လရောင်အောက်မှ ဓားနှလုံးသား ... ။
Vol. 24 Ch. 287
ယမန်နေ့ညက အမည်မဲ့နဂါးများ သေဆုံးခြင်းအတွက် ဧကရာဇ်ကျိုး ပေါ်လာခြင်း မရှိခဲ့ချေ။ ဆိုလိုသည်မှာ အမည်မဲ့နဂါးများကို ဂရုမစိုက်ဟု အဓိပ္ပါယ်ရသည်။
ယနေ့တွင် ကျိုးကျစ်လီကို အိမ်ရှေ့မင်းအဖြစ်ခန့်အပ်ကာ အချို့အရာများ တောင်းဆိုစေခဲ့သည်။
အမည်မဲ့နဂါးများ သေဆုံးပြီးနောက် မဟာကျိုး၏ တော်ဝင်မိသားစုကျောရိုးများ ရိုက်ချိုးခံလိုက်ရသည်။
ထို့ကြောင့် တိုင်းတစ်ပါး ရန်သူများ ကျူးကျော်ဝင်ရောက်လာသောအခါ ပြန်လည် တိုက်ခိုက်ရန် အင်အားမရှိတော့ချေ။
တော်ဝင်မိသားစုအတွက် သူ့ထံမှ အကာအကွယ်ပေးမှုကို လိုအပ်နေခဲ့ကြောင်း သိမြင်လာသည်။
သို့သော် မဟာကျိုးဧကရာဇ်ဟူသော ဂုဏ်ပုဒ်ကြောင့် ကိုယ်တိုင်တောင်းဆိုကြည့်ရန် မဖြစ်နိုင်ချေ။ ၎င်းအစား ကျိုးကျစ်လီကို လွှတ်လိုက်ခြင်း ပေပင်။
တော်ဝင်မိသားစုသည် သူ့အမည်ကို သုံးချင်သည်လော။ စိတ်မဝင်စားချေ။ သို့သော် ကျိုးကျစ်လီသည် သူ့အမည် သုံးလိုက သုံးခွင့်ရှိသည်။
ဤသည်မှာ သိမ်မွေ့သော အပေးအယူတစ်ခုသာ ဖြစ်သည်။ တစ်ဖက်လူမှ သဘောမတူသော်လည်း ဂရုမစိုက်ချေ။
***
ဤတစ်ကြိမ်တွင် သူမိခင် ရီယုဖေးအုတ်ဂူရှေ့၌ အရိုးပြာအိုး အများအပြား အစီအရီချထား၏။ ဤသည်မှာ စုမိသားစုမှ ပေးပို့သော လက်ဆောင်ပေပင်။
မိုးများ တဖွဲဖွဲရွာနေပြီး တောင်တန်းတစ်ခုလုံး မှိန်ပျပျသာ လင်းနေ၏။ စုရီတစ်ယောက် တိတ်ဆိတ်စွာ ရပ်နေသည်။
ကျိုးကျစ်လီက အမွှေးတိုင်များ၊ ဖယောင်းတိုင်များနှင့် စက္ကူပိုက်ဆံများစွာကို ထုတ်ယူကာ မြေပြင်ပေါ်တွင် ထိုင်ချလျက် မီးရှို့ပေးနေ၏။
ခဏအကြာတွင် စုရီလက်၌ ငရဲမိုးကြိုးခေါင်းလောင်း ထွက်ပေါ်လာသည်။ ဤမှော်ရတနာသည် နတ်ဆိုးမျိုးရိုး၏ ဝိညာဉ်တာအိုရတနာ ဖြစ်ပေသည်။
သူ့အမေသည် ဤရတနာကို ယူဆောင်လာစဉ်ကတည်းကပင် ဆိုးဆိုးရွားရွား ပျက်စီးနေပြီဖြစ်၏။
မဟုတ်သော် ထိုနတ်ဆိုးဝိညာဉ်၏ စွမ်းအားသည် ဤမျှလောက် အားနည်းလိမ့်မည် မဟုတ်ချေ။ အတွင်း၌ လျှို့ဝှက်ဆန်းကြယ်သော ‘ပန်းချီကား’တစ်ချပ် ရှိနေသေးသည်။
ယင်းသည် ကောင်းကင်ပေါ်သို့ ထိုးတက်နေသော ကြည်ပြာရောင်သစ်ပင်ကြီး တစ်ပင်ကို ပုံဖော်ထားခြင်းဖြစ်၏။
၎င်း၏အကိုင်းအခက်များတွင် ကြယ်ပွင့်များစွာ လင်းလက်နေခဲ့သည်။ အလွန် ရှေးကျသော သင်္ကေတဖြင့် အောက်ခြေတွင် စာတစ်ကြောင်း ရေးထိုးထား၏။
“ မူလမိုးပြာ၊ ဧကရာဇ်ကိုးပါး၏ လျှို့ဝှက်ချက်။ ”
အတိတ်ဘဝ အမှတ်တရများအရ အလွန်ရှေးကျသော ဇာတ်ကောင်များစွာကို မှတ်မိနိုင်သည်။
ဆိုလိုသည်မှာ ယခင်ဘဝတွင် ရှေးဟောင်း အမွေအနှစ်တစ်ခုဖြစ်သော ဤကြယ်သစ်ပင်ကို သူ မြင်ဖူးထားသည်။
သစ်ပင်၏ အကိုင်းအခက်များတွင် တောက်ပသော ကြယ်ပွင့်များ တွဲလောင်းကျ နေသဖြင့် အလွန်မှော်ဆန်လှ၏။
သို့သော် ဤပန်းချီကားပေါ်ရှိ ကြယ်သစ်ပင်သည် စစ်မှန်သော ကြယ်သစ်ပင် မဟုတ်ချေ။ သေဆုံးနေသော ကြယ်များသာ တွဲလျောင်းကျနေသည်။
ပန်းချီကားအောက်ခြေရှိ မူလမိုးပြာဟူသည်မှာ မိုးပြာတိုက်ကြီး၏ မူလကို ရည်ရွယ်ကြောင်း အနည်းငယ် နားလည်နိုင်သည်။
ဧကရာဇ်ကိုးပါး၏ လျှို့ဝှက်ချက် ဟူသည်ကိုမူ သူ မသိချေ။ မည်သည့်အရာများ မည်နည်း။
သူ့မိခင်သည် ထိုဧကရာဇ်ကိုးပါး၏ လျှို့ဝှက်ချက်ကို ရှာဖွေရန် မိုးပြာတိုက်ကြီးသို့ ဖြတ်ကျော်လာပုံရသည်။
အတွေးများ ပြန်စုစည်းပြီးနောက် ရှေ့လှမ်းတက်ကာ ရီယုဖေးအုတ်ဂူထံ သုံးကြိမ် ဦးညွှတ်လိုက်သည်။
“ ရွှပ် ... ။ ”
ထို့နောက် လက်ညှိုးဖြင့် လေထဲ မျဉ်းတစ်ကြောင်း ဆွဲချလိုက်ရာ အုတ်ဂူကြီးခမျာ ချက်ချင်း ကွဲထွက်သွားပြီး ခေါင်းတလား ပေါ်လာသည်။
ခေါင်းတလားကို ဖွင့်လျက် လဲလျောင်းနေသော အရိုးစုထံ ကြည့်မိ၏။ သက်ရှိ ထင်ရှားရှိနေစဉ် မည်သည့်ပုံစံမျိုး ရှိနေ သည်ကို ပြောမပြနိုင်တော့ချေ။
ဤသည်မှာ အသက်နှင့်သေခြင်း၏ ခြားနားချက်ပေပင်။ ဘဝတစ်သက်တာအတွင်း မည်မျှပင် ထက်မြက်ပြီး သန်မာနေစေကာမူ သေပြီးနောက်တွင် အရိုးစုများသာ ကျန်ရစ်ပေမည်။
တစ်ခဏမျှ ငြိမ်သက်သွားပြီးနောက် လက်ချောင်းထိပ်တွင် မီးတောက်ထုတ်ဖော်ပြီး ခြောက်သွေ့နေသော အရိုးများအပေါ် လောင်မြိုက်စေလိုက်သည်။
များမကြာခင် ပြာအဖြစ် လျင်မြန်စွာ ပြောင်းလဲသွားကာ ငရဲမိုးကြိုးခေါင်းလောင်းဖြင့် စုဆောင်းထားလိုက်၏။
“ သွားကြရအောင် ... ။ ”
စုရီမှ ဆက်မနေလိုတော့ချေ။ ဤတစ်ကြိမ်သည် သူ့မိခင် အကြွင်းအကျန်ကို သိမ်းယူသွားရန် ကြံရွယ်ထား၏။
ဤနည်းဖြင့် ရန်သူများသည် သင်္ချိုင်းကိုဖျက်ဆီးကာ မိခင်အလောင်းဖြင့် ခြိမ်းခြောက်ခြင်းမျိုး ကြံစည်နိုင်တော့မည် မဟုတ်ချေ။ စုရွှမ်ကြွယ်ဘဝတွင် ထိုသို့သော ဖြစ်စဉ်များ မကြာမကြာ မြင်ထားဖူးသည်။
အပြန်လမ်းတွင် ကျိုးကျစ်လီက နှုတ်ဆက်ကာ နန်းတော်သို့ တန်းတန်းမတ်မတ် ပြန်သွားတော့၏။
စုရီတစ်ယောက် စံအိမ်သို့ ပြန်ရောက်ချိန်တွင် ပင်လယ်ဘုရင် စောင့်ဆိုင်း နေသည်ကို မြင်လိုက်ရသည်။
၎င်းမှ စုရီကိုတွေ့သောအခါ ကျောက်ပြားတစ်ချပ်ကို ထုတ်ယူပြသလာ၏။ ဤသည်မှာ နှစ်ပေရှည်ပြီး မည်းမှောင်လျက် ရှေးဟောင်းအက္ခရာများ ရေးထိုးထားသည်။
စုရီမှ ဝါကျများကို ခဏမျှ စစ်ဆေးကြည့်လိုက်သော်လည်း တစ်စုံတစ်ရာ ထူးခြားချက် မတွေ့သဖြင့် ကျောက်ပြားအတွင်း အာရုံစိုက်လိုက်၏။
“ ဒီကျောက်ပြားကို သန့်စင်ဖို့ အသုံးပြုတဲ့ပစ္စည်းက အရမ်းထူးခြားလွန်းတယ် ဒီကျောက်ပြားကို ဓားတွေ၊ လှံတွေနဲ့လည်း ဖျက်ဆီးလို့မရဘူး ...
... မူလတာအိုနယ်ပယ် အတွင်းပိုင်း သန့်စင်ခြင်းအဆင့် ကျွမ်းကျင်သူတစ်ယောက် ခွန်အားအပြည့်နဲ့ ဖျက်ဆီးရင်တောင် မထိခိုက်မှာ စိုးလှတယ် ...
... အံ့သြစရာ ကောင်းတာက ဒီကျောက်ပြားက တောင်နဲ့မြစ်ရဲ့စွမ်းအားကို ချိုးနှိမ်နိုင်ပြီး ဝိညာဉ်စွမ်းအင်တွေကို စုပ်ယူ ပေးနိုင်တယ် ...
... ငါ့အသိဉာဏ်က နုံအလွန်းပါတယ် နှစ်ပေါင်းများစွာ ဆန်းစစ်ခဲ့တာတောင် သူရဲ့ မူလကို မသိနိုင်ခဲ့ဘူး ... ။ ”
ပင်လယ်ဘုရင်မှ ကူကယ်ရာမဲ့စွာ ပြောကြားလိုက်သည်။ စုရီမှ ကျောက်ပြားကို ချလိုက်ပြီး၊
“ ဒါက အံ့သြစရာတော့ မဟုတ်ပါဘူး ဒီကျောက်ပြားဟာ ဝိညာဉ်သွေးကြောတစ်ခုပဲ ‘ကမ္ဘာအနှစ်သာရ ကြယ်ဝိညာဉ်ကျောက်တုံး’- လို့ခေါ်တယ်၊
... အလွန်ရှားပါးပြီး အဆင့်မြင့် ဝိညာဉ်ရေးရတနာတွေကို သန့်စင်ဖို့အတွက် အလွန်ကောင်းမွန်တဲ့ ပစ္စည်းတစ်ခုပဲ ... သူ့ကို အာကာသအပြင်မှာ မွေးဖွားတယ်။ ”
ထိုအကြောင်းပြောကြားနေစဉ် စုရီမျက်ခုံးကြားတွင် ထူးဆန်းသော ရောင်ဝါ ပေါ်လာသည်။ ဤအဆင့် ရတနာသည် အရိုင်းမြေကိုးပါး၌ပင် ရှားချေ၏။
တစ်စုံတစ်ယောက်သည် ကျောက်စာတစ်ချပ်အဖြစ် အသုံးပြုလိမ့်မည်ဟု မျှော်လင့်မထားမိချေ။
ဤသည်မှာ သဘာဝအရင်းအမြစ်ကို ဖြုန်းတီးခြင်းဖြစ်သည်။ သို့သော် ကျောက်စာကို ရေးထွင်းထားသူသည် ထိုမျှအပေါ် လုံးဝ ဂရုမစိုက်သူလည်း ဖြစ်နိုင်၏။
“ ကမ္ဘာ့အနှစ်သာရ ကြယ်ဝိညာဉ် ကျောက်တုံးလား။ ”
ပင်လယ်ဘုရင်မှ အံ့အားသင့်သွားပြီး၊
“ ဒါဆို ငါ့တပည့်ပြောတာ အမှန်ပဲပေါ့။ ”
-ဟု ရေရွတ်လိုက်၏။
စုရီက မျက်ခုံးပင့်သွားကာ၊ ‘မင်းတပည့်လည်း ဒါကို သိနေတာလား၊’- ဟု ပြန်မေးလိုက်သည်။ ပင်လယ်ဘုရင်မှ သက်ပြင်းချ၏။
“ ငါ့တပည့်နာမည်က ကောချင် ... မိဘမဲ့တစ်ယောက်ဖြစ်ပြီး ငယ်စဉ်တည်းက ငါခေါ်ယူထားခဲ့တာ သူက ဒီကျောက်ပြားကို မြင်တော့ ... ကမ္ဘာ့အနှစ်သာရ ကြယ်ဝိညာဉ် ကမ္ဗည်းပြားလို့ ပြောလာတယ် ...
... ဒါကို စာအုပ်တွေထဲမှာ ... သူ ဖတ်ဖူးတယ်တဲ့ ပြီးတော့ တောင်ပေါ်မှာ ဒါကို တံဆိပ်ခတ်ထားဖို့လည်း သူပဲ အကြံပြုတာ ...
... တောင်နဲ့မြစ်တွေရဲ့ စွမ်းအားကို ဒီကမ္ပည်းပြားက ဖိနှိပ်နိုင်ပြီး ... ကောင်းကင်နဲ့ မြေကြီးကြား ဝိညာဉ်စွမ်းအင်တွေကို စုပ်ယူနိုင်မယ်လို့လည်း ဆိုတယ် ...
... အချိန်ကြာလာတာနဲ့အမျှ ငါ့ကောင်းကင်တောင်တန်းကြီးဟာ ကျင့်ကြံဖို့ သင့်တော်တဲ့ ရတနာမြေဖြစ်လာနိုင်မယ်။ ”
စုရီမှ ခေါင်းညိတ်သည်။
“ မင်းရဲ့တပည့်က မရိုးရှင်းဘူး ... ကောင်းကင်နဲ့ မြေကြီးရဲ့ ဝိညာဉ်စွမ်းအင်တွေကို စုဆောင်းဖို့ ဒီကမ္ပည်းပြားကို ဘယ်လိုသုံးရမယ် ဆိုတာ သူတကယ်သိတယ်။ ”
ထိုမှတ်ချက်ကြောင့် ပင်လယ်ဘုရင်တစ်ယောက် မျက်ဝန်းများ မှုန်မှိုင်းသွားပြီး၊
“ ရိုးရိုးသားသားပြောရရင် ငါ့တပည့်နဲ့ ပတ်သက်ပြီး ထူးဆန်းတဲ့အရာတစ်ခု ရှိနေတယ် သူ့မှာအလွန်ရှေးကျတဲ့ စွမ်းအားတစ်ချို့ကို အမွေဆက်ခံထားပုံရတယ် ...
... သူက အရမ်းသတိကြီးပြီး သူရဲဘောကြောင်တယ် အန္တရာယ် ဖြစ်စေတဲ့ အရာတွေမှာ ဘယ်တော့မှ မပါဝင်ဘူး တစ်ခါတုန်းက ...
... တစ္ဆေမိခင်တောင်တန်းမှာ မက်မွန်သီးသုံးလုံးအတွက် မင်းကိုလိုက်ရှာဖို့ ငါစေလွှတ်လိုက်သေးတယ် ...
... ဒါပေမယ့် မင်းကိုတောင် ... မတွေ့ဝံ့တော့ဘဲ ချက်ချင်းပြန်လာလိမ့်မယ်လို့ ဘယ်သူထင်မှာလဲ။ ”
“ မင်းရဲ့တပည့်က တကယ် သတိရှိတာပဲ။ ”
စုရီမှ ပြုံးသည်။ ပင်လယ်ဘုရင်က ခေါင်းယမ်းကာ၊
“ သတိအရမ်းကြီးနေတာက သူရဲဘောကြောင်တာနဲ့ မခြားပါဘူး ... သူ အခု ပင်လယ်နက်ကို ခရီးထွက်နေတယ် ...
... ပြန်လာတဲ့အခါ သူ့မှာ အမှားအယွင်း ရှိ၊မရှိ ကြည့်ပေးဖို့အတွက် တာအိုမိတ်ဆွေကို အကူအညီတောင်းချင်ပါတယ်။ ”
-ဟု ပြောကြားလာ၏။
“ သူ့ရဲ့ သတိထားတတ် အကျင့်စရိုက်ကြောင့် ငါနဲ့တွေ့ဖို့ မဝံ့မှာကို ကြောက်မိတယ် ...
... ဒါပေမယ့် သူတကယ်ပဲ ငါနဲ့တွေ့ဖို့ ဆန္ဒရှိတယ်ဆိုရင် သူ့ရဲ့လျှို့ဝှက်ဆန်းကြယ်မှုကို ငါကြည့်ပေးနိုင်ပါတယ်။ ”
စုရီမှ ပေါ့ပေါ့ပါးပါးပင် ပြောကြားလိုက်၏။ ခဏအကြာစကားစမြည် ပြောကြားပြီးနောက် ပင်လယ်ဘုရင်မှ နှုတ်ဆက်ထွက်ခွာသွားသည်။ ကမ္ပည်းပြားကို ချန်ထားရစ်ကာ စုရီအတွက် ငြင်းဆန်ရန် ခွင့်မပြုခဲ့ချေ။
သူ့မိခင်၏ ကြင်နာမှုအတွက် လျော်ကြေးပေးရန် ဤနည်းလမ်းဖြင့် ကြိုးစား နေကြောင်း စုရီမှသိသည်။
ထို့နောက် ကမ္ပည်းပြားသိမ်းဆည်းလျက် အခန်းသို့ပြန်သွားပြီး ယခင်အတိုင်း တရားထိုင် နေခဲ့၏။
ထိုနေ့တွင် ဧကရာဇ်ကျိုးသည် အိမ်ရှေ့မင်းသားကျိုးကျစ်လီကို ဧကရာဇ် တင်မြောက်လိုက်၏။
ဟုန်ရှန့်ရှန်သည် စီမံခန့်ခွဲရာတွင် ကူညီပေးမည်ဖြစ်ကြောင်း အင်ပါယာအပေါ် ကြေငြာခဲ့သည်။
ထိုနေ့တွင် ဒုတိယမင်းသားနှင့် တတိယမင်းသားကို ထောင်ချရန် အမိန့်ပေးကာ ၎င်းတို့၏ နောက်လိုက်အားလုံးကို ချက်ချင်း ဖမ်းဆီးသွားခဲ့သည်။
တစ်ချိန်တည်းမှာပင် စုရီကို ‘ဧကရာဇ်ဥသျှောင်’အဖြစ် ချီးမြှောက်မည်ဟု ကြေငြာ၏။
ထိုသတင်း ထွက်ပေါ်လာသည်နှင့် တပြိုင်နက်တည်း တစ်နိုင်ငံလုံး ရုတ်ရုတ်သဲသဲ ဖြစ်ကုန်ကြသည်။
ဧကရာဇ်ဥသျှောင်။ ဤဘွဲ့သည် ဧကရာဇ်မင်းထက် ပို၍ထူးခြား၏။ မဟာကျိုး သမိုင်း၌ အမြင့်ဆုံးဘွဲ့ပေပင်။
ဤအချိန်တွင် ကျိုးကျစ်လီတစ်ယောက် အိမ်ရှေ့မင်းသား ဖြစ်ရသည့် အကြောင်းရင်းမှာ စုရီကြောင့်ဖြစ်ကြောင်း မည်သူမဆို မြင်နိုင်ချေ၏။
ကျိုးကျစ်လီသည် ကံကောင်းလွန်းချေပြီ။ မဟာကျိုးတွင် အိမ်ရှေ့မင်းသားတစ်ပါး ဖြစ်ရန် ခက်ခဲလှသည်။ သူ့အတွက်မူ မည်သည့် အားထုတ်မှုမှ မရှိဘဲ ရရှိခဲ့သည်။
ထိုနေ့ညနေတွင် စုရီသည် စိတ်လက်ပေါ့ပါးစွာဖြင့် ဝါကျတစ်ကြောင်း ချရေး လိုက်တော့၏။
“ ထာဝရကောင်းကင်သည် ဖုန်မှုန့်များကင်းစင်ပြီး ငါ့ဓားနှလုံးသားပေါ်ကို လရောင်များ ဖြာကျနေ၏။ ”
***