← Chapters

နိမိတ်မကောင်းတဲ့ ခံစားချက်

Vol. 120 Ch. 1788

နိမိတ်မကောင်းတဲ့ ခံစားချက်

Vol. 120 Ch. 1788

လုပေချိန်၏ ပံ့ပိုးမှုဖြင့် လျိုဟုန်နှင့် ကျန်သူများမှာ ယုံကြည်ချက် အများအပြား ရှိလာခဲ့ကြ၏။

သူတို့ အခြားအရာများအား တပ်အပ် မပြောနိုင်သော်လည်း လင်းရီ၏ အစွမ်းအစဖြင့် နောက်ထပ် အချိန် သုံးနာရီခန့် တောင့်ခံထားဖို့ဆိုသည်မှာ ပြဿနာ ရှိလိမ့်မည် မဟုတ်ချေ။

“ ကျုပ် ဒီသတင်း သူတို့ဆီ ပို့လိုက်မယ်…”

ထို့နောက် လျိုဟုန်သည် ဆက်သွယ်ရေး အရာရှိဘက်အား ကြည့်၍ “ သတင်းကို ပို့ပေးလိုက် … သူတို့ကို ဂရုစိုက်ဖို့ ပြောပြီး အချိန်တိုင်း သူတို့ တည်နေရာကို သတင်းပို့ပေးဖို့ ပြောလိုက် …”

“ ဟုတ်ကဲ့ …”

………….

ပနားမားတွင် လင်းရီသည် ကျိုးလျန်နှင့်အတူ ဟိုင်းဝေးလမ်းတွင် ရှိနေသည်။

“ ဘော့စ်လျို ဘာပြန်ပြောလဲ …”

“ သူတို့တွေ အခု အစိုးရ အရာရှိတွေနဲ့ ညှိနှိုင်းနေတယ်… တကယ်လို့ နောက်သုံးနာရီနေလို့မှ ဘာ ရလဒ်မှ ရမလာဘူးဆိုရင် အတင်းဝင်လာခဲ့တော့မှာ … ပြီးတော့ အသင်း ၂ နဲ့ ၃ က လူတွေလည်း ဒီလာတဲ့ လေယာဉ်ပေါ်မှာ … ဒါပေမယ့် ရောက်ဖို့က ဆယ်နာရီလောက် လိုသေးတယ်…”

“ ဆယ်နာရီ …”

လင်းရီ ခေတ္တ တွေးတောလိုက်ပြီး “ ငါတို့တွေ စန်တာ ကလယ်ရာကို အန္တရာယ်ကင်းကင်းနဲ့ ရောက်နိုင်သရွေ့ အဲ့တာက ပြဿနာ မဟုတ်ဘူး …”

“ ဘော့စ်လျို ပြောလာတာတော့ ကျုပ်တို့ကို ပုန်းနေပြီး သူနဲ့ အဆက်အသွယ်မပြတ်ဖို့ပဲ … အကူအညီ ရောက်လာတာနဲ့ ကျုပ်တို့ ကယ်တင်ခံရပြီ …”

“ အရေးကြီးတာ တင်ပြပြီးရင် ဘာမှ ဆက်မပြောနဲ့တော့ … ဘက်ထရီကို ချွေတာသုံး … ဒီမှာ အားသွင်းလို့လည်း မရဘူး …”

“ ဟုတ်ကဲ့ ..”

လျိုဟုန်နှင့် ဆက်သွယ်ပြီးနောက် နှစ်ယောက်မှာ သူတို့ကိုယ်ပိုင် ကိစ္စများသို့ ပြန်အာရုံစိုက်လိုက်ကြ၏။

လင်းရီက ကားမောင်းပြီး ကျိုးလျန်ကတော့ စန်တာကလယ်ရာသို့ သွားရာလမ်းတွင် ကာဗာပေးရန်အတွက် တာဝန်ယူထားသည်။

တစ်လမ်းလုံး လင်းရီ စကားတစ်ခွန်းမျှ မပြောပေ။

စိတ်ထဲတွင် နေမထိထိုင်မသာ ဖြစ်စွာဖြင့် တစ်ခုခု မှားယွင်းနေသည်ဟူသာ ခံစားချက်မျိုးအား ရရှိနေသည်။

တစ်ဖက်အုပ်စုက အဘယ်ကြောင့် သူတို့တွေ ဆူလန်ခရိုင်သို့ ရောက်နေသည်အား လျင်လျင်မြန်မြန်နှင့် ရှာဖွေဖော်ထုတ်နိုင်သွားခဲ့သနည်း။

ဧကန္တ သူ၏ လှုပ်ရှားမှုများအား ကြိုတင် ခန့်မှန်းလိုက်နိုင်သည်ကြောင့်လော။

ယင်းက ဖြစ်နိုင်ချေ ရှိသော်လည်း လင်းရီမှာတော့ မဖြစ်နိုင်ဖို့က များသည်ဟု ခံစားနေရသည်။

သူတို့က လျိုဟုန်မဟုတ်သလို သူ့အကြောင်းလည်း ကောင်းစွာ နားမလည်ခြင်း မရှိပေ။ သူ၏ လှုပ်ရှားမှုများအား ခန့်မှန်းတွက်ဆဖို့က မဖြစ်နိုင်ပေ။

သို့သော် ထိုအရာကလည်း လင်းရီ အမြဲတမ်း စိုးရိမ်နေခဲ့သည့် တစ်စုံတစ်ရာဖြစ်၏။

ယခုလို အရေးကြီးသည့် အချိန်အခိုက်အတန့်၌ မပြောပလောက်သည့် ပြောင်းလဲမှုလေးများကပင် ကြီးမားသည့် ပျက်စီးမှုသို့ ကျရောက်သွားစေနိုင်သည်။

သူ ပေါ့ဆလို့ မဖြစ်ပေ။

၎င်းအပြင် လင်းရီပိုပြီး စိုးရိမ်နေမိသည့် အနက်ဝတ်နှင့်လူကလည်း ရှိသေးသည်။

ထိုလူများ ထွက်ပေါ်မလာသေးသရွေ့ အန္တရာယ်ကတို့က ပြီးဆုံးသွားလိမ့်ဦးမည် မဟုတ်ပေ။ အမြဲတမ်း သတိကပ်နေရမည် ဖြစ်၏။

ချိုးယွီလော့နှင့် နင်ချဲ့တို့ ရောက်ရှိလာခဲ့လျှင်ပင် အသုံးမဝင်ပေ။

၎င်းတို့၏ နည်းလမ်းစံနှုန်းများဖြင့် ဆိုပါက မည်သည်ကိုမှ ဂရုစိုက်နေမှာ မဟုတ်ချေ။

ထို့ပြင် နှစ်ဘက်အသင်းကြား၌ ကွာဟမှု ကြီးကြီးမားမားကလည်း ရှိသေး၏။ အသင်း ၂ နှင့် ၃ ၊ နှစ်ဖွဲ့ပေါင်းစည်းလိုက်လျှင်ပင် တစ်ဖက်သူ၏ ပြိုင်ဘက် မဖြစ်နိုင်ချေ။

အဘယ်ကြောင့်ဆိုသော် ယခင် နောက်ဆုံးတစ်ကြိမ်ကကဲ့သို့ အနက်ဝတ်နှင့်လူကလည်း ၎င်း၏ အပေါင်းအပါများအား ခေါ်ဆောင်လာခဲ့ဖို့ များသောကြောင့်ပင်။

ဤအကြောင်းပြချက်များကြောင့်ပဲ လင်းရီသည် သူ့ရှေ့ ဖြစ်ပျက်နေသည့် ကိစ္စရပ်များက မပြောပလောက်ဟု ခံစားနေရသည်။ ရှေ့တွင် ယခုထက် ပို အန္တရာယ်များသည့် အရာတို့က စောင့်ဆိုင်းနေလျက် ရှိလေသည်။

သူတို့တွေ စန်တာ ကလယ်ရာသို့ ထွက်ပြေးလွတ်မြောက်သွားခဲ့လျှင်ပင် ကြီးကြီးမားမား အကူအညီ ဖြစ်လိမ့်မှာ မဟုတ်ပေ။

ဤအရာကို လင်းရီ အစိုးရိမ်နေဆုံးပင်။

၎င်း၏ သေးငယ်သည့် အရွယ်အစားကြောင့် စန်တာ ကလယ်ရာမြို့သည် ပနားမားမြို့နှင့် အလှမ်းသိပ်ဝေးခြင်း မရှိပါဘဲ ကီလို ၆၀ ခန့်သာလျှင် ဝေးကွာသည်။

တစ်နာရီကျော်ကျော်မျှ မောင်းနှင်လာပြီးသည့်နောက် လင်းရီတို့ စန်တာကလယ်ရာမြို့သို့ ရောက်ရှိလာခဲ့လေသည်။

၎င်းက သေးငယ်သည့် ကမ်းရိုးတန်း မြို့ တစ်ခု ဖြစ်ပြီး ဟွာရှ၏ စတုတ္ထ သို့မဟုတ် ပဥ္စမ အဆင့် မြို့တို့နှင့် ညီမျှသည်။

ထူးထူးခြားခြား ပြောပလောက်စရာ ဟူ၍ ဒေသ ရှုခင်း တစ်ခုသာရှိ၏။

လင်းရီ သူ၏ နာရီအား ကြည့်လိုက်ရာ မနက် သုံးနာရီ မတ်တင်း ရှိပြီ ဖြစ်သည်ကို မြင်တွေ့လိုက်ရသည်။ ညအချိန်က ပုန်းကွယ်လို့ အကောင်းဆုံး အချိန်ပင်။ နှစ်ယောက်မှာ မည်သူတစ်ဦးတစ်ယောက်၏ သံသယဝင်ခြင်းကို မခံရဘဲ မြို့ထဲသို့ ဝင်ရောက်လာခဲ့၏။

မြို့ထဲတွင် ပတ်မောင်းနေရင်း နောက်ဆုံး၌ လင်းရီသည် စားသောက်ဆိုင် တစ်ခု၏ ဝင်ပေါက်ဝနား၌ ကားကို ထိုးရပ်လိုက်သည်။

“ ခေါင်းဆောင် … ဘာလို့ သူခိုးလိုလို ဂျပိုးလိုလို လုပ်နေတာလဲ …”

“ ငါတို့ အခု ဒီကို ရောက်လာပြီဆိုပေမယ့် လုံးဝ အန္တရာယ်ကင်းသွားပြီလို့ မဆိုလိုသေးဘူး… ပုန်းဖို့ နေရာရှာမှ ဖြစ်မှာ …”

လင်းရီသည် သူတို့ရှေ့ မျက်စောင်းထိုးရှိ တည်းခိုခန်း အသေးစားလေး တစ်ခုသို့ လက်ညိုးထိုးပြလိုက်ပြီး “ အဲ့မှာ ခဏလောက် ပုန်းနေကြတာပေါ့ … နောက် လေးငါးနာရီလောက်ဆို အကူအညီတွေလည်း ရောက်လာလောက်ပြီ…”

“ ဒါဆိုလည်း ကားကို ဘာလို့ ဒီနေရာ ရပ်လိုက်တာလဲ …”

“ ကာဗာသဘောမျိုး ရပ်တာ … တကယ်လို့ တစ်ယောက်ယောက်ကများ ငါတို့နောက် လိုက်လာခဲ့ရင် ချက်ချင်း တွေ့ပြီး နောက်တံခါးကနေ အသင့်ပြေးလို့ ရတာပေါ့ …”

လင်းရီ ပြောလိုက်ပြီး “ ဓာတ်ဆီပုံးကို ကားထဲမှာ ချန်ခဲ့ … တစ်ခုခုဆိုရင် မီးရှို့ပြီး ရုတ်ရုတ်သဲသဲဖြစ်အောင် လုပ်လို့ရတယ်… အဲ့လိုမှဘဲ ငါတို့နှစ်ယောက် ပြေးဖို့ အခွင့်အရေး ရမှာ …”

“ ဒါဆိုလည်း ဘာတွေ စောင့်နေတာ … အခု သွားစို့လေ…”

“ နည်းနည်းထပ်စောင့်ကြတာပေါ့ … မလောစမ်းနဲ့ … အခြေအနေသာပေးရင် မသွားခင် အရုဏ်တက်အထိ စောင့်ကြမယ်…”

“ ဘာလို့ …”

“ မနက်သုံးနာရီကြီး လူတိုင်း အိပ်ကောင်းတဲ့အချိန် ငါတို့နှစ်ယောက် တံခါးသွားခေါက်လို့ကတော့ သံသယ ဝင်ခံရမှာ ကျိန်းသေပေါက်ပဲ မဟုတ်ဘူးလား … သာမန်လူတွေက ဘာလို့ အဲ့လိုလုပ်မှာ … နေထွက်လာမှဆို ယုတ္တိရှိသွားပြီ… တကယ်လို့ မတော်တဆ တစ်ခုခု ရှိလာရင်တောင် ငါတို့ ကားမောင်းပြေးလို့ ရသေးတယ်… အခြေအနေတိုင်းအတွက် ပြင်ဆင်ထားတာ …”

“ အံ့ဩစရာပဲ …”

ကျိုးလျန်သည် လင်းရီအား လက်မထောင်ပြလိုက်ကာ အပြည့်အဝ လေးစားသွားခဲ့ရသည်။

မသိလိုက် မသိစွာဖြင့် တစ်နာရီကျော် ကုန်ဆုံးသွားခဲ့ပြီး ကောင်းကင်သည်လည်း လင်းစပြုလာနေပြီ။

တည်းခိုခန်း အသေးစားလေးမှ တံခါး ပွင့်လာသည်ကို ကျိုးလျန် မြင်တွေ့လိုက်ရသည်။ ညှပ်ဖိနပ်နှင့် အမျိုးသားတစ်ယောက်မှာ ပါးစပ်တွင် စီးကရက်ခဲပြီး လက်ထဲတွင် တံမြက်စည်းတစ်လက်ဖြင့် တံခါးရှေ့ကို လှည်းကျင်းနေသည်။ ပုံစံ ကြည့်ရသလောက်တော့ ထိုလူက တည်းခိုခန်း ပိုင်ရှင် ဖြစ်ပုံရ၏။

သို့သော် လင်းရီမှာ ထွက်ခွာရန် အလျင်မလိုချေ။ ခဏစောင့်ဆိုင်းလိုက်ပြီး လူတစ်ယောက် ချက်ကင်ဝင်သွားခဲ့သည်ကို မြင်တော့မှ ကျိုးလျန်အား ခေါ်ထွက်လာခဲ့လိုက်၏။

ပစ္စည်းများအား သိမ်းဆည်းပြီးနောက် နှစ်ယောက်မှာ တည်းခိုခန်း အသေးစားလေးထံသို့ ဦးတည်လာသည်။

လင်းရီ၏ အိတ်ထောင်ထဲတွင် ဒေါ်လာတစ်ရာကျော် ကျန်သေး၏။ မများပြားသော်လည်း ဤနေရာရှိ ဈေးနှုန်းများနှင့် ကြီးကြီးမားမား ပြဿနာတော့ မရှိချေ။

ခေတ္တ ညှိနှိုင်းပြီးနောက် နှစ်ယောက်သား ဒုတိယထပ် ပြတင်းပေါက်ဘေးရှိ အခန်းတစ်ခန်းကို ငှားလိုက်ကြ၏။ ယင်းက သူတို့အတွက် အောက်ရှိ အခြေအနေအား စူးစမ်းလေ့လာရန် အဆင်ပြေစေသည်။

လင်းရီသည် ပြတင်းပေါက်ရှေ့တွင် မတ်တပ်ရပ်ရင်း အမှောင်ထုအတွင်းမှ ဖြည်းညင်းစွာ နိုးလာနေသည့် မြို့ငယ်လေးအား စောင့်ကြည့်နေလိုက်သည်။ ဤတဒင်္ဂ အခိုက်အတန့်လေးက သူ့အတွက် တည်ငြိမ် အေးချမ်းပြီး ဘာနှင့်မျှ မလဲလှယ်နိုင်သည့် အရာတစ်ခုလိုပါပင်။

“ ဘော့စ်လျိုကို ငါတို့ရဲ့ တည်နေရာ သတင်းပေးလိုက် … ကျန်တာကတော့ ကောင်းကင်အလိုကျပဲ ….”

လင်းရီ ညွှန်ကြားသည့်အတိုင်း ကျိုးလျန်သည် လျိုဟုန်အား သူတို့ နေရာ အတိအကျကို ပြောပြလိုက်သည်။ နောက်ဆက်တွဲ ကျန်ရစ်သည်ကတော့ စောင့်ဆိုင်းဖို့ရာပင်။

ပြတင်းပေါက်သို့ ခေတ္တမျှ ငေးကြည့်ပြီးနောက် လင်းရီ၏ မျက်လုံးတို့ ပင်ပန်းပြီး နာကျင်လာသည်။ သူ လှည့်ကြည့်လိုက်တော့ ကျိုးလျန်မှာ သေနတ်အား လက်မောင်းတွင် ပိုက်ရင်း အိပ်မောကျသွားခဲ့သည်ကို မြင်တွေ့လိုက်ရသည်။

သိပ်သည်းကြီးမားသည့် နွမ်းနယ်မှုက သူ့အား လွှမ်းမိုးသွားပြီး စိတ်အခြေအနေမှာလည်း မနိုင်သည့်ဝန်ကို ကြံ့ကြံ့ခံ ထမ်းပိုးထားရကာ နောက်ဆုံး၌ မိမိ၏ ခန္ဓာကိုယ်က မိမိအလိုကျ မလိုက်ပေးနိုင်တော့ချေ။

လင်းရီ ဘာမျှ မဆိုချေ။ သူ မျက်နှာကို ရေအေးအေးဖြင့် သွားသစ်လိုက်ပြီး အတော်လေး လန်းဆန်းသွားသည်ဟု ခံစားလိုက်ရ၏။ ထို့နောက် ပြတင်းပေါက်ရှေ့တွင် ရပ်နေရင်း သူ့ရှေ့တွင် ဖြစ်နေသည့် အရာများအား ဆက်လက် ကြည့်ရှုနေလိုက်သည်။

သေးငယ်သည့်တိုင်အောင် စာကလေးတွင်လည်း ၎င်း၏ အရေးကြီးသည့် ကိုယ်အင်္ဂါအစိတ်အပိုင်းများအားလုံး ရှိသည်ဟူသည့် စကားအတိုင်း တော်ရုံသာ ရှိသည့် တည်းခိုခန်းက ရိုးရှင်းကောင်း ၊ ရိုးရှင်းလိမ့်မည်။ သို့သော် ဟွာရှရှိ ဟိုတယ်တစ်ချို့ နည်းတူ အစားအသောက်နှင့် ရေသန့်တစ်ချို့ ချပေးထားကာ အပိုဝင်ငွေတစ်ချို့ ဖြစ်ပေါ်စေသည်။

စနစ်၏ မွမ်းမံပြင်ဆင်ပေးမှုဖြင့် လင်းရီ၏ ကိုယ်ကာယပိုင်းဆိုင်ရာ စွမ်းဆောင်နိုင်မှုတို့က သာမန်လူတို့၏ အကန့်အသတ်ကို ကျော်လွန်နေပြီး ဖြစ်ပေမယ့် သူသည်လည်း အသွေးအားနှင့် ဆောက်ထားသည့် ခန္ဓာပင်။ ကြာရှည်စွာ တောင့်သည်းခဲ့ရသည့် ပင်ပန်းနွမ်းနယ်မှုတို့က အေးချမ်းသည့် ယခုအခိုက်အတန့်၌ ပေါက်ကွဲထွက်လာခဲ့ကာ သူ့အား အနည်းငယ် နုံးချိလာစေခဲ့သည်။ စားပွဲပေါ် တင်ထားသည့် အစားအသောက်တစ်ချို့ စားလိုက်သည့် အခါမှသာ ဗိုက်ထဲ၌ နေသာ ထိုင်သာ တစ်ချို့ ရှိသွားခဲ့၏။

မိနစ်လက်တံက တဖြည်းဖြည်းနှင့် ရွေ့လျားနေပြီး မျက်စိ တစ်မှိတ်စာအတွင်း မနက် ခုနစ်နာရီ ကျော်သွားခဲ့လေသည်။

လင်းရီ အချိန်အား မှန်းဆကြည့်လိုက်၏။

တွက်ချက်မှု အရ နှစ်နာရီမှ သုံးနာရီဆိုလျှင် ချိုးယွီလော့နှင့် နင်ချဲ့တို့ ယခုနေရာသို့ ရောက်လာသင့်ချေပြီ။ ထို့ပြင် လျိုဟုန် ထပ်ပြောလာခဲ့သည့် အတိုင်းဆိုပါက ၎င်းတို့ဘက်ကလည်း ကိုယ့်နည်းကိုယ်ဟန်ဖြင့် ထိုးဖောက်လာတော့မည်ဆိုပင်။

သို့သော် သူ့ဘက်ခြမ်းတွင်တော့ မည်သည့် လှုပ်ရှားမှုတို့ကမျှ ရှိမလာသေးချေ။

ဖြစ်တန်သည်မှာ သူ့ မဟာမိတ်များ၏ လှုပ်ရှားမှုများအား တစ်ဖက်မှ ပိတ်ဆို့ဟန့်တားထားသောကြောင့်သာ ဖြစ်ရမည်။ မဟုတ်ပါက ယခု အချိန်လောက်ဆို သူတို့တွေ ရောက်လာသင့်ပြီး ဖြစ်၏။

ထိုအကြောင်း တွေးတောမိသည်တွင် လင်းရီ၏ အမူအရာမှာ အေးခဲသွားခဲ့ပြီး မျက်နှာအမူအရာလည်း ပြောင်းလဲသွားခဲ့ကာ အကျည်းတန်လာခဲ့တော့၏။

All Chapters