အနက်ဝတ်နဲ့ လူကို သိတာလား
Vol. 120 Ch. 1800
သို့သော် ထိုအခိုက်အတန့်၌ လင်းရီသည် အခြား မည်သည့်အရာကိုမျှ အရေးစိုက်နေရန် အာရုံရှိမနေဘဲ ကျိုးလျန်ထံသို့ အားကုန်ထုတ်၍ ချက်ချင်း ပြေးသွားပြီး ၎င်း၏ ဒဏ်ရာအား စစ်ဆေးကြည့်လိုက်သည်။
“ နောက်ထပ် နည်းနည်းပဲ တောင့်ခံ … အဆင်ပြေသွားမှာ … ငါ ရှိနေရင် မင်း သေချာပေါက် အဆင်ပြေတယ်…”
လင်းရီ၏ ခန္ဓာကိုယ်မှာ တဆတ်ဆတ် တုန်ယင်နေသည်။ သွေးထွက်နေသည့် အနာက ကျိုးလျန်၏ အထိခိုက် မခံသည့် နာ့ဗ်ကြောများအား ထက်ရှသည့် ဓားတစ်စင်းကဲ့သို့ ဖြတ်တောက်သွားခဲ့ပြီး ၎င်း၏ စကားလုံးများပင် မသဲမကွဲ ဖြစ်လာသည်။
“ ခေါင်း .. ခေါင်းဆောင် ……”
ကျိုးလျန် ပြတ်တောင်း ပြတ်တောင်း ဖြစ်စွာ စကားပြောလာခဲ့သည်။ သူ၏ စိတ်အခြေအနေမှာ အစကတည်းက ကောင်းမွန်မနေဘဲ ဤမျှ ဆိုးရွားစွာ ထိခိုက်ထားသည့် ဒဏ်ရာနှင့် သူ၏ အသိစိတ်တို့မှာ အတော်လေး ဝေဝါး နေချေပြီ။
“ ကျုပ် … ခင်များကို … စိတ်ပျက်စေမိပြီ… ကျုပ် … ကျုပ် မကာကွယ်လိုက်နိုင်ဘူး …”
“ ငါ မင်းကို အပြစ်မတင်ဘူး .. ငါမင်းကို အပြစ်မတင်ဘူး … ငါ့အမှားပဲ … “
ကျိုးလျန်အား လက်နှစ်ဖက်ဖြင့် သယ်လိုက်ရင်း လင်းရီ၏ မျက်လုံးတို့မှာ ရဲရဲနီနေသည်။ “ ငါရှိနေရင် မင်း သေချာပေါက် အဆင်ပြေတယ်… မင်းခြေထောက်ကို ကယ်လို့ ရသေးတယ်… မင်း ငါ့ကို ယုံမှရမယ်…”
“ ခေါင်း … ဆောင် … သွား .. တော့ … ကျုပ်ကို စိတ်မပူနဲ့ ….”
“ မင်း သေချင်တယ်ဆို နှစ်ယောက်လုံး ဒီမှာ အတူသေမယ်… မင်းတစ်ယောက်တည်း မချန်ထားခဲ့နိုင်ဘူး …”
ကျိုးလျန်ကို ကားထဲသို့ ခေါ်ဆောင်လာခဲ့သည်။ ကီလိုမီတာ ၄၀ ကျော်အောင် မောင်းနှင်ပြီးနောက် မြို့ငယ်လေး တစ်မြို့အား လင်းရီ မြင်တွေ့လိုက်ရ၏။
မြို့က ကြီးမားခြင်း မရှိသလို နာမည်ကိုလည်း လင်းရီမသိပေ။ စန်တာ ကလယ်ရာ၏ သုံးပုံတစ်ပုံပင် ရှိမနေချေ။ သို့သော် လင်းရီအဖို့ ဤနေရာအား ရှာတွေ့သည်က ကောင်းကင်ဘုံမှ ကောင်းချီးပေးလိုက်ခြင်းပင်။
အဘယ်ကြောင့်ဆိုသော် သူ ဖြစ်ချင်သည့် ဆန္ဒက ထွက်ပြေးလွတ်မြောက်ဖို့ မဟုတ်ဘဲ ဆေးရုံတစ်ခုအား ရှာဖွေရန်ပင် ဖြစ်သည်။
မြို့ထဲသို့ ကားမောင်းလာခဲ့ပြီးနောက် လင်းရီသည် ပုဂ္ဂလိက ဆေးရုံတစ်ခုအား ရှာတွေ့သွားခဲ့သည်။ သေးငယ်သော်လည်း ဒဏ်ရာကုသဖို့တော့ လုံလောက်၏။
ကားအား အလျင်အမြန် ရပ်တန့်၍ သတိလစ်နေသည့် ကျိုးလျန်ကို ကားထံမှ ထုတ်လိုက်သည်။ ထို့နောက် ဆေးရုံထဲသို့ ချက်ချင်း ပြေးဝင်သွားခဲ့၏။
မြို့ငယ်လေး၏ ဧရိယာမှာ အလွန်ကို အကန့်အသတ်နှင့် ဖြစ်သဖြင့် မြို့ကြီးပြကြီးများ၏ ကြက်ပျံမကျ စည်းကားမှုများကို ယခုနေရာ၌ မြင်တွေ့နိုင်ခြင်း မရှိပေ။ မနက် ခုနစ်နာရီကျော် အချိန် ဖြစ်သော်လည်း လမ်းဘေးဝဲယာရှိ ဆိုင်များက ပိတ်ထားဆဲ ဖြစ်ကာ မည်သူကမှ အိပ်ရာ မထကြသေးချေ။
ဆေးရုံသည်လည်း ခြွင်းချက်မရှိပေ။
ထွေထူး ဂရုစိုက်မနေဘဲ လင်းရီသည် တံခါးအား ကန်ကျောက်၍ ဆေးရုံတံခါးကို ဖွင့်လိုက်သည်။ တံခါးဝရှိ ဆူညံသံများကို ကြားတော့ အပေါ်ထပ်တွင် မနက်စာစားနေသည့် သက်လတ်ပိုင်း စုံတွဲမှာ အောက်သို့ ပြေးဆင်းလာသည်။ လက်မောင်းထဲ၌ တစ်စုံတစ်ယောက်ကို သယ်ပြီး ပြေးဝင်လာနေသည့် လင်းရီကို မြင်တော့ သူတို့နှစ်ယောက်လုံး ရှော့ခ်ရသွားခဲ့ကြ၏။
“ သူ့ခြေထောက်က ဘာဖြစ်တာလဲ … “
ဒေါက်တာမှ အတော်လေး တာဝန်သိသည့် လူပုဂ္ဂိုလ် တစ်ယောက်ဖြစ်ပြီး လင်းရီအား တွက်ချက်မနေဘဲ ထိုအစား ဒဏ်ရာရထားသည့် ကျိုးလျန်၏ အခြေအနေကို မေးမြန်းစုံစမ်းလိုက်၏။
“ ဒါ ခင်များ ကိစ္စ မဟုတ်ဘူး … ဒီမှာရှိတဲ့ ဆေးကိရိယာတွေ အကုန် ကျုပ်ဆီ ယူလာခဲ့ …”
သက်လတ်ပိုင်း ဒေါက်တာမှာ ကြက်သေသေသွားခဲ့၏။ ဆရာဝန်တစ်ယောက်အတွက် ထိုသို့ ပြုလုပ်သည်က လက်သင့် မခံနိုင်စရာပင်။
သို့သော် ကြမ်းကြုတ်သည့် မျက်နှာထားဖြင့် ဖြစ်နေသည့် လင်းရီမှာ သူ့အား တုံပြန်ရန်ပင် အခွင့်အရေးမပေးဘဲ တစ်စုံတစ်ယောက်အား အရှင်လတ်လတ် အရေခွံနွှာချင်နေသည့် ပုံစံ ဖြစ်နေခဲ့သည်။
“ မြန်မြန် … သေချင်နေတာလား …”
သက်လတ်ပိုင်း ဒေါက်တာမှာ ကြောက်လန့်သွားခဲ့ပြီး စိတ်ထဲတွင် ထိတ်ထိတ်ပျာပျာ ဖြစ်သွားခဲ့၏။ နှစ်ယောက်အား ခွဲစိတ်ခန်းထဲသို့ ချက်ချင်း ခေါ်ဆောင်သွားလိုက်လေသည်။
နေရာက သေးသော်လည်း လိုအပ်သည့် အရာများအားလုံးတော့ စုံလင်စွာ ရှိသည်။
သေငးယ်သည့် မြို့လေးအတွင်းရှိ ပုဂ္ဂလိက ဆေးရုံများအနက် တစ်ခုဖြစ်သည့်အလျောက် ဆေးပစ္စည်းကိရိယာတို့က အဆင့်မမြင့်သော်လည်း အခြေခံအကျဆုံး ခွဲစိတ်ကိရိယာ တန်ဆာပလာတို့မှာတော့ လုံလောက်စွာ ရှိသည်။
လင်းရီသည် ကျိုးလျန်အား ခွဲစိတ်ကုတင်ပေါ်သို့ တင်လိုက်ပြီး ၎င်း၏ ပခုံးအား ပုတ်၍ ပြောလိုက်၏။
“ ငါ ဒီမှာ ရှိတယ်… မင်း ဘာမှ မပူနဲ့ … ငါက ကမ္ဘာပေါ်မှာ အတော်ဆုံး ခွဲစိတ်ဆရာဝန်ပဲ … မင်း ခြေထောက်ကို သေချာပေါက် ကယ်ပေးနိုင်တယ်… မကြောက်နဲ့ …”
ကျိုးလျန် ပြုံးလိုက်သည်။
“ သေမှာတောင် မကြောက်တာ ခြေထောက်လေး တစ်ချောင်း ဆုံးရှုံးရမှာကို ကျုပ် ကြောက်မနေပါဘူး … “
“ ဘာစကားမှ မပြောနဲ့ .. ဒီမှာလဲနေ…. ခဏအိပ်ပြီးရင် ကောင်းသွားလိမ့်မယ်….”
လင်းရီသည် blood pressure belt နှင့် heart rate clip ကို ရှာတွေ့သွားပြီး ၎င်းတို့အား ကျိုးလျန်၏ ကိုယ်ပေါ်သို့ တပ်လိုက်၏။
ထို့နောက် မေ့ဆေးယူ၍ ပမာဏအား တိုင်းကာ အကြောထဲသို့ ထိုးသွင်းလိုက်သည်။
မိနစ် အနည်းငယ် ကြာပြီးသည့်နောက် ကျိုးလျန် မေ့မြောသွားခဲ့၏။ အရေးကြီးသည့် ကိုယ်အင်္ဂါ အစိတ်အပိုင်းများမှာတော့ ပုံမှန်အခြေအနေ၌သာ ရှိနေရင်း လင်းရီလည်း ခြေထောက်ရှိ သေနတ် ဒဏ်ရာအား စတင်ကုသလေသည်။
ခြေထောက် ဒဏ်ရာက အသက်အန္တရာယ်အား ခြိမ်းခြောက်နိုင်သည်အထိ မဖြစ်စေသော်လည်း လင်းရီ၏ ဦးစားပေးက ခြေထောက်အား ကယ်တင်ဖို့ပင်။
ခွဲစိတ်ခန်းထဲ၌ လင်းရီ အလုပ်များနေစဉ်တွင် သက်လတ်ပိုင်း ဒေါက်တာ စုံတွဲမှာတော့ ခွဲစိတ်ခန်း အပြင်ဘက်၌ ရှိနေသည်။
“ ဒီနှစ်ယောက် ဘယ်ကရောက်လာလဲ မသိဘူးနော်… ဟိုလူရဲ့ ခြေထောက်ဒဏ်ရာ ကြည့်ရတာ သေနတ်ပစ်ခံထားရတဲ့ ပုံစံပဲ …’
“ဘယ်သိမှာ … ဒီနား တစ်ဝိုက်က လူမိုက်တစ်ယောက်ယောက် နေမှာပေါ့ …” သက်လတ်ပိုင်း ဒေါက်တာမှ ပြောလိုက်ပြီး “ ငါတော့ တာဝန်အများကြီး မယူချင်ဘူး …ပြီးတော့ သူတို့ကြည့်ရတာ လူကောင်းတွေနဲ့လည်း မတူဘူး … သူ့ဘာသူ ခွဲစိတ်နိုင်တယ်ဆိုမှတော့ ထားရစ်ခဲ့ကြတာပေါ့ … သူတို့ဘာသူတို့ လုပ်ပါလေ့စေ …”
စုံတွဲမှာ အတော်လေး ရိုးစင်းသည့် လူစားမျိုးများပင်။ စကားများများလည်း မပြောခဲ့ကြပေ။ သို့သော် သူတို့ အနည်းငယ် ကြောက်ရွံ့နေခဲ့မိကြ၏။
ယခုလို ဖြစ်ရပ်မျိုးနှင့် အရင်က တစ်ခါမှ မကြုံတွေ့ခဲ့ဖူးဘဲ ယခုက ပထမဆုံးအကြိမ်ပင်။
နှစ်နာရီ ကြာပြီးသည့်နောက် ခွဲစိတ်မှုမှာ ပြီးဆုံးသွားပြီး လင်းရီသည် ကျိုးလျန်၏ ပေါင်၌ ပတ်တီးကို ခပ်ထူထူ ရစ်ပတ်ထားပေးလိုက်သည်။
သူကတော့ အကောင်းဆုံး ကြိုးစားခဲ့ပြီး ဖြစ်၏။ သို့သော် တစ်ဖက်သူက သူ့ခြေထောက်အား ဆက်လက် ထိန်းသိမ်းထားနိုင်မည်လား ဆိုတာတော့ သူလည်း မသေချာပေ။
ကျိုးလျန်၏ ကံတရားပင်။
“ ကျုပ်ကို လူနာခန်းထဲ ကူသယ်ပေးဦး …”
“ အိုကေ အိုကေ အိုကေ …”
ဆေးရုံတွင် လူနာခန်းက နှစ်ခုသာလျှင် ရှိပြီး တစ်ခုက လူလေးယောက် ဆန့်သည့် အခန်းနှင့် ကျန်တစ်ခုက လူရှစ်ယောက် ဆန့်သည့် အခန်းပင်။
အတော်လေး ရိုးရှင်းသည်ဟု ပြော၍ရ၏။
လူနာခန်းထဲသို့ ရောက်ရှိလာခဲ့ပြီးနောက် လင်းရီသည် ကျိုးလျန်အား ခွန်အား ပြန်ဖြည့်တင်းရန်အတွက် အမိုင်နို အက်စစ်နှင့် ဂလူးကို့စ် သွင်းပေးလိုက်သည်။
ထို့နောက် သက်လတ်ပိုင်း ဒေါက်တာအား ပစ္စည်းတစ်ချို့ ဝယ်ပေးရန် တောင်းဆိုလိုက်၏။ ဤမျှ အချိန်ကြာအောင် တောင့်ခံထားရသည့် အပြင် ခွဲစိတ်ခန်းထဲ၌ နှစ်နာရီကြာ အာရုံစိုက်ထားရသည့် အတွက် လင်းရီ၏ စိတ်အခြေအနေမှာ အကန့်အသတ်နှင့် နီးကပ်လာနေချေပြီ။
သူ့စိတ်ကို တင်းခံထားသည့် အတွက်ကြောင့်သာ မဟုတ်ပါဘဲ ခွဲစိတ်မှုကိုပင် ပြီးဆုံးအောင် လုပ်နိုင်မှာ မဟုတ်ချေ။
ဒေါက်တာနှင့် ဇနီးလည်း မနာခံပဲ မနေဝံ့ချေ။ လင်းရီ၏ ဆန္ဒအတိုင်း အပြင်သို့ သွား၍ စားစရာ အများအပြားအား ဝယ်ယူလာခဲ့ပေးသည်။
မကြာမီ ကျိုးလျန် ဖြည်းဖြည်းချင်း မျက်လုံးဖွင့်လာခဲ့၏။ အရမ်းအကောင်းကြီး မဟုတ်သော်လည်း သူ၏ အခြေအနေမှာတော့ တည်ငြိမ်နေပါပြီ။
“ တစ်ခုခု အရင်စားစို့ … ငါတို့ ဒီမှာ တစ်ရက်လောက် နေပြီး မနက်ဖြန် ထွက်သွားကြမယ်…” လင်းရီ၏ ကနေဦး အစီအစဉ်က ပိုကြီးသည့် မြို့တစ်ခုရှာ၍ မည်သူမျှ သတိမပြုမိအောင် ပုန်းနေဖို့ပင်။
ယခု မြို့လေးထဲ၌ ပုန်းနေလို့လည်း အဆင်ပြေပါသည်။ သို့သော် လင်းရီမှာ အန္တရာယ်ကို တတ်နိုင်သမျှ လျှော့ချချင်သောကြောင့် ဤနေရာ၌ အကြာကြီး မနေလိုခဲ့ချေ။
ထို့ပြင် ဤနေရာ၌ဆိုပါက ဆေးအမျိုးအစား စုံလင်ခြင်းလည်း မရှိသည့်အပြင် ကျိုးလျန်၏ အခြေအနေက နောက်ထပ် သေချာ ကောင်းမွန်စွာ ကုသဖို့ လိုအပ်နေသေး၏။ ထိုအခြေအနေအတွက်လည်း ပိုကြီးသည့် မြို့တစ်ခုကို ရှာဖွေရန် လိုအပ်သည်။ ဤသည်က ကျိုးလျန်၏ ပြန်လည်သက်သာကောင်းမွန်မှုအတွက် အရေးကြီး၏။
“ ခေါင်းဆောင် … ခင်များ အခုထိ မစားရသေးဘူးမလား…”
လင်းရီ ကျွေးလာသည့် အစားအသောက်ကို စားရင်း ကျိုးလျန် မေးလိုက်သည်။
“ မပူနဲ့ … ငါက သေရမှာ ကြောက်တယ်… မင်းလို မကြောက်တဲ့ကောင် မဟုတ်ဘူး … မင်းကိုကျွေးမယ်ဆိုရင်တောင် ကိုယ့်ဗိုက်ကိုယ် အရင်ဖြည့်ရမှာပဲ …”
“ ဒီလို ရိုမန်တစ်ဆန်တဲ့ အခိုက်အတန့်လေးကို ခေါင်းဆောင် ခင်များ ပိုပြီး ညင်သာသင့်တယ်နော်….”
“ ငါ ယောက်ျားတစ်ယောက်ကို ဘယ်တုန်းကမှ အစာခွံ့ဖူးတာ မဟုတ်ဘူး … မင်းက ပထမဆုံးပဲ .. ဒီတော့ ကိုယ့်ကိုယ်ကို ဂုဏ်ယူလိုက် …”
“ ကျုပ်ကလည်း ကျုပ်ရဲ့ ပထမဆုံးအကြိမ်ကို ပေးထားရတာပါ … ပုံမှန်ဆို ဘီကီနီနဲ့ မော်ဒယ်လ်လေးတွေကပဲ အစာခွံ့နေကျ …. လိင်တူထဲမှာ ခေါင်းဆောင်က ပထမဆုံးပဲ …”
“ စောက်ပိုစကားတွေ ပြောတာလျှော့ပြီး စားစရာ ရှိတာစားစမ်း … စားစရာရှိနေတာတောင် မင်း ပါးစပ်ကို မပိတ်နိုင်သေးဘူး ..”
ကျိုးလျန် ရယ်မောချလိုက်၏။ သူ့ခြေထောက် ဒဏ်ရာနှင့် ပတ်သက်ပြီး သိပ်ပြီးမှ စိုးရိမ်ကြောင့်ကြနေခြင်း မရှိသည်မှာ သိသာလှသည်။ သူတို့ ကျုံးဝေ့တပ်ဖွဲ့ထဲသို့ ဝင်ရောက်စဉ်က ဤအပိုင်းတွင် အသိပညာပေးသည့် လုပ်ငန်းစဉ်များအား ဖြတ်ကျော်ခဲ့ရပြီး ၎င်းတို့၏ ဒူပေဒဏ်ပေ ခံနိုင်မှုနှင့် လက်ခံနိုင်သည့် စိတ်ထားတို့မှာ အခြားသူတို့ထက်ပင် ကျော်လွန်နေချေပြီ။
အနည်းဆုံးတော့ သူ့အသက် ကယ်တင်ခံလိုက်ရပြီ ဖြစ်သည်။ ခြေထောက်အဖို့တော့ သူ ထိန်းသိမ်းထားနိုင်သည် ဖြစ်စေ ၊ မထိန်းသိမ်းထားနိုင်တော့သည် ဖြစ်စေ ကိစ္စမရှိပေ။
“ ခေါင်းဆောင် .. ကျုပ်တို့ ဒီမှာပဲ ဆက်နေသွားတော့မှာလား …”
“ ငါ စစ်ဆေးကြည့်ပြီးသွားပြီ … ဒီနဲ့ ကီလို မီတာ ၂၀၀ အကွာမှာ ကလော်နီဆိုတဲ့ မြို့တစ်ခုရှိတယ်… ဒီမှာကတော့ တစ်ရက်လာက်ပဲ နေကြတာပေါ့ …”
ကျိုးလျန် ခေါင်းညိမ့်ပြီး သက်ပြင်းချလိုက်မိသည်။
“ ဒါပေမယ့် ဒီလောက် အများကြီး ဖြတ်ကျော်လာခဲ့ပြီးမှ သတ္တုရိုင်းကို မထိန်းသိမ်းနိုင်လိုက်တာတော့ နှမြောလို့ မဆုံးဘူး …”
“ သူ့ကို မြင်ကတည်းကရင် ငါ မျှော်လင့်ပြီးသားပဲ … ဒီလို ဖြစ်လာတာကို လက်ခံလို့ရတယ်…”
“ ခေါင်းဆောင် … ခင်များ ဇီးရိုးလို့ ခေါ်တဲ့ အနက်ဝတ်လူနဲ့ သိနေတာလား …” ကျိုးလျန် စကားအစ်ကြည့်လိုက်၏။
စာစဉ် (၁၂၀) ပြီး၏။