရင်းအမြစ်တွေ အားလုံးကိုယူသွား ဟိုမှာ မင်းဦးလေးကျိုးဖုန်ဇီရှိတယ် လွန်ခဲ့တဲ့ နှစ်ပေါင်းရှစ်ဆယ်လောက်က ...
... သင်းထောက်ဖြစ်လာပြီး ... မကြာခင် အတွင်းအကြီးအကဲ ဖြစ်တော့မယ်ကြားတယ် သူ့ကျင့်ကြံမှုက ကြယ်စုစည်းခြင်း အထွတ်အထိပ် ရောက်နေပြီ ...
... ဝိညာဉ်တာအိုနယ်ပယ် ရောက်ဖို့ ခြေတစ်လှမ်းပဲလိုတော့တယ် ဒီမှာဖြစ်ပျက်သမျှ မင်းပြန်ပြောနေစရာမလိုဘူး ကျင့်ကြံမှုကိုပဲ အာရုံစိုက်ပါ ...
... မင်းရဲ့ ... အခြေခံအုတ်မြစ်နဲ့ အရည်အချင်းအရ ဝိညာဉ်တာအိုနယ်ပယ်ကို မကြာခင်ရောက်လာလိမ့်မယ်။ ”
ထိုစကားကို ကြားသောအခါ ပထမမင်းသားတစ်ယောက် မျက်ခုံးပင့်မိပြီး၊
“ အကြီးအကဲ ... ဝိညာဉ်တာအို နယ်ပယ်ရောက်ပြီးရင် ငါ ကလဲ့စားချေပေး ရမှာလား။ ”
-ဟု တိုးတိုးလေး ပြန်မေးလာသည်။
ကျိုးကျန့် မျက်နှာပေါ်တွင် ခါးသီးသော အငွေ့အသက်များ ထွက်ပေါ်လာ၏။
“ အမှန်တော့ ဒါမျိုးဖြစ်ရမှာ ... ဒါပေမယ့် စုရီပြသတဲ့ ခွန်အားအရ ဝိညာဉ်တာအိုနယ်ပယ် အောက်မှာ ... ဘယ်သူကမှ သူ့ပြိုင်ဘက် ဖြစ်မလာနိုင်ဘူး။ ”
“ ဒါဆို ... ။ ”
“ ဆုံးအောင် နားထောင်ပါ ... မင်းဝိညာဉ်တာအိုနယ်ပယ် ရောက်တဲ့အခါ သူက ဘယ်လောက် သန်မာနေမလဲ တွေးမရနိုင်ဘူး ...
ပထမမင်းသားမှ စကားမပြောတော့ချေ။ ငြိမ်သက်စွာ နားထောင်နေသည်။ ဤသည်မှာ ရက်စက်လွန်းသော အမှန်တရားဖြစ်၏။
“ ဒါပေမယ့် အမြင့်ဆုံး သစ်ပင်တွေက လေကိုဆွဲဆောင်တယ် ... ကျော်ကြားလွန်းရင် ကံဆိုးခြင်း ကြုံရနိုင်ချေများတယ် ဘယ်သူ သိမှာလဲ မင်းလက်စားချေစရာတောင် မလိုနိုင်ပါဘူး ...
... မကြာခင်မှာ ... ရွှေခေတ် ရောက်လာတော့မယ် အဲဒီအချိန် မြင့်မားတဲ့ ကမ္ဘာကြီးတွေကနေ ... ကျွမ်းကျင်သူတွေ အများကြီး ဆင်းလာလိမ့်မယ် ...
... ဒါက ထင်ရှားပေါ်လွင်လွန်းတဲ့ ... တစ်စုံတစ်ယောက်အတွက် ... သူတို့တွေရဲ့ ပစ်မှတ်ဖြစ်လာမှာ သဘာဝပါပဲ။ ”
ကျိုးကျန့် စကားကြားပြီးနောက် ပထမမင်းသားမှ ခေါင်းညိတ်လိုက်သည်။
“ စိတ်မပူပါနဲ့ ... စုရီကို ချက်ချင်း လက်စားချေဖို့ စိတ်ကူးမရှိသေးပါဘူး ရွှေခေတ် ရောက်လာရင် ...
... အခွင့်အလမ်းအချို့ ဆုပ်ကိုင်ထား နိုင်သရွေ့ လုံလောက်တဲ့ စွမ်းအား ရရှိနိုင်မှာပါ ဒါဆို စုရီကို နိုင်နင်းနိုင်ပါပြီ။ ”
ကျိုးကျန့်မှ ခဏမျှ အံ့အားသင့်သွား သော်လည်း မကြာမီမှာပင် ပြုံးရယ်လိုက်ကာ ကျေနပ်သွားသည်။
ဤနှစ်များတစ်လျှောက်တွင် အမည်မဲ့နဂါးများသည် ပထမမင်းသားကို များစွာ အာရုံစိုက်ခဲ့၏။
အရေးကြီးသောအချိန်၌ ယခုကဲ့သို့ တည်တည်ငြိမ်ငြိမ် ရှိနေသည်ကို မြင်ပြီးနောက် ကြိုးစားအားထုတ်မှုများသည် အချည်းနှီး မဟုတ်ကြောင်း နားလည်လိုက်သည်။
ထိုနေ့တွင် ပထမမင်းသားတစ်ယောက် မဟာကျိုးမှ တိတ်တဆိတ် ထွက်ခွာသွားချေပြီ။ ထိုနေ့မှာပင် ဆဌမမင်းသားသည်လည်း အိမ်ရှေ့မင်းသား ဖြစ်လာခဲ့တော့၏။
“ ဂုဏ်ယူပါတယ် ဆဋ္ဌမမင်းသား ... ဒီနေ့ကစပြီး မဟာကျိုးရဲ့အိမ်ရှေ့မင်းသားက မင်းသားကျိုးကျစ်လီပါပဲ ... ။ ”
ဝတ်လုံနီနှင့် အဖိုးကြီးက ကျိုးနွံစွာ ပြောကြားလာသည်။ ရုတ်တရက် ဖြစ်သဖြင့် ဆဌမမင်းသားခမျာ မှင်သပ်သွား၏။
“ ဟား ဟား ဟား ... ။ ”
ထိုနောက်တွင် နန်းတော်တစ်ခုလုံး တုန်ဟည်းစေသည့် ရယ်မောသံကြီး ပဲ့တင်ထပ် လာတော့သည်။
***