ဒီကမ္ဘာကြီးမှာ အလကားရတဲ့ ညနေစာ တကယ်ရှိတာလား။
Vol. 24 Ch. 286
ထိုညတွင် စုရီသည် တရားထိုင်နေ၏။ ယနေ့ထိပ်တိုက်ရင်ဆိုင်မှုသည် သူ့အတွက် သာမန်အဖြစ်အပျက်ပေပင်။
စုရွှမ်ကြွယ်ဘဝက နှစ်ပေါင်း (၁၈၀၀၀၀) တိုက်ပွဲအတွေ့အကြုံများနှင့် နှိုင်းယှဥ်ပါသော် ယနေ့သတ်ဖြတ်ခြင်းသည် ဖော်ပြရန်ပင် မထိုက်တန်ချေ။
စံအိမ်သို့ ပြန်လာပြီးနောက် အလင်းတံခါးကိုးပါး ကျား-နဂါး ဆေးပြား သုံးပြားကို သောက်ချလိုက်၏။
သိုင်းတာအိုနယ်ပယ်တွင် ရှန်ရှင်းအဆင့်သည် နောက်ဆုံးအဆင့်ပေပင်။ ထိုအဆင့်တွင် ခန္ဓာကိုယ်အတွင်းရှိ စွမ်းအင် အနှစ်သာရ အားလုံးကို မူလစွမ်းအင်အဖြစ် ပြောင်းလဲရသည်။
မူလစွမ်းအင် သန့်စင်နိုင်လေလေ တိုက်ပွဲဝင်စွမ်းအား ကြီးမားလေလေ ဖြစ်သည်။ သူသည် တာအိုကြယ်ချီ၊ စွမ်းအင်လမ်းကြောင်း (၁၀၈)ပါးနှင့် လျှို့ဝှက်သွေးပြန်ကြောကို ရရှိထားသောကြောင့် ဆိုဖွယ်မရှိချေ။
အနှစ်တစ်ထောင်အတွင်း ရှားပါးပြီး ဒဏ္ဍာရီဆန်နေပေမည်။ ယင်းကို ယနေ့တိုက်ပွဲမှ သက်သေခံနေသည်။
အချိန်များ ကုန်လွန်ပြီးနောက် တရားထိုင်ရာမှ နိုးထလာကာ မျက်လုံးများ ဖွင့်ကြည့်လိုက်သည်။
လက်ရှိနှုန်းထားအရ ရှန်ရှင်းချီဟု ခေါ်ဆိုကြသော မူလစွမ်းအင်ကို (၃၀%)အထိ ပေါင်းစည်းထားပြီဖြစ်၏။
၎င်းကို အပြည့်အဝ ပေါင်းစည်းလိုသော် တစ်လခန့် အချိန်ပေးရပေမည်။ အတွေးများဖြင့် လက်ဖဝါးကို ဖွင့်လိုက်သည်။
သွေးဓားပေါ်လာပြီး အငွေ့အသက်သည် အလွန်ထက်ရှကာ ခြိမ်းခြောက်နိုင်စွမ်း အပြည့် ရှိနေသည်။
သို့သော် စုရီရှေ့တွင်မူ သိုးသငယ်ကဲ့သို့ ချက်ချင်းသိမ်မွေ့ကာ သူ့ရောင်ဝါကို ဂရုတစိုက် သိမ်းဆည်းထားတော့၏။
“ မင်းကို ပြုပြင်ပေးစေချင်တာလား။ ”
စုရီတစ်ယောက် တုံ့ဆိုင်းစွာ ညည်းတွားသည်။ ဤဓားသည် ထူးခြားလှပြီး သန့်စင်သော နည်းစနစ်မှာ မရိုးရှင်းချေ။
အဆင့်သတ်မှတ်ချက်များအရ မူလတာအိုအဆင့်ကို ကျော်လွန်ခဲ့ပြီး အရိုင်းမြေ ကိုးပါးတွင် ဤကဲ့သို့သော ရတနာများကို ‘ဝိညာဉ်တာအိုလက်နက်များ’ ဟုခေါ်ကြ၏။
၎င်းတို့ကို ဝိညာဉ်တာအို ကျွမ်းကျင်သူများသည်သာ သန့်စင်ပြီး အသုံးပြုနိုင်သည်။
သန့်စင်ခြင်း နည်းအပေါ် သုံးသပ် ကြည့်ရသော် ဤဓားသည် နတ်ဆိုးဂိုဏ်းကြီးမှ ဆင်းသက်လာခြင်း ဖြစ်၏။
အလွှမ်းမိုးနိုင်ဆုံးနှင့် အပြင်းထန်ဆုံး သတ်ဖြတ်ခြင်း စွမ်းအားကိုရရှိနိုင်ရန် သွေးဖြင့် သန့်စင်ထားသည်။
သို့သော် သူ့အမြင်တွင် ဤဓားသည် ချို့ယွင်းချက်ရှိနေ၏။ အဘယ့်ကြောင့်ဆိုသော် ဓား၏အလားအလာသည် အကန့်အသတ် ရှိနေသောကြောင့်ပေပင်။
အများအမြင်၌ ဝိညာဉ်ခြေရာကို မြင်ရသော်လည်း ၎င်းတစ်သက် ဝိညာဉ်ပိုင်ဆိုင် နိုင်မည် မဟုတ်ချေ။ အမှောင်နတ်ဓားဖြင့် မယှဉ်နိုင်သည်မှာ သဘာဝပေပင်။
အမှောင်နတ်ဓားသည် ဝိညာဉ်ဝါးမြိုခြင်း အမိန့်ဖြင့် အာဟာရဖြည့်နေသမျှ တစ်ချိန်တွင် ဓားဝိညာဉ်ကို ပိုင်ဆိုင်နိုင်ပေမည်။
“ ကောင်းပြီ ... ငါမင်းကို ခဏထားမယ် နောင်မှာ အခွင့်အရေးကြုံရင် မင်းရဲ့စွမ်းရည်ကို ငါဖြည့်ဆည်းပေးမယ် ... အခွင့်အလမ်း မရှိရင်တော့ မင်းကို အမှောင်နတ်ဓားနဲ့ ပေါင်းစပ်လိုက်မယ်။ ”
“ ဘရူး ... ။ ”
သွေးဓားမှ အနည်းငယ် တုန်ခါပြီး တုန့်ပြန်သည်။ ဓားရှည်ကို သိမ်းဆည်းလျက် မတ်တပ်ထရပ်ကာ အခန်းထဲမှ ထွက်လာခဲ့သည်။
ညသည် ကြယ်အလင်းများဖြင့် တောက်ပနေ၏။ ခြံထဲ၌ ဖန်းယွမ်တစ်ယောက် စောင့်ဆိုင်းနေသည်။ သူ ထွက်လာသည်ကို မြင်ချိန်တွင် မတ်တပ်ထရပ်ပြီး၊
“ ဆရာစု ... ။ ”
-ဟုနှုတ်ဆက်သည်။ စုရီမှ ခေါင်းညိတ်ပြလိုက်၏။
“ ဆရာစု တောင်တန်း ဘုရင်မုရှီနဲ့ အဖွဲ့သားတွေက တိုက်ပွဲကို ရှင်းလင်းရသမျှ လာပို့သွားပါတယ်။ ”
ထို့နောက် ကြည်လင်နေသော ကျောက်စိမ်းဆွဲသီးတစ်လုံးကို ထုတ်ယူကာ ပေးအပ်လာ၏။
စုရီက ကျောက်စိမ်းဆွဲသီးကို ဦးစွာ စစ်ဆေးကြည့်သည်။ လက်ဖဝါးအရွယ်ခန့်ရှိကာ ရှေးကျပြီး ရိုးရှင်းသောပုံသဏ္ဍာန်ဖြစ်၏။
အအတွင်း၌ ရွှေရောင်အလင်းစက် တစ်စက်ကို ဖျပ်ခနဲ မြင်လိုက်ရသည်။ ၎င်း၏ နောက်ကျောတွင် သေးငယ်သောစာလုံးဖြင့် ‘နှင်းပိုး’ဟူသည့် စာလုံးနှစ်လုံးကို ရေးထိုးထားသည်။
“ အာကာသ သလင်းကျောက်။ ”
စုရီက အံ့သြသွား၏။ ဤအရာသည် သိုလှောင်ရတနာများ သွန်းလုပ်ရာအတွက် ထိပ်တန်း ပါဝင်ပစ္စည်း ဖြစ်သည်။
“ တောင်တန်းဘုရင်ရဲ့ အဆိုအရ ဒီသိုလှောင်ကျောက်စိမ်းဆွဲသီးကို အမည်မဲ့ နဂါးခေါင်းဆောင် ကျိုးချန်ယီဆီက ရတယ် ပြောပါတယ်။ ”
ကျောက်စိမ်းဆွဲသီး အတွင်းပိုင်း နေရာလွတ်သည် အချင်းဝက် ပေတစ်ရာခန့် ရှိချေ၏။ လက်ရှိ စုရီအသုံးပြုနေသည့် ဆွဲသီး၏ နေရာလွတ်သည် အချင်းဝက် သုံးပေခန့်သာရှိချေပြီ။
အရေးအကြီးဆုံးမှာ ဤနှင်းပျံအတွင်းရှိ နေရာလွတ်သည် ဝိညာဉ်ဆေးပင်များကိုပင် သိမ်းဆည်းထားနိုင်၏။
ဆွဲသီးထဲတွင် ဝိညာဉ်ရေးဆေးများ၊ ဝိညာဉ်ရေးပစ္စည်းများ၊ ရှားပါး ရတနာများစွာ၊ ဝိညာဉ်လက်နက်နှင့် အခြားသော ရတနာများ တောင်ငယ်အလား စုပုံထားသည်။
“ ဒီဝိညာဉ်ရေး ပစ္စည်းတွေနဲ့ ... ဒြပ်စင်ငါးပါးဝင်္ကပါအဆောင် ရေးထွင်းထားတာ ပိုကောင်းမယ် ... ဒါမှ လင်ရွယ်နဲ့ တခြားလူတွေ အတွက် လိုအပ်ရင် အကူအညီရနိုင်မယ်။ ”
ယနေ့တိုက်ပွဲသည် သုံးနိုင်ငံအတွင်း မငြိမ်မသက်ဖြစ်စေပေမည်မှာ သေချာချေပြီ။ ထို့ကြောင့် သူ့ပတ်ဝန်းကျင်မှ လူအများအပေါ် ပစ်မှတ်ထားမည့် တစ်စုံတစ်ယောက် ရှိ-မရှိ မပြောနိုင်ချေ။
“ ဘာရှိသေးလဲ ... ။ ”
နှင်းပျံကျောက်စိမ်းဆွဲသီးကို သိမ်းဆည်းလျက် ကြိမ်ကုလားထိုင်ထုတ်ယူပြီး ပျင်းရိစွာ ထိုင်ချလိုက်သည်။
“ ဟုတ်ကဲ့ ... စုမိသားစုက အားလုံး အဆင်သင့်ဖြစ်နေပြီလို့ သတင်းပို့လာပါတယ် မနက်ဖြန်မှာ ယွီချင်းဇီနဲ့ စုပိုင်နင်ရဲ့ အရိုးပြာတွေအပြင် ...
... စုမိသားစုဝင် (၃၉)ယောက်နဲ့ ကျွန်(၁၃၃)ဦးတို့ရဲ့ အရိုးပြာတွေကို သင်္ချိုင်းဆီ ပို့ပေးမယ် ပြောပါတယ်။ ”
သူ စကားပြောနေစဉ် စာတစ်စောင်ကိုထုတ်ယူ၍ စုရီထံပေးအပ်ကာ၊
“ ဒါက သေစာရင်းပါ၊ ကျေးဇူးပြုပြီး ကြည့်ပေးပါ။ ”
စုရီက မကြည့်ဘဲ၊
“ စုမိသားစုက ဒီကိစ္စအတွက် ငါ့အပေါ်လှည့်စားဖို့ သတ္တိရှိနေလိမ့်မယ်လို့ မင်းထင်လား။ ”
-ဟု ပြန်လည်မေးလိုက်၏။
“ ကျွန်တော့်အမြင်အရ စုမိသားစုဟာ ဒီဘေးဆိုးကြီးကို ကျော်လွှားချင်နေတဲ့အတွက် သူတို့ မလုပ်ဝံ့ကြပါဘူး ...
... အမှားတစ်ခု ကျူးလွန်မိတာနဲ့ ... သူတို့မျိုးနွယ်စု တစ်ခုလုံး ဒီလောကကြီးကနေ မပြီးပိုင် ပျောက်ကွယ်သွားမှာပါ။ ”
စကားခေတ္တရပ်နားပြီးနောက်၊
“ ဒါပေမယ့် ... ဆရာစု ဆန္ဒရှိရင် ဒီစာရင်းကို ကျွန်တော်ဖတ်ပြပါမယ်။ ”
-ဟု ပြောကြားလိုက်သည်။
စုရီက သူ့လက်ကို ဝှေ့ယမ်းပြီး၊ ‘ဒီအကြောင်းထားလိုက်ရအောင်၊’-ဟု အမိန့်ပေး လိုက်၏။
စုဟုန်လီ ကွယ်လွန်ပြီးနောက်တွင် သူ့နှလုံးသားထဲရှိ နာကြည်းမှုများကို ဖယ်ရှားပြီး ဖြစ်သည်။ ဤကဲ့သို့သော အသေးအမွှားများ အပေါ် စိတ်ဝင်စားရန် ပျင်းရိလွန်းချေပြီ။
“ ဆရာစု ပင်လယ်ဘုရင်က မနက်ဖြန် ရေခဲစိမ်းနတ်ဆိုးတောင်ကနေရတဲ့ ကျောက်စာ ယူလာပေးမယ် ပြောပါတယ်။ ”
မူလက ထိုလျှို့ဝှက်ဆန်းကြယ်သော ကျောက်စာချပ်ကို ကိုယ်တိုင်သွားကြည့်ရန် စုရီတွင် စိတ်ကူးရှိသည်။ ယခုမူ အချိန်ကုန် သက်သာသွားချေပြီ။
“ တစ်ခြားရှိသေးလား။ ”
“ ဟုတ်ကဲ့ ... နောက်ဆုံးတစ်ခု ရှိပါသေးတယ် ငှက်မွှေးဘုရင်က မနက်ဖြန်မှာ နှစ်ယောက်တည်း တွေ့ချင်တယ်လို့ ပြောပါတယ်။ ”
လှပသော အသွင်အပြင်ဖြင့် ဓားတစ်လက် ကိုင်ဆောင်ထားသော အဖြူဝတ် အမျိုးသမီးကို ချက်ချင်းသတိရသွားသည်။
“ ကောင်းပြီ ... ငါလက်ခံတယ်။ ”
စုရီက ဖန်ယွမ်ထံ လှည့်ကြည့်ပြီး၊
“ ငါ မကြာခင် ဒီမြို့ကနေ ထွက်သွားတော့မယ် ... မင်း ငါနဲ့အတူ မနေနိုင်တော့မှာကို ကြောက်မိတယ်။ ”
-ဟု အသိပေးပြောကြားလိုက်သည်။
“ ဆရာစု ငါမျှော်လင့်ထားပြီးသားပါ စိတ်မပူပါနဲ့ ငါ့မှာရှင်သန်ဖို့ ကိုယ်ပိုင်နည်းလမ်း ရှိပါတယ် ... နောင်မှာ အခွင့်အရေးရရင် ပြန်ဆုံချင်ပါတယ်။ ”
စုရီက ခဏလောက်စဉ်းစားပြီး ကျောက်စိမ်းပြား အလွတ်တစ်ခုကို ထုတ်ယူကာ နတ်အာရုံဖြင့် ရေးထွင်းတော့သည်။
“ ဒါက ... လျှို့ဝှက်ကျင့်ကြံမှု နည်းစနစ်တစ်ခုပဲ သိပ်လေးနက်မှု မရှိပါဘူး ဒါပေမယ့် မင်းရဲ့အရည်အချင်းနဲ့ ကိုက်ညီတယ် ယူသွားလိုက်ပါ။ ”
ဖန်းယွမ်တစ်ယောက် တစ်ယောက် တစ်ကိုယ်လုံး တုန်ယင်သွားပြီး ဒူးထောက်ကာ ဦးညွှတ်လျက်၊
“ ကျေးဇူး အများကြီးတင်ပါတယ် ဆရာစု။ ”
-ဟု တုန့်ပြန်လိုက်တော့သည်။
“ စွမ်းအင်ကျင့်ကြံမှု နည်းစနစ်တွေကို ပေါ့ပေါ့တန်တန် သင်ကြားပေးလို့မရဘူး မင်းရဲ့ စွမ်းဆောင်ရည်ကို လွန်ခဲ့တဲ့ ...
... ရက်အနည်းငယ်က ငါစစ်ဆေးပြီးပြီ စိတ်ပျက်စရာမရှိပါဘူး အနာဂတ်မှာ ဝေးဝေး ရောက်ချင်ရင် ငါ့နာမည်အောက်ကနေ မလှုပ်ရှားနဲ့ ... ။ ”
စုရီက အလေးအနက် မှာကြားလိုက်၏။
“ စိတ်မပူပါနဲ့ ဆရာစု ... ၊ ငါ မင်းရဲ့ သွန်သင်ချက်တွေကို ဘယ်တော့မှ မမေ့ပါဘူး။ ”
“ သွား ... အနားယူပါ။ ”
စုရီက ကြိမ်ကုလားထိုင်ပေါ်မှထကာ လက်နှစ်ဖက်ကို နောက်ပို့လျက် အခန်းထဲ လှမ်း၀င်သွားတော့သည်။
နောင်နှစ်ပေါင်းများစွာ ကြာလာသော အခါတွင် ‘မြင့်မြတ်သော တိတ်ဆိတ်ခြင်း အမှောင်ညဘုရင်’ ဟူသည့် အင်မော်တယ် တစ်ပါးသည် ဤညအတွက် ခံစားချက်များ အပြည့်ဖြင့်၊
“ တန်ခိုးရှင်တစ်ပါးက ငါ့ခေါင်းကိုထိကာ ဆံပင်များ ချည်နှောင်လျက် ထာဝရအသက်ကို ပေးအပ်ခဲ့သည်။ ”
-ဟူသော ကဗျာကို ရွတ်ဆိုနေတတ်သည်။
***
နောက်တနေ့ နံနက်တွင် စုရီသည် သူ့အမေအုတ်ဂူထံသွားရန် စီစဉ်နေချိန် မိုးတဖွဲဖွဲ ကျဆင်းလာ၏။ မြောက်ဘက်တံခါးအပြင်တွင် ဘုရင့်စစ်သည်တော်များ တပ်စွဲထားသည်။
ကျိုးကျစ်လီသည် ၎င်းတို့ရှေ့တွင် စိုးရိမ်တကြီး ရပ်နေခဲ့သည်။ မိုးမလင်းမီကပင် တောက်ပသော အဝါရောင် နဂါးဝတ်ရုံနှင့် ငှက်မွှေးသရဖူကို ၀တ်ဆင်ကာ ဤနေရာ၌ စောင့်ဆိုင်းနေခြင်းဖြစ်၏။
“ မင်း ... ဘာလုပ်နေတာလဲ။ ”
ရုတ်တရက် မေးမြန်းသံတစ်သံ ထွက်ပေါ်လာသည်။ ယင်းကြောင့် ကျိုးကျစ်လီ ခမျာ ဝမ်းသာအားရ မော့ကြည့်လိုက်၏။
မိုးတဖွဲဖွဲအောက်တွင် ကျောက်စိမ်းရောင် ဝတ်လုံနှင့် ဆီစိမ်စက္ကူထီးကို ကိုင်ဆောင်လျက် လူငယ်တစ်ယောက် မြို့တံခါးမှ ထွက်လာချေပြီ။
“ အစ်ကိုစု ... ငါမင်းကိုစောင့်နေတာ မင်းနဲ့အတူ လိုက်ချင်လို့ ... ။ ”
ကျိုးကျစ်လီမှ အော်ဟစ်လိုက်သည်။ စုရီက ၎င်းနောက်မှ အင်အားပြနေသည့် စစ်သည်တော် များထံ တစ်ချက်ကြည့်လိုက်ပြီး နားမလည် နိုင်အောင် ဖြစ်နေခဲ့သည်။
“ မင်းအဖေ ... လွှတ်လိုက်တာလား။ ”
“ မှန်တယ် ... ဟမ့် ... ။ ”
ထို့နောက်၊
“ အစ်ကိုစုကို မတွေ့တာကြာပြီဆိုတော့ ငါလည်းတွေ့ဖို့ ဒီအခွင့်အရေးကို ယူလိုက်တာ။ ”
-ဟု စကားကို ချက်ချင်း ပြင်ပြောလိုက်၏။
စုရီက လက်ဝှေ့ယမ်းပြီး ‘ကောင်းပြီ မင်းတစ်ယောက်တည်း လိုက်လာခဲ့၊’- ဟု အမိန့်ပေးသည်။
လမ်းတွင်စုရီသည် မည်သည့်မေးခွန်းမျှ မေးရန်မလိုအပ်ခဲ့ဘဲ ‘အိမ်ရှေ့မင်း’ ဖြစ်လာပုံနှင့် ပတ်သက်၍ အားလုံးကို ကျိုးကျစ်လီမှ ပြန်ပြောပြခဲ့သည်။
စုရီက ခေါင်းခါပြပြီး၊
“ ဒါက သတင်းကောင်းပဲ ... မင်းဘာလို့ စိတ်ပူနေရတာလဲ မင်းအဖေရဲ့ရည်ရွယ်ချက်ကို ငါနားလည်နိုင်ပါတယ် ...
... မင်းပြန်သွားတဲ့အခါ မဟာကျိုးရဲ့ ကိစ္စတွေကို ငါဂရုမစိုက်ဘူးဆိုတာ ပြန်ပြော ပြလိုက် ... ဒါပေမယ့် မင်းကတော့ ငါ့နာမည်ကို ယူသုံးလို့ရတယ်။ ”
ကျိုးကျစ်လီမှ တုန်လှုပ်သွားတော့၏။ စုရီအမည်ကို အသုံးပြုပြီးနောက် မည်သူသည် နဂါးပလ္လင်ကို ခြိမ်းခြောက်ဝံ့မည်နည်း။ သူ့အဖေပင် ချွင်းချက် မရှိနိုင်ချေ။
“ ဒီကမ္ဘာကြီးမှာ အလကားရတဲ့ ညနေစာ တကယ်ရှိတာလား။ ”
***