← Chapters

ဆန်စေ့တစ်စေ့မှသည် စကြာဝဠာကြီးဆီသို့။

Vol. 25 Ch. 293

ဆန်စေ့တစ်စေ့မှသည် စကြာဝဠာကြီးဆီသို့။

Vol. 25 Ch. 293

“ ဟမ့် ... ချာကျင်ကို မအပ်ရင် ရှန်းမိသားစုတစ်ခုလုံးကို သုတ်သင်ပစ်မယ်လို့ လစက်ဝန်းဂိုဏ်းက ပြောခဲ့တယ် ... ငါတို့မှာ ရွေးချယ်စရာ မရှိခဲ့ဘူး ... ငါတို့ကို ဆွဲမချပါနဲ့ သတ္တိရှိရင် လစက်ဝန်းဂိုဏ်းကိုသွားပါ။ ”

မြေပြင်ပေါ်တွင် ဒူးထောက်နေသော ရှန်းယန်ရှင်းမှ အံကြိတ်လျက် ဒေါသတကြီး ပြောကြားလိုက်သည်။

သူပြောပြီးသည်နှင့် တပြိုင်နက် ခန်းတောင်ထဲရှိ လူများအားလုံး အမူအရာများ ပြောင်းသွားပြီး ထိတ်လန့်ကုန်၏။

ရှန်းယန်ရှင်းသည် ငယ်စဉ်တည်းက မိသားစုအကြီးအကဲများ၏ စောင့်ရှောက်မှု အောက်တွင် ကြီးပြင်းခဲ့သည်။

မဟာဝေတွင်သာ နေထိုင်နေခဲ့ဖူးပြီး ကမ္ဘာကြီးတစ်ခုလုံး မဟာဝေမင်းဆက်သည်သာ အသန်မာဆုံးဟု ထင်မြင်ထား၏။

ထို့ကြော်င့ စုရီကဲ့သို့သော တစ်စုံတစ်ယောက် မည်မျှကြောက်စရာ ကောင်းသည်ကို သူ မသိချေ။

“ မင်းမိသားစုကို တကယ်​ဒုက္ခ​ရောက် ​​စေချင်​ရင်​ ... အခုချိန် ဒီ​နေရာဟာ ​သွေး​တွေနဲ့ ပြည့်​နှက်​​နေလိမ့်မယ် ... မင်းတောင်မှ ဒီလိုစကားမျိုး ပြော​ဖို့ အခွင့်​အ​ရေး​တောင် ရှိလာမှာမဟုတ်ဘူး။ ”

စုရီက တုန့်ပြန်စကား ပြောကြားလျက် လုဟောင်ကိုကောက်ကိုင်ကာ ချာကျင်ထံ လှည့် ကြည့်ပြီး ‘သွားရအောင်’ဟု ပြောကြားလိုက်၏။ တိရစ္ဆာန်ထက် ယုတ်ညံ့သူများနှင့် ဆက်နေရန် ပျင်းလွန်းချေပြီ။

“ စုရီ၊ ငါ့သခင်လေး​ကို လွှတ်​လိုက်​။ ”

ထိုအချိန်တွင် လုဟောင်နှင့်အတူ ပါလာသော အစေခံနှစ်ယောက်အနက်မှ တစ်ယောက်က မထိန်းနိုင်ဘဲ အော်ဟစ်လိုက်၏။

သို့သော် သူ့စကားမဆုံးခင် ပေါင်တူဖြင့် ထုနှက်ခံရသကဲ့သို့ တုန်ယင်လျက် ခြေလှမ်း ခုနစ်လှမ်းဆုတ်ခွာကာ ဒွာရခုနစ်ပါးမှ သွေးများစီးကျ သေဆုံးသွား၏။

လူတိုင်း ရင်မောသွားကြသည်။ ဤအစေခံအိုကြီးသည် လစက်ဝန်းဂိုဏ်း၏ စစ်မှန်သော ကျင့်ကြံသူတစ်ဦး ဖြစ်သည်။

သို့သော် စုရီ၏ အကြည့်တစ်ချက်ပင် မခံနိုင်ခဲ့ချေ။ တစ်ဖက်လူရှေ့တွင် လူတိုင်းသည် ပုရွက်ဆိတ်များဖြစ်နေ၏။ အားနည်း လွန်းချေပြီ။

ထို့နောက် လူအုပ်ကြီး၏ ထိတ်လန့်သော အကြည့်များအောက်၌ စုရီနှင့် ချာကျင်တို့နှစ်ဦး ပုံရိပ်မှာ ပျောက်ကွယ်သွားလေသည်။

ရှန်းမိသားစုမှ ထွက်ခွာလာပြီးနောက် ဆိတ်ငြိမ်လွန်းသောနေရာသို့ ပျံသန်းလာခဲ့ကာ လုဟောင်ကို မြေပြင်ပေါ်ပစ်ချလျက်၊

“ ပြောပါ ... ချာကျင်ကို ဘာအတွက် ခေါ်သွားချင်ရတာလဲ။ ”

-ဟု မေးမြန်းလိုက်သည်။

လုဟောင်မှ အထိတ်တလန့်နှင့်၊

“ ငါပြောရင်၊ ငါ့ကို အသက် ရှင်ခွင့်ပေးမှာလား။ ”

“ ရွှပ် ... ။ ”

“ အား ... ။ ”

စုရီက စွမ်းအင်အလင်းဖြင့်ပစ်ကာ လုဟောင်ပခုံးကို သွေးထွက်သံယို အပေါက်ကြီး ဖြစ်စေလိုက်၏။ နာကျင်စွာ အော်ဟစ်သံကြီး ညံလာသည်။

“ မင်းမှာ ညှိနှိုင်းခွင့်မရှိဘူး။ ”

စုရီက အေးစက်စွာ ပြောကြားသည်။ ခြိမ်းခြောက်ခြင်း သို့မဟုတ် အကျပ်ကိုင်ခြင်းမျိုး မရှိသော်လည်း လုဟောင်ကို ကြောက်ရွံ့မှုများ ဖြစ်ပေါ်လာစေ၏။

“ ချာကျင်က ... မင်းဆီမှာ အစေခံနေတာကိုသိတော့ ဂိုဏ်းချုပ်က ဒေါသထွက်ပြီး သစ္စာဖေါက်အဖြစ် သတ်မှတ်ခဲ့ပါတယ် အဲဒါကြောင့် ဒီနေ့ ဖြစ်ပျက်ခဲ့တာပါ။ ”

“ တခြားအကြောင်း မရှိဘူးလား။ ”

စုရီက အနည်းငယ် မျက်မှောင်ကြုတ် လိုက်၏။ ချာကျင်သည် သူနှင့် နီးစပ်သူတစ်ဦး ဖြစ်ကြောင်း လစက်ဝန်းဂိုဏ်းမှ သိသော်မှ သတ္တိရှိနေဆဲဖြစ်သည်။ ထိုအချက်သည် ထူးဆန်းနေချေ၏။

သို့မဟုတ် လစက်ဝန်းဂိုဏ်းသည် သူ့နှင့် ရင်မဆိုင်ဝံ့သောကြောင့် ၎င်းတို့၏ဒေါသများကို ဖြေဖျောက်ရန် ချာကျင်အပေါ် အသုံးပြုခဲ့ သည်လည်း ဖြစ်နိုင်မည်။

ထိုသို့ဆိုသော် လစက်ဝန်းဂိုဏ်းသည် အလွန်စိတ်သဘောထား သေးသိမ်ခြင်းမည် ပေ၏။

“ ဒါက ဂိုဏ်းချုပ်ရဲ့ အမိန့်ပဲ၊ ငါက အမိန့်အတိုင်း လုပ်ဆောင်ရတာ ... တခြားဘာမှ မသိပါဘူး။ ”

“ မေ့လိုက်ပါ၊ ငါသွားရင် သိမှာပဲ။ ”

စုရီမှခေါင်းယမ်းပြီး အင်္ကျီလက်များကို ဝှေ့ယမ်းလိုက်ရာ မီးတောက်တစ်ခု လုဟောင် အပေါ် ကျရောက်လောင်ကျွမ်းသွား၏။

အသက်တရှိုက်စာအတွင်း ပြာအဖြစ် လွင့်ပါးသွားချေပြီ။ အော်ဟစ်ရန်ပင် အချိန်မရှိ ခဲ့ချေ။

“ သခင်လေး ... မင်းလစက်ဝန်းဂိုဏ်းကို သွားမလို့လား။ ”

ချာကျင်မှ မေးသည်။ ချာကျင်တစ်ယောက် ယနေ့ကြုံတွေ့ခဲ့ရသော အဖြစ်အပျက်များသည် သူ့ထံဦးတည်နေသည်ဟု စုရီမှ ခံစားမိ၏။

ထို့ကြောင့် ခေါင်းညိတ်လျက်၊

“ သွားကြရအောင် ... ။ ”

-ဟု ပြောကြားလိုက်တော့သည်။

လစက်ဝန်းဂိုဏ်းသည် မဟာဝေ မင်းဆက်အတွက် နံပါတ်တစ် မြင့်မြတ်မြေ ဖြစ်သည်။ ကောင်းကင်နန်းတော် မြို့ကြီးနှင့် မိုင်(၃၀၀)ကျော်ဝေးသော ပျော်ရွှင်ခြင်း တောင်တန်းပေါ်တွင် တည်ရှိ၏။

လက်ရှိခေါင်းဆောင်သည် မူလတာအို အတွင်းပိုင်းသန့်စင်ခြင်း နှောင်းပိုင်းအဆင့်သို့ ရောက်ရှိထားသည်။

၎င်းအမည်မှာ ချူးယွီခိုဟု ခေါ်တွင်ပြီး ဂိုဏ်းချုပ်တာဝန်အပေါ် အနှစ်လေးဆယ်ကြာ အုပ်စိုးခဲ့သည်။

ခံစားချက်များကို မည်သည့်အခါမျှ မပြတတ်သည့် လိမ္မာပါးနပ်သူတစ်ဦး ဖြစ်သဖြင့် မဟာဝေမင်းဆက်တွင် သံမျက်နှာဓားသမား အဖြစ်လည်း လူသိများသည်။

“ ဂိုဏ်းချုပ်ချူး ... စုရီ ကောင်းကင်နန်းတော်မြို့ကို ရောက်နေပါပြီ။ ”

ကြိုးကြာတောင်ထိပ်ရှိ နန်းတော် တစ်လုံးတွင် အတွင်းအကြီးအကဲ လဲ့ချုံးယန်မှ အစီရင်ခံလာသည်။

“ ဆက်ပြောပါ ... ။ ”

သံမျက်နှာဓားသမားက လက်ထဲရှိ ရေနွေးကြမ်းခွက်ကို ချပြီး မေးဆက်ပြလိုက်၏။ သူသည် နက်ပြာရောင်၀တ်စုံဖြင့် ပိန်ပိန်ပါးပါး ဆံပင်ရှည်ရှည်ဖြစ်သည်။

ပေါ့ပေါ့ပါးပါး ထိုင်နေရုံမျှဖြင့် နဂါးတစ်ကောင်အလား ထင်မှားမိစေသည်။

“ အခုပဲ ရှန်းမိသားစုဆီကနေ ထွက်လာနေပါတယ် ... ။ ”

အတွင်းအကြီးအကဲ လဲ့ချုံးယန်မှ ရှန်းမိသားစုတွင် ဖြစ်ပျက်ခဲ့သမျှ အဖြစ်အပျက် များကို သူကိုယ်တိုင်မျက်မြင်တွေ့ခဲ့ရသကဲ့သို့ ပြန်ပြောင်းပြောပြလာ၏။

ထိုသတင်းကို ကြားပြီးနောက် ချူးယွီခိုမှ ပြုံးတော့သည်။

“ ဒါဆို ... ငါတို့ရထားတဲ့ အချက်အလက်တွေက မှန်နေတာပေါ့ ... စုရီက ချာကျင်ကို တကယ်ဂရုစိုက်တာပဲ။ ”

အတွင်းအကြီးအကဲ လဲ့ချုံးယန်က ခေါင်းညိတ်ပြကာ၊

“ မှန်ပါတယ် ... ဒီစုရီဟာ တကယ့်ကို မယုံနိုင်စရာပါပဲ ... တချို့က သူဟာ ခန္ဓာကိုယ် သိမ်းပိုက်ခံထားရသူလို့ ပြောနေကြတယ်၊ ...

... တစ်ချို့ကလည်း ရှေးဟောင်း အမွေအချို့ရထားတယ် ပြောတယ် နောက်ဆုံး သတင်းအရတော့ သူ့ကံကြမ္မာက သူ့အမေဆီ ကနေ လာတယ်လို့လည်း ...

... ဆိုကြပါတယ် ဒါပေမယ့် အခုချိန်ထိ ဘယ်သူမှ ရှင်းရှင်းလင်းလင်း အဖြေ မထုတ်နိုင် ကြသေးပါဘူး။ ”

ချူးယွီခိုမှ မတ်တပ်ထရပ်လိုက်ပြီး၊

“ အကြီးအကဲလဲ့၊ ကျန်တဲ့ အကြီးအကဲတွေဆီကို အကြောင်းကြားပါ ငါ မှာထားတဲ့အတိုင်း ပြင်ဆင်ပါ။ ”

“ နားလည်ပါပြီ ... ။ ”

အတွင်းအကြီးအကဲမှ ခေါင်းညိတ်ကာ ဆုတ်ခွာသွားသည်။

“ ငါးစာကို ဟပ်နေပြီ မဟာအကြီးအကဲနဲ့ သွားတွေ့ဖို့ အချိန်ပဲ။ ”

ထို့နောက်တွင် ချူးယွီခိုတစ်ယောက် ခန်းမထဲက လှမ်းထွက်လာခဲ့သည်။ ဂိုဏ်း၏ အနောက်ဘက်တွင် တားမြစ်နယ်မြေတစ်ခု ရှိချေ၏။

ထိုအရပ်သို့ သူ့ခွင့်ပြုချက်မရှိဘဲ မည်သည့်အကြီးအကဲမှ အနားမကပ်ဝံ့ချေ။ ဝိညာဉ်စွမ်းအင်များ သိပ်သည်းပြီး တောင်တန်း တိတ်ဆိတ်နေ၏။

တောင်တန်းအနောက်ဘက်တွင် ရွှေကြာပန်းများ ပွင့်နေသော အနက်ရောင် ရေကန်ကြီးတစ်ကန်ရှိသည်။

နှလုံးသန့်စင်ခြင်းရေကန် ဖြစ်၏။ စိတ်ဝိညာဉ်ကိုသန့်စင်ကာ အနှောင်အဖွဲ့များမှ ဖြတ်တောက်ပေးသည်။

ရေကန်အနားတွင် လှိုဏ်ဂူတစ်လုံးရှိပြီး ဂူအဝင်ဝ တစ်ဖက်တစ်ချက်စီတွင် အညီအမျှ ထွင်းထုထားသည့် ကျောက်ပြားနှစ်ချပ် စိုက်ထူထားချေ၏။

“ ဆန်တစ်စေ့နောက်မှာ ကမ္ဘာကြီး ပုန်းကွယ်နေတယ်၊ အိုးတစ်လုံးက စကြဝဠာကို ဆူပွက်စေတယ်။ ”

ချူးယွီခိုက ရေကန်ထဲရှိ ယိမ်းနွဲ့နေသော ‌ရွှေကြာပန်းများထံ ဦးစွာ လှမ်းကြည့်လိုက်၏။ ထို့ကြောင့် ဂူဝရှိ ကျောက်ပြားနှစ်ချပ်ပေါ်မှ စာသားများကို ဖတ်ကြည့်သည်။

သည့်နောက် အဝတ်အစားကို သပ်ရပ်စွာ ပြင်ဆင်လျက် လက်သီးဆုပ်နှင့် လက်ဖဝါးတို့ ဖိကပ်ကာ ဦးညွှတ်လိုက်တော့၏။

“ သိုင်းတူလေးချုးယွီခိုက ... ဆရာဦးလေးနဲ့တွေ့ဖို့ လေးစားစွာ တောင်းဆိုပါတယ်။ ”

အချိန်များ တရွေ့ရွေ့ ကုန်လွန်သွား၏။ ချူယွီခိုခမျာ တလေးတစားဖြင့် ငြိမ်သက်စွာ မလှုပ်မယှက် ရပ်နေခဲ့သည်။

“ ချွင် ... ။ ”

နာရီဝက်အကြာတွင် စူးရှသော ဓားမြည်သံတစ်သံ ဂူအတွင်းမှ ထွက်ပေါ်လာ ခဲ့သည်။ ထိုအသံသည် ချူယွီခို၏ ဝိညာဉ်အပေါ် နာကျင်စေပြီး နှလုံးသားကို အေးခဲသွားစေ၏။

“ ကျွီ ... ။ ”

လှိုဏ်ဂူတံခါးကို ပွင့်လာကာ မီးခိုးရောင် အဝတ်အစားဖြင့် စူးရှသော မျက်ဝန်းတစ်စုံနှင့် လူရွယ်တစ်ယောက် လှမ်းထွက်လာသည်။

ဆံပင်ရှည်များကို ချည်နှောင်လျက် ဘယ်လက်တွင် စာအုပ်တစ်အုပ် ကိုင်ထားကာ ညာလက် နောက်ပို့ထား၏။

ထူးခြားသော ဓားပျံတစ်လက်ကို သူ့ဆံထုံးအတွင်း ထိုးထည့်ထားသည်။ ၎င်းသည် စိမ်းပြာရောင် ကျောက်စိမ်းဆံထိုးကဲ့သို့ ကြည်လင်ချောမွေ့နေ၏။

“ မင်္ဂလာပါ ဆရာဦးလေး ... ။ ”

ချူးယွီခိုမှ လေးနက်စွာ နှုတ်ဆက် လိုက်လေသည်။ ဤသည်မှာ မဟာဝေမင်းဆက် ဒဏ္ဍာရီလာ ဓားသမားပေပင်။

(၉)နှစ်သားအရွယ်တွင် ဓားတာအိုကို စတင်လေ့ကျင့်ခဲ့ပြီး အသက် (၁၃)နှစ်အရွယ်၌ ရှန်ရှင်းအဆင့် ​ရောက်ရှိခဲ့၏။

(၁၉)နှစ်သားတွင် မြေကြီးအဆင့် အင်မော်တယ်ဖြစ်လာကာ မဟာ​ဝေမင်းဆက်၌ အသန်မာဆုံး ဓားသမား​ဘွဲ့ကို ရရှိလာသည်။

ထို့ပြင် မဟာဝေ၏ အငယ်ဆုံးသော မြေကြီးအဆင့် အင်မော်တယ်လည်း ဖြစ်ခဲ့၏။ သို့သော် အသက်(၂၄)နှစ်တွင် တံခါးပိတ် ကျင့်ကြံကာ အနှစ်ငါးဆယ်တိုင် လူမြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့သည်။

“ ရောက်လာပြီလား။ ”

ချိုးဟမ့်ခုန်မှ သိမ်မွေ့သောအသွင်ဖြင့် မေးမြန်းလာ၏။ သို့သော် ၎င်းထံမှရောင်ဝါသည် ချူးယွီခိုကို အသက်ရှုရ ခက်ခဲ​သွားစေသည်။

“ ဆရာဦးလေး သတင်းပို့ပါတယ် တစ်နာရီအတွင်း စုရီ​​ရောက်လာပါလိမ့်မယ်။ ”

“ ကောင်းပြီ ... ၊ ငါအခုပဲ သူ့ရဲ့ တိုက်ပွဲမှတ်တမ်းတွေကို ... ဖတ်ရှုခဲ့ပြီးပါပြီ တကယ်လဲ သူက ကြောက်စရာကောင်းတယ် သူ့ကို ငါအနိုင်ယူဖို့ မသေချာဘူး။ ”

ချိုးဟမ့်ခုန်မှ ပေါ့ပေါ့ပါးပါး မှတ်ချက်ပေး ပြောကြားလာခဲ့သည်။ ထိုစကားများကြောင့် ချူးယွီခိုခမျာ အံ့အားသင့်သွားပြီး၊

“ ဆရာဦးလေး ... ၊ မင်းလွန်ခဲ့တဲ့ အနှစ်ငါးဆယ်တုန်းက မူလတာအိုနယ်ပယ်ကို ရောက်ရှိခဲ့ပြီး သက်တံ့နတ်ဆိုး တောင်တန်းကနေ ...

... တုနှိုင်းမရတဲ့ ရှေး​ဟောင်း ဓားအမွေကို ရခဲ့တယ် မဟုတ်လား ... ဒီလိုအခြေအနေမျိုးမှာ စုရီက မင်းရဲ့​​ပြိုင်ဘက် ဖြစ်နိုင်ပါဦးမလား။ ”

ရွှေသက်တံ နတ်ဆိုးတောင်တန်းသည် မဟာဝေမင်းဆက်တွင် နံပါတ်တစ် လျှို့ဝှက် ရတနာမြေအဖြစ် လူသိများ၏။

ချူးယွီခိုအမြင်တွင် အရည်အချင်းနှင့် ကျွမ်းကျင်မှုအရ အနှစ်ငါးဆယ်ကြာ တံခါးပိတ် ကျင့်ကြံပြီးနောက် မယုံနိုင်လောက်စရာ အဆင့်သို့ ရောက်ရှိသွားမည် ဖြစ်သည်။

စုရီ သတ်ပစ်ခဲ့သော အမည်မဲ့ နဂါးများသည်ပင် ဆရာဦးလေးအတွက် ပြိုင်ဘက် မဖြစ်နိုင်တော့ချေ။

“ ကျင့်​ကြံသူ တစ်ယောက် အနေနဲ့ ပြိုင်ဘက်ကို ဘယ်တော့မှ လျှော့မတွက်သင့်ဘူး အထူးသဖြင့် ဒီကလေးစုရီနဲ့ ပတ်သက်ရင် ထူးဆန်းတာတစ်ခု ရှိနေတယ် ...

... သူ့အပေါ် သာမန်လူတွေနဲ့ ယှဉ်ပြီး အကဲဖြတ်လို့မရဘူး ... ငါ့ရဲ့ ဂျူနီယာညီလေး ယွင်ကျန့်ချုံးကြောင့်သာ မဟုတ်ရင် သူနဲ့ငါ ရန်သူ မဖြစ်ချင်ပါဘူး။ ”

ဤသည်မှာ ရိုးရှင်းပြီး အဓိပ္ပါယ်ရှိချေ၏။ သို့သော်ချူးယွီခို အတွက်မူ အနည်းငယ်မျှပင် စိတ်ပျက်စရာ ကောင်းနေခဲ့ချေပြီ။

***

“ ဆန်တစ်စေ့နောက်မှာ ကမ္ဘာကြီး ပုန်းကွယ်နေတယ်၊ အိုးတစ်လုံးက စကြဝဠာကို ဆူပွက်စေတယ်။ ”

အထက်ပါစာသားသည် ကမ္ဘာကြီးရှိ အပြန်အလှန် ဆက်နွယ်မှုများနှင့် စကြာဝဠာ ဖြစ်စဉ်အပေါ် ရည်ညွှန်းချေပြီ။

***

All Chapters