ကျောက်စိမ်းတောင်ပေါ်က ဉာဏ်ပညာဂိုဏ်း ... ။
Vol. 25 Ch. 290
နောက်နေ့မနက်တွင် စုရီသည် သူ့လည်ပင်းတွင် ရစ်ပတ်ထားသော ချာကျင် လက်မောင်းကို ဖယ်ခွာလိုက်ပြီး ရေချိုးကာ ထထွက်လာခဲ့သည်။
တောင်ထိပ်ပေါ်တွင် တိမ်မြူများ ဖုံးလွှမ်းနေပြီး ထင်းရှူးပင်ကို ဖြတ်တိုက်သော လေတိုးသံများ ကြားနေရ၏။ နံနက်ခင်း အလင်းရောင်သည် တိမ်တိုက်များကို ရွှေရောင်များ ပက်ဖြန်းစေသည်။
“ နန်းတော်သခင်နင် ... မနေ့ညက မင်းကောင်းကောင်း အိပ်မပျော်ဘူးလား။ ”
ထင်းရှူးပင်တစ်ပင်အောက်တွင် ထိုင်လျက်အိပ်ငိုက်နေသော နင်စစ်ဟွာကြောင့် စုရီမှ အံ့ဩတကြီးမေးမြန်းလိုက်၏။
နင်စစ်ဟွာခမျာ မျက်နှာများ နီရဲသွားပြီး၊
“ တာအိုမိတ်ဆွေ ... ၊ အနာဂတ်မှာ မင်းအနားယူတဲ့အခါ အသံလုံ ဝင်္ကပါတစ်ခု ခင်းကျင်းထားသင့်တယ် ... ။ ”
-ဟု ပြန်၍ တုန့်ပြန်လိုက်၏။
ထိုအဖြေက စုရီကို မျက်မှောင်ကြုတ်သွားစေသည်။ အဆုံးတွင် နားလည်သွားပြီး၊
“ ဒါတွေကို ငါလျစ်လျူရှုမိခဲ့တယ်၊ နောက်တစ်ကြိမ် အာရုံစိုက် လိုက်ပါ့မယ်။ ”
-ဟု ခေါင်းညိတ်ပြလိုက်၏။
သူ့မျက်နှာပေါ်တွင် အနည်းငယ်မျှပင် ရှက်ရွံ့မှု အရိပ်အယောင်မရှိချေ။ ဤသည်မှာ အသက်(၁၇)အရွယ် လူငယ်တစ်ယောက်နှင့် လုံးဝ ကွာခြားနေသည်။
နင်စစ်ဟွာမှ အကြောင်းအရာကို ထပ်မံ မပြောဆိုဝံ့တော့ဘဲ ချက်ခြင်း အခြားခေါင်းစဉ် ပြောင်းလိုက်ရသည်။
“ တာအိုမိတ်ဆွေ ... ၊ မင်းတောင်းဆိုထားတဲ့ အဂ္ဂိရတ်မီးဖို အဆင်သင့်ဖြစ်နေပြီ။ ”
မနေ့ညက အရက်ဝိုင်းအတွင်း စုရီသည် ဆေးပြားများ သန့်စင်လိုကြောင်း ပြောခဲ့သဖြင့် နှစ်ပေါင်းများစွာ သိမ်းဆည်းထားခဲ့သော ဆေးမီးဖိုကို ထုတ်ပေးလိုက်၏။
“ ကောင်းပြီ ... ။ ”
စုရီမှ ခေါင်းညိတ်လိုက်သည်။ ထိုနောက် အရာရာကို လျစ်လျူရှုပြီး ဆေးပြားများ သန့်စင် နေခဲ့၏။
အားလပ်ချိန်များတွင် ဝမ်လင်ရွယ်၊ ချာကျင်နှင့် အခြားသူများအပေါ် လမ်းညွှန်မှုများ ပေးသည်။ အချိန်အများစုကို ဆေးပင်သန့်စင်ခြင်း၊ အဆောင် ရတနာများ ရေးထွင်းခြင်းဖြင့် ကုန်လွန်ချေ၏။
သုံးရက်အကြာ၌ ပဉ္စမတန်း ဆေးဘက်ဝင်အပင် (၄၉)မျိုးနှင့် စတုတ္ထတန်း ဆေးပင်(၇၂)မျိုးကို ပေါင်းစပ် သန့်စင်ရန် တော့သည်။
သုံးနာရီကုန်လွန်ပြီးနောက် ယင်ယန် ကိုးပါးဆေးပြားကို အောင်မြင်စွာ ဖွဲ့တည်လာ နိုင်သည်။ ရောင်စဉ်ကိုးသွယ် ကောင်းကင်မှ ကျဆင်းလာကာ ဆေးရနံ့များသည် အနားရှိ သစ်ပင်များကို စိမ်းလန်းစိုပြေလာစေ၏။
ဤသို့ထူးဆန်းသော မြင်ကွင်းသည် နင်စစ်ဟွာ၊ချာကျင်နှင့် အခြားသူများအပေါ် အံ့ဖွယ်ဖြစ်စေသည်။
ဆေးမီးဖို ဖွင့်ကြည့်လိုက်သောအခါ ယင်ယန်ကိုးပါး ဆေးပြားပေါင်း (၃၃)ပြားတိတိ ရရှိခဲ့၏။ ၎င်းတို့သည် ခိုဥများကဲ့သို့ ကြီးမားပြီး ကြည်လင်နေသည်။
စုရီက သူ့အတွက် ဆေးပြား(၁၅)ပြား သိမ်းဆည်းထားပြီး ကျန်ရှိနေသည့် အရာများကို နင်စစ်ဟွာနှင့် အခြားလူများထံ ခွဲဝေပေး လိုက်သည်။
လက်ရှိ ကျင့်ကြံမှုအရ တစ်နေ့လျှင် ဆေးပြားတစ်ပြား သောက်ရုံဖြင့် ဆယ့်ငါးရက် အကြာတွင် ရှန်ရှင်းအုတ်မြစ်ကို ခိုင်မာစေရန် လုံလောက်ပေမည်။
ခုနစ်ရက်ကုန်လွန်သွားပြီးနောက် ဆောင်ဦးရွက်ကြွေ တောင်တန်းနှင့် မိုင်(၉၀) အကွာတွင် ကျောက်စိမ်းတောင်တန်းကြီး တည်ရှိသည်။
တောင်ထွတ်များသည် ကောင်းကင်သို့ ထိုးတက်နေပြီး အမြင့်ပေ (၁၀၀၀)ကျော်ချေ၏။ စမ်းချောင်းများ၊ ရေတံခွန်များ၊ ပြန့်ကျဲနေသော ထင်းရှူးပင်များ၊ ဝါးပင်များနှင့် ဆိတ်ငြိမ်ပြီး ကျယ်ပြောလှသော ပတ်ဝန်းကျင်ပေပင်။
“ ဝှစ် ... ။ ”
စုရီက တောင်ထိပ်တွင် ရပ်ကာ တိမ်ပင်လယ်ကြီးထံ ခုန်တက်သွားလျက်၊
“ အသက်ဝင် ... ။ ”
-ဟု အော်ဟစ်လိုက်သည်။
ကျောက်စိမ်း တောင်ထိပ် အပါအဝင် အခြားသော တောင်ထွတ်(၇၂)လုံး၌ လှိုင်းများ ထပြီး အလင်းရောင်များ တောက်ပလာ၏။
“ ဘန်း ... ။ ”
ထို့နောက်တွင် တောင်တန်းကြီး တစ်ခုလုံးကို လွှမ်းခြုံထားသည့် ရေတံခွန်ကဲ့သို့ အရောင်အသွေးစုံလင်ပြီး ခမ်းနားထည်ဝါသော သက်တံ(၇၂)စင်း ရောယှက်သွားသည်။
“ ဖိနှိမ် ... ။ ”
စုရီမှ လက်ဝှေ့ယမ်းလိုက်သည်နှင့် ထိုသက်တံများသည် ရုတ်ချည်း ပျောက်ကွယ် သွားလေသည်။
ဤသည်မှာ လျှို့ဝှက်ဆန်းကြယ်သော ဒြပ်စင်ငါးပါးသိမြင်ခြင်း ဝင်္ကပါ ဖြစ်ချေသည်။ အချိန်ကြာလာသည် နှင့်အမျှ ပတ်ဝန်းကျင်ကို ရတနာနယ်မြေ ဖြစ်လာစေပေမည်။
ထို့ပြင်စွမ်းအားအပြည့် အသုံးပြုသော် မူလတာအိုနယ်ပယ် ကျွမ်းကျင်သူများကိုပင် အလွယ်တကူ သတ်ပစ်နိုင်ပေ၏။
ဝိညာဉ်တာအိုနယ်ပယ် ကျွမ်းကျင်သူ ရောက်ရှိလာသော် အဖိုးအခမပေးဘဲ အနားကပ် ဝံ့မည် မဟုတ်ချေ။ စုရီက လက်နှစ်ဖက်ကို နောက်ပို့လျက် တိမ်ပင်လယ်အတွင်းရပ်ကာ ဝင်္ကပါကို စစ်ဆေးနေ၏။
တစ်ဖက်တွင် နင်စစ်ဟွာမှ ထိတ်လန့် တုန်လှုပ်နေသည်။ ဤဝင်္ကပါအတွက် စုရီသည် လုပ်ငန်းစဉ် (၁၂)မျိုးဖြင့် အလံငယ်များ သန့်စင်ခဲ့ရ၏။
“ သွားရအောင် ... အုတ်မြစ်ကျန်သေးတယ်။ ”
စုရီက တောင်ထိပ်ပေါ်သို့ ပြန်၍ ဆင်းသက်၏။ ထို့နောက် ဤရက်များအတွင်း တူးဖော်ခဲ့သော ဥမင်လိုဏ်ခေါင်းထံသို့ လျှောက်လှမ်းသွားသည်။
ဥမင်လိုဏ်ခေါင်း၏ အလယ်ဗဟိုတွင် ဆယ်ပေခန့်ရှိသော ဝင်္ကပါပုံစံတစ်ခု ရှိသည်။ စုရီက ၎င်းရှေ့တွင်ရပ်ကာ၊
“ ဒါဟာ ဝိညာဉ်စုစည်းခြင်း ဝင်္ကပါပဲ၊ ကောင်းကင်က ခုနစ်စဉ်ကြယ်နဲ့ မြေပြင်က တောင်မြစ်တွေကို ချိတ်ဆက်ထားတယ်။ ”
“ ဘရူး ... ။ ”
ထို့နောက် လက်ဝှေ့ယမ်းလိုက်ရာ ကျောက်ပြားတစ်ချပ် ထွက်ပေါ်လာလေသည်။ ၎င်းသည် ပင်လယ်ဘုရင်မှ ပေးခဲ့သော ကမ္ပည်း ကျောက်ပြားဖြစ်၏။
မြေကမ္ဘာအနှစ်သာရ ကြယ်ဝိညာဉ် ကျောက်တုံးဖြင့် ပြုလုပ်ထားသည်။ ဝိညာဉ် သွေးကြော တစိတ်တပိုင်းလည်း ဖြစ်၏။
၎င်းသည် တောင်နှင့် မြစ်များ၏ စွမ်းအားအပေါ် ဖိနှိပ်နိုင်ပြီး ကောင်းကင်နှင့် မြေကြီးကြား ဝိညာဉ်စွမ်းအင်များကို စုဆောင်းနိုင်၏။
အချိန်ကြာလာသည်နှင့်အမျှ ကျင့်ကြံရန် သင့်လျော်သော သုခဘုံအဖြစ် ပြောင်းလဲလာ ပေလိမ့်မည်။
“ ဖရူး ... ။ ”
စုရီက ကမ္ပည်းပြားကို ဝင်္ကပါ၏ အလယ်ဗဟိုသို့ ထည့်လိုက်သည်။ ရုတ်တရက် ဆယ်ပေမျှသာရှိသော အစီရင်စက်ဝိုင်းသည် ဖျတ်ခနဲ တောက်ပလာတော့၏။
ဝင်္ကပါအတွင်း ခုနစ်စဉ်ကြယ်ကြီး ထွက်ပေါ်လာသည်။ ထိုကြယ်ခုနစ်ပွင့်သည် ကြည်လင်စွာ တောက်ပနေ၏။
ဤအချိန်မှစ၍ ကျောက်စိမ်းတောင်ကို ဗဟိုပြုသော တောင်နှင့်မြစ်များ၏ အသွင်အပြင် အရှိန်အဟုန်သည် သိသိသာသာ ပြောင်းလဲလာသည်။
ကောင်းကင်နှင့် မြေကြီးကြားမှ ဝိညာဉ်စွမ်းအင်များသည် အရပ်ရပ်မှလာပြီး ဤတောင်တွင် စုရုံးတော့၏။
ကမ္ဘာအနှစ်သာရ ကြယ်ဝိညာဉ် ကျောက်ပြားသည် ဒြပ်စင်ငါးပါးသိမြင်ခြင်း ဝင်္ကပါ၏ လုပ်ဆောင်ချက်များအပေါ် ထောက်ပံ့ပေးနိုင်မည်။
“ အခုချိန် ... ဒီမှာ ကျင့်ကြံချင်ရင် အခြားနေရာတွေထက် ပိုထိရောက်လိမ့်မယ် ဒါပေမယ့် အညစ်အကြေး မကင်းစင်သေးလို့ ထပ်ခါထပ်ခါ သန့်စင်ဖို့လိုမယ်။ ”
ဝိညာဉ်စွမ်းအင်များက မြူများသဖွယ် အဆက်မပြတ် စုပြုံလာနေသည်ကို ကြည့်ပြီး စုရီမှ ပြော၏။ တစ်နှစ်အတွင်း ဤတောင်ပေါ်၌ ဝိညာဉ်သွေးကြော ပေါက်ဖွားလာပေမည်။
အံ့ဖွယ်အပြောင်းအလဲများကို ငေးကြည့်လျက် နင်စစ်ဟွာခမျာ လုံးဝမှင်တတ် နေတော့၏။ တစ်ဖက်လူသည် မယုံနိုင်ဖွယ် အဆင့်သို့ ရောက်ရှိသွားပြီဖြစ်သည်။
“ တာအိုမိတ်ဆွေ မင်းက တကယ်ပဲ တန်ခိုးရှင်တစ်ပါးလား။ ”
ထိုကဲ့သို့သော စွမ်းရည်မျိုးဖြင့် ကမ္ဘာပေါ်တွင် လူအရေအတွက် မည်မျှသည် လုပ်ဆောင်နိုင်မည်နည်း။ စုရီမှ ခေါင်းခါပြီး၊
“ ဒီနည်းလမ်းက ဘာမှမဟုတ်သေးပါဘူး။ ”
-ဟု ပြန်ဖြေလိုက်သည်။
ယခင်ဘဝတွင် လက်ချောင်း တစ်ချောင်းတည်းဖြင့် ကမ္ဘာကြီးကို ပြောင်းလဲ စေပြီး သာမန်မြေကို ထိပ်တန်းသုခဘုံအဖြစ်သို့ ပြောင်းလဲနိုင်ခဲ့၏။
သည့်နောက် နှစ်ယောက်သား စကားစမြည်များ ပြောကြားလျက် တောင်ပေါ်မှ ပြန်လည်ဆင်းလာသည်။
“ ဒီမှာ ... ဝင်္ကပါကို ထိန်းချုပ်နိုင်တဲ့ အစီရင်ပြား မင်းသိမ်းထားရမယ် ... အခုကစပြီး ကျောက်စိမ်းတောင်ဟာ ငါတို့ဂိုဏ်းရဲ့ အုတ်မြစ်ဖြစ်လာလိမ့်မယ်။ ”
စုရီက အစီရင်များ ရေးထွင်းထားသည့် ကျောက်စိမ်းပြားတစ်ချပ် ပေးလိုက်တော့၏။
“ နောင်မှာ ဂိုဏ်းရဲ့အရေးကိစ္စတွေကို ဂရုစိုက်ဖို့ မင်းကိုပဲ ငါနှောက်ယှက်ရလိမ့်မယ်။ ”
ထိုစကားကြောင့် နင်စစ်ဟွာရင်ထဲ လေးလံသွားတော့သည်။ တစ်ချိန်တည်းမှာပင် ပျော်ရွှင်မှုကိုလည်း ခံစားလိုက်ရ၏။ စုရီသည် သူမကို အလွန်ယုံကြည်နေသေးသည်။
“ ကျောက်စိမ်းတောင်ပေါ်မှာ ... ဒြပ်စင်ငါးပါးသိမြင်ခြင်း ဝင်္ကပါကို ခင်းထားတဲ့ အတွက် ... ဉာဏ်ပညာဂိုဏ်းလို့ ဘာလို့ နာမည်မပေးရတာလဲ။ ”
“ ကောင်းပြီ ... ။ ”
စုရီက တွေဝေခြင်းမရှိဘဲ ချက်ချင်း တုန့်ပြန်လိုက်၏။
“ ဒါဆို ငါတို့ဂိုဏ်းကို တည်ထောင်ပြီး ... ကမ္ဘာကိုကြေညာဖို့ ... ခမ်းနားလှတဲ့ ပွဲကြီးတွေ ကျင်းပသင့်သလား။ ”
“ မေ့လိုက်ပါ ... ဂိုဏ်းအတွက် အင်အားစုကြီးတွေကို စုဆောင်းဖို့ မလိုပါဘူး မကြာခင်မှာ ဉာဏ်ပညာဂိုဏ်းတည်ရှိမှုကို ကမ္ဘာက သိလာပါလိမ့်မယ်။ ”
နင်စစ်ဟွာက ခေါင်းညိတ်ပြီး မုရှီနှင့် ပုရီကဲ့သို့မဟာမိတ်များကိုသာ ဖိတ်ကြားရန် ဆုံးဖြတ်ခဲ့သည်။
ဤနည်းဖြင့် ဉာဏ်ပညာဂိုဏ်းကြီးကို အင်ပါယာပြည်နယ်ရှိ မထင်မရှား ကျောက်စိမ်း တောင်ပေါ်၌ မွေးဖွားလာတော့၏။
နှစ်ယောက်သာ ကောင်းကင်မူလ အကယ်ဒမီသို့ ပြန်ရောက်သောအခါ ချာကျင်မှ စာတစ်စောင်နှင့်အတူ ငေးငိုင်နေသည်ကို မြင်လိုက်ရသည်။
“ အစ်ကိုစု ... အစ်မချာကျင် အိမ်က စာတစ်စောင် ပို့လိုက်တယ် သူ အရမ်းစိုးရိမ် နေတယ်။ ”
ဝမ်လင်ရွယ်မှ စုရီကို သတင်းစကားပြောကြားနေစဉ် ချာကျင်သည် အကယ်ဒမီမှ ထွက်ခွာရန်ပြင်၏။
“ မင်းဘယ်သွားမလို့လဲ ... ။ ”
စုရီက မေးသည်။
“ သခင်လေး ... ငါအခုချက်ချင်း အိမ်ပြန်ရမယ် ငါ့အဖေ မတော်တဆမှုကြောင့် စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေတယ်။ ”
“ ဘာဖြစ်တာလဲ။ ”
စုရီမှ မျက်ခုံးပင့်သွားသည်။
“ မသိသေးဘူး ... မင်းသားရာထူးကို ရုတ်သိမ်းခံရပြီး ပြည်နယ်သခင်ရာထူးကနေ ဆင်းပေးလိုက်ရတယ် ပြီးတော့ ... ငါ့အစ်ကို အဖမ်းခံထားရတယ်လည်း ကြားတယ်။ ”
စုရီမှ အနည်းငယ် မျက်မှောင်ကြုတ် လိုက်သည်။ ချာကျင်ဟူသည် မဟာဝေနိုင်ငံ၏ ထိပ်တန်း မြင့်မြတ်မြေဖြစ်သော လစက်ဝန်း ဂိုဏ်း၏ တပည့်ဖြစ်၏။
မဟာဝေနိုင်ငံသည် မင်းသားရှစ်ပါးကို ပြည်နယ်သခင် ရာထူးပေးကာ အာဏာကို ခွဲဝေပေးခဲ့သည်။
ထို့ကြောင့် ပြည်နယ်သခင်ဖြစ်သော ချန်ချောင်ခုံ၏သမီးအဖြစ် သူမ၏နောက်ခံနှင့် လစက်ဝန်းဂိုဏ်း၏ အမွေခံတပည့်ဟူသော အဆင့်အတန်းမှာ မြင့်မားချေပြီ။
ထို့ကြောင့် သူမဖခင်သည် မင်းသားရာထူးမှ ဖယ်ရှားခံရပြီး အစ်ကိုကို ဖမ်းဆီးထားခြင်းသည် သာမန်ကိစ္စမျိုး မဖြစ်နိုင်ချေ။
သို့သော် ၎င်းကိုစဉ်းစားအဖြေရှာရန် ပျင်းရိလှသဖြင့် ခေါင်းယမ်းကာ လက်နှစ်ဖက် နောက်ပို့လျက်၊
“ မေ့လိုက်ပါ ... ၊ ငါဘာမှ လုပ်စရာ မရှိတော့လို့ မင်းကိုလိုက်ပို့ပေးမယ်။ ”
-ဟု ပြောကြားလိုက်တော့သည်။
***