အကြင်နာတရားကင်းမဲ့သူများ ... ။
Vol. 25 Ch. 291
စုရီသည် အလွန်ပျင်းရိသော်လည်း အကြင်နာမဲ့လွန်းသူတစ်ယောက် မဟုတ်ချေ။ ချာကျင် ဖြစ်ပျက်နေသည်ကို မြင်သဖြင့် လိုက်ပါသွားရန် ဆုံးဖြတ်လိုက်၏။
ထို့နောက် လင်းယုန်စိမ်းကို ငှားကာ နှစ်ယောက်သား ထွက်ခွာလာ၏။ မဟာဝေ နိုင်ငံသည် မဟာကျိုး၏ အနောက်ဘက်တွင် တည်သည်။
၎င်းနယ်မြေသည် တစ်နှစ်ပတ်လုံး နှင်းမိုးများရွာသွန်းကာ အေးခဲနေတတ်သဖြင့် ‘နှင်းနိုင်ငံ’ ဟုလည်း လူသိများ၏။
ကောင်းကင်နန်းတော်မြို့သည် မဟာဝေနိုင်ငံ၏ မြို့တော်ဖြစ်သည်။ ဧရိယာ အတိုင်းအတာနှင့် အမွေအနှစ်များအရ မဟာကျိုး၏ ကျောက်စိမ်းမြို့တော်ထက် မနိမ့်ကျချေ။
ကောင်းကင်တခွင် အုံ့မှိုင်းနေခဲ့ပြီး နှင်းမိုးများစွာ ရွာသွန်းနေသည်။ လေလှိုင်းများ သည်လည်း အေးစက်သော ဓားများအလား ပါးလျနေ၏။
“ ဖရူး ... ။ ”
ကောင်းကင်နန်းတော်မြို့နှင့် မိုင်အနည်းငယ်အကွာတွင် လင်းယုန်စိမ်းက ဆင်းသက်လိုက်သည်။
“ ခရစ် ... ။ ”
မြေပြင်သည် နှင်းများဖုံးလွှမ်းနေပြီး ခြေနင်းလိုက်သောအခါ တိုးဖျဖျအက်ကွဲသံများ ထွက်ပေါ်လာ၏။
ပတ်ဝန်းကျင်တစ်ခုလုံး ဆီးနှင်းများ ဖုံးလွှမ်းနေကာ လေတိုက်သံများ တဟူးဟူး ပဲ့တင်ထပ်နေသည်။
“ ဒီလိုအေးစက်တဲ့ ရာသီဥတုမျိုးမှာ ရေကန်တစ်လျှောက်လှေစီးပြီး အရက်ပြင်းပြင်း အသားပြုတ်တစ်အိုးနဲ့ အနားယူသင့်တယ်။ ”
စုရီက ပတ်ဝန်းကျင်ကို ကြည့်ကာ အေးအေးလူလူ ပြောသည်။ ချာကျင်မှ ခဏမျှ အံ့အားသင့်သွားပြီး၊
“ သခင်လေး ... မင်းအရမ်းတော်တယ်၊ ကောင်းကင်မြို့တော်ရဲ့ အနောက်မြောက်ဘက် ဆယ်မိုင်အကွာမှာ နှင်းတစ်ထောင်လို့ ခေါ်တဲ့ ရေကန်ကြီး တစ်ကန်ရှိတယ် တောင်တွေနဲ့ ဝိုင်းရံနေပြီး တစ်နှစ်ပတ်လုံး ...
... နှင်းတွေကျနေတယ် ရေကန်ထဲမှာ ‘ချင်စုံး’လို့ခေါ်တဲ့ ငါးကြီးတွေ ပေါများပါတယ် မဟာဝေမှာ ထူးခြားတဲ့ ငါးတစ်မျိုးပဲ ...
... အားလပ်ချိန် လှေစီးရင်း ရေကန်အလယ်မှာ ဝိုင်သောက် ငါးမျှားကြမယ် ဒါက တော်တော် ကြည်နူးစရာပါပဲ။ ”
“ မင်းအိမ်ကို အရင်သွားရအောင်။ ”
စုရီက သူ့လက်ကို နောက်ပို့လျက် ထွက်သွားသည်။ ချာကျင်မှ လင်းယုန်စိမ်း၏ အတောင်ပံများကို ချစ်ခင်စွာ ပွတ်သပ်ပြီး၊
“ ချင်အာ၊ ဒီနားမှာ ခဏစောင့်ပါ ... ငါ့ကိစ္စတွေ ပြေလည်အောင် ဖြေရှင်းပြီးတာနဲ့ မဟာကျိုးကို ပြန်ကြမယ်။ ”
ချင်းအာက ခေါင်းညိတ်ပြလျက် အတောင်ပံများကိုဖြန့်ကာ ကောင်းကင်ပေါ် ပျံတက်သွားချေပြီ။
ကောင်းကင်နန်းတော် မြို့တော်၏ မြို့ရိုးသည် ကြီးမားပြီး ကွေ့ကောက်နေသော နဂါးတစ်ကောင်နှင့်တူ၏။
မြို့တံခါးဝတွင် လူများစွာ ဝင်-ထွက် သွားလာနေကြသည်။ စုရီနှင့် ချာကျင်တို့၏ အသွင်အပြင်သည် လူအများ၏ အာရုံစိုက်မှုကို ခံခဲ့ရသော်လည်း အရမ်းကြီးမဟုတ်ချေ။
မဟာကျိုးမင်းဆက်တွင် စုရီသည် ဒဏ္ဍာရီဖြစ်၏။ မဟာဝေအတွက်မူ သာမန် လူငယ်တစ်ဦးမျှသာ ဖြစ်သည်။
ချာကျင်က ရထားလုံး တစ်စင်းငှားပြီး နေအိမ်သို့ တန်းတန်းမတ်မတ် ပြန်လာခဲ့သည်။ ရှန်မိသားစုသည် မဟာဝေမင်းဆက်တွင် သြဇာ အရှိဆုံး မိသားစုများအနက်မှ တစ်ခုဖြစ်၏။
မိသားစုခေါင်းဆောင် ရှန်းကျန်းခုန်သည် လွန်ခဲ့သည့် ဆယ်စုနှစ်များစွာက ဧကရာဇ်ဝေ၏ ပြည်နယ်သခင်အဖြစ် သတ်မှတ်ခြင်းခံခဲ့ရသည်။
ထို့ကြောင့် ရှန်းမိသားစု စံအိမ်ကြီးကို အရှေ့မြောက်ဘက်တွင် နန်းတော်များ၊ မဏ္ဍပ် များစွာတို့ဖြင့် တည်ဆောက်ထား၏။
ရထားလုံးသည် ရှန်းမိသားစုနေထိုင်ရာ ဝန်းကျင်သို့ ရောက်ရှိလာချိန်တွင် ချာကျင်မှ တုံ့ဆိုင်းစွာနှင့်၊
“ သခင်လေး ... အခြေအနေကို အရင်သွားကြည့်ဖို့ ငါတစ်ယောက်တည်း သွားချင်ပါတယ်။ ”
-ဟု တိုးတိုးလေး ပြောလိုက်သည်။
စုရီမှ ခေါင်းညိတ်၏။ ချာကျင်သည် တစ်စိမ်းတစ်ယောက်ကို အိမ်ခေါ်သွားခြင်းဖြင့် မလိုလားအပ်သော စုံစမ်းမေးမြန်းမှုများ ဖြစ်လာမည်ကို စိုးရိမ်နေပုံပေပင်။
“ ဒီမှာ ခဏရပ် ... ။ ”
စုရီက ရထားလုံးပေါ်မှ ဆင်းကာ ဝိုင်သောက်ရန် အနားရှိ စားသောက်ဆိုင်ထဲ ဝင်လာခဲ့လိုက်သည်။
ထိုစဉ်လမ်းမပေါ် ဖြတ်သွားသော ရင်းနှီးနေသည့် လူငယ်တစ်ယောက်ကို သတိထားမိလိုက်၏။
ယင်းသည် အနီရောင်ဝတ်ရုံဖြင့် ချောမောကြည့်ကောင်းပြီး နူးညံ့သိမ်မွေ့သော လုဟောင်ဖြစ်သည်။
၎င်းက အစေခံနှစ်ယောက်နှင့်အတူ ရှန်းမိသားစု၏ တံခါးဝသို့ လျှောက်လှမ်းသွား နေခဲ့သည်။ စုရီက မျက်မှောင်ကြုတ်ကာ ခဏမျှ တွေးတောနေမိ၏။
ဤလူငယ်သည် တိမ်မြစ်စီရင်စုတွင် အမှောင်ထဲမှနေပြီး သူ့ကို လုပ်ကြံခဲ့ဖူးသည်။ မအောင်မြင်ချိန်တွင် အကူအညီများ ထပ်မံ ခေါ်ယူရန် ထွက်ပြေးသွား၏။
“ ရှန်းမိသားစုရဲ့ ကပ်ဘေးက ... လစက်ဝန်းဂိုဏ်းနဲ့ ဆက်စပ်နေတာမျိုးများ ဖြစ်နိုင်မလား။ ”
စုရီတစ်ယောက် သောက်ချင်စိတ် ပျောက်သွားပြီး ရှန်းမိသားစု စံအိမ်အနားသို့ လျှောက်လှမ်းသွားကာ ငြိမ်သက်စွာ ရပ်နေလိုက်၏။
နတ်အာရုံသည် လျင်မြန်စွာ ပျံ့နှံ့သွားတော့သည်။ ရှန်းမိသားစုစံအိမ် အတွင်းတွင် ချာကျင်ကို မြင်လိုက်ရ၏။
“ အစ်ကိုကြီး အဖေရော ... ဟမ့် မင်းအဖမ်းခံထားရတယ်ဆို။ ”
ချာကျင်မှ မျက်လုံးများ ပြူးကျယ်လာပြီး မယုံနိုင်ဖွယ် အကြည့်ဖြင့် မေးမြန်းလိုက်သည်။ ရှေ့တွင် အရပ်ရှည်ပြီးသွယ်လျကာ မျက်ခုံးနှင့် မျက်လုံးများသည် သူမနှင့် ခပ်ဆင်ဆင်တူသည့် လူငယ်တစ်ယောက် ရပ်နေ၏။
ဤလူငယ်သည် မဟာဝေမင်းဆက်၏ မျိုးဆက်သစ် သူရဲကောင်းတစ်ဦး ဖြစ်သည်။ တော်ဝင်မိသားစုတွင် အမှုထမ်းကာ ဧကရာဇ်ထံမှ တိုက်ရိုက် အမိန့်ကိုသာ နာခံရသည်။
“ အစ်ကိုကြီး ဘာဖြစ်နေတာလဲ၊ မင်းဘာလို့ ငါ့ကိုလိမ်ရတာလဲ။ ”
လမ်းတွင် အဖေနှင့် အစ်ကို၏ လုံခြုံရေးအတွက် သူမ အလွန်စိုးရိမ်ခဲ့ရသည်။ ယခုအချိန်တွင် တစ်ခုခု မှားယွင်းနေပြီဟု ခံစားလိုက်ရ၏။
ရှန်းယန်ရှင်းမှ သက်ပြင်းချလိုက်ပြီး၊
“ အဖေနဲ့တွေ့တဲ့အခါ မင်းနားလည်မှာပါ။ ”
-ဟု တုန့်ပြန်လာ၏။
ထို့နောက် ရှန်းယန်ရှင်းမှ ရှန်းမိသားစု အစည်းအဝေးခန်းမထံသို့ လှည့်ထွက်သွား တော့သည်။
ချာကျင်တစ်ယောက် သံသယများ ဝင်ရောက်လာပြီး ၎င်းနောက်မှ လိုက်ပါသွား ခဲ့သည်။ လမ်းတစ်လျှောက်တွင် ရှန့်မိသားစု၏ အစောင့်များ တင်းကြပ်စွာ နေရာချထား သည်ကို မြင်လိုက်ရ၏။
သူမထံ ရေးသားထားသော စာပါအကြောင်းအရာနှင့် လက်ရှိအသွင်အပြင် လွဲမှားနေခဲ့သည်။
“ ဒီမှာဘာတွေ ဖြစ်နေတာလဲ ... ၊ ဒီတစ်ခေါက်ပြန်လာရတဲ့ အကြောင်းရင်းက အိမ်မှာ မမျှော်လင့်ထားတဲ့ အရာတစ်ခု ဖြစ်သွားတာလား။ ”
အတွေးများစွာဖြင့် အစည်းအဝေးခန်းမသို့ ရောက်သောအခါ ရှန့်မိသားစု၏ အရေးပါသော ပုဂ္ဂိုလ်များ အားလုံး ရှိနေကြသည်ကို မြင်လိုက်ရ၏။
အလယ်ခုံတွင်ထိုင်နေသော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက သူမထံ မော့ကြည့်လာ၏။
မေးစေ့အောက်တွင် သွယ်လျသော မုတ်ဆိတ်မွေး ရှည်ရှည်များကို ကျစ်ထားပြီး မျက်ဝန်းများသည် လျှပ်စီးလက်နေကဲ့သို့ တဖျပ်ဖျပ် ခတ်နေခဲ့သည်။
ဤသည်မှာ ရှန်းမိသားစုခေါင်းဆောင် မဟာဝေမင်းသားရှစ်ပါးအနက်မှ မင်းသားရှန်း ဖြစ်၏။
ရှန်ရှင်းအဆင့်ကို လွန်ခဲ့သော နှစ်ပေါင်းများစွာတည်းက ဝင်ရောက်လာခဲ့ပြီး ကျော်ကြားလှ၏။
“ ဖေဖေ ... ။ ”
ချာကျင်မှ စိတ်ရှုပ်ထွေးသွားသည်။
“ ချာကျင် ... နောက်ဆုံးတော့ မင်းပြန်လာပြီ။ ”
ရှန်းကျန်းခုန်မှ မတ်တပ်ထရပ်ပြီး တည်ငြိမ်စွာနှုတ်ဆက်၏။ အချိန်အတော်ကြာ ခွဲခွာခဲ့ရသော သမီးငယ်နှင့် ပြန်ဆုံချိန်၌ပင် ပျော်ရွှင်မှုမျိုး မပြခဲ့ချေ။
နှစ်အတော်ကြာ ကွဲကွာနေသော အသိတစ်ယောက်နှင့် ပြန်တွေ့လိုက်ရသလို တစိမ်းဆန်လှ၏။
“ မင်းကိုလိမ်ပြီးရေးခဲ့မိတာ အဖေ့ကို အပြစ်မတင်ပါနဲ့၊ ငါမှာ ဒီလိုလုပ်ဖို့က လွဲပြီး ရွေးစရာ မရှိတော့လို့ပါ။ ”
ရှန်းကျန်းခုန်မှ သက်ပြင်းချကာ ထိုင်ခုံတွင် ပြန်ထိုင်လျက်၊
“ ကံကောင်းတယ် မင်းပြန်မလာရင် ငါတို့ရှန်းမိသားစုအတွက် ဒီကပ်ဆိုးကြီးမျိုးကို ဘယ်လိုကျော်ဖြတ်ရမှန်း သိမှာမဟုတ်ဘူး။ ”
-ဟု ညည်းတွားလိုက်၏။
“ ကပ်ဘေးလား ... ။ ”
ချာကျင်တစ်ယောက် ပို၍-ပို၍ စိတ်ရှုပ်လာသည်။
“ မဟာဝေနိုင်ငံမှာ ဘယ်သူက ... ငါတို့အဖေကို ဒီလိုခြိမ်းခြောက်ဝံ့တာလဲ ဖေဖေ ဘာဖြစ်နေတာလဲ ရှင်းရှင်းပြောပါ။ ”
ရှန်းကျန်းခုန်မှ ခါးသီးသော အမူအရာဖြင့် သူ့ဘေးတွင်ထိုင်နေသော အဘိုးအိုထံ ကြည့်ပြီး၊
“ မဟာအကြီးအကဲ မင်းပြောပြလိုက်ပါ။ ”
-ဟု အမိန့်ပေးလိုက်၏။
အဘိုးအိုသည် အလွန်လှပသော ၀တ်စုံမျိုး၀တ်ဆင်ထားပြီး ကျားမုတ်ဆိတ်နှင့် လင်းယုန်ကဲ့သို့ မျက်လုံးများရှိနေသည်။ သူ့နာမည်မှာ ရှန်းကျန်းရှန်ဖြစ်၏။
“ မိန်းကလေး၊ ရှန့်မိသားစုမှာ အခု ကပ်ဆိုးတစ်ခုနဲ့ ရင်ဆိုင်နေရတယ် မိသားစုဝင် တစ်ယောက်အနေနဲ့ မင်းကယ်တင် ပေးနိုင်မလား။ ”
“ သဘာဝပါပဲ။ ”
မဟာအကြီးအကဲ မေးခွန်းအပေါ် ချာကျင်တစ်ယောက် မဆိုင်းမတွ တုန့်ပြန်လိုက် လေသည်။ သို့မှသာ အဘိုးအိုက သက်သာရာ ရသွားပြီး၊
“ ဒါဆို ငါတို့မျိုးနွယ်စုကို ကယ်တင်ဖို့ မင်းအသက်ကို စတေးရမယ် ဆိုရင်ရော ... ဆန္ဒ ရှိနိုင်ဦးမလား။ ”
-ဟု ဆက်မေးပြန်၏။
ထိုမေးခွန်း မေးပြီးသည်နှင့်တပြိုင်နက် ချာကျင်ထံ မကြည့်ဝံ့တော့ဘဲ နှာခေါင်းကို ပွတ်သပ်နေ၏။
“ ငါ့အသက်ကို စတေးပြီး ... မျိုးနွယ်စုတစ်ခုလုံးကို ကယ်တင်ခိုင်း နေတာလား။ ”
“ မှန်ပါတယ်၊ အဲဒီလိုမှ မဟုတ်ရင် ... မိန်းကလေးကို ပြန်လာဖို့ ငါတို့တောင်းဆိုမှာ မဟုတ်ပါဘူး ...
... ငါတို့မျိုးနွယ်တစ်ခုလုံးရဲ့ အသက်နဲ့ သေခြင်းဟာ မင်းရဲ့ဆုံးဖြတ်ချက် အပေါ်မှာ မူတည်နေပါတယ်။ ”
ချာကျင်က သူမအဖေနှင့်အစ်ကိုထံ ပြန်ကြည့်သည်။ နှစ်ယောက်စလုံးက သူမကို ရှောင်နေ၏။ နှလုံးသားတစ်ခုလုံး ချက်ချင်း အေးစက်လာတော့သည်။
“ ဘယ်လိုတောင် နှလုံးသားမဲ့နေကြတာလဲ။ ”
အဆုံးတွင် အသက်ပြင်းပြင်းရှူလျက် ဖခင်နှင့်အစ်ကိုထံ လျစ်လျူရှုကာ အဘိုးအိုကို ပြန်ကြည့်ပြီး၊
“ မဟာအကြီးအကဲ၊ ငါသဘောမတူရင် ဘာဖြစ်မလဲ။ ”
-ဟု ပြန်လည် မေးမြန်းလိုက်တော့၏။
ရောက်ရှိနေကြသူ အားလုံး တုန်လှုပ်သွားသည်။ အဘိုးအို မျက်နှာသည်လည်း မည်းမှောင်သွား၏။
“ မိန်းကလေး၊ မျိုးနွယ်စုတစ်ခုလုံးရဲ့ ဘဝနဲ့နှိုင်းစာရင် မင်းဘဝကို ဘာလို့ မပေးဝံ့ တာလဲ ...
... မင်းအဖေ၊ မင်းအစ်ကိုနဲ့ မင်းရဲ့ မိသားစုဝင်တွေ အသတ်ခံရတော့မှာကို ဒီလိုပဲ ရပ်ကြည့်နေမှာလား။ ”
အဘိုးအိုမှ စူးရှသော မျက်လုံးများနှင့် ကြောက်မက်ဖွယ်ကောင်းသော ရောင်ဝါများ ထုတ်ဖော်လိုက်သည်။
ထိုရောင်ဝါဖိအားများ အောက်တွင် ချာကျင်တစ်ယောက် အသက်ရှူရ ခက်ခဲလာ ခဲ့သည်။
မဟာကျိုးတွင် အချိန်များစွာ တာဝန် ထမ်းဆောင်ပြီးနောက် သူမ၏အိမ်ပြန်ခရီးသည် သေခြင်းအတွက် ဖြစ်နေခဲ့ချေပြီ။ ရက်စက်လွန်း လှချေ၏။
***