ကိုက်ရှီနှင့် တစ်ဖန် တိုက်ခိုက်ခြင်း
Vol. 016 Ch. 1558
လေထဲတွင် ရီဖူရှင်း၏ လက်ထဲမှ ဓားက သွေးများ စွန်းထင်းနေပြီး သူက ကောင်းကင်မှ ပြုတ်ကျလာသည့် ပုံရိပ်ကို ကြည့်၏။ ဤတိုက်ခိုက်မှုက ပြင်းထန်ရုံသာမက ဝိညာဉ်ကိုလည်း ထိခိုက်စေနိုင်သည့် စွမ်းအားများ ပါဝင်နေရာ တစ်ဖက်လူမှာ လွတ်မြောက်ရန် မလွယ်ကူပေ။
ယခု များပြားလှသည့် တန်ခိုးရှင်များက တစ်ညီတစ်ညွတ်တည်း လာရောက်၍ သူ့ကို တိုက်ခိုက်လုယက်လိုကြရာ သူကလည်း သက်ညှာနေစရာ အကြောင်းမရှိပေ။
သူက လက်ဝှေ့ယမ်းကာ ထိုသူ၏ နတ်လက်နက်ကို ယူဆောင်သိမ်းဆည်းလိုက်သည်။
ပြင်းထန်သော လမ်းစဉ်ဖိအားက နေရာတစ်ခုလုံးကို ဖုံးလွှမ်းနေသော်လည်း မည်သူကမှ အရဲကိုးကာ ထပ်မလှုပ်ရှားရဲကြပေ။ သူတို့အားလုံး ရီဖူရှင်း၏ဓားကို ကြောက်ကြပေသည်။
ဓားက လေထဲမှ ဖြတ်သန်းသွားသည်နှင့် တပြိုင်နက် ပြန်လည်မွေးဖွားခြင်းအဆင့်မှ တစ်စုံတစ်ယောက်၏ လည်ပင်း ပြတ်တောက်သွားခဲ့၏။
“သေချင်တဲ့လူ ရှေ့ကို တက်ခဲ့” ရီဖူရှင်းက ဓားကို လက်တစ်ဖက်တွင် ကိုင်ဆောင်ထားလျှက် ရှေ့သို့ လျှောက်လာကာ ပြောလိုက်သည်။ ထိုအခိုက်တွင် သူ၏ဓားသည် လောကတစ်ခုလုံးနှင့် ဆက်နွယ်သွား၏။
ထိုအဖြစ်ကက လူအများအပြားကို ထိတ်လန့်စေသည်။ ဓားသမားများသည် သူတို့၏ ဓားများနှင့် စွမ်းအားတို့က တစ်ဘက်လူ၏လက်တွင်းသို့ ကျရောက်သွားသည့်အလား ခံစားကြရ၏။
“ရှန်ကျင်း.. နတ်ဘုရားနန်းတော် လမ်းစဉ်သက်သေပြခြင်းနယ်မြေခရီးမှာ လူတိုင်းက နတ်ဘုရားနန်းတော်ရဲ့ ကောင်းချီးကို လိုချင်လို့ လမ်းစဉ်သစ်သီးရဖို့ ယှဉ်ပြိုင်ကြတယ်။ အင်အားစုတွေက လူတွေအားလုံး ဒီအခွင့်အရေးကို မျှဝေယူကြရပေမယ့် မင်းက သစ်သီးတွေအားလုံးကို မင်းအတွက် လုယူသွားခဲ့သည်။ မင်းက တစ်ကိုယ်ကောင်းဆန်ပြီး တခြားဘယ်သူ့အတွက်မှ မတွေးခဲ့ဘူး”
အေးစက်သည့် အသံတစ်ခု ထွက်ပေါ်လာသည်။ ပြောလိုက်သူမှာ ကိုက်ရှီဖြစ်၏။ သူသည် လေထဲသို့ ပျံတက်လာခဲ့ပြီး သူ့ခန္ဓာကိုယ်မှ ရွှေရောင်နတ်အလင်းများက ဖြန့်ကျက်ကျဆင်းလာခဲ့သည်။
ရီဖူရှင်း၏ ဓားက အားလုံးသော တန်ခိုးရှင်များကို ဟန့်တားခြိမ်းခြောက်ထားပြီး မည်သူမှ ရှေ့သို့ လာရဲခြင်းမရှိပေ။ ထို့ကြောင့်ပင် သူက ကိုယ်တိုင် ထွက်လာခဲ့ခြင်း ဖြစ်ပေမည်။
သို့သော် အမှန်တွင် သူ လှုပ်ရှားလာခြင်းမှာ လမ်းစဉ်သစ်သီးကို လိုချင်ရုံမျှ ရိုးရှင်းခြင်းမရှိပေ။
ကိုက်ရှီ၏ စကားလုံးများကို ကြားပြီးနောက် လူအများသည် မကောင်းသော အမြင်များ ဖြစ်လာခဲ့ကြ၏။ ရီဖူရှင်းသည် အမှန်ပင် ဆိုးသွမ်း၏။ သူသည် လမ်းစဉ်သစ်သီးများကို လုယူခဲ့၏။ သူက နတ်ဘုရားနန်းတော်ရှိ လမ်းစဉ်သက်သေပြခြင်းနယ်မြေမှ အကျိုးအမြတ်များ အားလုံးကို သိမ်းယူသွားခဲ့ပေသည်။ ဤကား အလွန် တစ်ကိုယ်ကောင်းဆန်သည့် လုပ်ရပ်ဖြစ်ပြီး အခြားသူများအတွက် မျှတခြင်းမရှိပေ။
ရီဖူရှင်းက ကောင်းကင်သို့ မော့ကြည့်လိုက်ပြီးမှ သူ၏ ထက်ရှသော မျက်လုံးများ အေးစက်လာခဲ့ကာ ခပ်ထေ့ထေ့ ပြောလိုက်သည် “ရယ်စရာပဲ။ ကျုပ် မဟုတ်ရင်လည်း တခြားလူတွေက သစ်သီးတွေ ရနိုင်မှာတဲ့လား။ အဲဒီတုန်းက သိမြင်နားလည်ခြင်းသစ်ပင် ကို ဘယ်သူပိုင်ခဲ့တယ်ဆိုတာ မမေ့နဲ့။ မင်းတို့ထဲက ဘယ်သူများ အဲဒီကို ခြေချနိုင်ခဲ့လဲ။ ကျုပ် သိမြင်နားလည်ခြင်းသစ်ပင် ကို တစ်ယောက်တည်း ပိုင်ဆိုင်ဖို့ လုပ်တဲ့အချိန် ဘယ်သူကများ ကျုပ်ကို တားဆီးနိုင်ခဲ့လဲ”
“ကိုက်ရှီ.. မင်းက တိုက်ခိုက်ချင်တယ်ဆိုရင်လည်း တိုက်လိုက်လေ။ တခြားလူတွေကိုပါ မင်းနဲ့ အတူသေဖို့ ဆွဲဆောင်မနေနဲ့။ အဲဒါက မင်းနဲ့ မင်းရဲ့ ပြည်ထောင်ကို သိက္ခာကျစေတဲ့ လုပ်ရပ်ပဲ”
ရီဖူရှင်းက ထေ့ငေါ့ ပြောဆိုလိုက်သည်။ သူက ရွှေရောင်နတ်ပြည်ထောင်၏ ဂုဏ်သတင်းနှင့် ကိုက်ရှီ၏ အမှန်တကယ် ထူးချွန်လှသော ပါရမီကို သိရှိခဲ့သည်။ သို့သော် သူ၏ အပြုအမူက အတော်လေး မနှစ်မြို့ဖွယ် ကောင်း၏။
လီနတ်ဓားကလန်မှ ဓားသမား လီတောက်စီနှင့် နှိုင်းယှဉ်လျှင် လီတောက်စီက ပို၍ ဖြောင့်မတ်ပြီး မည်သည့် ဟန်ဆောင်မှုမှ မရှိပေ။
“မင်းက တိုက်ခိုက်ချင်နေမှတော့ ကျုပ်ကလည်း အဖော်ပြုပေးရမှာပေါ့”
ကိုက်ရှီက ကျယ်လောင်စွာ ပြောလိုက်သည်။ သူ၏ အသံက လေဟာနယ်ကို တုန်ခါသွားစေ၏။ သူ၏ အသံ ထွက်ပေါ်လာသည့်အခါ ရွှေရောင်နတ်အလင်းတို့က ကောင်းကင်မှ ကျဆင်းလာပြီး များစွာသော ရွှေရောင်လှံများအဖြစ် ပြောင်းလဲသွားကာ သတ်ဖြတ်ရန် တစ်ဟုန်ထိုး ဆင်းသက်လာသည်။ ပြင်းထန်သည့် နတ်စွမ်းအားက ကျဆင်းလာပြီး ကြီးမားသည့် ရွှေရောင် မျက်နှာများက ကောင်းကင်တွင် ပေါ်ပေါက်လာသည်။ ကောင်းကင်တွင် ရှေးဟောင်း ရွှေရောင်နတ်ဘုရားတို့၏ အငွေ့အသက်တို့ ခပ်ရေးရေး လွှမ်းခြုံလာ၏။
ပြင်းထန်သည့် လမ်းစဉ်စွမ်းအားက ရီဖူရှင်းထံ ကျရောက်လွှမ်းခြုံလာသည်။ ကိုက်ရှီက ရွှေရောင်လှံ နတ်လက်နက်ကို ထုတ်ယူလိုက်၏။ ထိုလက်နက်အတွင်းမှ ထွက်ပေါ်လာသော နတ်အလင်းသည် အထက်ကောင်းကင်ကိုပင် ချိုးဖျက်နိုင်တော့မယောင် ထင်မှတ်ရသည်။ ၎င်းမှ ထွက်ပေါ်နေသည့် ရွှေရောင်တောက်ပမှုက မြင်ရသူများ၏ မျက်လုံးတို့ကိုပင် နာကျင်လာစေ၏။
ထိုအချိန်၌ ကိုက်ရှီသည် ရွှေရောင်နတ်လှံ၏ အရှိန်အဝါအောက်တွင် ရောက်ရှိနေပြီး ရွှေရောင်ချပ်ဝတ်ဖြင့် လွှမ်းခြုံခံထားရသကဲ့သို့ပင် ဖြစ်သည်။ သူကား စစ်နတ်ဘုရားတစ်ပါးနှင့် အသွင်တူပေသည်။ သူ၏ ခန္ဓာကိုယ်မှ အဝတ်များက တောက်ပနေပြီး အားကောင်းသည့် ရွှေရောင်အလင်းတို့က ဝင်းလဲ့နေသည်။
“ဒီနတ်လက်နက်က ဘယ်လောက် အားကောင်းလိုက်သလဲ”
လူအများသည် သူတို့၏ လက်များကို မြှောက်ကာ မျက်လုံးပေါ်၌ ကွယ်ထားလိုက်သည်။ သူတို့က မိုင်ရာချီကာ ကွာဝေးနေသော်လည်း လင်းရှောင်မြို့မှ လူများသည် သူတို့၏ မျက်လုံးများကို ထိုနတ်လက်နက်မှ နတ်အလင်းတို့ဖြင့် ထိုးဖောက်ခံနေရသကဲ့သို့ ခံစားနေရ၏။ ထိုစွမ်းအားများတွင် ကြောက်မက်ဖွယ် နက်နဲသည့် လမ်းစဉ်စွမ်းအားများ ပါဝင်နေသည်။
ကောင်းကင်နှင့် မြေကြီးအကြားတွင် ရွှေရောင်နတ်အလင်းက စီးဆင်းနေပြီး လှံထိပ်၌ စုစည်းလာသည်။
ရွှေရောင်နတ်လှံက ရွှေရောင်နတ်အလင်းတို့ဖြင့် လောင်ကျွမ်းနေသည်ဟု ထင်မှတ်ရပေသည်။
ရီဖူရှင်းက မျက်မှောင်ကြုတ်လိုက်သည်။ ရွှေရောင်နတ်ပြည်ထောင်၏ စွမ်းအားက မည်သို့သော အင်အားစုဖြစ်သနည်း။ သူတို့သည် အထက်ကောင်းကင်ဘုံတွင် အစွမ်းထက်ဆုံး အင်အားစုတစ်ခု ဖြစ်ပြီး ထိပ်သီးအင်အားစု သုံးခုအတွင်း ကျိန်းသေ ဝင်ပေသည်။ နတ်ဘုရားနန်းတော်၏ အပြင်ဘက်တွင် ရွှေရောင်နတ်ပြည်ထောင်ကို တိုက်ခိုက် ဖျက်ဆီးနိုင်သည်ဟု ပြောရဲသည့် အင်အားစုမရှိပေ။ ရွှေရောင်နတ်ပြည်ထောင်သည် သူတို့၏ အတော်ဆုံး မျိုးဆက်ဖြစ်သော ကိုက်ရှီကို အကောင်းဆုံးသော လက်နက်ပေးထားခြင်းမှာ သဘာဝကျသော ကိစ္စဖြစ်ပေသည်။
“နှစ်အစတုန်းက ကျုပ်ဟာ ထိုက်ရွှမ်တောင်က အရှင်ထိုက်ရွှမ်ဆီ သွားလည်ခဲ့တယ်။ ဒါကြောင့် ကျုပ်က ထိုက်ရွှမ်တောင်ကလူကို အနိုင်ကျင့်လိုစိတ်မရှိဘူး။ မင်းသာ လောဘတကြီးမဖြစ်ခဲ့ဘဲ လမ်းစဉ်သစ်သီးတွေကို အညီအမျှ ခွဲဝေပေးမယ်ဆိုရင် ကျုပ် မင်းကို ခွင့်လွှတ်ပေးမယ်။” ကိုက်ရှီက ပြောလိုက်သည်။ သူက သူ့ကိုယ်သူ အမှန်တရား ဘက်တော်သားသဖွယ် ဤကိစ္စအတွက် တရားမျှတမှုရှာဖွေပေးသူအဖြစ် ပြုမူနေသည်။
“အရှုံးသမားတစ်ယောက်က ဘယ်အချိန်ကစပြီး ဒီလောက် မောက်မာသွားတာလဲ”
ရီဖူရှင်းက သရော်လိုက်သည်။ သူ၏ စကားကို ကြားသည့်အခါ ကိုက်ရှီက နတ်လှံကို မြှောက်လိုက်၏။ နတ်အလင်းတို့က လေထုကို ထိုးဖောက်သွားခဲ့ကာ သူက အေးစက်စွာ ပြောလိုက်သည်။ “မင်းက ခေါင်းမာနေမှတော့ နတ်ဘုရားတွေရဲ့ စွမ်းအားကို ကိုယ်စားပြုတဲ့ နတ်ဘုရားလှံက မင်းရဲ့ အပြစ်တွေကို ဆေးကြောပေးလိမ့်မယ်”
သူ၏ အသံက တည်ငြိမ်နေပြီး နတ်ဘုရားအစစ်တစ်ပါးသဖွယ် ထင်မှတ်ရ၏။ ကောင်းကင်ထက်တွင် များပြားလှသည့် နတ်ဘုရားပုံရိပ်များက သက်ပြင်းချလိုက်ကြသည်။ ချက်ချင်းပင် ပြင်းထန်သည့်ဖိအားသည် ပျံ့နှံ့ကျဆင်းလာ၏။ ထိုကဲ့သို့ ပြိုင်ဘက်ကင်း စွမ်းအားမျိုးကို ရန်ဟောင်အဆင့်ပင်လျှင် ယှဉ်နိုင်စွမ်းရှိမည် မဟုတ်ပေ။ ရီဖူရှင်း၏ အနီးတွင် ရှိနေသည့် ပြန်လည်မွေးဖွားခြင်းအဆင့် ထိပ်သီးပုဂ္ဂိုလ်များသည်ပင် ထိတ်လန့်တုန်လှုပ်သွားကြသည်။
ထိုအချိန်၌ ကိုက်ရှီသည် အလွန် ကြောက်မက်ဖွယ်ကောင်း၏။
နတ်ဘုရား၏ လှံက ကောင်းကင်ကို ကိုယ်စားပြုကာ နတ်အလင်းတို့က အပြစ်အားလုံးကို ဆေးကြောသန့်စင်ပစ်လိမ့်မည်။
ကိုက်ရှီ၏ လက်ထဲမှ နတ်လှံသည် နတ်အလင်းတို့ ပေါက်ကွဲထွက်လာကာ ရီဖူရှင်းထံသို့ တိုးဝင်လာသည်။ နတ်ဘုရားတို့၏ သက်ပြင်းချသံနှင့်အတူ အားလုံးသော နတ်အလင်းတို့က ကောင်းကင်နှင့် မြေကြီးကို ထိုးဖောက်ပျံ့နှံ့သွားခဲ့၏။ ၎င်းတို့က တစ်ချိန်တည်းတွင် ကျဆင်းလာပြီး ကောင်းကင်ကို ဖုံးလွှမ်းကာ နေကို ပိတ်ကွယ်ထားလိုက်သည်။ ယင်းတို့သည် ချက်ချင်းပင် ရီဖူရှင်း၏ ခန္ဓာကိုယ်ဆီသို့ ရိုက်ခတ်လာ၏။
ကောင်းကင်တွင် ဓားအော်မြည်သံများ ထွက်ပေါ်လာပြီး လောက၏ အဆုံးမဲ့ ဓားစွမ်းအားများက ပေါင်းစည်းကာ သတ်ဖြတ်ခြင်း ဓားတစ်လက်အဖြစ် ပြောင်းလဲသွားခဲ့၍ လေထုကို ထိုးဖောက်သွားသည်။ ၎င်းတို့က နတ်အလင်းတို့နှင့် ထိပ်တိုက်တွေ့ဆုံခဲ့ပြီး စွမ်းအားနှစ်ခုလုံး ပျက်စီးကြေမွသွားခဲ့သည်။ လေထဲတွင် ကြောက်မက်ဖွယ် ပျက်စီးခြင်းမုန်တိုင်းတစ်ခု ထွက်ပေါ်လာပြီး အဆုံးမဲ့ ရွှေရောင်အလင်းများက အောက်သို့ ကျဆင်းလာသည်။ ရီဖူရှင်းသည် အားကောင်းသည့် ဖိနှိပ်ခြင်း စွမ်းအားကို ခံစားမိကာ ထိုရွှေရောင်နတ်အလင်းတို့က မကုန်ခမ်းနိုင်သကဲ့သို့ ဆက်တိုက်ကျဆင်းလာပြီး သူ့ကို ဖိနှိပ်လာသည်။
ပို၍ ကြောက်မက်ဖွယ် ကောင်းသည်က ကိုက်ရှီသည် လေထုကို ထိုးခွင်း၍ နတ်လှံနှင့်အတူ ရောက်ရှိလာပြီး ရီဖူရှင်းကို ပြင်းထန်စွာ ဖိအားပေး၏။
ရွှေရောင်နတ်အလင်းများနှင့် လွှမ်းခြုံထားသည့် တောက်ပနေသော ပုံရိပ်ကို ကြည့်လိုက်ပြီး ရီဖူရှင်းသည် ကိုက်ရှီက သူ့ကို အမှန်တကယ် သတ်လိုနေကြောင်း တပ်အပ်သိလိုက်သည်။ သူ၏ အကြောက်တရားမရှိ ဝံ့ရဲသော ယုံကြည်ချက်က ရွှေရောင်နတ်ပြည်ထောင်၏ စွမ်းအားမှ လာခြင်းဖြစ်သည်။
လေထုသည် ရွှေရောင်နတ်လှံဖြင့် ထိုးခွင်းခံရသောကြောင့် မဟာလမ်းစဉ်လမ်းကြောင်းပင် ပွင့်ဟလာသည်ဟု ထင်မှတ်ရသည်။ ရီဖူရှင်းသည် မဟာလမ်းစဉ် ဓားမြစ်စီးဆင်းမှုကို ထိန်းချုပ်ထားသော်လည်း အရာအားလုံးသည် အမြစ်ဖြတ်ဖြိုဖျက် ခံလိုက်ရသလို ထင်မှတ်ရ၏။ သူက သူက နတ်လှံ၏ စွမ်းအားကို တားဆီးနိုင်စွမ်းမရှိပေ။ ကိုက်ရှီပင်လျှင် ထိုမျှ များပြားလွန်းသည့် စွမ်းအားတို့ကို ကောင်းစွာ ထိန်းချုပ်နိုင်ခြင်းမရှိပေ။ ရန်ဟောင်အဆင့် အထွတ်အထိပ် နတ်လက်နက်က အလွန် ကြောက်မက်ဖွယ် ကောင်းလှပေသည်။
နတ်ဘုရားတို့၏ လှံအောက်တွင် အရာအားလုံးက အမှုန့်ဖြစ်သည့်တိုင် ဖျက်ဆီးခံလိုက်ရသည်။ ခဏချင်းအတွင်းပင် ၎င်းက ရီဖူရှင်းပေါ်သို့ ကျရောက်လာပြီ ဖြစ်သည်။
လူအများသည် တိုက်ပွဲကို ဆက်လက်ကြည့်ရှုရန် သူတို့ မျက်လုံးများ စူးရှနာကျင်မှုကို သည်းခံနေကြရ၏။ ဤတိုက်ခိုက်မှုတွင် ထိုက်ရွှမ်တောင်မှ အစွမ်းထက်ဓားသမားသည် သုတ်သင်ခံလိုက်ရမည်လား။
ဘန်း…
အသံတစ်ခု ထွက်ပေါ်လာပြီး အလင်းတစ်ခု ပေါက်ကွဲထွက်လာကာ ကောင်းကင်နှင့် မြေကြီးက အက်ကွဲသွား၏။အလင်းသည် ပတ်ဝန်းကျင်တစ်ခွင်လုံးကို ပျံ့နှံ့လွှမ်းခြုံသွားကာ မဟာလမ်းစဉ် အလင်းလွှာအဖြစ် ပြောင်းလဲသွားသည်။
လူအများက ထိုနေရာကို မျက်တောင်မခတ်တမ်း ငေးစိုက်ကြည့်နေကြ၏။ ရွှေရောင်နတ်အလင်းများက ရီဖူရှင်း၏ ခန္ဓာကိုယ်ကို ဖြတ်ကာ ထိုးဖောက်မသွားခဲ့ပေ။ ရီဖူရှင်း၏ အနီးတွင် အင်အားကြီးမား၍ မြင့်မြတ်သန့်စင်သော နတ်ဆင်ကြီး ပေါ်ပေါက်လာခဲ့၏။ ထိုနေရာမှ ပေါက်ကွဲသည့် အသံတစ်ခု ထွက်ပေါ်လာ၏။
ထိုအချိန်တွင် မဟာလမ်းစဉ်က ပြိုကျပျက်စီးသွားသည်ဟု ထင်မှတ်ရသည်။ နတ်ဆင်၏ အော်မြည်သံက ကောင်းကင်နှင့် မြေကြီးအကြား ပဲ့တင်ထပ်လာခဲ့၏။
မြင့်မားထည်ဝါသည့် နတ်ဆင်သည် နတ်မိစ္ဆာတစ်ပါးကဲ့သို့ တည်ရှိနေခဲ့သည်။ မကုန်ခမ်းနိုင်သော နတ်မိစ္ဆာစွမ်းအားများက ကောင်းကင်ကို ဖြတ်ကာ တောက်တောက်ပပ စီးဆင်းနေသည်။ ရီဖူရှင်း၏ ခန္ဓာကိုယ်တစ်ခုလုံးက တောက်ပနေပြီး အထွတ်အထိပ်ဆင်အင်ပါယာ၏ အရိုးက နတ်ဆင်သက်စောင့်ဝိညာဉ်အတွင်း ပေါင်းစပ်ထားသည့်အတွက် သက်စောင့်ဝိညာဉ် တိုက်ပွဲသဏ္ဌာန်တွင် ကြောက်မက်ဖွယ် နတ်ဆိုးအင်ပါယာ၏ စွမ်းအားများ ပါဝင်နေ၏။
အစွမ်းထက်ဆုံး ရန်ဟောင်အဆင့် နတ်လက်နက်နှင့် ကိုက်ရှီ၏ တိုက်ခိုက်မှုက သူ့ကို နတ်ဆင်၏ စွမ်းအားကို ဖော်ထုတ်ရန် ဖိအားပေးနိုင်ပေသည်။ ကိုက်ရှီကိုယ်တိုင်က အထက်ကောင်းကင်ဘုံ၏ ထိပ်သီးပါရမီရှင်တစ်ဦး ဖြစ်၏။ ထို့ကြောင့် ရွှေရောင်နတ်ပြည်ထောင်၏ မဟာနတ်လက်နက်နှင့် တွဲဖက်လိုက်သည့်အခါ မည်မျှ အစွမ်းထက်လိုက်ပါမည်နည်း။ ရန်ဟောင်အဆင့်အောက်မှ မည်သူ့ကိုမဆို သတ်ဖြတ်နိုင်စွမ်းရှိလေသည်။
ထို့ကြောင့် ရီဖူရှင်းသည် တစ်ဖက်လူ၏ နတ်လက်နက်မှ သတ်ဖြတ်ခြင်း စွမ်းအားတို့ကို ဟန့်တားနိုင်ရန် နတ်ဆင်အင်ပါယာ၏ အထွတ်အထိပ် အရိုးစွမ်းအားကို ဆင့်ခေါ်ရုံသာ တတ်နိုင်ပေသည်။
မွန်းကြပ်ဖွယ် ပြင်းထန်သည့် ဖိအားက ကောင်းကင်ကို လွှမ်းခြုံလာပြီး လူအများ၏ မရေတွက်နိုင်သော မျက်လုံးများက တိုက်ပွဲကွင်းပြင်ကို စိုက်ကြည့်ရင်း မျက်တောင်ခတ်ရန်ပင် မေ့လျော့နေကြသည်။
“အဲဒါက ဘာလဲ”
“သက်စောင့်ဝိညာဉ်။ နတ်ဆင်သက်စောင့်ဝိညာဉ်။” ရှန်ကျင်းက ထိုက်ရွှမ်တောင်မှ ဓားသမား မဟုတ်သည်လား။
သူ၏ သက်စောင့်ဝိညာဉ်က ဓားဝိညာဉ်ထက် ပိုနေပုံရလေသည်။ သို့သော် အရေးကြီးသည့်အချက်မှာ သူသည် ဓားချည်းသက်သက်နှင့် တန်ပြန်တိုက်စစ်မဆင်ခဲ့ဘဲ နတ်ဆင်သက်စောင့်ဝိညာဉ်အား ဆင့်ခေါ်လိုက်ခြင်းပင် ဖြစ်သည်။ ဤသက်စောင့်ဝိညာဉ်တွင် နတ်ဆိုးအင်ပါယာ၏ စွမ်းအားများ ပေါင်းစပ်ပါဝင်နေသည်ဟု ထင်မှတ်ရကာ ပြိုင်ဘက်ကင်း ခုခံကာကွယ်မှုစွမ်းအားကို ထုတ်ဖော်နိုင်ပြီး နတ်လှံ၏ တိုက်ခိုက်မှုကို ပိတ်ဆို့တားဆီးနိုင်ပေသည်။
“ဒါက နတ်ဆင်ရဲ့ စွမ်းအားပဲ။ ကျုပ် ကြားဖူးတာတော့ ကောင်းကင်အာဏာစက်ဘုံမှာ နတ်ဆိုးတွေရဲ့ နယ်မြေရှိတယ်တဲ့။ အဲဒီနေရာမှာ နတ်ဆင်ကလန် နေထိုင်ကြတယ်။ ဘယ်လောက်တောင် ကြောက်စရာကောင်းတဲ့ စွမ်းရည်လဲ”
ကြည့်ရှုနေသူများ အကြားမှ တချို့က သတင်းအချက်အလက်များ ရရှိမှု ကောင်းမွန်ကြသည်။ သူတို့၏ မျက်နှာထက်တွင် အံ့အားသင့်သည့် အကြည့်တို့ ဖြစ်ပေါ်လာသည်။ ရှန်ကျင်းက ကောင်းကင်အာဏာစက်ဘုံမှ ဖြစ်လေမလား။
“နတ်ဆင်” ကိုက်ရှီက ရီဖူရှင်းကို ကြည့်လိုက်သည်။ သူ၏ မျက်လုံးများက စူးရှသွား၏။ သူက မေးလိုက်သည်။ “မင်း ဘယ်သူလဲ”
လေထဲ၌ နတ်ဆင်တို့၏ ခြေဆောင့်နင်းကာ အော်မြည်သံက မဟာလမ်းစဉ်၏ အသံနှင့်ဆင်တူ၏။ ကောင်းကင်သည် ဤထည်ဝါသည့် အသံများအောက်တွင် ပြိုကျပျက်စီးလာသည်ဟု ထင်မှတ်ရသည်။
ဘန်း…
ကျယ်လောင်သည့် အသံနှင့် နတ်ဆင်သည် ကောင်းကင်သို့ ခြေချလာပြီး အသံလှိုင်းတို့ဖြင့် ကိုက်ရှီ၏ ခန္ဓာကိုယ်ကို တွန်းကန်လိုက်သည်။ ရီဖူရှင်းသည် လက်သီးကို မြှောက်ကာ ပစ်ထိုးလိုက်၏။ ဤကား နတ်ဆင်လေဟာနယ်ခွဲလက်သီး ဖြစ်ပေသည်။
ကြီးမားသည့် နတ်ဆင်အရိပ်များက ကောင်းကင်ကို နင်းဖြတ်လာသည်။ လက်သီး၏ အရှိန်အဝါက လေဟာနယ်ကို ဖိနှိပ်လာခဲ့ချိန်တွင် ကိုက်ရှီ၏ ခန္ဓာကိုယ်ပေါ်မှ နတ်အလင်းများက ဆက်လက်၍ တောက်ပနေခဲ့သည်။ သူ့လက်ထဲမှ နတ်လှံကို ဝှေ့ယမ်းလိုက်လျှင် မရေတွက်နိုင်သည့် နတ်လှံများက နတ်ဆင်စွမ်းအား လက်သီးအရှိန်အဝါတို့ဖြင့် ထိပ်တိုက်တွေ့ဆုံခဲ့သည်။ သူတို့ နှစ်ယောက်ကြားမှ တိုက်ပွဲကြောင့် မြည်ဟီးသံများ အဆက်မပြတ် ထွက်ပေါ်လာ၏။
“အရမ်းအစွမ်းထက်တာပဲ”
လူတိုင်း၏ နှလုံးသားများက တုန်ယင်နေသည်။ ကိုက်ရှီသည် နတ်ဘုရားပူဆွေးခြင်း စွမ်းအားကို ထုတ်လွှတ်ကာ ထိုအစွမ်းထက် နတ်လက်နက်ကို အသုံးပြုလျှင်ပင် လွှမ်းမိုးထားနိုင်ခြင်း မရှိသေးပေ။ ရီဖူရှင်းက အဆက်မပြတ်တိုက်ခိုက်နေစဉ်၌ သူက တန်ပြန်ခုခံရုံသာ တတ်နိုင်သည်။ ထိုတိုက်ပွဲစွမ်းရည်က ကျိန်းသေ ပြန်လည်မွေးဖွားခြင်း အထွတ်အထိပ်အဆင့်၌ ရှိပေသည်။ ထိုသို့သော ခွန်အားမျိုးကို အချို့သူများသာ ပိုင်ဆိုင်နိုင်သည်။
သူတို့နှစ်ယောက်က လူချင်းခွဲသွားခဲ့သည်။ ရီဖူရှင်းက အေးစက်သည့် အမူအရာနှင့် ရှိနေပြီး ကိုက်ရှီ၏ ရွှေရောင်မျက်လုံးများက သူ့ကို သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် ကြည့်နေခဲ့သည်။ “ကြည့်ရတာ မင်းမှာ တခြားလျှို့ဝှက်ချက် ရှိနေတယ် ထင်တယ်။ ဒီလိုဆိုရင် နတ်ဘုရားနန်းတော်ရဲ့ အမွေအနှစ်နဲ့ လမ်းစဉ်သစ်သီးတွေက ကျိန်းသေ မင်း မယူသင့်တဲ့ အရာတွေပဲ။”
သူက ပြောလိုက်ပြီးနောက် ရှိနေသည့် သူများကို ဝေ့ဝဲကြည့်ကာ မေးလိုက်သည်။ “မင်းတို့က ဘာစောင့်နေကြတာလဲ”
***