← Chapters

နိုင်ငံရဲ့ ကြီးမြတ်တဲ့ ခွန်အား

Vol. 120 Ch. 1787

နိုင်ငံရဲ့ ကြီးမြတ်တဲ့ ခွန်အား

Vol. 120 Ch. 1787

ဘက်စ်ဆို၏ အော်ဟစ်သံက လင်းရီနှင့် ကျိုးလျန်တို့၏ နှလုံးကို လည်ချောင်းဝသို့ရောက်လုမတတ် ခုန်ပေါက်သွားစေခဲ့၏။

ထိုစစ်သားများက ၎င်းတို့နှစ်ဦးအတွက် ဤနေရာသို့ ရောက်ရှိလာခဲ့သည်မှာ သံသယ ဖြစ်ရန် မလိုပေ။

သို့သော် သူတို့ ဤနေရာသို့ ရောက်လာခဲ့သည်မှာ နှစ်နာရီပင် မရှိသေးရာ အဘယ်ကြောင့် တစ်ဖက်သူမှာ ဤမျှ လျင်မြန်စွာ သိရှိသွားခဲ့ရသနည်း။

“ ခေါင်းဆောင် .. ကျုပ်တို့ အခု ဘယ်လို လုပ်ကြမလဲ …”

ကျိုးလျန်၏ အမူအရာသည် အလွန်အမင်း အကျည်းတန်နေခဲ့၏။

သူတို့၏ လူများနှင့် ဆက်သွယ်နိုင်တော့မည့် အချိန်ကျမှ ကံဆိုးမိုးမှောင်ကျစွာဖြင့် ယခုလို လာဖြစ်ပျက်နေလေသည်။

ကွာဟမှုက ကောင်းကင်ဘုံမှ ငရဲပြည်သို့ ကျဆင်းသွားသည့် ခံစားချက်မျိုးပင်။

လင်းရီ ရုတ်ချည်းနောက်သို့ လှည့်၍ မက်စ်ဆာ၏ လည်ပင်းအား တင်းတင်းကြပ်ကြပ် ဖျစ်ညှစ်ထားလိုက်ကာ

“ မင်းရဲ့ ကားသော့နဲ့ ဖုန်းပေးစမ်း …”

“ ဒီမှာ … ဒီမှာ ငါ့ရဲ့ဖုန်း ….. “

မက်စ်ဆာ လက်ကတုန်ကယင်ဖြစ်စွာဖြင့် ဖုန်းအား ကမ်းပေးလိုက်သည်။

“ ကားသော့က တံခါးဘေး ဗီရိုထဲမှာ ရှိတယ်… မင်းတို့ ကြိုက်တဲ့ တစ်စင်း မောင်းသွားလိုက် …”

လင်းရီ အချိန် ဆက်ဖြုန်းမနေတော့ဘဲ တံခါးထံသို့ ပြေးသွားကာ ဖို့ဒ် ကားသော့အား သူနှင့်အတူ ယူလိုက်၏။

“ သွားစို့ …”

“ ဒီမိန်းကလေးကို ဘယ်လိုလုပ်မှာ … ဓားစာခံ ခေါ်ခဲ့လိုက်ရမလား ….”

မက်စ်ဆာ၏ သမီးမျက်နှာမှာ သေမတတ် ဖြူလျော်သွားခဲ့တော့၏။ မျက်ရည်များက သူမ မျက်လုံးထောင့်စွန်းမှ ကျဆင်းလာခဲ့ကာ ခန္ဓာကိုယ်သည်လည်း တုန်ယင်နေသည်။ မျက်နှာ အရောင် ပျောက်ရှသွားသည်အထိ ထိတ်လန့်ကြောက်ရွံ့နေမိတော့၏။

“ ထားလိုက်တော့ … သူ့ခေါ်လာလည်း ဝန်ထုပ်ဝန်ပိုး ဖြစ်တာပဲ ရှိမယ်… အခုသွားကြစို့ … ခဏနေမှဆိုရင် နောက်ကျသွားလိမ့်မယ်…”

“ အိုကေ …”

မက်စ်ဆာ၏ သမီးအား လွှတ်ပေးလိုက်ရင်း နှစ်ယောက်သည် ခိုးထားသည့် လက်နက်များနှင့် ဓာတ်ဆီပုံးကို ယူ၍ ခြံဝန်းထဲ ပါကင်ထိုးထားသည့် ဖိုဒ်ဖြင့် အနောက်ဘက်လမ်းကြောင်းမှတဆင့် ထွက်လာခဲ့လိုက်၏။

နောက်ဘက်ရှိ သေနတ်သံများက ဖြည်းဖြည်းချင်း တိုးသွားသည့် အခါကျမှ ကျိုးလျန် သက်ပြင်းမောကြီး ချနိုင်တော့သည်။

“ နောက်ဆုံးတော့ အန္တရာယ်ကင်းပြီ …”

“ သတိမပေါ့လိုက်နဲ့ … အန္တရာယ်က ဒါ အကုန်ပဲ မဟုတ်သေးဘူး …”

ကားမောင်းနေရင်းဖြင့် လင်းရီ သတိပေးလိုက်သည်။

“ မင်းရဲ့ ဘေးဘီကို မျက်စိ ရှင်ရှင်ထား … အန္တရာယ်က အချိန်မရွေး ပေါ်လာနိုင်တယ်…”

“ ဟုတ်ကဲ့ …”

ကျိုးလျန်သည် သူ၏ လက်နက်အား ထုတ်ယူ၍ လင်းရီအား ကာပေးရန်အတွက် နောက်ခုံ၌ သွားထိုင်လိုက်သည်။

“ ခေါင်းဆောင် … ကျုပ်တို့ ဆူလန်ကို ရောက်တာ နှစ်နာရီတောင် မရှိသေးဘူး … အဲ့တာကို ဟိုကောင်တွေ ဘယ်လိုလုပ် လိုက်မီသွားတာ ….” ကျိုးလျန် မေးလိုက်ပြီး “ မက်စ်ဆာ သတင်းပေးလိုက်တာများလား ….”

“ မဖြစ်နိုင်လောက်ဘူး .. သူ ငါတို့ကို မသိဘူး … နောက်တစ်ချက်က ငါတို့ သူ့ကို သတင်းပေးဖို့ အခွင့်အရေးတောင် မပေးခဲ့ဘူး … သူတို့နည်းလမ်းနဲ့ သူတို့ ရှာတွေ့သွားခဲ့တာ နေမှာ …”

“ ကျုပ်တို့ ဒီအထိရောက်အောင် ရှစ်ကီလိုမီတာလောက် ပြေးခဲ့ရတာကို ဒီလူတွေက နေရာအတိအကျကို ဘယ်လိုသိသွားခဲ့တာ …”

“ ငါလည်း အဲ့တာကို ပဟေဠိ ဖြစ်နေတာပဲ … ထူးဆန်းလွန်းတယ်…” လင်းရီ မျက်မှောင်ကြုတ်လိုက်မိ၏။

“ ငိုးပဲ .. ဆူလန်လို နေရာမျိုးမှာ လာပုန်းနေတာတောင် ရှာတွေ့သွားတယ်ဆိုတော့ ပုန်းစရာ မြေတောင် မရှိတော့သလိုပဲ ….”

“ ငါတို့ ပနားမားမြို့ထဲ နေလို့တော့ မဖြစ်တော့ဘူး … ဒီနဲ့ ကီလို ဒါဇင်လောက် ဝေးတဲ့နေရာမှာ စန်တာ ကလယ်ရာလို့ ခေါ်တဲ့ မြို့တစ်မြို့ ရှိတိယ်… အဲ့ကိုသွားပြီး ခဏလောက် ဇာတ်မြုပ်ကြတာပေါ့ …”

“ စန်တာ ကလယ်ရာ … အဲ့တာ အမေရိကန်က ကောင်တီ တစ်ခု မဟုတ်ဘူးလား …”

“ ဒီက နာမည်တူတာ …”

လင်းရီ ပတ်ဝန်းကျင်ကို ကြည့်ရင်း ပြောလိုက်ပြီး “ မင်း ဖုန်းပါလာတယ်ဟုတ် … သုံးပြီး ဘော့စ်လျိုနဲ့ ဆက်သွယ်ကြည့်လိုက် …”

သံရုံး ဘေးပတ်ဝန်းကျင်ရှိ လိုင်းဆင်ဂနယ်တို့မှာ ပိတ်ဆို့ထားခြင်း ခံထားရသည့်အပြင် အသင်း ၁ မှ လူများနှင့်လည်း ဆက်သွယ်၍ မရချေ။ ၎င်းတို့၏ အကူအညီကို မျှော်လင့်ဖို့ ဆိုသည်မှာ မဖြစ်နိုင်ချေ။

လင်းရီ၏ အစီအစဉ်ထဲတွင်တော့ ပနားမားမြို့တော်အတွင်း၌ ဆက်လက် နေထိုင်ဖို့ဆိုသည်မှာ လုံးဝ မဖြစ်နိုင်တော့ပေ။ သူတို့တွေ ရုံးချုပ်နှင့် ဆက်သွယ်နိုင်မည့် နည်းလမ်းကို ရှာဖွေဖို့ လိုအပ်လေသည်။

ကျိုးလျန် ဖုန်းထုတ်၍ ကျုံးဝေ့တပ်ဖွဲ့ ဌာနချုပ်သို့ ဆက်သွယ်ရန် ကြိုးပမ်းသည်။

သို့သော် ပြုတ်ကျသွားသည့် ဖုန်းသံကို ကြားသည်၌ ကျိုးလျန် ကျိန်ဆဲလိုက်မိ၏။

“ ချီးပဲ … မတန်လိုက်တာ … နိုင်ငံတကာ ဖုန်းတွေ ခေါ်လို့ မရဘူးတဲ့ …”

“ ဒါဆို လိုင်းတက်ပြီး မေးလ်ပို့ကြည့်လိုက် … အခြေအနေကို သတင်းပို့ပြီး အကူအညီ တောင်းလိုက် …”

“ အိုကေ …”

…………..

ရန်ကျင်း ။ ကျုံးဝေ့တပ်ဖွဲ့ အခြေစိုက် စခန်း ။

အမိန့်ပေး စင်တာမှာ လင်းရီတို့နှင့် အဆက်အသွယ် ပျောက်ဆုံးနေသဖြင့် တိတ်ဆိတ်လို့နေသည်။ မြို့အတွင်းပိုင်းထဲ၌ပင် ဆင်ဂနယ် ပြဿနာကြောင့် သတင်းအချက်အလက် ကူးပြောင်းသည့် လုပ်ငန်းစဉ်များအားလုံးကို ကြားမှ ပိတ်ဆို့ထားခြင်း ခံထားရသည်။

လျိုဟုန်မှာ သူ့ကိုယ်သူ မျက်ကန်းတစ်ယောက် ပမာ ခံစားလိုက်ရသည်။ ဤမျှ ကြီးမားသည့် ခွန်အားတို့ ရှိထားပါလျက်နှင့် အသုံးချနိုင်သည့် နည်းလမ်းကား မရှိချေ။

“ သိပ်ပြီးမှလည်း စိုးရိမ်မနေစမ်းပါနဲ့ လောင်လျိုရာ … လင်းရီရဲ့ အစွမ်းအစတွေနဲ့ဆို သူ ကျိန်းသေပေါက် အဆင်ပြေမှာပါ …”

ပြောလိုက်သူက အသင်း ၅ - ၈ ၏ အကြီးအကဲ ခေါင်းဆောင် ချောင်ကျားတုပင်။ ၎င်းတို့အုပ်စုက သိပ္ပံသုတေသနများအား တာဝန်ယူထားသည့် အဖွဲ့ဖြစ်၏။

ရရှိထားသည့် ဒေတာအချက်အလက်များအား ကြည့်ရင်း လျိုဟုန် ဆင်ခြင်သုံးသပ်လိုက်သည်။

“ စန်မာလမ်းမှာ ယာဉ်တစ်စီး မီးလောင်မှု အကြောင်း ငါတို့ သတင်းရထားတယ်… ယာဉ်က လန်ခရူဇာ … လင်းရီနဲ့ ကျိုးလျန်တို့ မောင်းနေတဲ့ ယာဉ် ဖြစ်ဖို့များတယ်…”

“ ငါတော့ လင်းရီ ဒီဥစ္စာကို တမင် ရည်ရွယ်ချက် ရှိရှိ လုပ်လိုက်တာလို့ ထင်တယ်… သူတို့နှစ်ယောက်က ထွက်ပြေးသွားပြီးလောက်ပြီ …”

လျိုဟုန်သည် ပနားမားမြို့ မြေပုံအား လက်ထဲတွင် ကိုင်ထားရင်း စက္ကန့်အနည်းငယ်ကြာသည်အထိ အတွေးနက်နေခဲ့၏။

“ စန်မာ လမ်း အနီးတစ်ဝိုက်က ဆင်ခြေဖုံး ရပ်ကွက်လို့ ယူဆလို့ရတယ်… ကားကို မီးရှို့ပြီးတဲ့နောက်မှာ လင်းရီ အဲ့မှာပဲ ဆက်နေမယ်လို့ မထင်ဘူး … ဒီနဲ့ ရှစ်ကီလိုမီတာ အကွာမှာ ပနားမားရဲ့ အကြီးဆုံး ဆင်းရဲသားရပ်ကွက် တစ်ခု ရှိတယ်… နေရာပေါင်းစုံက လူမျိုးပေါင်းစုံနဲ့ ပုန်းလို့ အကောင်းဆုံး နေရာပဲ ….”

လျိုဟုန်သည် ကံကောင်းမှုကြောင့် ကျုံးဝေ့တပ်ဖွဲ့ တိုက်ခိုက်ရေး အသင်းခေါင်းဆောင် ဖြစ်လာသည် မဟုတ်သည်မှာ ကျိန်းသေသည်။ ၎င်း၏ တိုက်ခိုက်ရေး နည်းဗျူဟာများနှင့် ခွန်အားတို့က လယ်ဗယ်တစ်ခုမှာ ရှိ၏.

မဟုတ်ပါက အနှီ သတင်းလေး တစ်ခုအား ဖတ်ရှုပြီးသည့်နောက်တွင် လင်းရီ၏ နောက်ထပ် လှုပ်ရှားမှုများအား တိကျစွာ ခန့်မှန်းတွက်ချက်နိုင်မှာ မဟုတ်ချေ။

( TL note - တကယ့်အပြင်က ထောက်လှမ်းရေးတွေကလည်း ဒီလိုပါပဲ။ TV တွေထဲကလို သတင်းရဖို့ဆိုပြီး ရုံးခန်းတွေထဲဝင်။ ကွန်ပျူတာထဲ USB stick ထိုးပြီး သတင်းတွေ ခိုးတာ မဟုတ်ဘဲနဲ့ ကျနော်တို့ နေ့စဉ် မြင်နေကျ သတင်းစာတွေ၊ သတင်းမီဒီယာတွေကနေတဆင့် ဆက်စပ် အလားအလာတွေကို တွေးတောကောက်ချက်ချပြီး သတင်းပို့တာပါ … ဟိုလို ရုံးခန်းထဲဝင်ပြီး သတင်းယူတာတွေက ရှိကောင်းရှိနိုင်ပေမယ့် စွန့်စားရသလို အန္တရာယ်လည်း များလွန်းတယ်။ )

“ ဒါပေမယ့် အခု ပြဿနာက ငါတို့ ဒီသတင်းကို သိတယ်ဆိုရင်တောင် အသုံးမှ မဝင်တာ .. ဒေသတွင်း ဧရိယာတစ်ခုလုံးက ပိတ်ဆို့ခံထားလိုက်ရပြီ… ငါတို့ လူတွေ ဝင်လို့ မရဘဲ …”

ချောင်ကျားတု ပြောလိုက်၏။ “ ငါ့အထင် လင်းရီလည်း ဒါကို မှန်းဆမိလောက်တယ်… သူ့ရဲ့ ဗီဇအတိုင်းဆိုရင် သူ့အသက် လုံခြုံမယ့် နည်းလမ်းကို စဉ်းစားထားပြီးလောက်ပြီ…”

လျိုဟုန် ဟင်းခနဲ မြည်အောင် သက်ပြင်းချလိုက်သည်။ “ အသင်း ၂ နဲ့ ၃ ကလူတွေ ရောက်ဖို့ကလည်း ဆယ်နာရီလောက် လိုသေးတယ်… သူတို့ကိုသာ လုံလောက်တဲ့ လက်နက်အင်အား ထောက်ပံ့ပေးနိုင်ရင် ဘာမှ ကြောက်စရာ မလိုတော့ဘူး …”

မည်သူမျှ ဘာမှမဆိုချေ။ သူတို့ တတ်နိုင်သည်ကား ထိုင်ပြီး စောင့်ဆိုင်းနေရန်သာ တတ်နိုင်လေသည်။

အချိန်တို့ ကျော်လွန်လာသည်နှင့်အမျှ တိုက်ခိုက်ရေးအသင်း၏ အစည်းအဝေးခန်းသည်လည်း ဆေးလိပ်မီးခိုးများ၊ ဆေးလိပ်တိုများနှင့် ပြန့်ကျဲပြည့်နှက်သွားခဲ့တော့၏။ ဤသည်က လူတိုင်း စိတ်ထဲရှိ စိုးရိမ်ကြောင့်ကြမှုအား ဖော်ပြနေသည်။

နှစ်နာရီခန့်ကြာပြီးနောက် ဆက်သွယ်ရေး အရာရှိမှ ကွန်ပျူတာရှေ့တွင် ရုတ်ချည်း အော်ဟစ်လာခဲ့၏။

“ ဒီမှာ သတင်းရပြီ…’

“ သူတို့တွေ ဆူလန်မှာ အတိုက်ခိုက် ခံလိုက်ရလို့ အနောက်ပိုင်း စန်တာ ကလယ်ရာ မြို့ကို ဦးတည်နေပြီ…”

ထိုစကား ပြောပြီးသည်နှင့် အစည်းအဝေးခန်း တစ်ခုလုံး စိတ်လှုပ်ရှား တက်ကြွမှုတို့ဖြင့် ပြည့်နှက်သွားခဲ့တော့သည်။

သတင်းက ရုတ်ချည်းရောက်လာလိမ့်မည်လို့ မည်သူကမျှ မျှော်လင့်မထားကြချေ။

“ မင်း သတင်းကို ဘယ်လိုရလိုက်တာ … ငါသူတို့နဲ့ စကားပြောချင်တယ်…”

“ စကားပြောလို့ မရသေးဘူး … သူတို့တွေ တွစ်တာကနေ (ယခု X ) ကနေ စာပို့လာတာပဲ …”

“ သူတို့ အခြေအနေကို အရင်အတည်ပြုပြီး ဒဏ်ရာ ရထားတာတွေ ရှိလား မေးကြည့်လိုက် … လင်းရီကို သူ့ရဲ့ နောက်ထပ် ခြေလှမ်းကိုလည်း မေးလိုက် …”

ဆက်သွယ်ရေး အရာရှိမှ လျိုဟုန် ညွှန်ကြားသည့်အတိုင်း မက်ဆေ့ချ်အားလုံးကို ပို့လိုက်သည်။ မကြာမီ သူ ပြန်စာ ရရှိလာခ့၏။

“ နှစ်ယောက်လုံးက အခြေအနေကောင်းတယ်… ဒါပေမယ့် အကူအညီ စေလွှတ်ပေးဖို့ မျှော်လင့်ပါတယ်တဲ့ … သူတို့မှာ လက်နက်ခဲယမ်းတွေလည်း ပြတ်တောက်နေပြီ … အတော်လေးကို အလေးမသာတဲ့ အခြေအနေ ရောက်နေတယ်ဆိုပဲ …”

လျိုဟုန် တိတ်ဆိတ်သွားခဲ့ပြီး လုပေချိန်ထံသို့ လှည့်ကြည့်လိုက်သည်။

ယခု ပြဿနာက သူတို့ဘက်ခြမ်းမှ ဘောင်ခတ်ထားခြင်း ခံထားရပြီး အသင်း ၂ နှင့် ၃ မှလွဲ၍ အခြားအကူအညီ စေလွှတ်ဖို့ဆိုတာ အလွန်အမင်း ခက်ခဲလှသည်။

“ ငါ အသိပေးစာ တစ်စောင် ပို့ထားပြီပြီ .. အခု တစ်ဖက်ခြမ်းနဲ့ ဆွေးနွေးညှိနှိုင်းနေတယ်… နောက် သုံးနာရီ နေလို့မှ သဘောတူညီမှု မရသေးဘူးဆိုရင် မြို့ထဲကို အတင်းချိုးဖျက် ဝင်ရောက်တော့မယ်…”

“ အတင်း ချိုးဖောက် ဝင်ရောက်မယ်…”

လုပေချိန်က ထိုစကားကို သာမန်လျှံကာ ပြောလိုက်သော်လည်း အခြားသူများ၏ နားထဲတွင်တော့ အရှိန်အဝါကြီးစွာ မြည်ဟည်းသွားခဲ့သည်။

ဆိုလိုချင်သည်က ရှင်းပါသည်။

သုံးနာရီ အချိန်က နောက်ဆုံး ရာဇသံပင်။ အကယ်၍ တစ်ဖက်ခြမ်းမှ ၎င်းတို့၏ သဘောထားကို ပြောင်းလဲ၍ ပူးပေါင်းဆောင်ရွက် မပေးနိုင်ပါက မိမိတို့ဘက်မှ တိုက်ရိုက် အရေးယူ ဆောင်ရွက်တော့မည်၏။

ထိုအခါတွင်

ဤအတိုင်း စတင် တိုက်ခိုက်ရုံသာ ရှိတော့မည်။

All Chapters