မိုးတိမ်ဓားရည်ရွယ်ချက် ... ။
Vol. 25 Ch. 295
စုရီအဖြစ် ပြန်၍မွေးဖွားပြီးနောက် မြေကြီးအဆင့် အင်မော်တယ် များစွာအပေါ် သတ်ဖြတ်ပစ်ခဲ့သည်။
သို့သော် ယခုအချိန်အထိ သူ့ထံမှ ကျွမ်းကျင်သူအဖြစ် ဖော်ပြနိုင်သည့် တစ်ဦး တစ်ယောက်မျှ မရှိခဲ့ချေ။ ဤလူသည်သာ ပထမဆုံးဖြစ်သည်။
မူလစွမ်းအင်၊ ဝိညာဉ်နှင့် ကျင့်ကြံမှု အားလုံးကို ပြီးပြည့်စုံသည့် အနေအထားသို့ ရောက်ရှိအောင် သန့်စင်ထား၏။
အထူးသဖြင့် တစ်ဖက်လူပြသသည့် ရောင်ဝါသည် သာမန်ထက် သာလွန်ကောင်းမွန် နေချေပြီ။
ဓားရည်ရွယ်ချက် သည်လည်း ကိုယ်ပိုင်နားလည်မှု ဖြစ်ကာ စိတ်ဝိညာဉ်နှင့် ပေါင်းစပ်ထားပြီး စစ်မှန်သောဓားသမားဟု ခေါ်ဆိုနိုင်၏။
“ တိုက်ပွဲစရင် ပေသုံးရာအကွာထိ ပြန်ဆုတ်ပါ ... မဟုတ်ရင် မင်းခံနိုင်မယ် မထင်ဘူး။ ”
စုရီက ချာကျင်ကို လှည့်ပြောသည်။
“ သခင်လေး၊ မင်းလည်း သတိထားရမယ် ... ဒါက လစက်ဝန်းဂိုဏ်းရဲ့ မဟာအကြီးအကဲ ပါပဲ ချိုးဟမ့်ခုန်လို့ ခေါ်တယ် ... သူက ... ”
“ ထပ်ပြောစရာ မလိုပါဘူး ... ငါနားလည်ပါတယ်။ ”
စုရီက ပေါ့ပေါ့ပါးပါး ပြန်ပြောလိုက်သည်။ လွန်ခဲ့သော အနှစ်ငါးဆယ်က တစ်ဖက်လူသည် အတွင်းပိုင်းသန့်စင်ခြင်းတွင် ရှိခဲ့၏။
နှစ်ပေါင်းငါးဆယ် ကြာပြီးသည်တိုင် ထိုအဆင့်တွင်ရှိနေဆဲဖြစ်ကာ တိုးတက်လာခြင်း မရှိချေ။
သို့သော် စုရီမျက်လုံးထဲတွင် ဤလူ၏စွမ်းအားသည် မူလနန်းတော်အဆင့်ရှိ အမည်မဲ့နဂါးခေါင်းဆောင်ထက် ပို၍ ပြင်းထန်ချေ၏။
ဆိုလိုသည်မှာ ဤလူသည် အနှစ်ငါးဆယ်အတွင်း တာအိုအုတ်မြစ်အပေါ် မယုံကြည်နိုင်လောက်အောင် သန့်စင် ထားနိုင်ပုံပေပင်။
လေဟာနယ်အတွင်း ရပ်လျက် ချိုးဟမ့်ခုန်သည်လည်း စုရီကို စစ်ဆေးကြည့် နေခဲ့သည်။ ပြီးနောက် တည်ငြိမ်စွာဖြင့်၊
“ မင်္ဂလာပါ တာအိုစု၊ ငါချိုးဟမ့်ခုန်ပါ။ ”
-ဟု ဆိုလိုက်တော့၏။
တစ်ဆက်တည်းမှာပင် မူလနေရာမှ ပျောက်ကွယ်သွားပြီး လေဟာနယ်အတွင်း ပေတစ်ရာခန့် နိမ့်ဆင်းလာခဲ့သည်။
“ မင်းရဲ့ဓားတာအိုက အာရုံစိုက် ခံထိုက်ပါတယ် ငါစကားတွေ ဖြုန်းတီးတာမျိုး မလုပ်ချင်ဘူး ... ငါ့ဆီက ဆယ်ကြိမ်ခံယူနိုင်ရင် ငါစုရီ မင်းရဲ့ဂိုဏ်းကို ရှင်သန်ဖို့ အခွင့်အရေး ပေးနိုင်ပါတယ်။ ”
စုရီက ပြန်လည်မော့ကြည့်ကာ ပြောကြားလိုက်သည်။ လူတိုင်း အံ့အားသင့် သွားပြီး စုရီထံ ပြန်ကြည့်၏။
“ ဒီကောင် အရမ်းမောက်မာတယ်။ ”
လူတိုင်း ဒေါသ ထွက်လာခဲ့သည်။ ချိုးဟမ့်ခုန်သာလျှင် သိမ်မွေ့စွာ ပြုံးရယ်လျက်၊
“ တာအိုစု ... အခုလို မင်းဆီကနေ အသိအမှတ်ပြုခံရတာ ငါ့ကိုဂုဏ်ယူမိစေတယ် ဒါပေမယ့် ဓားတွေက မျက်လုံး မရှိဘူး၊ ဒါကြောင့် သတိထားပါ။ ”
-ဟု တုန့်ပြန်ပြောကြားလိုက်၏။
နေဝင်ချိန် တိမ်တိုက်များသည် မီးလျှံများကဲ့သို့ တောက်ပကာ ၎င်းအပေါ်သို့ ရောင်ပြန်ဟပ်နေစေသည်။ ထူးခြားသော ကျက်သရေမျိုး ပေးစွမ်း၏။
“ ရွှပ် ... ။ ”
စုရီက အမှောင်နတ်ဓားကို ရှောင်တခင် ထုတ်ယူလိုက်သည်။ ထို့နောက်တွင် သူ့ရောင်ဝါ ချက်ချင်းပြောင်းသွား၏။
ကျောက်စိမ်းရောင် ၀တ်ရုံစများ တဖျပ်ဖျပ်ခတ်ကာ ရပ်တန့်၍ မရနိုင်သော ဆန္ဒတစ်ခု ခန္ဓာကိုယ်မှ ပြေးထွက်လာသည်။
အထက်ကောင်းကင်ယံသည် သူ့ကို ဗဟိုပြုလျက် ပေတစ်ရာပတ်လည်အတွင်း တိမ်တိုက်များ ဖယ်ခွာကုန်၏။
နေရောင်ခြည်များက ကောင်းကင်မှ အမှောင်နတ်ဓားအပေါ် ကျရောက်လာကာ ရောင်ပြန်ဟပ်နေစေသည်။ လူတိုင်း နှလုံးသားများ တုန်လှုပ်ကုန်၏။
“ မင်းဓားကိုဆွဲပါ ... ။ ”
စုရီက တည်ငြိမ်စွာ ပြောလိုက်သည်။
“ ကောင်းပြီ ... ။ ”
ချိုးဟမ့်ခုန်မှ ခေါင်းညိတ်လိုက်ပြီး မီးခိုးရောင်ဝတ်ရုံများ လွင့်ပျံလျက် ထက်ရှသော ဓာရည်ရွယ်ချက် ထွက်ပေါ်လာသည်။
“ ဝှစ် ... ။ ”
သူ့ဆံထုံးတွင် ထောင့်ဖြတ် ထိုးထည့်ထားသော ရွှေဓားကလွင့်ပျံသွားကာ ရင်ဘတ်ရှေ့တွင် ပေါ်လာ၏။
ထို့နောက်တွင် ဓားကိုယ်ထည်မှာ သုံးပေနှင့်သုံးလက်မအထိ ရှည်ထွက်လာသည်။ ချိုးဟမ့်ခုန်မှ ဓားကို လှမ်းဆွဲလိုက်ပြီး၊
“ ဒီဓားကို နွေဦးလို့ခေါ်တယ် ... ငါ့အသက်နှစ်ဆယ့်လေးနှစ် မတိုင်ခင်မှာ ဒီဓားနဲ့ ကမ္ဘာကြီးအနှံ့ ခရီးထွက်ခဲ့တယ် ... မသုံးတာ နှစ်ပေါင်းငါးဆယ်ရှိပြီ ... ကျေးဇူးပြုပြီး တာအိုစု လမ်းညွှန်ပြပါဦး။ ”
တည်ငြိမ် အေးဆေးလွန်းသော အသွင်အပြင်မျိုး ပျောက်ကွယ်သွားကာ သတ်ဖြတ်ခြင်း ရည်ရွယ်ချက်များ ထွက်ပေါ်လာ၏။
နွေဦးဓားသည်လည်း ဒီရေကဲ့သို့ မြည်သံပြုလျက် သတ်ဖြတ်မှုရောင်ဝါများ ဖြာထွက်လာခဲ့သည်။
“ ဒါ ... ငါသိတဲ့ ဆရာဦးလေးပဲ။ ”
ချူးယွီခို၏ နှလုံးခုန်သံများ မြန်လာကာ မျက်ဝန်းများ တောက်ပလာ၏။ ဆရာဦးလေး ထွက်ပေါ်လာခြင်းကြောင့် ဂိုဏ်းတစ်ခုလုံး ရုတ်ရုတ်သဲသဲဖြစ်ကုန်ပြီး လူတိုင်း ထွက်ကြည့်လာကြသည်။
“ ကောင်းပြီ။ ”
စုရီ၏ မျက်လုံးများ တောက်ပလျက် လေထဲလှမ်းတက်ကာ အမှောင်နတ်ဓားဖြင့် ခုတ်ပိုင်းချလိုက်သည်။
ရိုးရှင်းပြီး ပေါ့ပေါ့ပါးပါးမျှသာ ဖြစ်သော်လည်း ချိုးဟမ့်ခုန်အတွက် မျက်ခုံးပင့် သွားစေသည်။ ထိုဓားတွင် ဆန်းကြယ်သော တာအို ကျက်သရေများ ပါရှိနေ၏။
အသက်ပြင်းပြင်းရှူ လိုက်ပြီး နွေးဦးဖြင့် လေထဲခုတ်ချလိုက်သည်။ ဓားစွမ်းအင်များသည် မြူကဲ့သို့ သိပ်သည်းသွားပြီး မီးရှူးမီးပန်းများလို တောက်ပနေ၏။
၎င်းသည် ဓားအလင်းတစ်လက်မျှသာ ဖြစ်သော်လည်း အယူအဆသည် ကဗျာဆန်ပြီး ချစ်စရာကောင်းချေပြီ။ သို့သော် ပြိုင်ဘက်ကင်း သတ်ဖြတ်လိုစိတ်ကို ရောယှက်ထား၏။
လှပလွန်းပြီး အလွန်ကြောက်စရာ ကောင်းသည်။ အဝေးရှိ ချူးယွီခိုမှ ထိတ်လန့် တုန်လှုပ်သွားတော့၏။
ထိုဓားဖြင့် ကိုယ်တိုင်ရင်ဆိုင်ရသကဲ့သို့၊ သွေးသားစွမ်းအင်များ ညှိုးနွမ်းကာ စိတ်ပျက် အားငယ်လာတော့၏။
လူတိုင်း၏ အမြင်တွင် ၎င်းသည် မီးရှူးမီးပန်းများ ပေါက်ကွဲနေသလို ပေပင်။
“ ဝုန်း ... ။ ”
ဓားအလင်း နှစ်လက်ရောယှက်ကုန်၏။ စုရီဓားသည် ဓားမီးပန်းများကို ဖြတ်တောက်ပြီး တုနှိုင်းမရသော သက်တံအလား ဆက်လက် တိုးဝင်သွားသည်။
“ ဟမ့် ... ။ ”
ချိုးဟမ့်ခုန်က တံတောင်ဆစ်ကွေးလျက် ဓားဖြင့်အလျားလိုက် ပိတ်ဆို့လိုက်တော့သည်။ နှစ်ဘက်တိုက်မိပြီး အဖျက်စွမ်းအားလှိုင်းများ ပျံ့ကားကုန်သဖြင့် ချိုးဟမ့်ခုန်တစ်ယောက် တုန်ခါလျက် ဆုတ်ခွာလိုက်ရ၏။
“ ဒါ ... ။ ”
လူအုပ်ကြီး၏ အမူအရာများ အနည်းငယ် ပြောင်းသွားချေပြီ။ တိုက်ပွဲသည် အစမှာပင် မဟာအကြီးအကဲသည် ဆုတ်ခွာလိုက်ရ၏။
ချူယွီကုတစ်ယောက် မျက်ဝန်းများ မှေးစင်းသွားပြီး စုရီထံ လှမ်းကြည့်လိုက်သည်။ အမှန်ပင် ကြောက်စရာ ကောင်းနေ၏။
တစ်ဖက်တွင် ချိုးဟမ့်ခုန်မှ သက်ပြင်းချလိုက်သည်။ ဤလူငယ်သည် ဓားရည်ရွယ်ချက်၊ ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်ကို တစ်သားတည်း ချိတ်ဆက်ထား၏။
“ မင်းရဲ့ ဓားတာအိုအောင်မြင်မှုက အံ့သြစရာပဲ ငါမမှားရင် မင်းဓားရည်ရွယ်ချက်က ကနဦးနက်နဲအဆင့်မှာ ရှိသင့်တယ် ...
... မြူနဲ့မိုးကို ဓားရည်ရွယ်ချက်ထဲမှာ ပေါင်းထည့်ပြီး ဓားချီအဖြစ် သိပ်သည်းစေတာပဲ ကြည့်ရတာ ရှေးဟောင်းအမွေအချို့ကို ဆက်ခံထားပုံရတယ် ...
... မဟုတ်ရင် ဒီရေလို တသွင်သွင် စီးဆင်းနိုင်တဲ့ မူလစွမ်းအင်မျိုး ရရှိထားမှာ မဟုတ်ဘူး။ ”
စုရီထံမှ မှတ်ချက်ကို ကြားပြီးနောက် ချိုးဟမ့်ခုန်၏ မျက်ဝန်းများ မှေးစင်းသွားသည်။
“ တာအိုစု၊ မင်းရဲ့မျက်လုံးတွေက မီးရှူးတိုင်လို ထက်မြက်ပါပေတယ်။ ”
“ ဟား ဟား ဟား ... စိတ်မဆိုးပါနဲ့ ပွင့်ပွင့်လင်းလင်း ပြောရရင် (၅)ကြိမ်အတွင်းမှာ မင်းကျိန်းသေပေါက် ရှုံးလိမ့်မယ်။ ”
စကားဆုံးသည်နှင့် စုရီက သူ့ဓားကို လွှဲလိုက်ပြန်သည်။ ဤဓားသည် ရိုးရှင်းလှကာ လွတ်လပ်ပြီး အထိန်းအကွပ်မရှိချေ။
ဤသည်မှာ အောင်နိုင်ခြင်းဓားသုတ္တန်၏ လေးနက်သော အဓိပ္ပါယ်ကို အလိုအလျောက် အသုံးပြုထားသည်။
လက်ရှိအချိန်တွင် စုရီသည် ဓားဖြစ်၏။ နှလုံးသားတစ်ခုလုံး ပွက်ပွက်ဆူလျက် ထိုဓားကို မောင်းနှင်ပေးနေသည်။
“ ငါ့နှလုံးသားက လွတ်လပ်ခြင်းကို ခံစားရတဲ့အခါ ငါ့ဓားဟာ လေလို လွင့်ပါးသွား နိုင်ပါတယ်။ ”
ဤသည်မှာ ဓားနှလုံးသားကို လိုက်နာခြင်းဖြစ်သည်။ သို့သော် ဤဓားသည် ထိုပုံစံခွက်ကို ချိုးဖြတ်ကာ အထိန်းအကွပ်မဲ့ နေခဲ့၏။
“ အရမ်း ကောင်းတယ်။ ”
တစ်ဖက်တွင် ထိုဓားကို ကြည့်ပြီး ချိုးဟမ့်ခုန်၏ တိုက်ပွဲဝင်ဆန္ဒများ နှိုးထလာ သကဲ့သို့ ပွက်ပွက်ဆူကုန်၏။
“ ဟား ဟား ဟား ... ။ ”
ကျယ်လောင်စွာ ရယ်မောလျက် ဝတ်ရုံစများတဖျပ်ဖျပ်ခတ်ကာ နွေဦးဓားကို လွှဲချလိုက်သည်။ မီးရှူးမီးပန်းများ ပေါက်ကွဲ လိုက်ပါလာ၏။
“ တိမ်မြူတွေနဲ့ မိုးရေတွေက ... ထင်ယောင်ထင်မှားဖြစ်လာပြီး အရာအားလုံးက ဗလာဖြစ်ကုန်တယ်။ ”
ချိုးဟမ့်ခုန်ဓားမှ ကောင်းကင်တခွင် အဆုံးမရှိသော မြူခိုးနှင့်မိုးရေများ သိုင်းဖွဲ့လာစေခဲ့သည်။
ဓားရည်ရွယ်ချက်သည် ကြည်လင် ပြတ်သားပြီး ပေါ့ပါး အသက်ဝင်လှချေ၏။ ကောင်းကင်နှင့် မြေကြီးကြား သတ်ဖြတ်ခြင်း အသွေ့အသက်များ ပြည့်နှက်လာသည်။
“ ဟမ့် ... ။ ”
လေဟာနယ်အတွင်း မြူခိုးများ ဖုံးလွှမ်းလာသဖြင့် စုရီဓားသည် ရပ်တန့်ခြင်း မရှိသေးသော်လည်း အရှိန်အဟုန်မှာ ရုတ်တရက် နှေးကွေးသွား၏။
“ ဘောင်း ... ဘောင်း ... ဘောင်း ... ။ ”
ထို့နောက် များမကြာခင်မှာပင် စုရီဓားအလင်းအပေါ် မိုးရေစက်များထိမှန်ကာ အပေါက်များနှင့် ပြည့်နှက်လာခဲ့သည်။
ဤမြင်ကွင်းကြောင့် ချိုးဟမ့်ခုန် ဓားချက်သည် မည်မျှ ဆန်းကြယ်လှသည်ကို မြင်နိုင်ချေ၏။ သို့သော် စုရီသည် ၎င်းရလာဒ် အပေါ် အလေးအနက် မထားချေ။
ဓားကိုင်လျက် ရှေ့သို့ ဆက်တိုးသွား ပြန်သည်။ ရွေ့လျားနေစဉ် ဓားရောင်ဝါများက တဖြည်းဖြည်း မြင့်တက်လာပြီး မျက်ဝန်း၌ အလင်းများ တောက်ပလာ၏။
ရှားရှားပါးပါး ဓားသမား ပြိုင်ဘက် တစ်ယောက်ဖြင့် ဆုံတွေ့ရခြင်းမျိုး ဖြစ်ချေပြီ။ ထို့ကြောင့် ပျင်းရိခြင်းများ ပျောက်ကွယ်လျက် တိုက်ပွဲဝင်ဆန္ဒများ နိုးကြားလာ၏။
“ တတိယ လှုပ်ရှားမှု ... ။ ”
စုရီက လေထဲဓားဖြင့် ခွဲချလိုက်သည်။ ဓားရည်ရွယ်ချက်သည် မြစ်ကဲ့သို့ ကောင်းကင်မှ ဆင်းသက်လာ၏။
ကြည်လင်ပြီး၊ ခမ်းနားကာ အကန့်အသတ်မဲ့ချေပြီ။ ထိုဓားကို ဖော်ပြရန် စကားလုံးများပင် ပျောက်ဆုံးသွား၏။
“ ဘယ်လောက်တောင် အစွမ်းထက်လိုက်တဲ့ ဓားလဲ။ ”
ချိုးဟမ့်ခုန်မှ မတွန့်ဆုတ်ဝံ့တော့ဘဲ နတ်တောင်ကို ခုတ်လှဲရန် ပုဆိန်လွှဲနေသော နတ်ဘုရားကဲ့သို့ ဓားရိုးကို လက်နှစ်ဘက်ဖြင့် ဆုပ်ကိုင်ခုတ်ချလိုက်ရသည်။
မြူနှင့်မိုးရေများကဲ့သို့ သိပ်သည်းလွန်းနေသော ဓားရည်ရွယ်ချက်သည် ရုတ်တရက် ပြင်းထန်လာ၏။ တောင်နှင့် မြစ်ပင် တုန်ယင်သွားတော့သည်။
“ ဝုန်း ... ။ ”
ဓားအလင်းနှစ်လက် တိုက်မိသွားပြန်၏။ ပေတစ်ထောင်အတွင်း ဓားရည်ရွယ်ချက်များနှင့် ပြည့်နှက်သွားကာ ဟာရီကိန်းမုန်တိုင်းသင့်ကဲ့သို့ အပျက်အစီးများ ဖြစ်ပေါ်လာသည်။
“ ငါသာ ဒီလိုဓားနဲ့ ရင်ဆိုင်ရရင် ချွင်းချက်မရှိ သေလိမ့်မယ် ... ။ ”
ချူးယွီခိုတစ်ယောက် ချွေးများဖြင့် ဖုံးလွှမ်းလာ၏။ အတွင်းပိုင်း သန့်စင်ခြင်းအဆင့် ဂိုဏ်းချုပ်တစ်ယောက်အနေဖြင့် အမှန်ပင် ကူကယ်ရာမဲ့သွားချေပြီ။
ဂိုဏ်းအတွင်း အာမေဋိတ်သံများနှင့် ထိတ်လန့်နေသော လူများစွာကို မြင်နိုင်သည်။ အဖျက်စွမ်းအားမှာ ပြင်းထန်လွန်း၏။
ချာကျင်သည်လည်း နှလုံးခုန်နှုန်း တိုး၍မြန်လာ၏။ ကျောက်စိမ်းမြို့တော် တိုက်ပွဲ အပေါ် မြင်ခွင့်မရခဲ့သဖြင့် လက်ရှိတိုက်ပွဲမှာ သူမအတွက် မှင်သပ်စရာပေပင်။
“ ဖျပ် ဖျပ် ဖျပ် ... ။ ”
လူးလိမ့်လွင့်ပျံနေသော မြူများနှင့် ဖုန်မှုန့်များကြား မဟာဝေ၏ ပြိုင်ဘက်ကင်း ဓားသမား ချိုးဟမ့်ခုန်တစ်ယောက် ခြေလှမ်း သုံးလှမ်း ပြန်ဆုတ်သွားခဲ့ရသည်ကို မယုံနိုင်ဖွယ်မြင်လိုက်ရတော့၏။
***