← Chapters

အတုအယောင်

Vol. 127 Ch. 1750

အတုအယောင်

Vol. 127 Ch. 1750

ဝမ်လင်းသည် တတိယမြောက်အတားအဆီးအလွှာကို ချိုးဖျက်လိုက်သည်နှင့် သည်သင်္ဘောမှာ သူ့ထိန်းချုပ်မှုအောက်သို့ လုံးဝ ကျရောက်သွားပေမည်။

ဤသည်မှာ ဧည့်သည်က အိမ်ရှင် ဖြစ်လာခြင်းပင်။

ဖန်ရှန်မင်၏ မျက်လုံးထဲ၌ အေးစက်မှု ရှိလာ၏။ သူမ၏မျက်လုံးမှာ တလက်လက် ဖြစ်လာသည်။ သူမက သင်္ဘော၏ အပြင်ဘက်အကာအကွယ် အလွှာထံသို့ လက်ညွှန်လိုက်ရာ ယင်းအကာအကွယ်အလွှာများသည် ရုတ်တရက် မှိန်ဖျော့သွားသည်။

ချက်ခြင်းလိုလိုပင် ဖန်ရှန်မင်က ပထမကုန်းပတ်ကို ဖြတ်၍ နစ်မြုပ်ကာ ဒုတိယအလွှာသို့ ဝင်ရောက်သွားသည်။

သူမ ဝင်ရောက်လာသည်နှင့် ခုနစ်ရောင်စုံအလင်းက ဒီစိတ်ဝိညာဉ်မိစ္ဆာသင်္ဘောတစ်ခုလုံးကို ခြုံလွှမ်းသွားသည်။ ခုနစ်ရောင်စုံတာအိုသခင်က ကုန်းပတ်ပေါ်သို့ ခြေချလာသည်။

ခုနစ်ရောင်စုံတာအိုသခင် ခြေချလာစဉ် တတိယအလွှာတွင် ရောက်နေသော ဝမ်လင်းက ရုတ်တရက် မျက်လုံးဖွင့်လာပြီး အပေါ်သို့ မော့ကြည့်သည်။ သူက တည်ငြိမ်နေပြီး သူ၏မျက်လုံးထဲ၌ ရွှေရောင်လင်းလက်သွားသည်။

“သူမက တကယ်ပဲ အဲ့လို လုပ်ခဲ့တာပဲ…”  ဝမ်လင်းက နှာခေါင်းရှုံ့လိုက်၏။ ဖန်ရှန်မင်၏ အကြံအစည်ကို ဝမ်လင်းက ဖျက်စီးပစ်ခဲ့ပြီး ပုန်းကွယ်နေသော ချိန်းခြောက်မှု ဆက်မရှိတော့သော်လည်း သူမသည် သူ့ကို ဖိနှိပ်ဖို့ ခုနစ်ရောင်စုံတာအိုသခင်၏ စွမ်းအားကို ငှားယမ်း၍ အသုံးချလာသည်။

ထိုအခိုက်အတန့်၌ ပထမကုန်းပတ်ပေါ်ရှိ ခုနစ်ရောင်စုံတာအိုသခင်က ဝမ်လင်း၏ထိန်းချုပ်မှုအောက်တွင် ရှိနေလေပြီ။ ထို့အတွက်ကြောင့် သူတို့သည် တစ်ယောက်နှင့်တစ်ယောက် သွယ်ဝိုက်ကာ ရင်ဆိုင်မိနေသည်။ သူသည် ခုနစ်ရောင်စုံတာအိုသခင် ဝင်လာမည်ကို တားဆီးဖို့ ကုန်းပတ်ပေါ်ရှိ ပထမအလွှာကို ထိန်းချုပ်ရန် အားစိုက်ထုတ်မှု တချို့ လုပ်ရပေတော့မည်။

“မီးနဲ့ကစားချင်တာလား…။ ငါ ဒါကို ကောင်းကောင်း လုပ်နိုင်တယ်…”  ဝမ်လင်း၏မျက်လုံးသည် တလက်လက် ဖြစ်လာ၏။ သူ့လက်နှစ်ဖက်ဖြင့် သူက ချိပ်ဟန်တစ်ခုကို ဖြစ်စေပြီးနောက် ဝေ့ယမ်းလိုက်သည်။ ပထမကုန်းပတ်ပေါ်ရှိ အတားအဆီးများသည် ရုတ်တရက် တုန်ဟည်းလာကာ အတားအဆီးအားလုံး လှုပ်ရှားနေရာကနေ ရပ်တန့်သွားသည်။ ယင်းတို့မှာ လုံးဝ ငြိမ်ကျသွားသည်။

ပထမကုန်းပတ်ပေါ်ရှိ အတားအဆီးများ တည်ငြိမ်သွားသည့်အခိုက်တွင် ခုနစ်ရောင်စုံအလင်းက ဘန်းခနဲ ထွင်းဖောက်လာသည်။ ခုနစ်ရောင်စုံတာအိုသခင်က မည်သို့မျှ အားစိုက်မထုတ်ရဘဲ ဒုတိယအလွှာထံ ဝင်လာရင်း ရယ်မောလေသည်။

ထိုအခိုက်၌ ဖန်ရှန်မင်က တတိယအလွှာသို့ ရောက်လာခဲ့ပြီး ဖြစ်သည်။ သူမ၏အမူအရာမှာ ကြီးစွာ ပြောင်းလဲသွားသည်။ သူမက ဝမ်လင်း၏အပြုအမူကို သတိပြုမိပေသည်။ သူမက ချက်ခြင်းပင် သူ့နားသို့ ရောက်လာ၏။

“နင် ဘာလုပ်လိုက်တာလဲ…။ နင် သေချင်နေတာလား။ ငါတို့နှစ်ယောက် ပေါင်းတိုက်ခိုက်ရင်တောင် ဒီပထမစိတ်ဝိညာဉ်(ခုနစ်ရောင်စုံတာအိုသခင်)ကို မယှဉ်နိုင်ဘူး။ နင် တကယ်ပဲ ပထမအလွှာကို ဖွင့်ပေးလိုက်ပြီး သူ့ကို ဝင်လာစေခဲ့တာလား…”

ဝမ်လင်း၏မျက်လုံးထဲ၌ အေးစက်မှု ဖြတ်ပြေးသွား၏။ သူက တည်ငြိမ်စွာ ပြောလိုက်သည်။ “နင် ဆက်ပြီး ဆူညံပူညံလုပ်နေရင် ငါ ဒုတိယအလွှာကိုပါ ဖွင့်ပေးလိုက်ပြီး သူ့ကို ဝင်လာခိုင်းလိုက်မယ်…”

“နင်…” ဖန်ရှန်မင်က ဝမ်လင်းကို စိုက်ကြည့်၏။ သူမ၏မျက်လုံးထဲတွင် သတ်ဖြတ်လိုစိတ် ပေါ်လာသည်။

“နင်က သင်္ဘောပတ်လည်က အရံအတားကို ဖွင့်လှစ်ပြီး သူ့ကို အားစိုက်မထုတ်ဘဲ ကုန်းပတ်ပေါ် ဝင်လာစေခဲ့မှတော့ ငါလည်း ကုန်းပတ်ပေါ်က ပထမအလွှာကို ဖွင့်လှစ်ပြီး သူ့ကို ဒုတိယအလွှာရှိ တိုက်ရိုက် ဝင်လာခွင့် ဘာကြောင့် မပြုနိုင်ရမှာလဲ…”

“သူနဲ့ငါ့ကြားမှာ နက်ရှိုင်းတဲ့ အမုန်းတရား မရှိဘူး။ သူ လီကောင်းရဲ့လေးကို လိုချင်ရင် ငါ သူ့ကို ပေးလိုက်မယ်။ ဒါပေမဲ့ နင်ကတော့ မတူဘူး။ နင် ဘေးကင်းချင်သေးရင် ခု ပါးစပ်ပိတ်ထားလိုက်တော့…”  ဝမ်လင်း၏အသံက ဟိန်းထွက်လာကာ ဖန်ရှန်မင်၏ မျက်နှာကို ချက်ခြင်း ဖြူရောသွားစေသည်။

“နင် ပါးစပ်ပိတ်နေရုံသာမက နည်းနည်းလေးတောင် မလှုပ်ရှားနဲ့။ နင် ဆက်ပြီး ခေါင်းမာနေမယ်ဆို ငါ ဒုတိယအလွှာကို ဖွင့်လှစ်ပြီး ခုနစ်ရောင်စုံတာအိုသခင်ကို ဒီနေရာထဲ ဝင်လာခိုင်းမှ ငါ့ကို လာပြီး အပြစ်မတင်တော့နဲ့…”

ဝမ်လင်းက သူမကို အေးစက်စက် ကြည့်လိုက်သည်။

သူ၏ထိုအကြည့်က ဖန်ရှန်မင်၏စိတ်နှလုံးကို စိမ့်ခနဲ ဖြစ်သွားစေသည်။ သူမသည် ဝမ်လင်းသည် အမှန်တကယ် ဉာဏ်များကာ ကြောက်မက်ဖွယ် ကောင်းသည်ကို ရုတ်တရက် သဘောပေါက်သွားတော့သည်။

“သူဟာ ငါ့ကို လက်ဦးမှု ပြန်ယူလိုက်တာပဲ။ အခု ငါက သူ့ရဲ့ ဖိနှိပ်ခြင်း ခံလိုက်ရပြီ။ ဒီလူဟာ ဒီလူဟာ တကယ်ပဲ ဉာဏ်များလှတယ်…”

ဖန်ရှန်မင်သည် ငြိမ်သက်စွာ စဉ်းစားနေ၏။ သူမသည် မူလတုန်းက သူမအထင်အမြင်သေးသော ဒီလှိုဏ်ဂူလောကမှ ကျင့်ကြံသူတစ်ယောက်ကို အမှန်ပင် ရှိန်နေမိပေပြီ။

“ဒီအသက်အရွယ်နဲ့ ဒီလောက် ဉာဏ်များလှတာ။ သူသာ အင်မောတယ်ကောင်းကင်ဘုံနယ်မြေက တစ်စုံတစ်ယောက် ဖြစ်နေခဲ့ရင် ကျိန်းသေပေါက် ကျော်ကြားမှာပဲ…”

ဝမ်လင်းသည် ဖန်ရှန်မင်ကို ခဏတာ ကြည့်လိုက်ပြီးနောက် သူ့အကြည့်ကို ပြန်ရုတ်သိမ်းလိုက်သည်။

ထိုအခိုက်၌ ဒုတိယအလွှာထံမှ တုန်ဟည်းသံများ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာသည်။ ဒုတိယအလွှာသည် ခုနစ်ရောင်စုံအလင်းကို ခုခံနေ၏။ သို့သော် ကြည့်ရသည်မှာ ၎င်းအလွှာ ပျက်စီးဖို့ အချိန်သိပ်မကြာသည့်အလား ထင်မှတ်ရသည်။

“နင် မသေချင်ရင် ငါ တတိယအလွှာကို ချိုးဖျက်နိုင်ဖို့အတွက် အချိန်ရအောင် နင် အကောင်းဆုံး လုပ်ပေးသင့်တယ်။ နင်မှာ နင့်ကိုယ်နင် ဘေးကင်းအောင် လုပ်ဖို့ ဝှက်ဖဲအချို့ ရှိနေသေးတာ ငါ သိတယ်။ ဒါပေမဲ့ ခုချိန်မှာ နင်နဲ့ငါဟာ ဒီသင်္ဘောကို ညီတူညီမျှ ထိန်းချုပ်ထားနိုင်ပြီ။ ငါသာ မပူးပေါင်းခဲ့ရင် နင် ထွက်သွားနိုင်မှာ မဟုတ်ဘူး…”  ဝမ်လင်းက ဖြည်းဖြည်းချင်း ပြောလိုက်ပြီးနောက် မျက်လုံး မှိတ်လိုက်သည်။ သူ့ပတ်လည်၌ ရှေးလူအရိပ် ပေါ်လာပြီးနောက် သူက တတိယအလွှာရှိ အတားအဆီးများကို လေ့လာရာ၌ အာရုံနှစ်ထားတော့သည်။

ဖန်ရှန်မင်၏အမူအရာမှာ သုန်မှုန်နေ၏။ သူမက ဝမ်လင်းကို အချိန်အတန်ကြာ စိုက်ကြည့်နေပြီး ဖြည်းဖြည်းချင်း ခေါင်းကုတ်သည်။ သူက ဝမ်လင်းပြောခဲ့သည့်အရာကို အမှန်ပင် စိုးရွှံ့နေခဲ့၏။

သူမထံ၌ အမှန်တကယ်ပင် နောက်ဆုံးဝှက်ဖဲတစ်ခု ရှိနေ၏။ ထို့အတွက်ကြောင့် သူမက ဝမ်လင်းကို ဖိနှိပ်ဖို့ ခုနစ်ရောင်စုံတာအိုသခင်၏ စွမ်းအားကို ငှားယမ်းခဲ့ချိန်၌ အလွန်တည်ငြိမ်နေခဲ့ခြင်းပင်။

သို့သော် သူမက ဝမ်လင်းသည် ဒီသင်္ဘော၏အလွှာနှစ်ခုကို ထိန်းချုပ်နိုင်လိမ့်ဟု မထင်ထားမိခဲ့ပေ။ ထိန်းချုပ်မှု၌ သူမနှင့် နင်လားငါလား ဖြစ်လာခဲ့လိမ့်မည်ဟု လုံးဝ မထင်မိခဲ့ပေ။ ခုချိန်၌ သူမက ဝှက်ဖဲကို အသုံးပြုချင်လျှင်ပင် ဝမ်လင်း၏ပူးပေါင်းမှုကို လိုအပ်ပေသည်။

“ဖန်ရှန်မင်က အံတင်းတင်းကြိတ်ကာ ပြောလိုက်၏။ နင့် အစီအစဉ်က ဘာလဲ။ ငါ သူ့ကို ထိန်းထားနိုင်ခဲ့ရင်တောင် နင် ကျန်တဲ့အလွှာတွေကို အချိန်မီ ချိုးဖျက်နိုင်ဖို့အတွက်တော့ အချိန်လောက်မှာ မဟုတ်ဘူး။ နင် ခုချိန်မှာ ထိန်းချုပ်မှုကို လက်လျှော့လိုက်မယ်ဆိုရင် ငါတို့ ထွက်သွားနိုင်တုန်းပဲ ဖြစ်တယ်။ နင် ဆက်ပြီး ခေါင်းမာနေရင်း ငါတို့ တကယ် သေရလိမ့်မယ်…”

သူမ စကား ပြောပြီးရုံ ရှိသေး ကျယ်လောင်စွာ တုန်ဟည်းသံ ပဲ့တင်ထ၏။ အပေါ်ရှိ ကုန်းပတ်မှာ စတင်၍ ပျက်စီးလာ၏။ အတားအဆီးများ၏ သုံးဆယ်ရာခိုင်နှုန်းလောက်မှာ ဖျက်စီးခံလိုက်ရပြီ ဖြစ်သည်။

“ငါ အချိန်သုံးနာရီ လိုအပ်တယ်…”  ဝမ်လင်းက မျက်လုံးဖွင့်ကာ ဖန်ရှန်မင်ထံ ကြည့်သည်။

“နင်…” သူမက ဒေါသတကြီး ပြုံး၏။ တအောင့်အကြာတွင် သူမသည် စိတ်ဆိုးမာန်ဆိုးဖြင့် နောက်လှည့်လိုက်၏။ သူမ၏လက်နှစ်ဖက်ဖြင့် ချိပ်ဟန်တစ်ခုကို ဖြစ်စေရာ ခုနစ်ရောင်စုံအလင်းက ဒုတိယအလွှာထံမှ ထွက်ပေါ်လာချေသည်။

ဝမ်လင်း၏စိတ်မှာ တည်ငြိမ်နေ၏။ သူသည် အစတုန်းက သည်ညီမနှစ်ယောက်ကို အခုလိုမျိုး ချိန်းခြောက်ဖို့ အစီအစဉ် မရှိပေ။ သို့သော် သူတို့က သူ့အပေါ်  အရင်ဆုံး လာကြံစည်ခြင်း ဖြစ်၏။ ဝမ်လင်းသည် တခြားသူများက သူ့ကို လာရောက်ရန်မစပါက ထိုသူတို့ကို လုံးဝ ရန်မစဟူသော စည်းမျဉ်းကို လိုက်နာ၏။ သူ့ကို လာရန်စပါကလည်း  သူသည် သည်းခံနေမည့် လူစားမျိုး မဟုတ်ပေ။

ခုချိန်၌ သူက လက်ဦးမှု ရထားပြီး ဖြစ်၍ လွွယ်လွယ်နှင့် လွှတ်မပေးနိုင်ပေ။ ထို့အပြင် သည်နေရာရှိ  အတားအဆီးများက သူ့အတွက် များစွာ အသုံးဝင်၏။ အတားအဆီးအလွှာနှစ်ခုကို ချိုးဖျက်ပြီးနောက် ဝမ်လင်း၏ မဟာအတားအဆီးလေးခုမှာ ပြီးပြည့်စုံခြင်းသို့ ရောက်ရှိခဲ့ပြီ ဖြစ်သည်။ သူက ယင်းတို့ကို ပေါင်းစည်း၍ အနှစ်သာရတစ်ခု ဖန်တီးရန် အချိန်အနည်းငယ်သာ လိုအပ်တော့သည်။

တတိယအလွှာပေါ်ရှိ အတားအဆီးအများစုကို ဝမ်လင်းအနေဖြင့် အရင်က မမြင်ဖူးခဲ့ပေ။ သူက ၎င်းတို့ကို လေ့လာနေရင်း သူ၏အတားအဆီများအပေါ် နားလည်မှုက ခုန်ပေါက် တိုးတက်လာသည်။

အချိန်ဖြည်းဖြည်းချင်း ကုန်ဆုံးနေ၏။ ဒုတိယအလွှာမှ ကျယ်လောင်စွာ တုန်ဟည်းသံများ ပဲ့တင်ထပ်သည်။ အက်သံများ ပျံ့လာရင်း ဒုတိယအလွှာသည် လုံးဝ ပျက်စီးသွားတော့သည်။

ဖန်ရှန်မင်၏ခန္ဓာကိုယ်သည် တုန်ယင်ကာ သူမက သွေးအန်လိုက်ရသည်။ သူမက ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ရပြီးနောက် ခုနစ်ရောင်စုံအလင်းက ပျက်စီးသွားသော ဒုတိယအလွှာထံမှ မြန်ဆန်စွာ ပျံ့လာသည်။

ချက်ခြင်းပင် ဝမ်လင်းက ရုတ်တရက် မျက်လုံးဖွင့်လိုက်၏။ သူ့လက်နှစ်ဖက်ဖြင့် ချိပ်ဟန်တစ်ခုကို ဖြစ်စေကာ အထက်သို့ ဝေ့ယမ်းသည်။  တတိယအလွှာရှိ အတားအဆီးများအားလုံးသည် ပိုက်ကွန်သဖွယ်ဖြစ်ကာ ပျံသန်းတက်၏။

သိပ်မကြာခင်တွင် ဝမ်လင်း၏ခန္ဓာကိုယ်သည် တတိယအလွှာကနေ စတုတ္ထအလွှာထံ နစ်မြုပ်သွား၏။

သူ ထိုအလွှာသို့ ဝင်ရောက်သည့်အခိုက်တွင် ဖန်ရှန်မင်က နောက်မှ လိုက်ပါလာသည်။

ဒီစိတ်ဝိညာဉ်မိစ္ဆာသင်္ဘော၏ စတုတ္ထမြောက်အလွှာ၌ မြူများစွာ ရှိနေ၏။ ထိုမြူတို့မှာ လူတစ်ယောက်၏ နတ်ဘုရားအာရုံနှင့် အမြင်အာရုံကို ဟန့်တားလေ၏။

“သူက ဒုတိယအလွှာကို ချိုးဖျက်လာခဲ့ပြီ။ ငါဟာ သူ့ကို ရပ်တန့်ချင်ရင်တောင် အချိန်နှစ်နာရီဟာ အကန့်အသတ်ပဲ။ နင် တတိယအလွှာကို နားလည်ခဲ့ရင်တောင် သူဟာ ဒါကို ချိုးဖျက်ဖို့ တစ်နာရီပဲ အချိန်လိုအပ်မှာ…”

“ဝမ်လင်း…နင် ဘာလုပ်ချင်နေတာလဲ။ ငါ နင့်အပေါ် ကြံစည်ခဲ့တာ ဝန်ခံပါတယ်။ ဒါပေမဲ့ ဒါဟာ ငါတို့ရဲ့ ဘုံရည်ရွယ်ချက်ကြောင့်ပဲ။ နင်က ငါ့နဲ့ သွေးကျိန်ဆိုမှု လုပ်ခဲ့ရင်လည်း ငါကလည်း နင်နဲ့ သွေးကျိန်ဆိုမှုလုပ်ရမှာ ဖြစ်တယ်။ ဒါ့ကြောင့် ငါဟာ နင့်ကို အန္တရာယ် မပေးနိုင်ဘူး…”

”ခု ငါတို့ ဒီအခြေအနေထိ ရောက်နေပြီ။ ငါတို့ သွေးကျိန်ဆိုမှု လုပ်သင့်တယ်။ နင် ဒီသင်္ဘောကို ထိန်းချုပ်တာ လက်လျှော့လိုက်သင့်ပြီ။ ငါတို့ တိုက်ခိုက်ဖို့ အခွင့်အရေးတစ်ခု ရှိချင်ရှိလာနိုင်မှာပါ…”  ဖန်ရှန်မင်မှာ စိုးရိမ်ပူပန်နေ၏။ သူက လေးခုမြောက်အလွှာရှိ ဝမ်လင်းထံသို့ ကြည့်နေသည်။

ဝမ်လင်းကလည်း ဖန်ရှန်မင်ကို ကြည့်၏။ အချိန်အတန်ကြာပြီးနောက် သူက ရုတ်တရက် ရယ်မောလိုက်သည်။

“ဒီအချိန်ထိတောင် နင်က ငါ့ကို လိမ်ဖို့ ကြိုးစားနေတုန်းပါလား…”

“ငါ နင့်ကို လိမ်တာလား…”  ဖန်ရှန်မင်၏ မျက်လုံးထံမှ နာကျင်မှု လှစ်ဟပေါ်၏။ သူမက အပေါ်ရှိ တတိယအလွှာသို့ မော့ကြည့်လိုက်ရာ ပါးလှပ်သောအက်ကြောင်းတစ်ခု ပေါ်လာသည်။

ဝမ်လင်းသည် သက်ပြင်းချလိုက်သည်။ သူက သူ့အထက်ရှိ အက်ကြောင်းနှင့် ပတ်သတ်၍ ဂရုမစိုက်သည့်ပုံ ပေါ်သည်။ သူက သူမကို ကြည့်ကာ ဖြည်းဖြည်းချင်း ပြောလိုက်သည်။ “နင်ဟာ ဖန်ရှန်မင် မဟုတ်ဘူး…”

“နင် ဘာကို ဆိုလိုတာလဲ…” သူမက ဝမ်လင်းကို စိုက်ကြည့်ကာ သူမ၏အမူအရာသည် ရုတ်တရက် တည်ငြိမ်လာသည်။

“နင်ဟာ ဖန်ရှန်လုပဲ။ တကယ်တော့ ငါ ဒီသင်္ဘောထဲကို စဝင်ခဲ့တဲ့ အချိန်တည်းက နင်ဟာ ငါ့အပေါ်မှာ ကြံစည်ခဲ့တယ်။ ငါသာ သွေးကျိန်ဆိုမှု လုပ်လိုက်ရင် ဒီအရာတွေအားလုံး ဖြစ်ပျက်လာမှာ မဟုတ်ဘူး…”

“ဒါပေမဲ့ ငါ နင်နဲ့ သွေးကျိန်ဆိုမှု မလုပ်မှာကို နင် စိတ်ပူပန်နေခဲ့တယ်။ ဒါ့ကြောင့် နင် သွေးအန်လိုက်တာပဲ။ နင်ဟာ နင့်ရဲ့ ပုံပန်းသွင်ပြင်နဲ့အော်ရာကို ငါ မသိရတဲ့ နည်းလမ်းတစ်ခုနဲ့ ပြောင်းလဲခဲ့ပြီးငါ့ကို နင်ဟာ ဖန်ရှန်မင် ဖြစ်တယ်လို့ တွေးမိအောင် လုပ်ခဲ့တယ်…”

“ဒါ့ကြောင့် နင်ဟာ ဒီလှိုဏ်ဂူလောကရဲ့ လျှို့ဝှက်ချက် ငါ့ကို ပြောခဲ့တာပဲ။ ့် ငါက နင်ဟာ ဖန်ရှန်မင်ဆိုတာ ယုံကြည်အောင်ပေါ့။ အဲ့ဒီနောက် ငါ အတားအဆီးအလွှာကို ချိုးဖျက်နေတဲ့အချိန်မှာ၊ နင့်ရဲ့ အပြုအမူအချို့ဟာ အစစ်အမှန် ဆိုပေမဲ့ တချို့ကတော့ ဟန်ဆောင်ထားတာ…”

“အစောပိုင်းတုန်းကတော့ ငါလည်း ဒီအချက်ကို မသိခဲ့ဘူး။ ဒါပေမဲ့ အခု ငါနားလည်သွားပြီ…”  ဝမ်လင်းသည် ထိုအမျိုးသမီးကို ကြည့်ကာ ဖြည်းဖြည်းချင်း ပြော၏။

ထိုအခိုက်၌ တတိယအလွှာထံမှ ကျယ်လောင်စွာ တုန်ဟည်းသံ ထွက်ပေါ်လာသည်။ အက်ကြောင်းများက ခုနစ်ရောင်စုံအလင်းနှင့်အတူ ပေါ်လာ၏။

“နင် ရူးသွားပြီလား။ ငါ နင် ပြောသမျှကို နားမလည်နိုင်တော့ဘူး…”  ထိုအမျိုးသမီးက မျက်မှောင်ကြုတ်သွား၏။

“နားမလည်ဘူးလား။ ဒီနေရာမှာ ရှိတဲ့ အရာအားလုံးဟာ အတုအယောင်ပဲ။ ဒုတိယအလွှာ၊ တတိယအလွှာ၊ စတုတ္ထအလွှာ။ အားလုံးဟာ အတုအယောင် တွေပဲ။ နင်လည်း အတုအယောင်ပဲ။ ခုနစ်ရောင်စုံကတော့ အစစ်အမှန် ဖြစ်ချင်ဖြစ်မယ်။ ဒါပေမဲ့ ဒီသင်္ဘောပေါ်က တစ်ယောက်ကတော့ အတုအယောင်ပဲ။ ဒါဟာ ပုံရိပ်ယောင်လောကတစ်ခု ဖြစ်တာ ရှင်းလင်းနေပြီ…”

“အစစ်အမှန်ဆန်လွန်းတဲ့ ပုံရိပ်ယောင်လောက။ ငါ ဝမ်လင်းဟာ အလားတူမန္တာန်မျိုးတွေကို အရင်တုန်းက တွေ့ကြုံခဲ့ဖူးတယ်။ ဒါပေမဲ့ ဒီလောက်ထိ ကြောက်မက်ဖွယ်ကောင်းလောက်အောင် အစစ်အမှန်ဆန်လွန်းတဲ့ အတုအယောင် မန္တာန်ကိုတော့ မကြုံဖူးခဲ့ဘူး…”

ထိုအမျိုးသမီးသည် မင်သက်သွားသည်။ ထို့နောက် သူမက ခါးသီးဟန် ပြုံး၍ နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သည်။ သူမက မယုံကြည်နိုင်ဟန်ဖြင့် ဝမ်လင်းထံ ကြည့်ကာ ခါးသီးစွာ ပြောလိုက်သည်။

“အတုအယောင်။ ဝမ်လင်း နင် တကယ်ပဲ ရူးသွားတာလား။ နင်…။ နင် ငါနဲ့ သွေးကျိန်ဆိုမှု မဖလှယ်ချင်ရင်လည်း အဆင်ပြေသေးတယ်။ ဒါပေမဲ့ နင်က အရာအားလုံးဟာ အတုအယောင်လို့ ပြောခဲ့တယ်…”

ဝမ်လင်း၏မျက်လုံးထဲ၌ အေးစက်မှု ဖြတ်ပြေးသွားကာ သူက ညာလက်ကို ပင့်မြှောက်၍ ပျက်စီးသွားသော တတိယအလွှာထံ ဦးတည်၍ ရိုက်ချလိုက်သည်။

ထိုရိုက်ချမှုက တတိယအလွှာကို ပျက်စီးသွားစေသည်။ ခုနစ်ရောင်စုံအလင်း ထွက်ပေါ်လာကာ စတုတ္ထအလွှာကို ခြုံလွှမ်းလေ၏။ တစ်ချိန်တည်းမှာ ခုနစ်ရောင်စုံတာအိုသခင်က နီးကပ်လာတော့သည်။

All Chapters