ဓား၈၁လက်ကို နားလည်ခြင်း
Vol. 016 Ch. 1556
ရီဖူရှင်း ထိုနေရာမှထွက်လာပြီး ဓားတရားတောင်သို့ ဦးတည်လိုက်သည်။ သူက ဤခရီးသို့ ထိုက်ရွှမ်တောင်မှ ဓားသမားအဖြစ် လာခဲ့ခြင်း ဖြစ်သည်။ ရာရာအပြင် သူ ခင်မင်သိကျွမ်းခဲ့သည့် ဝမ်ရှိုးရီ၊ လော့ယွဲ့နှင့် ဖီးနစ်လေးကဲ့သို့သော ထိုက်ရွှမ်တောင်မှ အခြားသူများလည်း သူနှင့်ပါလာ၏။ ဖီးနစ်လေးနှင့် အခြားသူ တော်တော်များများသည် ဓားစွမ်းရည် ကျင့်ကြံသော နေရာဖြစ်သည့် ဓားတရားတောင်တွင် ကျင့်ကြံနေခဲ့ကြသည်။
ထိုက်ရွှမ်တောင်မှ အခြားသူများကတော့ သူနှင့် သက်ဆိုင်ခြင်းမရှိသည့်အတွက် သူ မသိရှိပေ။
နတ်ဘုရားနန်းတော်မှ တပည့်များသည် ဆက်လက်စုဝေးလာနေပြီး သူ့ဘေးသို့ ချဉ်းကပ်လာကြ၏။ အချို့သော တပည့်များက သူ့အနားကပ်လာကာ မေးလိုက်သည် “ရှန်ကျင်း.. မင်း တကယ်ပဲ ဘိုးဘေးနယ်မြေကို ဝင်ရောက်ခဲ့တာလား”
နတ်ဘုရားနန်းတော်တွင် ထိုသတင်းမှာ အုတ်အုတ်ကြွတ်ကြွတ်ဖြစ်စေခဲ့၏။ သူတို့က ဘိုးဘေးနယ်မြေသို့ ဝင်ရောက်ရန်မှာ မည်မျှ ခက်ခဲကြောင်း သိရှိကြပေသည်။ ယခု ရီဖူရှင်းက ဘိုးဘေးနယ်မြေသို့ ဝင်ရောက်ခဲ့သည်ဟု ဆိုနေသည်။ နတ်ဘုရားနန်းတော်မှ တပည့်များ မည်သို့ မထိတ်လန့်ဘဲ နေမည်နည်း။
အပြင်လူတစ်ဦးက နတ်ဘုရားနန်းတော်၏ဘိုးဘေးနယ်မြေကို ခြေချခဲ့သည်လား။
နတ်ဘုရားနန်းတော်မှ အကြီးအကဲများက သူ့ကို မတားဆီးခဲ့သည်လား။
ဘိုးဘေးနယ်မြေမှ ဟွမ်ကျုံးကလည်း ရီဖူရှင်းကို မတားဆီးခဲ့သည်လား။
ဟွမ်ကျုံး၏ အဆင့်မှ ခွန်အားနှင့် ရန်ဟောင်အဆင့်အောက်မှ သူတစ်ယောက်ကို မဖိနှိပ်နိုင်သည်လား။
“ဘယ်လိုအဖြေမျိုးကို ရဖို့ မျှော်လင့်ထားလဲ” ရီဖူရှင်းက တစ်ဖက်လူကို ကြည့်လိုက်သည်။ သူက ပြန်ဖြေရန် ဆန္ဒမရှိပေ။
သူက မသွားခဲ့ဟု ပြောလျှင်လည်း မည်သူကမှ သူ့ကို ယုံကြည်လိမ့်မည် မဟုတ်ပေ။ သို့ဆိုလျှင်ပင် သူ့တွင် စကားစမြည်ပြော၍ အချိန်ဖြုန်းလိုစိတ်မရှိ။ နတ်ဘုရားနန်းတော်မှ လူများ သူတို့ ဆန္ဒရှိသလို တွေးထင်နိုင်သည်။
သူသည် နတ်ဘုရားနန်းတော်မှ အရေးကြီးပုဂ္ဂိုလ်များကိုပင် အရေးမစိုက်သည့်အတွက် နတ်ဘုရားနန်းတော်မှ တပည့်များ၏ အတွေးများကိုလည်း အလေးထားမည် မဟုတ်ပေ။
နတ်ဘုရားကျောင်းဆောင် ကျောက်စာချပ်တွင် ထွင်းထုထားသော စာလုံးများက နတ်ဘုရားနန်းတော်၏ အုတ်မြစ်ပင် ဖြစ်နိုင်ပေသည်။
“ညီနောင်ရှန်.. ဘိုးဘေးနယ်မြေ နတ်ဘုရားကျောင်းဆောင်မှာ ဘာရှိလဲ” တစ်ယောက်က ရီဖူရှင်းထံလျှောက်လာကာ မေးလိုက်သည်။ သူ၏ မျက်လုံးများက သိလိုစိတ်တို့ဖြင့် ပြည့်နှက်နေသည်။
ထိုသူကို မြင်သည့်အခါ လူတိုင်း ခေတ္တမျှ ကြောင်အသွားကြသည်။ ထိုသူမှာ ကျွမ်းဟုန်ပင် ဖြစ်၏။ ထိုသူက အမှန်တကယ်ပင် ဘိုးဘေးနယ်မြေ၏ လျှို့ဝှက်ချက်အား ရှန်ကျင်းထံမှ ဖော်ထုတ်နိုင်လိမ့်မည်ဟု ထင်နေပေသည်။
ယခင်က နတ်ဘုရားနန်းတော်၏ အဓိကအားထားရာ ပုဂ္ဂိုလ်ဖြစ်သည့် ဟွမ်ကျုံးသည်သာ ဘိုးဘေးနယ်မြေတွင် မည်သည်တို့ ရှိနေသည်ကို သိနိုင်ပေလိမ့်မည်။ ယခု ရီဖူရှင်းက အထဲသို့ ဝင်သွားသည် ဖြစ်ရာ သူတို့က မည်သို့ သိချင်စိတ်မဖြစ်ဘဲ နေလိမ့်မည်နည်း။
“ဒါက နတ်ဘုရားနန်းတော်ရဲ့ လျှို့ဝှက်ချက်ပဲ။ ကျုပ်က ထိန်းသိမ်းထားသင့်လား ပြောပြရမှာလား” ရီဖူရှင်းက ကျွမ်းဟုန်ကို အပြုံးနှင့် ကြည့်လိုက်သည်။
ကျွမ်းဟုန်က ကြောင်အသွားခဲ့သည်။ သူက ရီဖူရှင်းကို ကြည့်ကာ အသံတိုးတိုးဖြင့် ပြောလိုက်၏။ “အကျင့်မကောင်းတဲ့ကောင်”
နတ်ဘုရားနန်းတော်၏ လျှို့ဝှက်ချက်ဆိုမှတော့ နတ်ဘုရားနန်းတော်၏ တိုက်ရိုက်တပည့်အနေနှင့် သူက မည်သို့ ထပ်မေးရတော့မည်နည်း။ ဤကား နတ်ဘုရားနန်းတော်အတွက် ထိန်းသိမ်းထားရမည့် လျှို့ဝှက်ချက် ဖြစ်ပေလိမ့်မည်။
“အထဲဝင်ဖို့ ကြိုးစားကြည့်ပါ။ ဒါဆို နတ်ဘုရားနန်းတော်ရဲ့ အစစ်အမှန်ကို မြင်တွေ့ရပါလိမ့်မယ်” ရီဖူရှင်းက ကျွမ်းဟုန်၏ ပုခုံးကို ပုတ်ကာ ပြောလိုက်သည်။ ဤတွင် ရီဖူရှင်းကို ကြည့်နေသည့် ကျွမ်းဟုန်၏ မျက်လုံးများ၌ စိတ်လှုပ်ရှားမှုဖြင့် အရောင်လက်လာ၏။
သူက ပို၍ပင် သိချင်စိတ်ပြင်းပြလာသည်။
နတ်ဘုရားနန်းတော်၏ အစစ်အမှန်က မည်သို့ဖြစ်မည်နည်း။
သူတို့ မြင်တွေ့နေရသည့် နတ်ဘုရားနန်းတော်က အတုအယောင်ပေလား။
“ငါလည်း သွားချင်တာပေါ့။ မဖြစ်နိုင်မှာပဲ စိုးရိမ်တာ” ကျွမ်းဟုန်က သူ့ကိုယ်သူ ရေရွတ်လိုက်သည်။ လမ်းစဉ်မြစ်က ဖြတ်သန်းရန် မလွယ်ကူပေ။
ရီဖူရှင်းသည် မည်သို့မှ ထပ်မပြောတော့ပေ။ မြစ်က ဖြတ်ကူးရန် ခက်သည်မှာ အမှန်ပင် ဖြစ်သည်။
ထိုအချိန်တွင် ရီဖူရှင်းက သူတို့၏ ရှေ့၌ တစ်စုံတစ်ယောက် ရပ်နေသည်ကို မြင်လိုက်ရသည့်အတွက် ရပ်တန့်လိုက်သည်။ တစ်စုံတစ်ယောက်သည် ရီဖူရှင်း ရှေ့ဆက်မည့်လမ်းကို ပိတ်ဆို့ထား၏။
“ယန့်စွေ့” ရီဖူရှင်းက သူ့ရှေ့မှ လူကို ကြည့်လိုက်သည်။ သူက အသိအကျွမ်းဟောင်းနှင့် ပြန်ဆုံတွေ့ပုံရ၏။ ဤလူသည် ရိထျန်းယွီနှင့်အတူ ကောင်းကင်အာဏာစက်ဘုံသို့ လာခဲ့သည့် ရိထျန်းယွီ၏ မိတ်ဆွေ ဖြစ်သည်။ သူက နတ်ဂီတနန်းတော်သခင်၏ တိုက်ရိုက်တပည့်လည်း ဖြစ်၏။ ယခု ပြန်လည်မွေးဖွားခြင်းအဆင့်သို့ ဝင်ရောက်ပြီး ဖြစ်သည့် ယန်စွေ့က သူ၏ လမ်းကို တားဆီးနေသည်။
“ဂီတနတ်နန်းတော်က တပည့် ယန်စွေ့” ယန်စွေ့က ရီဖူရှင်းကို အရိုအသေပေးလိုက်သည်။ သူ၏ ကိုယ်နှုတ်အမူအရာက ဖော်ရွေနေသည်။
“မင်းက ကျုပ်ရဲ့ လမ်းကို ပိတ်ထားမှတော့ လုပ်ရိုးလုပ်စဉ်နဲ့ ယဉ်ကျေးပြနေစရာ မလိုတော့ဘူး” ရီဖူရှင်းက ပြုံးလျှက်ပြောသည်။ လမ်းကို ပိတ်ထားခြင်းက ရိုင်းစိုင်းသည့် အပြုအမူမျိုး မဟုတ်ပါလား။
“ဘာကိစ္စများ ရှိလို့လဲ” ရီဖူရှင်းက မေးသည်။
“အခုတလော ကျုပ်က တစ်ကိုယ်တည်း ကျင့်ကြံနေခဲ့တယ်။ ကျုပ် ထွက်လာတဲ့ အချိန်မှာ ကြားလိုက်ရတာက လမ်းစဉ်သက်သေပြခြင်းနယ်မြေမှာ နာမည်ကျော်ဓားသမားတစ်ယောက် ပေါ်ပေါက်လာတယ်တဲ့။ အဲဒီ ထိုက်ရွှမ်တောင်က ဓားသမားရှန်ကျင်းက အရှင်ထိုက်ရွှမ်ရဲ့ တပည့်တစ်ယောက်ဖြစ်ပြီး သူ့ရဲ့ ဓားတစ်လက်နဲ့ ထိပ်တန်းတန်ခိုးရှင် အများကြီးကို ရှုံးနိမ့်စေခဲ့တယ်လို့လည်း ကြားတယ်။ လီတောက်စီတောင်မှ ခြွင်းချက်မရှိဘူးတဲ့လေ။ ပြီးတော့ သူက နတ်ဘုရားနန်းတော်ရဲ့ ဘိုးဘေးနယ်မြေကို ဝင်ရောက်သွားခဲ့ပြီး နတ်ဘုရားနန်းတော်ရဲ့ အစွမ်းထက်ဆုံးသိုင်းပညာကို ရရှိခဲ့တယ်လို့ ကောလာဟလတွေလည်း ရှိသေးတယ်။ အခု ညီနောင် ရှန်ကျင်းက ဘိုးဘေးနယ်မြေကနေ ပြန်လာပြီဆိုတော့ ကျုပ်က ကိုယ့်ခွန်အားကိုယ် စမ်းသပ်ချင်မိတာကြောင့် ညီနောင်ရှန်ကျင်း ဘိုးဘေးနယ်မြေမှာ သင်ယူလာတဲ့ ပညာရပ်နဲ့ အတွေ့အကြုံ ဖလှယ်ကြည့်ချင်ပါတယ်”
ယန်စွေ့က ယဉ်ကျေးစွာ ပြောဆိုလိုက်သည်။ ဤက စိန်ခေါ်မှု ဖြစ်နေလျှင်ပင် တစ်ဘက်သားအား ယဉ်ကျေးစွာပြောဆိုနိုင်ခြင်းသည် သူ၏သံတမန်ရေးရာ ကြွယ်ဝမှုကို ဖော်ပြနေပေသည်။
ထိုအချိန်တွင် နတ်ဂီတနန်းတော်မှ တပည့်များနှင့် ရိထျန်းယွီတို့လည်း ရှိနေပေသည်။ သူတို့က ယန်စွေ့ကို ကြည့်လိုက်ကြသည်။ ရိထျန်းယွီနှင့် ယန်စွေ့တို့သည် တစ်ယောက်နှင့်တစ်ယောက် အတော်လေး ရင်းနှီးကြပေသည်။ ရီဖူရှင်းနှင့် လီတောက်စီတို့အကြား တိုက်ပွဲကို မြင်ပြီးသည့်အတွက် သူက ယန်စွေ့ တစ်ယောက် ဤတိုက်ပွဲ၌ အောင်နိုင်ခြင်းမရှိမည်ကို စိုးရိမ်မိသည်။
သို့သော် ယန်စွေ့ကား အမြဲတစေ မာနကြီးပေသည်။ သူက တားဆီးလျှင်ပင် ရမည်မဟုတ်ပေ။ ထို့ကြောင့် သူက မည်သည့်စကားမှ မဆိုဘဲ တိတ်ဆိတ်စွာ ကြည့်နေခဲ့သည်။
လူအများကလည်း ယန်စွေ့ ကျိန်းသေ ရှုံးနိမ့်လိမ့်မည်ဟု တွေးကြပေသည်။ လီတောက်စီသည် ယန်စွေ့ထက်ပင် ပို၍ ကျော်ကြားသူ ဖြစ်သည်။ လတ်တလောတွင် ရီဖူရှင်းက ဘိုးဘေးနယ်မြေမှ ပြန်လာခဲ့သည့်အတွက် ယန်စွေ့က သူနှင့် ပြိုင်ဘက်ဖြစ်နိုင်လိမ့်မည် မဟုတ်ပေ။
သို့သော် သူတို့ တိုက်ခိုက်ကြပါက ရီဖူရှင်းသည် ဘိုးဘေးနယ်မြေ၌ မည်မျှ တိုးတက်ခဲ့သည်ကို အကဲခတ်ခွင့်ရကြပေမည်။
“မင်း… မဖြစ်နိုင်ဘူး”
ရီဖူရှင်းက ယန်စွေ့ကို ကြည့်လိုက်သည်။ သူ၏ အဖြေက တည့်တိုးဆန်လှသည်။
ဤနတ်ဘုရားနန်းတော်မှ လူများသည် သူက အရှင်ထိုက်ရွှမ်၏ တပည့် ဖြစ်သည်ဟု မည်သို့မည်ပုံ ထင်မြင်ယူဆခဲ့ကြသည်ကို သူနားမလည်တော့။
သူက အရှင်ထိုက်ရွှမ်နှင့် ထိုနေ့က တစ်ကြိမ်သာလျှင် တွေ့ဆုံခဲ့ဖူးပြီး ထိုမျှလောက်ဖြင့် သူ့ကို တပည့်ဟု ခေါ်ရန်မှာ အတော်လေး ကျိုးကြောင်းမဆီလျော်လှပေ။ အရှင်ထိုက်ရွှမ်သာ သိလျှင် မည်သို့ တွေးလိမ့်မည်နည်း။ သူက ရီဖူရှင်းသည် လူအများကို ဦးဆောင်လမ်းပြပြု၍ သူ့ကိုယ်သူ အရှင်ထိုက်ရွှမ်၏ တပည့်ဖြစ်ကြောင်း ယုံကြည်ရန် လုပ်ဆောင်နေသည်ဟု တွေးထင်သွားလေမလား။
ရီဖူရှင်း၏ စကားလုံးများကို ကြားသည့်အခါ နတ်ဘုရားနန်းတော်မှ လူတိုင်းသည် ခဏမျှ တိတ်ဆိတ်သွားကြသည်။ သူက တကယ့်ကို ပွင့်ပွင့်လင်းလင်းနှင့် ပြတ်သားစွာ ပြောခဲ့လေသည်။
ယန်စွေ့သည်လည်း ရီဖူရှင်းက ဤသို့ ပွင့်လင်းစွာ ငြင်းပယ်မည်ဟု မထင်ထားပေ။
“ကျေးဇူးပြု ပြီး သင်ပြပေးပါ” ယန်စွေ့က တည်ငြိမ်စွာ ပြောလိုက်သည်။ သူ၏ အသံ ထွက်ပေါ်လာပြီးနောက် မဟာလမ်းစဉ် နတ်ဘုရားတေးသံက လေထဲတွင် ထွက်ပေါ်ပျံ့နှံ့လာ၏။ ၎င်းသည် အဆုံးမဲ့ ဂီတသင်္ကေတများအဖြစ် ပြောင်းလဲသွားကာ ကောင်းကင်နှင့် မြေကြီး၏ ပြီးပြည့်စုံသော လမ်းစဉ်ဖြစ်လာသည်။
ရွှေရောင်စာလုံးအတွဲလိုက်က ကြောက်မက်ဖွယ် လျှပ်စီးကဲ့သို့ ပြောင်းလဲသွားကာ ရီဖူရှင်းကို တိုက်ခိုက်လာခဲ့သည်။ အော်မြည်နေသည့် ရွှေရောင်စာလုံးများက ရွှေတောင်ပံငှက် စစ်တပ်အဖြစ်သို့ ပြောင်းလဲသွားကာ ကောင်းကင်ကို ဖြတ်သန်းထိုးခွဲလာ၏။
ရီဖူရှင်းက လှုပ်ရှားလိုက်လျှင် ရွှေရောင်လျှပ်စီးကဲ့သို့ ပုံရိပ်ယောင်များက စူးရှသည့်အသံကို ထုတ်လွှတ်လျက် လေထုကို ဖြတ်သန်းလာ၏။
ထိုရွှေရောင်အလင်းတန်းတို့က ရွှေတောင်ပံငှက်တို့၏ ပုံရိပ်များကို ဖြတ်သန်းထိုးခွဲသွားသည်အား လူတိုင်း မြင်တွေ့လိုက်ရသည်။ ရီဖူရှင်းသည် အမှန်တကယ်ပင် သူလက်တစ်ဖက်မှ ဓားကို အသုံးပြု ပြီး ရွှေတောင်ပံငှက်တို့ကို ထက်ခြမ်းခွဲပစ်လိုက်နိုင်ပေသည်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးက ဓားစွမ်းရည် နတ်အလင်းတို့ဖြင့် တောက်ပနေခဲ့သည်။ သူ၏ လက်က ယန်စွေ့ထံသို့ ညွှန်ပြလိုက်သည်။
ချက်ချင်းပင် ရီဖူရှင်း၏ လက်လှုပ်ရှားမှုနှင့် လိုက်ဖက်ညီစွာ မဟာလမ်းစဉ်နတ်တေးသံက ကောင်းကင်နှင့် မြေကြီးအကြား ထွက်ပေါ်လာသည်။ ၎င်းသည် အထွတ်အထိပ် ဓားစွမ်းရည်ကို ဖန်တီးနိုင်ပေသည်။
“နတ်ဘုရားအသံ” ထိုလက်ချောင်း ကျရောက် ဆင်းသက်လာသည့်အခါ ယန်စွေ့၏ အမူအရာက ပြောင်းလဲသွားပေသည်။ ဖောင်းခနဲအသံနှင့်အတူ သူ၏ ခန္ဓာကိုယ်က နောက်သို့ လွင့်စင်သွားကာ သူ၏ လက်မောင်းတလျှောက်မှ သွေးတို့ စီးကျလာသည်။ အချိန်ခဏလေးသော ထိပ်တိုက်တွေ့ဆုံမှုတွင် များများစားစား မတိုက်ခိုက်လိုက်ရသော်လည်း ယန်စွေ့၏ ပါးစပ်ထောင့်မှ သွေးတို့ စီးကျနေခဲ့သည်။ သူ၏ အဝတ်များတွင်လည်း သွေးတို့ စွန်းထင်းနေခဲ့သည်။ သူ၏ လက်မှ သွေးတို့က တစက်စက် စီးကျနေခဲ့၏။
“ဒါက...”
လူအများ၏ နှလုံးသားများက တုန်ယင်နေသည်။ သူတို့သည် ဓားအသွားအလာကို ရှင်းလင်းစွာ မမြင်လိုက်ကြရသော်လည်း နတ်ဘုရားအသံနှင့် ဓားစွမ်းအားတို့ကို ခံစားမိကြပေသည်။ သူတို့၏ အစစ်အမှန်ခွန်အားကို ခန့်မှန်းရန်မှာ နတ်ဘုရားနန်းတော်မှ တပည့်များ ဉာဏ်မမီအောင် ခက်ခဲနက်နဲလှပေသည်။
“သူက ဘိုးဘေးနယ်မြေကို ဝင်ရောက်ပြီး နတ်ဘုရားအသံကို ကျင့်ကြံခဲ့တယ်။ နတ်ဘုရားနန်းတော်ရဲ့ ပညာရပ်က ဘိုးဘေးနယ်မြေမှာ တကယ်ပဲ ရှိနေတယ်” လူတိုင်းက ထိတ်လန့်တုန်လှုပ်သွားကြပြီး သူတို့က ရီဖူရှင်းကို စူးစိုက်ကြည့်လိုက်ကြသည်။ သို့ဆိုလျှင် ထိုက်ရွှမ်တောင်မှ ဤဓားသမားက နတ်ဘုရားနန်းတော်မှ သိုင်းပညာကို ခိုးယူသည်ဟု ဆိုလိုနိုင်သည်မဟုတ်ပါလား။
ရီဖူရှင်းက ရှေ့သို့ ဆက်သွားပြီး လက်ကို တွဲလောင်းချထားကာ ရပ်နေသည့် ယန်စွေ့ကို ဖြတ်လျှောက်လာခဲ့သည်။ သူက ရီဖူရှင်း ဖြတ်လျှောက်သွားသည်ကို ခွင့်ပြုလိုက်ရကာ တားဆီးနိုင်စွမ်းပင် မရှိခဲ့ပေ။ နတ်ဂီတနန်းတော်မှ တပည့်များက ထိုအဖြစ်ကို မကျေနပ်ကြသော်လည်း သူ့ကို တားဆီးရန် မကြိုးစားခဲ့ကြပေ။ ရီဖူရှင်း၏ ခွန်အားအရ ဘိုးဘေးနယ်မြေတွင် ကျင့်ကြံနေသော တစ်ယောက်မှလွဲ၍ အခြားသူများက သူ့ကို ရပ်တန့်နိုင်ရန်မှာ မသေချာပေ။
ရီဖူရှင်းသည် ဓားတရားတောင်သို့ ရောက်သည်အထိ ဓားတစ်လက်ကဲ့သို့ပင် ဆက်လက်၍ ဦးတည်သွားခဲ့သည်။
ဓားတရားတောင်ရှိ ပထမတောင်ထိပ်၏အပေါ် ကောင်းကင်တွင် ဓားတစ်လက်ကဲ့သို့ ရပ်နေသူက ရီဖူရှင်းကို ငုံ့ကြည့်လိုက်သည်။
ရီဖူရှင်းက သူ့ခေါင်းကို မော့ကာ ပြန်ကြည့်လိုက်၏။ ထိုသူမှာ လီနတ်ဓားမိသားစုမှ လီတောက်စီဖြစ်ပြီး သူ၏ ခန္ဓာကိုယ်မှ ရန်ဟောင် အရှိန်အဝါတို့ကို ထုတ်လွှတ်နေသည်။
“ရန်ဟောင်လမ်းစဉ်ဖော်ဆောင်ခြင်း” ရီဖူရှင်းက တီးတိုးရေရွတ်လိုက်၏။ သူ၏ စွမ်းအား မည်မျှ အားကောင်းလာ၍ သူ့စိတ်က မည်မျှ ပြောင်းလဲလာပါစေ ယခင်က သူသည် ရန်ဟောင်အဆင့်မှာ သူနှင့် အလှမ်းကွာလွန်းလှသည်ဟု ရှုမြင်ခဲ့သည်။ တစ်ချိန်က အင်ပါယာရှားနှင့် အင်ပါယာလီတို့သည် သူ့အတွက် လက်လှမ်းမမီနိုင်သော ဒဏ္ဍာရီထဲမှ ပုဂ္ဂိုလ်များ ဖြစ်ကြသည်။
သို့သော် ယနေ့ အခုချိန်၌ သူသည် ရန်ဟောင်အဆင့်ကို ရောက်ရှိရန် သိပ်မဝေးတော့ဟု ခံစားမိပေသည်။
အထူးသဖြင့် မကြာသေးခင်က သူ့ကို ရှုံးနိမ့်ခဲ့သူက ယခု ရန်ဟောင်အဆင့်သို့ ဝင်ရောက်သွားသည့် အချိန်၌ ဖြစ်လေသည်။ ပုံမှန်အားဖြင့် သူသည် လီတောက်စီ ရန်ဟောင်အဆင့် ဝင်ရောက်သွားသည်ကို အထင်ကြီးအားကျခြင်း ဖြစ်လိမ့်မည် မဟုတ်ပေ။ လီတောက်စီ၏ အဆင့်က သူ့ထက် ပို၍ နက်ရှိုင်းပေသည်။
ရီဖူရှင်းက စကားမပြောခဲ့ပေ။ သူက ဤနေရာတွင် စောင့်နေဟန်တူသည့် လီတောက်စီကို မော့ကြည့်ရုံသာ ကြည့်လိုက်သည်။
လီတောက်စီက ရီဖူရှင်းကို ကြည့်နေသည်။ သူက ရန်ဟောင်အဆင့်သို့ ဝင်ရောက်သွားသော်လည်း ရီဖူရှင်းက နတ်ဘုရားနန်းတော်၏ ဘိုးဘေးနယ်မြေသို့ ဝင်ရောက်နိုင်ခဲ့သည်။ မည်သည့်အရာက လုပ်ဆောင်ရန် ပိုခက်သနည်း။
ရန်ဟောင်အဆင့် ပုဂ္ဂိုလ်များသည် နတ်ဘုရားနန်းတော်၌ အများအပြားရှိသော်လည်း ဘိုးဘေးနယ်မြေသို့ ဝင်ရောက်နိုင်သူမှာ မည်မျှရှိသနည်း။
ထို့ကြောင့် သူ ရန်ဟောင်အဆင့်သို့ ဝင်ရောက်သွားခြင်းမှာ ဂုဏ်ယူဖွယ်မရှိပေ။
“ဂုဏ်ပြုပါတယ်” လီတောက်စီက ပြောလိုက်သည်။
“ခင်ဗျားရောပဲ” ရီဖူရှင်းက ပြုံးလိုက်၏။ ကြည့်ရသည်မှာ လီတောက်စီက သူနှင့် တိုက်ခိုက်ရန် စောင့်နေခြင်းဟုတ်ပုံမရပေ။ အမှန်တကယ်ပင် ရန်ဟောင်အဆင့်သို့ ရောက်ပြီးသားလူတစ်ယောက်နှင့် တိုက်ခိုက်ခြင်းမှာ အဓိပ္ပါယ်ရှိလိမ့်မည်မဟုတ်ပေ။
“ကျုပ်ဓားကို စမ်းသပ်ပေးခဲ့တဲ့အတွက် ကျေးဇူးပါပဲ” လီတောက်စီက ထပ်ပြောလိုက်သည်။ ထို့နောက်သူက ဓားတစ်လက်ကဲ့သို့ပင် အဝေးသို့ လျင်မြန်စွာ ထွက်ခွာသွားတော့သည်။
ရီဖူရှင်းက ပြုံးလိုက်၏။ လီနတ်ဓားမိသားစုမှ ဤဆက်ခံသူက စိတ်ဝင်စားဖွယ် ကောင်းပေသည်။
သူက ဓားတရားတောင်အတွင်းသို့ ဆက်လှမ်းလိုက်သည်။
ဝမ်ရှိုးရီနှင့် လော့ယွဲ့က ခံစားချက်ပေါင်းစုံဖြင့် သူ့ကို ကြည့်နေကြသည်။ ဤလူသည် ထိုက်ရွှမ်တောင်မှ ဆင်းလာသည့်အချိန်မှစ၍ သူ၏ အခြားတစ်ဖက်ခြမ်းကို စတင် လှစ်ဟပြခဲ့ကာ ပို၍ ပို၍ ကျော်ကြားလာခဲ့ပေသည်။
ရှန်ကျင်းက သူတို့သိသည့် ရှန်ကျင်းအဖြစ် ရှိနေပါသေးရဲ့လား။
သူတို့သည် တစ်ယောက်တည်းအဖြစ် မြင်ကြည့်ရန် ခက်ခဲနေကြသည်။
ရီဖူရှင်းက သူတို့ကို ပြုံးပြလိုက်ပြီးနောက် နောက်ဆုံးဓားတောင်သို့ ရောက်သည့်တိုင် လျှောက်လာခဲ့သည်။ သူ့ပေါ်တွင် ဓားစွမ်းအားများ စီးဆင်းနေပြီး သူ၏ မျက်လုံးများထဲမှ ဓားအရှိန်အဝါတို့ ထွက်ပေါ်လာသည်။
ခဏအကြာတွင် သူသည် ပြန်လှည့်ကာ ဝမ်ရှိုးရီ နှင့် လော့ယွဲ့ကို ပြောလိုက်သည်။ “ပြန်သွားရအောင်”
“ကောင်းပြီ”
နှစ်ယောက်လုံးက ခေါင်းညိတ်လိုက်ပြီး သူနှင့်အတူ လျှောက်လာကာ ရာရာကလည်း တိတ်ဆိတ်စွာ လိုက်လာခဲ့၏။ မကြာခင်၌ သူတို့သည် ပြန်လှည့်ကာ လျှောက်လာကြရင်း ဓားတရားတောင်မှ နောက်ဆုံး ဓားတောင်ထိပ်သည် အလင်းများတောက်ပလာကာ ကောင်းကင်သို့ ထိုးတက်သွားသည်အား မြင်လိုက်ကြရသည်။ ထို့နောက် ၈၁ လွှာသော ဓားတောင်များက တစ်ပြိုင်နက်တည်း လင်းလက်လာသည်။ ဓားစွမ်းအားများက အော်မြည်နေပြီး ၎င်းတို့ လွတ်မြောက်သွားသကဲ့သို့ ကောင်းကင်ကို တက်ကာ ရစ်ခွေနေခဲ့သည်။
“ဒါက”
လူတိုင်း၏ ရင်ခုန်သံတို့က ပြင်းထန်လာနေပြီး အထူးသဖြင့် နတ်ဘုရားနန်းတော်၏ ဓားနန်းတော်မှ တပည့်များပင် ဖြစ်သည်။
ဓားအင်ပါယာအဆင့်၌ပင် မရှိဘဲ နောက်ဆုံးအဆင့် ဖြစ်သည့် ရှစ်ဆယ့်တစ်ခုမြောက်သော ဓားကို ချိပ်ဖြည်နိုင်ခဲ့ပြီ ဖြစ်သည်။
ဤကား ယခင်က မည်သူမှ မလုပ်နိုင်ခဲ့သော စံချိန်အသစ် ဖြစ်၏။
သူသည် နတ်ဘုရားနန်းတော်၏ ဘိုးဘေးနယ်မြေမှ မည်သည့်အရာကို ရရှိခဲ့သနည်း။
လေထဲမှ ထွက်ခွာသွားနေသည့် လီတောက်စီသည် သူ၏ ခေါင်းကို လှည့်ကာ ဓားတရားတောင်သို့ ကြည့်လိုက်သည်။ သူ၏ ရင်ထဲ၌ မငြိမ်သက်သော ခံစားချက်ပေါင်းစုံ ဖြစ်ပေါ်လာနေခဲ့သည်။
ရန်ဟောင်အဆင့် မဟုတ်သေးသော်လည်း သူသည် ရှစ်ဆယ့်တစ်ခုမြောက်ဓားကို ချိပ်ဖြည်နိုင်ခဲ့သည်။
သူနှင့်ယှဉ်လျှင် သူက တစ်ဖန် နောက်ကောက်ကျခဲ့ရပြန်ပြီ ဖြစ်သည်။ သူ၏ ဓားအင်ပါယာဟူသည့် ဘွဲ့မည်က မည်သို့မှ ဂုဏ်ယူဖွယ် မရှိတော့ပေ။
ကြည့်ရသည်မှာ အနာဂတ်၌ သူက ကျင့်ကြံခြင်းတွင် ပို၍ အားစိုက်ရန် လိုအပ်နေပြီ ဖြစ်သည်။
ရီဖူရှင်းသည် နတ်ဘုရားနန်းတော်၏ အပြင်ဘက်သို့ လျှောက်လာခဲ့ပြီး ထွက်ခွာရန် ပြင်ဆင်နေသည်။ နတ်ဘုရားနန်းတော်သို့ သူနှင့်အတူ လိုက်ပါလာသူများသည်လည်း သူနှင့်အတူ ထွက်ခွာရန် ပြင်နေကြပေသည်။ သူက နတ်ဘုရားနန်းတော်၌ ရက်များစွာ ကြာမြင့်ခဲ့သည်မှာ ကိုယ်ပိုင်အကြောင်းပြချက်ကြောင့် ဖြစ်သည်။
သို့သော်လည်း သူလုပ်သင့်သည်များအားလုံး လုပ်ဆောင်ပြီးဖြစ်ရာ နတ်ဘုရားနန်းတော်၌ ကျင့်ကြံရန်လည်း မရွေးချယ်ခဲ့သည့်အတွက် ထွက်သွားရန် အချိန်တန်ပြီ ဖြစ်လေသည်။
***