← Chapters

အန္တရာယ်အား တိမ်းရှောင်ခြင်း

Vol. 120 Ch. 1786

အန္တရာယ်အား တိမ်းရှောင်ခြင်း

Vol. 120 Ch. 1786

“ ခေါင်းဆောင် … ဒီနေရာမှာ နေတဲ့လူ ကြည့်ရတာ တော်တော်လေး ချမ်းသာမယ့် ပုံပဲနော်…”

“ ဒါပေါ့ .. BMW 7 စီးရီး တစ်စင်းတည်းကို ကြည့်တာနဲ့ ဒီမှာ နေတဲ့လူက မရိုးရှင်းတဲ့ ပုဂ္ဂိုလ်ဆိုတာ ပြောလို့ရတယ်…”

“ ဒါပေမယ့် သူက ဒီလောက်ထိ ချမ်းသာနေပြီးသားကို ဘာလို့ ဒီလို ချွတ်ခြုံကျတဲ့ ရပ်ကွက်မျိုးမှာ နေနေသေးလဲ … သူ့အတွက် အဆင့်အတန်း နိမ့်သလို ဖြစ်မသွားဘူးလား …”

“ မင်းက လူ့သဘာဝကို အထင်သေးနေတာပဲ …” လင်းရီ ပြောလိုက်ပြီး “ ဒီနေရာက ပနားမားမြို့ရဲ့ အကြီးဆုံး ဆင်းရဲသား ရပ်ကွက် … ရဲတွေတောင် ဒီကို မလာချင်ကြတဲ့ ဥပဒေဘောင်ရဲ့ အပြင်ဘက်မှာ တည်ရှိနေတဲ့ နေရာ …. ဒီနေရာကို အုပ်ချုပ်နေတဲ့ လူတွေဆိုတာ ဒေသတွင်း ဧကရာဇ်တွေလိုမျိုး ဆူလန် ခရိုင်ရဲ့ အရင်းအမြစ်တွကို ဆန္ဒရှိသလို ထိန်းချုပ်နိုင်တယ်… လက်နက်ကိုင် တပ်ဖွဲ့ အသေးစားလေးတောင် ဖွဲ့စည်းထားလို့ရသေးတယ်… မင်းသာဆိုရင်ကော တခြားနေရာမှာ သာမန်လူ တစ်ယောက်ဖြစ်ပြီး နေမလား … ဒါမှမဟုတ် ဒီလိုနေရာမျိုးမှာ ဘုရင်ဖြစ်ပြီး နေမလား ….”

လင်းရီ၏ စကားကို ကြား‌တော့ ကျိုးလျန် ဉာဏ်အလင်းပွင့်သွားခဲ့သည်။

ဖီးနစ် အမြီးဖြစ်ရသည်ထက် ကြက်တစ်ကောင်၏ ဦးခေါင်းဖြစ်ရသည်က ပို၍သာသည်။ သူသာဆိုလျှင်လည်း ဤနေရာမှာပဲ နေမိမှာ ဖြစ်၏။

“ ဒီမှာခဏစောင့် … ငါ ဘော့စ် မက်စ်ဆာဆီ ဒီအကြောင်း သတင်းပို့လိုက်ဦးမယ်…”

နှစ်ယောက်သား ဘာမျှ မတုံ့ပြန်ကြဘဲ ခြံဝန်း ဝင်ပေါက်ဝ၌သာ တိတ်တဆိတ် မတ်တပ်ရပ်နေခဲ့ကြ၏။

ဘက်စ်ဆို အထဲသို့ ဝင်သွားလေသည်။ သို့သော် မိနစ် အနည်းငယ် ကြာပြီးနောက် အပြင်သို့ ပြန်ရောက်လာပြီး လင်းရီအား ပြောလိုက်၏။

“ ငါနဲ့လိုက်ခဲ့ … ဘော့စ်က မင်းတို့နှစ်ယောက်ကို တွေ့ချင်နေတယ်….”

လင်းရီ ခေါင်းညိမ့်လိုက်ပြီး ကျိုးလျန်၏ နားထဲသို့ တီးတိုးပြောလိုက်၏။

“ အထဲရောက်ရင် ဂရုစိုက် … မက်စ်ဆာက ဒီနေရာရဲ့ထိပ်တန်း ပုံရိပ်တစ်ခုလို့ သတ်မှတ်လို့ရတယ်.. နေ့ခင်းဘက်က ဘာတွေ ဖြစ်ခဲ့လဲဆိုတာ TV သတင်းကနေတဆင့် သိရင် သိထားလောက်တယ်… တစ်ခုခု မှားနေတယ်လို့ ခံစားမိတာနဲ့ သူ့ကိုချက်ချင်း ချုပ်ထားလိုက် …”

“ ဟုတ်ကဲ့ …” ကျိုးလျန် လေးနက်စွာ ပြန်ဖြေလိုက်သည်။

ဘက်စ်ဆို၏ ဦးဆောင်မှု အောက်၌ နှစ်ယောက်မှာ အိမ်အတွင်းပိုင်းသို့ ရောက်ရှိလာသည်။

ထင်မှတ်မထားစွာဖြင့် အိမ် အတွင်းပိုင်း၌ ဟွာရှ အသုံးအဆောင် ပစ္စည်းများစွာ ရှိနေသည့်အတွက်ကြောင့် နှစ်ယောက်မှာ တော်တော်လေး အံ့အားသင့်သွားခဲ့ကြရသည်။

ဆိုဖာပေါ်တွင် အသက် လေးဆယ် အရွယ်ရှိမည့် သက်လတ်ပိုင်း အမျိုးသားတစ်ယောက် ထိုင်နေသည်။ အနည်းငယ် ဝဖိုင့်ပြီး တစ်ထွာခန့် တွဲလျောင်းကျနေသည့် မုတ်ဆိတ်ဖြင့် ခန့်ခန့်ညားညား သွင်ပြင်ရှိသည်။

အားလုံးမျှော်လင့်ထားကြသည့်အတိုင်း ထိုလူကတော့ မက်စ်ဆာပင်။

သူ့အနောက်တွင်တော့ လူနှစ်တန်းက မတ်တပ်ရပ်နေကာ ၎င်း၏ ဘော်ဒီဂတ်များနှင့် အိမ်စေများ ဖြစ်ဟန်ရ၏။

အထဲသို့ ဝင်ရောက်သည့် အချိန်မှစ၍ လင်းရီသည် မက်စ်ဆာအား တစ်ချိန်လုံး စူးစမ်းလေ့လာနေလျက် ရှိပြီး တစ်ဖက်သူ၏ မျက်နှာအမူအရာမှာ သူတို့နှစ်ဦးကို မြင်ပြီးသည့်တိုင် မည်သို့မျှ မပြောင်းလဲသွားသည်အား သတိထားမိလိုက်သည်။

ဤသည်ကို အကဲဖြတ်ခြင်း အားဖြင့် နေ့ခင်းဘက် အတောအတွင်းက ဖြစ်ပျက်ခဲ့သည့် ကိစ္စရပ်များကို သိရှိခြင်း မရှိသေးဟု မှတ်ယူနိုင်သည်။

အချိန်တစ်ခုကြသည်ထိအောင်တော့ သူနှင့် ကျိုးလျန်မှာ အန္တရာယ်ကင်း၏။

လင်းရီတို့ နှစ်ယောက်ကို မြင်တော့ မက်စ်ဆာသည် စီးကရက်တစ်လိပ်အား မီးညှိလိုက်ပြီး ဆိုဖာနောက်သို့ ကျောကိုမှီလျက် ခြေတင်ချိတ်လိုက်ကာ ၎င်း၏ ပိုင်နက်ထဲတွင် သူ၏ ကြီးစိုးမှုအရှိန်အဝါများအား ထုတ်လွှတ်လိုက်သည်။

“ မင်းတို့နှစ်ယောက် ငါ့ရဲ့ ပိုင်နက်ထဲမှာ ဘာလို့ ပြဿနာ ရှာကြလဲ … ဒီကိစ္စ မင်းတို့ ဖြေရှင်းချက် ကောင်းကောင်းပေးနိုင်မယ်လို့ မျှော်လင့်တယ်….”

“ ပြဿနာ ရှာတဲ့လူက မင်း …”

လင်းရီသည် ဘက်စ်ဆိုအား လက်ညိုးထိုး၍ “ မင်းရဲ့ လက်အောက်ငယ်သားတွေသာ ငါတို့ဆီ ဓားပြလာမတိုက်ရင် ငါတို့ကရော ဒီလို တုံ့ပြန်ပါ့မလား … အဲ့တာကို ငါတို့က ပြဿနာရှာတယ်ဆိုပြီး ဘယ်လိုတောင် လာပြောနေတာ … ပြဿနာက မင်းပဲ …”

“ ဒီနေရာက ငါ့နေရာ .. မင်းနေမယ်ဆိုရင် မင်းတို့ ပစ္စည်းတစ်ဝက်ကို ပေးရမယ်… ဒါက ဆူလန်ရဲ့ စည်းမျဉ်းပဲ …”

မက်စ်ဆာ စီးကရက်မှ ပြာများအား ခါချရင်း “ ဒါပေါ့ … မင်းတို့က ဟွာရှန့်တွေဆိုတော့ ဒီက စည်းမျဉ်းတွေကို နားမလည်ဘူးဆိုလည်း အဆင်ပြေတယ်… ပြီးတော့ မင်းတို့ဟွာရှန့်တွေအပေါ်မှာလည်း ငါ တော်တော်လေး ကောင်းတဲ့ အမြင်တွေရှိတယ်.. မင်းတို့ကို အခွင့်အရေးပေးဖို့ လိုလားတယ်.. မင်းတို့ဘက်ကသာ ပစ္စည်း သုံးပုံ တစ်ပုံကို အပ်မယ်ဆိုရင် ဒီမှာ ပေးနေလို့ရတယ်…”

ယခုတော့ နှစ်ယောက်လုံးမှာ မက်စ်ဆာ၏ အိမ်အတွင်း၌ အဘယ်ကြောင့် ဟွာရှမှ အသုံးအဆောင် ပစ္စည်းတို့ များစွာ တည်ရှိနေရလဲဆိုတာ နားလည်သွားခဲ့လေသည်။

“ ဆောရီးပဲ … ငါတို့မှာလည်း အများကြီး မရှိတော့ မင်းကို ဘာတစ်ခုမှ မပေးနိုင်ဘူး … အဲ့လို အကြံတွေ ရှိထားရင် လက်လျှော့ထားတာ အကောင်းဆုံးပဲ …”

မက်စ်ဆာ၏ မျက်နှာ တင်းမာသွားခဲ့ပြီး သူ၏ အာဏာအား လာစိန်ခေါ်နေသည်ဟု ခံစားမိသွားခဲ့၏။

“ ဒီနေရာက ဘယ်လိုနေရာလဲ ဆိုတာ မင်း သဘောပေါက်သင့်တယ်… စည်းကမ်း မလိုက်နာတဲ့လူတွေက ခုတ်ထစ်ခံရပြီး ခွေးကျွေးခံရတတ်တယ်….”

လင်းရီ ပခုံးတွန့်ပြလိုက်၏။ “ မင်း ခြိမ်းခြောက်လည်း အလုပ်မဖြစ်ဘူး .. ငါတို့ ဒီကိုလာတယ်ဆိုတာ မင်းကို ကြောက်လို့ကြောင့် မဟုတ်ဘူး … ဘာလို့ဆို မင်းက အသုံးဝင်လို့ပဲ ….”

“ မင်းဘာပြောချင်တာ …”

“ အခု သိရမှာပေါ့ …”

လင်းရီ ဘာမျှ ဆက်မပြောနေဘဲ ခြေထောက်နှစ်ဖက်သို့ ခွန်အားများ ဖြန့်ကျက်၍ မက်စ်ဆာထံသို့ ပြေးဝင်လာသည်။

သူ၏ ကြီးမားသည့် လက်မောင်းဖြင့် မက်စ်ဆာ၏ လည်ပင်းကို ညှစ်ထားလိုက်ကာ သူ့အား ချက်ချင်း ဖမ်းချုပ်ထားလိုက်တော့သည်။

“ မင်း ဘာတွေ လုပ်နေတာလဲ …”

မက်စ်ဆာ ထိတ်ထိတ်ပျာပျာ ဖြစ်သွားခဲ့၏။ လျှပ်တစ်ပြက် အတွင်း၌ အခြေအနေက ယခုကဲ့သို့ ပြောင်းလဲသွားလိမ့်မည်လို့ သူ မျှော်လင့်မထားပါချေ။

တစ်ချိန်တည်းတွင် မက်စ်ဆာ အနောက်ရှိ ဘော်ဒီဂတ်များမှ ချက်ချင်းတုံ့ပြန်လာကြပြီး ၎င်းတို့၏ လက်နက်များအား ထုတ်၍ လင်းရီနှင့် ကျိုးလျန်ထံသို့ ချိန်ရွယ်လိုက်ကြသည်။

“ သေနတ်တွေ အောက်ချ… မဟုတ်ရင် မင်းတို့ ဘော့စ် အသေပဲ …”

“ လုပ် လုပ် … မြန်မြန် အကုန်အောက်ချ …”

ကြမ်းကြုတ်ခက်ထန်ပြီး အတည်လုပ်မည့် လင်းရီ၏ လေသံကို ကြားတော့ မက်စ်ဆာသည် စိတ်ထဲ တုန်လှုပ်သွားခဲ့ပြီး သူ၏ လက်အောက်ငယ်သားများအား လက်နက်ချရန် အလျင်အမြန် အမိန့်ပေးလိုက်သည်။

“ အားးး …..”

ထိုအချိန်၌ ငယ်သံပါသည့် အော်သံတစ်ခု ပျံ့လွင့်လာသည်။

လင်းရီနှင့် ကျိုးလျန်တို့ ခေါင်းလှည့်ကြည့်လိုက်တော့ လူငယ် အမျိုးသမီး တစ်ဦးမှာ လတ်လတ်ဆတ်ဆတ် ဆေးကြောထားသည့် အသီးများနှင့် အထဲသို့ ရောက်လာသည်အား မြင်တွေ့လိုက်ရသည်။

မင်သက်အံ့အားသင့်စွာဖြင့် ရပ်နေသည့် မိန်းကလေးမှာ အတော်ငယ်သည်။ ၂၀ အစောပိုင်းမျှသာ ရှိသေးပြီး သူမ၏ သစ်သီး ပန်းကန်မှာလည်း အောက်သို့ ပြုတ်ကျသွားခဲ့၏။

သူမ၏ အသားအရေက ဖြူလျော်သည်လည်း မဟုတ်၊ ညိုသည်လည်း မဟုတ်ဘဲ အာရှသားများကဲ့သို့ အသားလက်၏။ သို့သော် သူမ၏ မျက်ဝန်းများကတော့ စိမ်းနုရောင်ရှိပြီး နှာတံကလည်း အတော်မြင့်ကာ နိုင်ငံခြားသား ဝိသေသလက္ခဏာတို့လည်း ပိုင်ဆိုင်ထားသည်။

ကြည့်ရသည်မှာ သွေးနှောဖြစ်သည့်ဟန်ပင်။

ကျိုးလျန်သည် ပြတ်သားသည့် ဆုံးဖြတ်ချက်တစ်ခုကို ချက်ချင်း ချမှတ်၍ အဆိုပါ မိန်းကလေးထံ ပြေးသွားပြီး သူ၏ လက်ပင်းကို လက်မောင်းဖြင့် ညှပ်ထားလိုက်ကာ ဓားစာခံအဖြစ် အသုံးချလိုက်သည်။

“ မင်း‌တို့ကောင်တွေ ဘာလုပ်နေတာလဲ … ငါ့သမီးကို မထိနဲ့ …” မက်စ်ဆာ ဟိန်းဟောက်လိုက်၏။

သူ့သမီး အန္တရာယ် ကျရောက်နေသည်ကို မြင်တော့ မက်စ်ဆာမှာ သူ၏ စိတ်ခံစားချက်များအား ထိန်းချုပ်နိုင်ခြင်း မရှိတော့ဘဲ အသံကုန်ဟစ်၍ ကြောင့်ကြသံဖြင့် လင်းရီတို့အား ပြောလိုက်သည်။

“ ကိုယ့်အခြေအနေကိုယ် သိစမ်း …” လင်းရီ ပြောလိုက်ပြီး “ ခုနက ပြောထားပြီးသား မဟုတ်လား … မင်းဘက်ကသာ စိတ်ပါလက်ပါနဲ့ ပူးပေါင်းပေးမယ်ဆိုရင် အန္တရာယ် မဖြစ်စေရဘူး … ငါက လူကောင်း တစ်ယောက်မဟုတ်ပေမယ့် အရမ်းကြီး အောက်တန်းကျနေတဲ့ လူလည်း မဟုတ်ဘူး …”

“ မင်းတို့ကောင်တွေ ဘာလိုချင်လဲ …” မက်စ်ဆာ ကြောင့်ကြနေသည့် လေသံဖြင့် အလျင်စလို မေးမြန်းလာခဲ့၏။

“ မပူနဲ့ … ငါတို့တွေ ဒီလာခဲ့တာ မင်းအသက်ကို ယူဖို့ မဟုတ်သလို ပိုက်ဆံကြောင့်လည်း မဟုတ်ဘူး … ငါပြောတဲ့ အတိုင်းလုပ်ပြီး အကူအညီ တစ်ချို့ ပေးရုံပဲ …”

“ မင်းတို့ လိုအပ်တာ ပြောပါ … မင်းတို့စိတ်ကျေနပ်အောင် ငါ အကောင်းဆုံး ကြိုးစားပေးမယ်… ဒါပေမယ့် ငါ့သမီးကိုတော့ ကျေးဇူးပြုပြီး မထိပါနဲ့ …”

“ မပူနဲ့ … ငါတို့ဟွာရှန့်တွေက မင်းတို့ထက်တော့ သာပါသေးတယ်… ငါတို့ မင်းရဲ့ သမီးကို မထိဘူး ….. “ လင်းရီ ပြောလိုက်ပြီး “ ငါတို့ စကား နာခံနေသရွေ့ပေါ့ …. “

“ အခု ငါတို့ ဖုန်းတစ်လုံးနဲ့ ကွန်ပျူတာ လေးလုံး လိုတယ်… အဲ့ကောင်တွေ အခုချက်ချင်း ပြင်ဆင်ပေး … နာရီဝက် အတွင်း ငါတို့ရှေ့ ရောက်မလာသေးဘူးဆိုရင်တော့ မင်း သမီးရဲ့ ဈာပနာကို ကြိုပြင်ထားဖို့ပဲ ပြောချင်တယ်…”

“ ရတယ် … ရတယ် … ငါ အခုပဲ စီစဉ်လိုက်မယ်…”

လင်းရီအား ဖြောင်းဖျပြီးနောက် မက်စ်ဆာသည် ဘက်စ်ဆိုအား အော်ဟစ်လိုက်၏။

“ မင်း မကြားဘူးလားကွ … သူ တောင်းဆိုတဲ့ဟာတွေ ချက်ချင်း လုပ်ပေးလိုက်လေ …”

“ ဟုတ်ကဲ့ … ကျွန်တော် အခု သွားနေပါပြီ…”

ဘက်စ်ဆို အလွန်အမင်း အံ့အားသင့်နေခဲ့၏။ ဤလူနှစ်ယောက်က သူ့ဘော့စ်ကိုပင် ဓားစာခံ လုပ်ဝံ့နေသည်အထိ မဆင်မခြင်နိုင်သည့် လူစားမျိုးများ ဖြစ်နေလိမ့်မည်လို့ အိပ်မက်ပင် မမက်ခဲ့ဖူးချေ။

ဘက်စ်ဆို ပြေးထွက်သွားခဲ့၏။ ထိုအခါမှသာ လင်းရီနှင့် ကျိုးလျန်လည်း စိတ်သက်သာရစွာဖြင့် သက်ပြင်းမောကြီး ချနိုင်တော့သည်။

ကွန်ပျူတာ ရောက်လာသည်နှင့် သူတို့တွေ အန္တရာယ်ကို တားဆီးနိုင်လေပြီ။

ယခုအခြေအနေတွင်တော့ အခြေအနေတို့က နောက်ဆုံး၌ အဆုံးသတ်လာပြီ ဖြစ်၏။

“ သေစမ်း ..” ကျိုးလျန် ကျိန်ဆဲလိုက်ပြီး “ အန္တရာယ်ကင်းကင်းနဲ့သာ အိမ်ပြန်ရောက်ခဲ့လို့ကတော့ ဒီကောင်တွေ ပြန်လာပြီး တစ်ခုခု ပြန်လုပ်ရမှကို ကျေနပ်မယ်…”

ဘန်း ဘန်း ဘန်း ဘန်း …

နှစ်ယောက်သား စိတ်သက်သာ ရစွာဖြင့် သက်ပြင်းချနိုင်ပြီဟု တွေးတောနေစဉ်မှာပဲ ရုတ်ချည်းဆိုသလို ခြံဝန်းအပြင်ဘက်မှ သေနတ်ပစ်ခတ်သံ အတွဲလိုက်အား ကြားလိုက်ရလေသည်။

ဘာဖြစ်နေလဲဆိုတာ သူတို့ အဖြေမရှာနိုင်သေးခင်မှာပဲ ဘက်စ်ဆိုသည် အထဲသို့ ပြေးဝင်လာ၍ တုန်လှုပ်နေသည့် လေသံဖြင့် မက်စ်ဆာအား အော်ဟစ်လိုက်၏။

“ ဘော့စ် … သတင်းဆိုးပဲ… အပြင်မှာ အမေရိကန် စစ်သားတွေ ရောက်နေတယ်… သူတို့ တောင်ထိပ်ကို ပစ်ခတ်ခြောက်လှန့်ပြီး တက်လာနေကြပြီ … သူတို့ထဲ တော်တော်များများကတော့ ဒဏ်ရာ ရထားကြတယ်…”

All Chapters