← Chapters

ဒူးထောက်ပါ ... ။

Vol. 25 Ch. 292

ဒူးထောက်ပါ ... ။

Vol. 25 Ch. 292

ချာကျင်တစ်ယောက် ဝမ်းနည်းမှုနှင့် ဒေါသကို ထိန်းချုပ်ရန် ကြိုးစားနေခဲ့ရသည်။ ထို့နောက် အကြီးအကဲများထံ တစ်ယောက်ပြီး တစ်ယောက် စိုက်ကြည့်ကာ၊

“ ငါရှန်းချာကျင်က သေမှာကို ကြောက်တဲ့လူမဟုတ်ဘူး မျိုးရိုးတစ်ခုလုံးအပေါ် ကယ်တင်နိုင်တယ်ဆိုရင် ငါသဘောတူတယ် ဒါပေမယ့် အကြောင်းပြချက်ပေးပါ။ ”

နောက်ဆုံး စကားတစ်ခွန်းသည် ခန်းမတွင်းရှိ လေထုကို တိတ်ဆိတ်ငြိမ်သက် သွားစေတော့၏။ မဟာအကြီးအကဲက၊

“ အခြေအနေက ... အတင်းအကြပ် မလုပ်ရင် ငါတို့ထဲက ဘယ်သူမဆို မင်းကို ဒုက္ခ မပေးချင်ပါဘူး ငါတို့မှာလည်း ရွေးချယ်စရာ မရှိတော့လို့ဆိုတာ သိထားဖို့ပဲလိုပါတယ်။ ”

-ဟု ပြောကြားလိုက်၏။ အကြီးအကဲအချို့မှ သက်ပြင်းချလိုက်ကြသည်။

“ ချာကျင် ... မိသားစုက မင်းကို ကြီးပြင်းလာစေခဲ့ပြီး ဘယ်တုန်းကမှ မတရား မဆက်ဆံဖူးပါဘူး ... အခု မိသားစုက အန္တရာယ် ဖြစ်နေချိန်မှာ မင်းမျိုးရိုးကို ပြန်ဆပ်ဖို့ စဉ်းစားသင့်ပါတယ်။ ”

“ မှန်တယ် တစ်ကိုယ်ကောင်းဆန်လွန်း မနေပါနဲ့။ ”

တစ်စုံတစ်ယောက်က ချာကျင်ကို အေးစက်စွာ ဝင်ရောက် ပြောကြားလာခဲ့သည်။

“ တစ်ကိုယ်ကောင်းဆန်တာလား။ ”

ချာကျင်မှ ထိုလူထံ စူးရှစွာ ပြန်ကြည့်လိုက်၏။ ဒေါသထွက်လွန်းသဖြင့် သူမတစ်ကိုယ်လုံး တုန်ခါနေပြီး၊

“ ငါ့ကို အကြောင်းပြချက်တောင် မပေးနိုင်ဘဲ ဒီပုံစံအတိုင်း ငါ့အသက်စတေးဖို့ တောင်းဆိုနေတဲ့ လူတွေက ... ငါ့ကို တစ်ကိုယ်ကောင်းဆန်တယ်တဲ့လား။ ”

ထို့နောက် သူမအစ်ကိုထံ လှည့်ကြည့်ကာ၊

“ နင်လည်း ငါ့အစ်ကိုဖြစ်ပြီး ငါ့ကို သေစေချင်နေတယ် ... မယုံနိုင်စရာပဲ။ ”

-ဟု နာကျည်းစွာ ပြောကြားလိုက်၏။

ရှန်းယန်ရှင်းခမျာ မျက်နှာပြောင်းသွားသည်။

“ ချာကျင်၊ ကလေးဆန်နေတာကို ရပ်လိုက်ပါ ဖြစ်နိုင်ရင် မင်းအစား ငါသေပေး နိုင်ပေမယ့် လိုနေတာ ငါ့မဟုတ်ဘူး။ ”

“ ဟမ့် ... ဒါဆိုအဖေ၊ မင်းငါ့ကို အကြောင်းပြချက်တစ်ခုလောက် ပေးပါ ... ငါ့ကို ဘာလို့ သေစေချင်နေတာလဲ သိချင်တယ်။ ”

“ ဘန်း ... ။ ”

ဤတစ်ကြိမ်၌ ရှန်းကျန်းခုန်ခမျာ တိတ်ဆိတ်ပြီး မနေနိုင်တော့ချေ။ ကုလားထိုင် လက်ကိုင်ကို ရိုက်ချလိုက်၏။

“ ကောင်းပြီ ... သိချင်နေတဲ့အတွက် ငါပြောပြမယ် ... မင်းမဟာကျိုးမှာ လုပ်ခဲ့တဲ့ ကိစ္စကြောင့်ပဲ ... မဟုတ်ရင် ငါတို့မိသားစုက ဒီလိုကပ်ဘေးမျိုး ကြုံလာစရာမရှိဘူး ...

... အခု မင်းလုပ်ခဲ့တဲ့ အပြစ်အတွက် မင်းအသက်ကို ပြန်ပေးဆပ်ရတာ ... သဘာဝပဲ ဒါဆို မျိုးနွယ်စုကို ရက်စက်လွန်းတယ်လို့ အပြစ် တင်ချင်နေသေးလား။ ”

စကားလုံးတိုင်းသည် လေးလံသော တူတစ်လက်ဖြင့် နှလုံးသားကို ထုနှက်နေ သကဲ့သို့ နာကျင်လှချေ၏။

ချာကျင်ခမျာ မျက်နှာဖြူဖျော့လာပြီး စိတ်ပျက်လက်ပျက်ဖြင့်၊

“ မဟာဝေရဲ့ ရှန်းမိသားစုဟာ ... ကောင်းကျိုးနဲ့ဆိုးကျိုးကို မျှဝေခံစားတတ်တယ် ငါထင်နေခဲ့တာ အခုတော့ ... ဖခင်နဲ့ အစ်ကိုက ငါ့ကိုသေစေချင်နေတယ်။ ”

“ ဟမ့် ... ချာကျင်၊ ဦးလေးရှန်းပြောတာ မမှားပါဘူး ... မင်းက ဘေးဥပဒ်ကို ဖြစ်စေတဲ့ လူပဲ ... ဒါဆိုအပြစ်မဲ့သူတွေကို မင်းနဲ့အတူ ဘယ်လိုများ ဆွဲထည့်ချင် နေရတာလဲ။ ”

ကျယ်လောင်သော စကားသံနှင့်အတူ အနီရောင်ဝတ်စုံဖြင့် လူငယ်တစ်ယောက်က ခန်းမထဲဝင်ရောက်လာ၏။

“ သခင်လေးလု ... မင်းဒီကို ရောက်လာတာ အရမ်းဂုဏ်ယူမိပါတယ် ကြိုဆိုဖို့ပျက်ကွက်ခဲ့လို့ ငါတို့ကို ခွင့်လွှတ်ပေးဖို့ မျှော်လင့်ပါတယ်။ ”

ချက်ခြင်းပင် ရှန်းကျန်းခုန်နှင့် လူအိုကြီးများတသိုက်သည် မတ်တပ်ထရပ်ကာ အရိုအသေပေးလိုက်ကြတော့၏။

“ စီနီယာ အစ်ကိုလု ... ။ ”

“ ငါ့ကို စီနီယာအစ်ကိုလို့ မခေါ်ပါနဲ့ ငါလက်မခံဝံ့ပါဘူး မင်းပြန်ရောက်လာမှတော့ ငါနဲ့လိုက်ခဲ့ပါ။ ”

ဤသည်မှာ လု‌ဟောင်ဖြစ်သည်။ ၎င်းကစကားပြောနေစဉ် ရှန်းကျန်းခုန်နှင့် လူအိုကြီးများထံ ကြည့်လိုက်ပြီး၊

“ မင်းတို့အားလုံး ကန့်ကွက်စရာမရှိဘူး မဟုတ်လား။ ”

-ဟု တင်းမာစွာ မေးမြန်းလိုက်၏။

“ သဘာဝပါပဲ သခင်လေးလု။ ”

လူတိုင်း ခေါင်းညိတ်လိုက်ကြ၏။ ချာကျင်သာလျှင် မယုံကြည်နိုင်စရာ အသွင်ဖြင့်၊

“ ရှန်းမိသားစု ကြုံတွေ့နေရတဲ့ ... ဒီဘေးဒုက္ခက မင်းနဲ့ သက်ဆိုင်နေသလား ... ။ ”

-ဟု ပြန်လည် မေးခွန်းထုတ်လိုက်၏။

“ ငါ့မှာ ဒီလိုအရည်အချင်းမျိုး မရှိပါဘူး၊ ဒီအချိန်ထိတောင် မင်းနားမလည်သေးဘူးလား မင်းကို လစက်ဝန်းဂိုဏ်းက သစ္စာဖောက်အဖြစ် မြေလှန်ရှာဖို့ အမိန့်ထုတ်ထားပါတယ်။ ”

လုဟောင်မှ မျက်ခုံးပင့်ကာ ပြောကြားလာ၏။

“ သစ္စာဖောက် ... ။ ”

ချာကျင်တစ်ယောက် တုန်လှုပ်သွားပြီး အဆုံးတွင် အဖြစ်အပျက်များအပေါ် ချက်ချင်း နားလည်လာတော့သည်။

“ ဒါဆို ... ငါ့အဖေ၊ ငါ့အစ်ကိုနဲ့ ငါ့မိသားစုဝင်တွေတောင် ငါ့အပေါ်စွန့်ပစ်ဖို့ ဆုံးဖြတ်ခဲ့တာ မဆန်းတော့ပါဘူး ... ။ ”

ရှန်းယန်ရှင်းမှ သက်ပြင်းချလျက်၊

“ ညီမလေး၊ မင်းနားလည်ပြီဆိုတော့ သခင်လေးလုနဲ့ လိုက်သွားပါ ငါတို့မိသားစုက ဒီဒုက္ခကို မခံနိုင်ပါဘူး။ ”

-ဟု ဝင်ရောက် ပြောကြားလာ၏။

ချာကျင်က စိတ်ပျက်သွားလေသည်။ သည်ဘဝ ရှန်းမိသားစုနှင့် ပတ်သတ်လိုခြင်း မရှိတော့ချေ။

“ ငါနဲ့လိုက်ခဲ့ ... ။ ”

“ ဖြန်း ... ။ ”

လုဟောင်က ချာကျင်လက်မောင်းကို ဖမ်းဆွဲလိုက်၏။ သို့သော် ချာကျင်မှ လက်ပြန် ရိုက်ချလာသည်။

ပါးရိုက်သံကြီး ကျယ်လောင်စွာ ထွက်ပေါ်လာကာ တုန်တုန်ယင်ယင်ဖြင့် လုဟောင်ခမျာ မြေပြင်ပေါ် လဲကျသွား၏။

“ မင်းငါ့ကို ဘယ်​လိုရိုက်​ရဲလဲ ​တိရစ္ဆာန်မ။ ”

လုဟောင်က မျက်နှာကို အုပ်ကိုင်လျက် ဒေါသတကြီး ကျိန်ဆဲလေသည်။ ရှန်းမိသားစု ဝင်တိုင်း တုန်တုန်ယင်ယင်ဖြင့် ထရပ်လာကာ ပျာယာခတ်ကုန်၏။

“ သခင်လေးလု ... မင်းအဆင်ပြေရဲ့လား။ ”

“ ဖယ်စမ်း ... ။ ”

“ ဘုန်း ... ။ ”

ရှန်းယန်ရှင်းမှ ရှေ့သို့ပြေးသွားပြီး လုဟောင်ထံဖေးကူရန် ကြိုးစားလိုက်သည်။ သို့သော် သူ့ဗိုက်ကို ကန်ထုတ်ခံလိုက်ရသဖြင့် ပုဇွန်တစ်ကောင်ကဲ့သို့ ကွေးကွေးလေး ဆုတ်ခွာလိုက်ရသည်။

အသံပင် မထွက်ဝံ့တော့ချေ။ လုဟောင်က ချက်ချင်း ထရပ်လာပြီး၊

“ တိရစ္ဆာန်မ၊ ငါ မင်းကို သည်းခံနေတာကြာပြီ ... ။ ”

-ဟုဆိုကာ ချာကျင်ကို ပါးရိုက်ရန် ပြင်တော့သည်။

ထိုအချိန်တွင် ရှန်းကျန်းခုန်သည် မူလနေရာတွင် မနေဝံ့တော့ဘဲ အလျင်အမြန် လှမ်းတက်လာကာ၊

“ သခင်လေးလု စိတ်အေးအေးထားပါ၊ ဒီကိစ္စကို ငါကိုင်တွယ်လိုက်ပါတယ်။ ”

-ဟု တောင်းပန်လိုက်ပြီး ချာကျင်ထံ တင်းမာသော အကြည့်ဖြင့် လှည့်ကြည့်လျက်၊

“ ချာကျင် ... ငါရှန်းကျန်းခုန်က မင်းအသက်ကို ပေးခဲ့တယ် ... အခု မင်းငါ့ကို မင်းရဲ့အဖေအဖြစ် အသိအမှတ်ပြုသေးရင် ဒူးထောက်ပြီး တောင်းပန်လိုက်ပါ၊ မဟုတ်ရင် မင်းအပေါ် ငါ့လက်နဲ့သတ်မိလို့ အပြစ်မတင်ပါနဲ့။ ”

“ ဖေဖေ ... ။ ”

“ ဒူးထောက်ပါ ... ။ ”

ရှန်းကျန်းခုန်မှ ချာကျင်ကို စကားအပြောမခံတော့ဘဲ လက်ဝှေ့ရမ်းကာ ပြောကြား လိုက်လေသည်။ အဆုံးတွင် ချာကျင်မှ သဘောပေါက်လာပြီး၊

“ ကောင်းပြီ ... ဒီနေ့ကစပြီး ငါ့မှာအဖေနဲ့အစ်ကို မရှိတော့ဘူး ရှန်မိသားစုနဲ့ ငါချာကျင် ဘာမှမဆိုင်တော့ဘူး။ ”

-ဟုပြောကာ လှည့်ထွက်လာခဲ့၏။

မျက်ရည်များ စီးမကျလာစေရန် နှုတ်ခမ်းကိုပြတ်လုမတတ် ကိုက်လိုက်မိသည်။ ဤစံအိမ်ကြီးသည် သူမ ကြီးပြင်းခဲ့သည့် အိမ်ဖြစ်၏။

သို့သော် သူမအတွက် အမုန်းဆုံးနှင့် နာကျင်စရာ အကောင်းဆုံး အရပ်သည်လည်း ဖြစ်လာသည်။ တစ်စက္ကန့်မျှပင် မနေလိုတော့ချေ။

“ ဟမ့် ... ရပ်စမ်း၊ မင်းကို ဒီအတိုင်းထွက်သွားဖို့ ဘယ်သူက ခွင့်ပြုလို့လဲ။ ”

လုဟောင်မှ ရူးသွပ်စွာဖြင့် လျင်မြန်စွာရွေ့လျားပြီး ချာကျင် ပခုံးအပေါ် လှမ်းကိုင်လိုက်လေသည်။

“ မင်းပြောတာ မှန်တယ် ... ၊ ချာကျင် မင်းဒီအတိုင်း ထွက်မသွားသင့်ဘူး ... မဟုတ်ရင် သူတို့အတွက် အရမ်းလွယ်ကူသွားလိမ့်မယ်။ ”

“ သခင်လေး ... ။ ”

ရုတ်တရက် တည်ငြိမ်လွန်းသော အသံကြောင့် လုဟောင်မှ မော့ကြည့်လိုက်၏။ တစ်ဖက်တွင် ချာကျင်ခမျာ မျက်ရည်များ စီးကျ လာတော့သည်။

ကျောက်စိမ်းရောင်ဝတ်ရုံဖြင့် လူငယ်တစ်ယောက် လက်နှစ်ဖက်နောက်ပို့ပြီး ဥယျာဉ်ထဲ လမ်းလျှောက်နေသကဲ့သို့ ခန်းမအတွင်း လှမ်းဝင်လာနေ၏။

“ ဝုန်း ... ။ ”

၎င်းက အခန်းအတွင်း ခြေချပြီးသည်နှင့် လုဟောင်ထံ ကြည့်လိုက်၏။ အကြည့်တစ်ချက် ဖြင့်ပင် တောင်ကြီးတစ်လုံးနှင့် တိုက်မိသကဲ့သို့ လုဟောင်လွင့်စဉ်သွားသည်။

“ အား ... ။ ”

စားပွဲနှင့် ကုလားထိုင်များ ကျိုးပဲ့ပျက်စီးကုန်လျက် ညည်းတွားသံ ပြုလာတော့သည်။

“ သခင်လေး ... ။ ”

“ မငိုနဲ့ ... ငါဒီမှာရှိတယ်။ ”

လုဟောင်အပါအဝင် လူတိုင်းအပေါ် လျစ်လျူရှုလျက် စုရီက ချာကျင်ထံ ငုံ့ကြည့် လိုက်လေသည်။

“ ဟမ့် ... မင်းက ဘယ်သူလဲ၊ ငါ့ရှန်မိသားစုစံအိမ်ထဲ ဘယ်လိုလုပ်ပြီး ခိုးဝင် လာတာလဲ။ ”

ဆံပင်ဖြူအဘိုးအိုတစ်ယောက်က ဒေါသတကြီးနှင့် အော်ဟစ်လာသဖြင့် စုရီမှ တစ်ချက်ပြန်မော့ကြည့်လိုက်သည်။

“ ဝုန်း ... ။ ”

အဘိုးအိုခမျာ ချက်ချင်း ကြမ်းပြင်ပေါ် လဲကျသေဆုံးသွား၏။ ဒွာရခုနစ်ပါးမှ သွေးများ စီးကျလာကာ စိတ်ဝိညာဉ် ကွဲကြေသွားကြောင်း မြင်သာချေပြီ။

“ စုရီ ... ။ ”

လုဟောင်မှ မှတ်မိသွားသည်။ သူ့ပါးစပ်မှ ထွက်ပေါ်လာသော စုရီဟူသည့် အမည်ကြောင့် ရှန်းမိသားစုသည်လည်း မျက်လုံးပြူးသွား၏။

“ ဒီကောင် ... ။ ”

စုရီနှင့် ကျောက်စိမ်းမြို့တော်မှ စျာပနတေးသံအကြောင်း ဤအခန်းတွင်းရှိ မည်သူမဆို ကြားသိထားချေ၏။

ထို့ကြောင့် ဤသည်မှာ မဟာဝေနိုင်ငံ ဖြစ်သော်လည်း လုံခြုံမှု မရှိသကဲ့သို့ ခံစားလာရ တော့သည်။

“ ဒူးထောက် ... ။ ”

“ ဒုန်း ... ။ ”

“ မင်းနဲ့ငါ နောက်မှ စာရင်းရှင်းမယ်။ ”

စုရီက လူတိုင်းကို လျစ်လျူရှုပြီး လုဟောင်ထံကြည့်လိုက်သည်။ လုဟောင်ခမျာ ချက်ချင်း ဒူးထောက်ကျသွား၏။

“ မင်း ... ။ ”

လုဟောင်ခမျာ ဒေါသဖြင့် ငြင်းဆန်ဟစ်အော်လိုက်​သော်လည်း အသံမှာ ထွက်မလာခဲ့ချေ။ စုရီက သူ့ကို လျစ်လျူရှူ လိုက်သည်။

“ မင်းက ဖခင်တစ်ယောက်ဖြစ်ပြီး ဘဝအတွက် သားသမီးကို ရက်ရက်စက်စက် စွန့်ပစ်လိုက်တယ် ... တိရစ္ဆာန်ထက် ယုတ်ညံ့လွန်းတဲ့ လုပ်ရပ်ပဲ။ ”

ထို့နောက် ရှန့်ကျန်းခုန်ကို သတ်ရန် လက်ပြင်လိုက်စဉ် ချာကျင်မှ ရှေ့တွင်ဝင်ရပ်ပြီး၊

“ သခင်လေး ... ရှန်းမိသားစုနဲ့ ငါ ဘာမှမဆိုင်တော့ပါဘူး ... သူတို့ကို စိတ်ထဲ မထားပါနဲ့တော့ ... ။ ”

-ဟု ပြောကြားလိုက်သည်။

“ သေခြင်းကနေ လွတ်မြောက်ပေမယ့် အပြစ်ကနေတော့ မလွတ်မြောက်နိုင်သေးဘူး ဒူးထောက်ပါ ... ။ ”

ချွင်းချက်မရှိ ရှန်းကျန်းခုန်တစ်ယောက် ချက်ချင်း ဒူးထောက် ကျသွား၏။ ဆံပင်များ ဖြာလန်ကျဲလျက် ဒူးဆံများ ကွဲကုန်သည်။

ဤသည်မှာ မဟာဝေမင်းဆက် တစ်လျှောက်တွင် ကျော်ကြားခဲ့သော ရှန်ရှင်း အဆင့် ကျွမ်းကျင်သူတစ်ဦး ဖြစ်သည်။

သို့သော် ယခုအချိန်တွင် စုရီရှေ့၌ ပုရွက်ဆိတ်တစ်ကောင်အလား ခိုကိုးရာမဲ့နေ တော့သည်။ ထိုမြင်ကွင်းကြောင့် ရှန်းမိသားစု ဝင်များမှာ အသံမထွက်ဝံ့ချေ။

“ မင်းတို့လည်း ဒူးထောက် ... ။”

“ ဒုန်း ... ဒုန်း ... ဒုန်း ... ။ ”

စုရီက လက်ကို ဆန့်ထုတ်လိုက်ပြီး လေထဲဝှေ့ရမ်းလိုက်သည်။ စွမ်းအင်လှိုင်းတစ်ခု ပျံ့နှံ့လာကာ ဒူးထောက်သံများ ညံကုန်တော့၏။

***

All Chapters