← Chapters

ဉာဏ်အလင်းပေးခြင်း ... ။

Vol. 25 Ch. 298

ဉာဏ်အလင်းပေးခြင်း ... ။

Vol. 25 Ch. 298

“ ရှုံးသွားတာလား ... ။ ”

လစက်ဝန်းဂိုဏ်းချုပ်သည် မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ တဆက်ဆက် တုန်ယင်သွား၏။ လက်ဖဝါးနှင့် ခြေဖျားများ အေးစက်သွားချေပြီ။

သူ့အမြင်တွင် ဆရာဦးလေးသည် ပြိုင်ဘက်ကင်းသော တည်ရှိမှု ဖြစ်ချေသည်။ ဓားတာအို အောင်မြင်မှုများသည် အဆင့်သစ်၌ရှိနေ၏။

တားမြစ်မြေတွင် အနှစ်ငါးဆယ်တိုင် မဟာတာအိုအုတ်မြစ် အပေါ် သန့်စင်ပြီးနောက် လူငယ်တစ်ယောက်ထံတွင် ရှုံးနိမ့်ခဲ့သည်။

“ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ”

လူတိုင်း မှင်သပ်ကုန်၏။ တိုက်ခိုက်မှု ဆယ်ကြိမ်အတွင်း မရှုံးသရွေ့ လစက်ဝန်းဂိုဏ်း အပေါ် ရှင်သန်ခွင့်ပေးမည်ဟု ဆိုချိန်၌ အားလုံး လှောင်ပြောင် ရယ်မောလိုကြသည်။

သို့သော် မဟာအကြီးအကဲသည် ဆယ်ကြိမ်မြောက်ဓားအပေါ် ပိတ်ဆို့နိုင်ခြင်း မရှိချေ။ ဤသည်မှာ နာကျည်းစရာ ပေပင်။

“ သခင်ငယ်လေး နိုင်ပြီ။ ”

ချာကျင်၏ လှပသော မျက်လုံးများတွင် စိတ်လှုပ်ရှားမှုများဖြင့် တောက်ပလာ၏။ သူမ ပုခုံးပေါ်ရှိ လေးထံလှသော ဝန်ကြီးတစ်ခု ရုတ်သိမ်းသွားသလို ခံစားရသည်။

ဤတိုက်ပွဲသည် ဓားတာအိုကြား ထိပ်တိုက်တွေ့မှု ဖြစ်၏။ ကောင်းကင်ကြီး မှောင်လာချေပြီ။ ယင်းသည် ချိုးဟမ့်ခုန်၏ နေဝင်ချိန်လည်း ဖြစ်နေ၏။

“ ဓားသမားဆိုတဲ့ ခေါင်းစဉ်နဲ့ တကယ် ထိုက်တန်ပါတယ်။ ”

စကားဆုံးသည်နှင့် လည်မျိုအတွင်း စိုက်ဝင်နေသောဓားမှာ ပျက်ပြယ်ပျောက်ကွယ် သွားချေပြီ။ သို့မှသာ ချိုးဟမ့်ခုန်တစ်ယောက် အသက်ဝဝရှူဝံ့ချေ၏။

သူ့မျက်လုံးများသည် ရှုပ်ထွေးနေကာ ထိုအကြောင်းပြချက်သည် သူ့အသက်ကို နှမျော ပေးရန် ထိုက်တန်သည်လောဟု တွေးမိ၏။

“ တာအိုစု၊ မင်းရဲ့သဘောထား ကြီးမြတ်မှုက ငါ့ကို အရှက်ရစေပါတယ်။ ”

အဆုံးတွင် ချိုးဟမ့်ခုန်မှ အသက်ပြင်းပြင်းရှူလိုက်ပြီး အရိုအသေပေးကာ ပြောကြားလိုက်သည်။ ထို့နောက် ချက်ချင်း ခေါင်းပြန်မော့လျက်၊

“ ဒါပေမယ့်၊ ငါက လစက်ဝန်းဂိုဏ်းရဲ့ မဟာအကြီးအကဲ တစ်ယောက်ပဲ ... ဒါကိုတော့ မင်းနားလည်သင့်ပါတယ် ငါဒူးထောက်မှာ မဟုတ်ဘူး။ ”

ဤသည်မှာ ရဲရင့်သော စကားပေပင်။ သေခြင်းတရားအပေါ် မကြောက်မရွံ တောင်းဆို နေခြင်း ဖြစ်၏။

“ ဆရာဦးလေး ... ။ ”

ထိုစကားကြောင့် ချူးယွင်ကုတစ်ယောက် တုန်လှုပ်သွားပြီး သူ့မျက်နှာတွင် ဝမ်းနည်းမှုနှင့် နောင်တများစွာ ပြည့်နှက်လာသည်။

“ ငါကြောင့် ... ဆရာဦးလေးနဲ့ ငါ့ဂိုဏ်းကိုပါ ဆွဲခေါ်နေမိပြီ။ ”

လူတိုင်း၏ နှလုံးသားများသည်လည်း ခံစားချက်များဖြင့် တုန်ရင်သွားကာ ဝိညာဉ်များ နစ်မြုပ်ကုန်တော့သည်။

မဟာအကြီးအကဲ ချိုးဟမ့်ခုန်သည် အသက်ပေးပြီး တိုက်ပွဲဝင်လိုသော်မှ စုရီ၏ ပြိုင်ဘက် မဖြစ်နိုင်ကြောင်း နားလည်၏။

လက်ရှိ အခြေအနေများအရ လစက်ဝန်းဂိုဏ်းကို ကမ္ဘာပေါ်မှ ပျောက်ကွယ် သွားစေရန် စုရီအတွက် လွယ်ကူနေသည်။

“ ဟမ့် ... ။ ”

ထိုအချိန်တွင် စုရီမျက်ဝန်းများသည် လျှပ်စီးကဲ့သို့ တောက်ပလာပြီး ချူးယွင်ခိုထံ လှမ်းကြည့်လိုက်တော့၏။

“ မင်းဟာ ဂိုဏ်းချုပ် မဟုတ်လား ... ဒါဆိုလက်စားချေဖို့ ဘာလို့ကိုယ်တိုင် မကြိုးစား ကြည့်ရတာလဲ ငါ့ဝန်းကျင်က လူတွေအပေါ် ပစ်မှတ်ထားနေတာ အရှက်မဲ့လွန်းတယ်။ ”

စုရီစကားကြောင့် ချူးယွင်ခိုခမျာ မျက်အမူအရာ ပြောင်းသွားပြီး တုန့်ပြန်ရန် ပြင်လိုက်စဉ်၊

“ မင်းထွက်လာပြီး ... ငါ့ဓားကို ခံယူနိုင်သရွေ့တော့ လစက်ဝန်းဂိုဏ်းအပေါ် ရှင်သန်ခွင့်ပေးမယ်။ ”

-ဟု စုရီမှ ပြောကြားလာ၏။

ချိုးဟမ့်ခုန်၏ မျက်ဝန်းများ ကျဉ်းမြောင်းသွားချေပြီ။ စုရီမည်မျှကြောက်စရာ ကောင်းကြောင်း သူ သိထား၏။

ချူးယွင်ခိုသည် တိုက်ခိုက်မှု တစ်ကြိမ်တည်းပင် တားဆီးရန် မစွမ်းမည်ကို စိုးမိနေသည်။

“ တာအိုစု ... ။ ”

ထို့ကြောင့် ဟန့်တားရန် ပြင်လိုက်စဉ် ချူးယွင်ခိုမှ ခေါင်းခါရမ်းလျက်၊

“ ဆရာဦးလေး ... ငါ့ကိုထားလိုက်ပါ။ ”

-ဟု ပြောကြားလိုက်ပြီး လေထဲ ခုန်တက်သွားတော့သည်။

“ ငါက လစက်ဝန်းဂိုဏ်းရဲ့ ဂိုဏ်းချုပ် ချူးယွင်ခိုပဲ တာအိုစု ... ကျေးဇူးပြုပြီး လမ်းညွှန် ပေးပါ။ ”

သူ့အသံသည် လေဟာနယ်အတွင်း ပဲ့တင်ထပ်သွားသည်။ စုရီထံမှ လက်စားချေမှုကို အပြည့်အ၀ယူရန် ဆုံးဖြတ်ထားချေ၏။

စုရီမှ အချိန်ဖြုန်းတီးခြင်း မရှိချေ။ အမှောင်နတ်ဓားနှင့် ချက်ချင်း ခုတ်ချလိုက် တော့သည်။ ရိုးရှင်းချေ၏။

“ ရွှပ် ... ။ ”

ပေတစ်ရာခန့် ရှည်လျားသော ဓားအလင်းသည် နဂါးကြီးတစ်ကောင်ကဲ့သို့ လေထုအလယ် လူးလွန်းသွားသည်။

ဓားရောင်ဝါသည် အနီးပတ်ဝန်းကျင်ရှိ တောင်တန်းများနှင့် မြစ်များအပေါ် အုပ်မိုးပြီး လေထုကို ငိုကြွေး‌စေ၏။

ချိုးဟမ့်ခုန်မှ အသင့်စောင့်နေပြီး ချူးယွင်ခိုကို ကယ်ထုတ်ရန် ပြင်ဆင်ထား၏။ သို့သော် သူ့စိတ်ဝိညာဉ်သည် ဘက်ပေါင်းစုံမှ တိုက်ခိုက်ခြင်းခံရကာ မလှုပ်နိုင်ခဲ့ချေ။

ထိုဓားချက်အောက်တွင် သူ့ကဲ့သို့သော ပိုးကောင်တစ်ကောင်သည် ခိုကိုးရာမဲ့နေကာ စိတ်ပျက်အားငယ်လာ၏။

“ ဘန်း ... ။ ”

သို့တိုင် နှုတ်ခမ်းကိုကိုက်လိုက်ကာ သွေးနှင့်ချီများ လောင်ကျွမ်းစေလျက် လေထဲ လှမ်းတက်ကာ တားဆီးရန် ကြိုးစားခဲ့၏။ ချက်ချင်းပင် ပြန်လည်တွန်းထုတ်ခြင်း ခံလိုက်ရသည်။

ဓားအလင်း ရောင်ဝါစွမ်းအားသည် သူ့ကို အနည်းငယ်မျှပင် ဝင်ခွင့်မပြုချေ။ ပစ်မှတ်ထံ ဆက်လက် တိုးဝင်သွားခဲ့သည်။

ကြောက်မက်ဖွယ် ကောင်းသော ဓားတန်ခိုးကြောင့် ချူးယွင်ခိုခမျာ တုန်လှုပ်စွာ ရပ်ကြည့်နေမိ၏။ ပြန်လည် ခုံခံရန်ပင် အခွင့်အရေး မရှိခဲ့ချေ။

“ ရွှပ် ... ။ ”

သို့သော် ဓားအလင်းသည် ဦးခေါင်းနှင့် သုံးလက်မအကွာမှ ဖြတ်သန်းကာ ဆံနွယ်များ ဖွေးခနဲ ပြတ်ကျကုန်၏။

အကျိုးဆက်အနေဖြင့် ချူးယွင်ခိုခမျာ အဝတ်အစားများ စုတ်ပြဲလျက် ခန္ဓာကိုယ်အနှံ့ အရိုးနှင့်အရွတ်များ ပြတ်တောက်ကုန်ကာ နာကျင်လွန်းသဖြင့် မျက်နှာရှုံ့မဲ့သွား၏။

“ ငါ ... ။ ”

တစ်ကိုယ်လုံး ချွေးများဖြင့် ဖုံးလွှမ်းနေပြီး အိပ်မက်မှ နိုးထလာသကဲ့သို့ ပါးစပ်ဖွင့်ဟကာ စကားပြောရန် ပြင်သည်။

ဤဓားသည် ထက်ရှလွန်း၏။ အစောပိုင်း တိုက်ခိုက်မှုများနှင့် နှိုင်းယှဉ်ပါက အဆင့်သစ်၌ ရှိနေသည်။ မြင်ရုံမျှဖြင့် သွေးပျက်မိ၏။

“ ဝှစ် ... ။ ”

ဓားအလင်းသည် ပစ်မှတ်ကို မတွေ့တော့သဖြင့် အဆုံးတွင် လေထုအလယ် ပျက်ပြယ်သွားချေပြီ။ သို့မှသာ ချိုးဟမ့်ခုန်က သက်ပြင်းချနိုင်၏။

“ ကျေးဇူးတင်ပါတယ် တာအိုစု။ ”

“ ဒီတိုက်ခိုက်မှုကို မင်းအတွက် ငါရည်ရွယ်ပြီး ဖန်တီးထားတာ တကယ်လို့သာ စောစောက မင်းရှေ့တိုးမလာခဲ့ရင် ချူးယွင်ခို သေပြီ။ ”

ချိုးဟမ့်ခုန်တစ်ယောက် တုန်လှုပ် သွားလေသည်။ စုရီဓားသည် စမ်းသပ်မှုတစ်ခု ဖြစ်ချေ၏။

ချူးယွင်ခိုသည် သူ့လုပ်ရပ်၏ အကျိုးဆက်များကို ပေးဆပ်လိုခြင်း ရှိ၊ မရှိ ဦးစွာ စမ်းသပ်သည်။ တစ်ဆက်တည်းမှာပင် သူ့ကိုလည်း စမ်းသပ်ခဲ့၏။

အကြောက်တရားဖြင့် ကူညီရန် မကြိုးစားခဲ့သော် အကျိုးဆက်သည် ချူးယွင်ခို အတွက် သေခြင်းသာ ဖြစ်သည်။

“ နောက်ဆုံးတော့ တာအိုစုနဲ့ ယှဉ်ရင်၊ ဓားတာအိုမှာ ... ငါရဲ့အောင်မြင်မှုတွေက လမင်း ရှေ့က ပိုးစုန်းကြူးပါပဲ။ ”

ချိုးဟမ့်ခုန်မှ သက်ပြင်းချကာ ဝန်ခံလိုက်သည်။ တစ်ဖက်လူသည် သူ့အပေါ် များစွာ ထိန်းထားခဲ့သည်။ မဟုတ်သော် နောက်ဆုံး ဓားတစ်ချက်တည်းဖြင့် အနိုင်ယူနိုင်၏။

“ မဟာကျိုးမှာ ဉာဏ်ပညာဂိုဏ်းကို ငါတည်ထောင်ထားတယ် .. မင်းရဲ့ဓားတာအိုမှာ ပိတ်ဆို့မှုတွေ ကြုံလာရင် ...

... အချိန်မရွေး လာနိုင်ပါတယ် ... ဒီနေ့ဒီမှာပြီးပြီ၊ ချာကျင် သွားရအောင် ... ဒီလို တောကြီးထဲမှာ ငါတစ်ည မအိပ်နိုင်ဘူး။ ”

စုရီမှပျင်းရိလာပြီး အမှောင်နတ်ဓားကို သိမ်းဆည်းလျက် အမှောင်ထဲသို့ တဖြည်းဖြည်း ဝင်ရောက် ပျောက်ကွယ်သွားတော့သည်။ မမှောင်ခင် အိမ်ပြန်ရောက်လို၏။

ချူးယွင်ခိုက စုရီတို့ထွက်သွားသည်ကို တိတ်ဆိတ်စွာ ကြည့်နေခဲ့၏။ တစ်ဖက်လူသည် လစက်ဝန်း ဂိုဏ်းအပေါ် လွယ်လွယ်ကူကူဖြင့် လွှတ်ထားခဲ့ချေပြီ။ မယုံကြည်နိုင်စရာပေပင်။

“ ဟမ့် ... ။ ”

ထိုအချိန်တွင် တိတ်ဆိတ်နေသော ချိုးဟမ့်ခုန်တစ်ယောက် မျက်ဝန်းများ ချက်ချင်း လင်းလာပြီး စုရီထွက်သွားရာထံ ဝမ်းသာအားရ ဦးညွှတ်လိုက်လေသည်။

“ တာအိုမိတ်ဆွေ၊ ငါ့ရဲ့ပိတ်ဆို့မှုကို ချိုးဖြတ်ဖို့ကူညီပေးခဲ့တာ ကျေးဇူးတင်ပါတယ် ငါချိုးဟမ့်ခုန် ဒီကျေးဇူးကို မမေ့ပါဘူး။ ”

သူ့အသံမှာ အဖျားခတ် တုန်ယင်နေ၏။ အစောပိုင်းအချိန်၌ သတိမထားမိခဲ့သော်လည်း တည်ငြိမ်သွားချိန်၌ စဉ်းစားမိလာခဲ့သည်။

ပို၍တွေးနိုင်လေလေ၊ ပို၍ လေးနက်ပုံပေါက်လေလေပင်။ မကြုံစဖူးသော ခံစားချက်မျိုးဖြစ်သည်။

“ ခရစ် ... ။ ”

အဆုံးတွင် သူသည် မမြင်နိုင်သော အတားအဆီးတစ်ခုကို ချိုးဖျက်လိုက်သကဲ့သို့ ကျင့်ကြံမှု လှုပ်ခါသွားတော့သည်။

“ ဒါ ... ။ ”

ဆိုလိုသည်မှာ စုရီဓားသည် သူတို့အပေါ် စမ်းသပ်မှုတစ်ခုမျှသာ မဟုတ်ချေ။ ထိုထက်ပို၍ နက်နဲချေပြီ။ သေခြင်းကို ကြောက်ရွံ့ခြင်းမရှိဘဲ ဝင်ရောက်စွက်ဖက်ခြင်းဖြင့် ဉာဏ်အလင်းကို ရရှိခဲ့ခြင်းသာဖြစ်သည်။

“ ဆရာဦးလေး ... မင်းရဲ့ဓားတာအိုမှာ အောင်မြင်မှု ရသွားတာလား။ ”

ရုတ်တရက် ရောင်ဝါများ လင်းလက် လှုပ်ခတ်လာသည်ကို ချူးယွင်ခိုက သတိထားမိ သွားသည်။ ချိုးဟမ့်ခုန်မှ ချက်ချင်းမဖြေနိုင်ဘဲ စိတ်လှုပ်ရှားနေခဲ့၏။ များမကြာမီ၊

“ တာအိုစုက ငယ်ရွယ်ပေမယ့် ... မဟာတာအိုအုတ်မြစ်မှာ ကြီးကျယ်ခမ်းနားမှုနဲ့ ပြည့်လျှံနေတယ် ငါတို့ရဲ့စွမ်းရည်က သူ့ရှေ့မှာ ညည်းတွားဖို့တောင် မလုံလောက်ဘူး။ ”

-ဟု ဝန်ခံစကား ပြောကြားလိုက်သည်။

“ ဒါပေမယ့် … သူက ငါ့ဆရာကို သတ်ခဲ့တယ်။ ”

ချူးယွင်ခိုမှ လက်မခံလိုဟန်ဖြင့် ခါးသီးစွာပြောကြားလာ၏။

“ ဒါဆို ... မင်းဆရာက မဟာကျိုးကို ဘာသွားလုပ်တာလဲ။ ”

ချိုးဟမ့်ခုန်မှ ဆတ်ခနဲ ပြန်ကြည့်ပြီး မေးသည်။ ချက်ချင်း တိတ်ဆိတ်သွားတော့၏။ ယွင်ကျန့်ချုံးသည် စုရီကံကြမ္မာကို ပစ်မှတ်ထား ခဲ့ကြောင်း ချူးယွင်ခိုအသိဆုံး ဖြစ်ချေပြီ။

“ ဒီကိစ္စ ဒီမှာပဲ အဆုံးသတ်မယ်။ ”

ချိုးဟမ့်ခုန်မှ ဆက်မမေးတော့ချေ။ ယင်းအစား အမိန့်ကို တိုက်ရိုက် ကြေငြာလိုက် တော့သည်။

“ နားလည်ပါပြီ ... ။ ”

အမှန်တရားသည် ရက်စက်လှချေ၏။ လစက်ဝန်းဂိုဏ်းဟူသည် တစ်ဖက်လူ‌၏ ရန်သူ ဖြစ်ရန်ပင် အရည်အချင်း မပြည့်မီချေ။

ထိုသတင်းသည် မဟာဝေ၊ မဟာကျိုး အပါအဝင် ရှန်းမိသားစုထံသို့ ညတွင်းချင်းပင် ရောက်ရှိသွားတော့သည်။

ရှန်းမိသားစု ခေါင်းဆောင်ခမျာ နှစ်ပေါင်းများစွာ ကုန်လွန်သွားသကဲ့သို့ အသက် အရွယ် ချက်ချင်းအိုမင်းလာပြီး ကုလားထိုင်ပေါ် မောပန်းစွာ ပြိုကျသွားခဲ့၏။ နှလုံးသားတစ်ခုလုံး နောင်တများဖြင့် ပြည့်လျှံသွားချေပြီ။

***

All Chapters