← Chapters

ဂိုဏ်းတည်ထောင်ခြင်း။

Vol. 25 Ch. 289

ဂိုဏ်းတည်ထောင်ခြင်း။

Vol. 25 Ch. 289

စုရီက ခေါင်းခါပြီး ငြင်းဆန်သည်။

“ အခု မဟုတ်​သေးဘူး။ ”

ဝမ်လင်ရွယ်နှင့် ချာကျင်ကို တွေ့ရန်လိုသေး၏။ မဟာရှသို့ မသွားခင် သူ့ပတ်ဝန်းကျင်မှ လူအများကို ပြေလည်အောင် ဖြေရှင်းပေးခဲ့ဦးမည်။

လောကီရေးရာ၌ စိတ်နှလုံးကို ငြိမ်းအေးစေလိုသော် ငြိစွန်းနိုင်မည့်အရာများ ဖြတ်ချထားသင့်၏။

ယွီရှစ်ချန်ကို သဘောကျသော်လည်း ထိုမျှဖြင့် အရာအားလုံးကို အကြင်နာတရားမဲ့စွာ ထားရစ်ပြီး ထွက်ခွာနိုင်မည် မဟုတ်ချေ။

ယွီရှစ်ချန်တစ်ယောက် ရုတ်တရက် စကားလုံးများ ပျောက်ဆုံးသွားသည်။ ဤကဲ့သို့ အငြင်းခံရလိမ့်မည်ဟု မထင်ထားချေ။

“ သစ်ခွခြံဝင်းတာအိုဆွေးနွေးပွဲက နှစ်ဝက်နေမှ စတော့မှာ မဟုတ်လား ငါတို့ အခွင့်အရေးရရင် အဲဒီမှာ ပြန်ဆုံကြမယ် ... ။ ”

စုရီမှ ပြုံးလျက် ပြောကြားလိုက်သည်။ သို့မှသာ ယွီရှန်ချန်တစ်ယောက် အနည်းငယ် ပြေလျော့လာ၏။

“ ဒါဆို မဟာရှမှာ ... ငါစောင့်နေမယ်။ ”

အနည်းငယ် တုံ့ဆိုင်းသွားပြီးနောက် သူမလက်ကောက်ဝတ်မှ ခေါင်းလောင်းငယ် တစ်ခုကို ဖြည်ယူလိုက်ပြီး စုရီထံ ပေးအပ်လိုက်သည်။

“ ဒါကို ... မောင်နှံကြံချိုလို့ခေါ်တယ် တာအိုမိတ်ဆွေ ... မဟာရှကို လာမယ်ဆိုရင် ဒီရတနာကို မင်းနဲ့အတူယူလာခဲ့ပါ၊ ငါမင်းကို အမြန်ဆုံး ရှာတွေ့နိုင်မယ် ကျေးဇူးပြုပြီး သိမ်းထားပေးပါ။ ”

စုရီက နှင်းဖြူခေါင်းလောင်းငယ်ကို ကိုင်ကြည့်လိုက်လေသည်။ အတော်ပင် နူးညံ့ပြီး တောက်ပြောင်နေ၏။

ခရမ်း-နီရောင် ဦးချို ကျောက်စိမ်းဖြင့် ပြုလုပ်ထားသည်။ ထိတွေ့ရာတွင် နူးညံ့လျက် သင်းပျံ့သောရနံ့များ ခံစားလိုက်ရသည်။

ထိုရနံ့သည် ယွီရှစ်ချန်၏ ခန္ဓာကိုယ်ရနံ့နှင့် အတိအကျတူနေ၏။ သူမဝတ်ဆင်ထားသည်မှာ နှစ်ပေါင်းများစွာကြာမြင့်ပြီး ရောင်ဝါအချို့ကို စုပ်ယူထားခြင်းပေပင်။

“ ဒါဆို ... ငါမင်းကို မနှောင့်ယှက်တော့ဘူး နှုတ်ဆက်ပါတယ်။ ”

“ ခဏ နေပါဦး ... ။ ”

စုရီမှ ကျောက်စိမ်းပြားအလွတ်တစ်ခုကို ထုတ်ယူ၍ ခဏမျှတွေးကာ အဆောင်ရတနာ တစ်ခု ထွင်းထုပေးလိုက်သည်။

“ ဒြပ်စင်ငါးပါ တည်နေရာ ရွေပြောင်း​အဆောင်ပဲ ... အန္တရာယ်ကြုံရင် အသက်သွင်းပါ မိုင်တစ်ရာဝေးတဲ့ အရပ်ကို ချက်ချင်းပို့နိုင်တယ် ဝိညာဉ်တာအို ကျင့်ကြံသူတောင် မင်းကို တားဆီးနိုင်မှာ မဟုတ်ဘူး ...

... သုံးကြိမ် အသုံးပြုလို့ရပေမယ့် မင်းရဲ့ စွမ်းအင်ကို ကုန်ဆုံးစေတာမို့ အန္တရာယ်မရှိရင် မသုံးပါနဲ့။ ”

ယွီရှစ်ချန်တစ်ယောက် အံ့သြမှုဖြင့် မျက်ဝန်းများ တောက်ပလာပြီး၊

“ ဒါ ... ဒါက မင်းအခု ရေးထွင်းလိုက်တာလား။ ”

-ဟု မေးမြန်းလိုက်သည်။

တည်နေရာရွေ့ပြောင်း အဆောင်၏ အံ့ဖွယ်အကျိုးသက်ရောက်မှုများ အကြောင်း သူမ ကြားသိရုံမျှသာရှိသည်။

စုရီလက်မှ ဤသို့ ရိုးရှင်းစွာ ရရှိလာ လိမ့်မည်ဟု မထင်ထားချေ။ ယွီရှစ်ချန်အတွက် ဘဝ သုံးဘဝ ရရှိထားသလိုပေပင်။

၎င်းသည် ဝိညာဉ်တာအိုနယ်ပယ် ကျွမ်းကျင်သူပင် မတားဆီးနိုင်သည်မှာ မည်မျှ အစွမ်းထက်နိုင်မည်ကို တွေးဆနိုင်၏။

သို့သော် စုရီက သက်ပြင်းချလိုက်ပြီး၊

“ ငါ့ရဲ့ကျင့်ကြံမှုမှာ အကန့်အသတ်ရှိတယ် မဟုတ်ရင် ဒီထက်အရည်အသွေး မြင့်မားလှတဲ့ အဆောင်မျိုး ရေးထွင်းနိုင်ပါတယ် ဒါပေမယ့် မင်းအသက်ကို ကယ်တင်ဖို့လောက်တော့ လုံလောက်ပါတယ်။ ”

-ဟု ပြောကြားလာခဲ့သည်။

တစ်ဖက်လူသည် ဤအဆောင်၏ ရလာဒ်အပေါ် ကျေနပ်ပုံမပြချေ။ အံ့ဩစိတ်ဖြင့် တိတ်ဆိတ်သွားမိ၏။

“ မြန်မြန်ယူ ... ။ ”

စုရီမှ ကျောက်စိမ်းပြားကို ကမ်းပေးထားရသည့်အပေါ် ပျင်းရိလာခဲ့သည်။ ထို့ကြောင့် ယွီရှစ်ချန်မှ အမြန်ယူလိုက်ရ၏။

“ ကျေးဇူးတင်ပါတယ် တာအိုမိတ်ဆွေ။ ”

စုရီက မျက်လုံးမှိတ်လျက် ကြိမ်ကုလားထိုင်ပေါ် မှေးစက်သွားတော့သည်။ အတွေးထဲ ယွီရှန်ချန်အသွင် ပေါ်လာ၏။

( ဒီကမ္ဘာကြီးမှာ သဘာဝဝိညာဉ် ခန္ဓာကိုယ်ကို တွေ့ရလိမ့်မယ်လို့ မျှော်လင့် မထားမိဘူး ... အလွန်ရှားတယ် ...

... ကျင့်ကြံဖို့အတွက် သဘာဝမျိုးစေ့ပဲ ... အရိုင်းမြေကိုးပါးရဲ့ ထိပ်တန်းတာအိုဂိုဏ်းတွေ သာဆိုရင် သူတို့တတ်နိုင်သမျှ ပံ့ပိုးပေးကြမှာ သေချာတယ် အနာဂတ်မှာ အခွင့်အရေးရရင် ငါ့အနားထားပြီး လမ်းညွှန်ပေးရမယ်။ )

ထို့နောက် ကြိမ်ကုလားထိုင်ပေါ်တွင် ပျင်းရိစွာမိန်းမောလျက် သဘာဝတရားကြီးနှင့် စိတ်ဝိညာဉ်ကို ပေါင်းစပ်နေခဲ့သည်။

“ ဒီလူ ဘယ်လိုလူလဲ။ ”

ရုတ်တရက် အိပ်ပျော်သွားသော စုရီအသွင်ကြောင့် ယွီရှန်ချန်ခမျာ မျက်ခုံးပင့်ပြီး ထွက်ခွာလာခဲ့သည်။

ထိုညတွင် ယွီရှစ်ချန်သည် သူ့နောက်ကျောတွင် ရှေးဟောင်း ဓားရှည်ကို ပိုးလွယ်လျက် တစ်ယောက်တည်း မဟာကျိုးမှ ထွက်ခွာသွားတော့၏။

ထိုညတွင် စုရီသည် မိန်းမောနေရာမှ နိုးထလာပြီး တိတ်တဆိတ် ပျောက်ကွယ်သွား လေသည်။ မနက်လင်းချိန်တွင် ဖန်းယွမ်သည် စုရီနေထိုင်ခဲ့သော အခန်းလွတ်ကြီးကို ကြည့်ကာ တိတ်ဆိတ်သွား၏။

“ ဖရူး ... ။ ”

နောက်တနေ့တွင် ကြီးမားလှသော ရွှေလင်းယုန်တစ်ကောင်သည် အင်ပါယာမြို့ အပြင်ဘက် တောင်တန်းတစ်ခု အပေါ်သို့ ဆင်းသက်လာသည်။

“ ဝှစ် ... ။ ”

စုရီက ၎င်းကျောပေါ်မှ ခုန်ချကာ စတုတ္ထတန်း ဝိညာဉ်ကျောက်တုံးကို ပစ်ပေးပြီး ‘ဒါ ... ခရီးစရိတ်ပဲ၊’-ဟု ဆိုလိုက်၏။

ရွှေလင်းယန်မှ ကြောက်ရွံ့ ထိတ်လန့်ကြီးစွာဖြင့် လက်ခံလိုက်တော့သည်။ ထို့နောက် တုန်တုန်ယင်ယင် ပြန်ကြည့် လိုက်မိ၏။

လွန်ခဲ့သည့်ညက နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေစဉ် အမည်မသိလူငယ်တစ်ယောက် ရောက်ရှိလာပြီး သူ့မျက်နှာကို ပုတ်ခတ်ကာ အတင်းအကြပ် စီးနင်းခဲ့သည်။

“ မင်းဘာလုပ်နေတာလဲ၊ သွားတော့။ ”

“ ဖရူး ... ။ ”

စုရီက လက်ကို ဝှေ့ယမ်းပြလိုက်သည်။ အဆင့်(၉)ဝိညာဉ်သားရဲခမျာ မောင်းထုတ်ခံရ သော်လည်း ပျော်ရွှင်စွာ ပျံသန်းသွားသည်။

စုရီမှ ပြုံးရယ်လျက် ၎င်း‌ပုံရိပ်ကြီး ပျောက်ကွယ်သွားသည်အထိ ရပ်ကြည့်ကာ လက်နှစ်ဖက်နောက်ပို့ပြီး ကောင်းကင်မူလ အကယ်ဒမီထံသို့ ဦးတည်လိုက်၏။

ဤသည်မှာ ဒုတိယအကြိမ်မြောက် ရောက်ရှိလာခြင်း ဖြစ်သည်။ ပထမအကြိမ်သည် ဝမ်လင်ကျောက်နှင့် အိမ်ထောင်ရေးကို ဖျက်သိမ်းခြင်းပေပင်။

ဆောင်းဦးရွက်ကြွေမဏ္ဍပ်။

ချာကျင်နှင့် နင်စစ်ဟွာတို့ စစ်တုရင် ကစားနေသည်။ သို့တိုင် ချာကျင်တစ်ယောက် စိတ်ဝင်စားမှုမရှိဘဲ နယ်ရုပ်တစ်ရုပ်ကို ကောက်ယူလိုက်၏။

“ မင်း ... အဲဒီနယ်ရုပ်ကို ရွေ့လိုက်ရင် အခွင့်အရေး မရှိနိုင်တော့ဘူး။ ”

ရုတ်တရက်အသံကြောင့် ချာကျင်ခမျာ တုန်လှုပ်သွားပြီး နယ်ရုပ်ပစ်ချကာ ရုတ်တရက် လှည့်ကြည့်လိုက်သည်။

“ သခင်လေး ... ။ ”

မျက်ဝန်းများတောက်ပလျက် ထရပ်ပြီး တင်းကျပ်စွာပွေ့ဖက်တော့၏။ ဤလုပ်ရပ်သည် စုရီကို အံ့အားသင့်သွားစေသည်။

နင်စစ်ဟွာက အလိုက်တသိဖြင့် တိတ်တဆိတ် ဆုတ်ခွာသွား၏။ ချာကျင်မှ အချိန်အတော်ကြာ ငြိမ်သက်နေပြီးနောက်၊

“ သခင်လေး ... မင်းပြန်လာပြီ၊ ဒီရက်တွေမှာ မင်းငါ့ကို မလိုချင်တော့မှာ ငါကြောက်မိတယ်။ ”

ချာကျင်၏ နူးညံ့သောခန္ဓာကိုယ်သည် အနည်းငယ်တုန်ခါလျက် ပျောက်ဆုံးသွားမည် ကြောက်နေသကဲ့သို့ တင်းတင်းကြပ်ကြပ် ဖက်ထားလိုက်လေသည်။

သူမနှလုံးသားထဲတွင် ဖိနှိပ်ထားသော ခံစားချက်များသည် ဆည်မှ တိုးထွက်လာသည့် ရေများအလား ပေါက်ကြားလာ၏။

စုရီအတွက် အစတွင် အနည်းငယ် မသက်မသာ ခံစားရသော်လည်း တဖြည်းဖြည်း နူးညံ့သော ခံစားချက်များ ရရှိလာခဲ့သည်။

“ ကောင်းပြီ ... ၊ ငါအမုန်းဆုံးက မိန်းမတစ်ယောက် ငိုနေတဲ့ မျက်ဝန်းတွေကို ကြည့်နေရတာကိုပဲ။ ”

“ သခင်လေး တောင်းပန်ပါတယ် ... ငါမထိန်းနိုင်လိုက်ဘူး။ ”

“ လူမိုက်မဟုတ်တဲ့ သူတိုင်း မြင်ပါတယ်။ ”

စုရီအဖြေကြောင့် ချာကျင်ခမျာ အနည်းငယ်ရှက်ရွံ့သွားပြီး မျက်နှာတစ်ပြင်လုံး နီရဲသွားလေသည်။

“ မင်းသွားပြီး ... ငါနဲ့တွေ့ဖို့ တခြားလူတွေကို ခေါ်လိုက်ပါ။ ”

စုရီမှ ပြောကြားလိုက်သည်။ ချာကျင်က ခေါင်းညိတ် ထွက်ခွာသွား၏။ ညမိုးချုပ်ချိန်တွင် ဝမ်လင်ရွယ်၊ ချာကျင်၊ ဖန်ရှောင်ဖုန်းနှင့် ဖန်ရှောင်ရန်တို့ ရောက်ရှိလာသည်။

အချိန်အတော်ကြာ ခွဲခွာပြီးနောက် ပြန်လည်တွေ့ဆုံပွဲဖြစ်၏။ ဝိုင်၊ အသားကင်နှင့် ဝိညာဉ်ရေးရာ သစ်သီးဝလံများ တည်ခင်း ထားလေသည်။

ဝမ်လင်ရွယ်သည် အလွန်ပျော်နေပြီး မျက်နှာတစ်ပြင်လုံး နီမြန်းနေကာ ကြည်လင် တောက်ပနေ၏။

သူမ၏ သာမာန်ဖြူစင်တည်ငြိမ်သော အသွင်အပြင်နှင့် နှိုင်းယှဉ်ပါက များစွာပင် ရဲရင့် နေချေပြီ။

ချာကျင်က ထိုမြင်ကွင်းကို ကြည့်ကာ မနာလိုမှုမရှိတော့ချေ။ ဝမ်လင်ရွယ်သည် စုရီ၏ နှလုံးသားထဲတွင် အစားထိုး၍ မရနိုင်သော ဖြစ်တည်မှုတစ်ခုဖြစ်မှန်း နားလည်၏။

“ တာအိုမိတ်ဆွေ ... မင်းမှာ နောက်ထပ် ဘာအစီအစဉ်ရှိလဲ။ ”

နင်စစ်ဟွာမှ မေးသည်။

“ ဒီမှာ ခဏလောက်နေမယ်။ ”

စုရီက ပေါ့ပေါ့ပါးပါး ပြန်ဖြေသည်။ အလင်းတံခါးကိုးပါး ကျား-နဂါးဆေးပြားများ သန့်စင်ကာ၊ ဒြပ်စင်ငါးပါးဝင်္ကပါကို တည်ဆောက်လိုသေး၏။

အချိန်ရပါက လူတိုင်း၏ ခွန်အားကို မြှင့်တင်ပေးရန် ညွှန်ပြမှုများ ပြုလုပ်လိုသည်။ သို့မှသာ အနာဂတ်တွင် ဤလူများအတွက် စိတ်ချနိုင်မည်ဖြစ်၏။

“ တာအို မိတ်ဆွေ ... ငါတို့ဂိုဏ်းတစ်ခု တည်ထောင်ကြမလား၊ မုရှီ၊ ချန်ကျန့်၊ ပုရီနဲ့ တခြားလူတွေကို ဖိတ်ခေါ်နိုင်တယ်။ ”

စုရီက ခဏမျှ စဉ်းစားပြီး ‘ကောင်းပြီ၊’-ဟု သဘောတူလိုက်သည်။

ဂိုဏ်းတစ်ဂိုဏ်း တည်ထောင်ခြင်းသည် လူအများကို စည်းလုံးစေရုံသာမက လူတိုင်း အပေါ် အကာအကွယ်ပေးနိုင်မည်။

ထို့အပြင် သာမာန်အင်အားစုများသည် ဂိုဏ်းအတွင်းမှ အားနည်းသူများကို စော်ကားဝံ့ ကြမည် မဟုတ်ချေ။ နင်စစ်ဟွာမှ ပြုံးပြီး၊

“ ကောင်းပြီ ... ဂိုဏ်းအတွက် အသေးအဖွဲကိစ္စတွေကို ငါဂရုစိုက်လိုက်မယ် ဒါနဲ့ ... တာအိုမိတ်ဆွေ ဂိုဏ်းအမည်ကို ဘယ်လိုပေးချင်လဲ။ ”

“ ဒါက နာမည်တစ်ခုပဲ ... မင်းကြိုက်သလို ပေးလိုက်ပါ။ ”

စုရီအမြင်အရ ထိုသို့သောဂိုဏ်းများကို တည်ထောင်ရခြင်း၏ ရည်ရွယ်ချက်များသည် ဩဇာချဲ့ထွင်ရန်နှင့် ကြီးစိုးမှုများ ပြသရန်သာ ဖြစ်သည်။

ထို့ကြောင့် သူ့အတွက်မူ မိမိပတ်ဝန်းကျင်ရှိ လူအများအပေါ် အမိုးအကာ ပေးဆောင်ရန်သာ ဖြစ်၏။ ယင်းအတွက် သဘာဝအားဖြင့် ၎င်းကို စဉ်းစားရန် ပျင်းရိနေမိသည်။

နင်စစ်ဟွာမှ ကူကယ်ရာမဲ့စွာဖြင့် ပြုံးလိုက်မိသည်။ စုရီသည် သူ့ဂိုဏ်းအတွက် အမည်ပေးရန်အတွက်ပင် ပျင်းနေခဲ့ချေပြီ။

***

All Chapters