သေခြင်း ရှင်ခြင်း အခိုက်အတန့်
Vol. 120 Ch. 1790
“ သေချာထိုင် … ငါ အခု နောက်ပြန်ဆုတ်နေပြီ…”
လင်းရီ၏ နဖူးတစ်ခုလုံး ချွေးအေးများ စိုရွှဲနေသည်အထိ ထိတ်လန့်နေလျက် ရှိတော့၏။
ရှေ့တွင် လမ်းပိတ်ထားပြီး အကယ်၍ သူသာ ဖြတ်မောင်းပစ်မည်ဆိုပါက တာယာများ ပေါက်ကွဲသွားလိမ့်မည်။ ထိုသို့ ဖြစ်သွားလျှင်တော့ နောက်ဆက်တွဲ ရလဒ်ကို ကိုယ့်ဘာကိုယ် စိတ်ကူးကြည့်လိုက်နိုင်သည်။
ဖြေရှင်းနိုင်သည့် တစ်ခုတည်းသော နည်းလမ်းကတော့ ကားအား နောက်ပြန်ဆုတ်ရန်ပင်။ အသက်အန္တရာယ် စိတ်မချရသေးသရွေ့ ကားအား အဆုံးရှုံးခံ၍ မဖြစ်ချေ။
“ အသင့်ပဲ …”
လင်းရီသည် ကားအား နောက်သို့ ဆုတ်၍ လီဗာပေါ်သို့ ခပ်ကြမ်းကြမ်း နင်းထားလိုက်သည်။
ဖို့ဒ်၏ အင်ဂျင်ဟိန်းသံက တစ်ဖန် ထွက်ပေါ်လာပြီး တာယာအောက်ခြေမှ အဖြူရောင် မီးခိုးသို့ ထွက်ပေါ်လာကာ ပြင်ပ ပယောဂကြောင့် မဟုတ်လျှင်ပင် ဟောင်းနွမ်းနေသည့် အခြေအနေကြောင့် သေဆုံးတော့မည့် အခြေအနေကို ညွှန်ပြနေသည်။
ဘန်း ဘန်း ဘန်း ဘန်း …
အနောက်ဆုတ်နေသည် ဖြစ်၍ လင်းရီ၏ အမြင်မှာ ပိတ်ဆို့ထားခြင်း ခံရ၏။
ကျိုးလျန် အနောက်သို့ လေးငါးချက် ပစ်ခတ်လိုက်ပြီး လင်းရီအား ကာဗာပေးရန် ကြိုးပမ်းသည်။
သို့သော် ရန်သူဘက်က ဆပိုးတိုး၍ ပစ်ခတ်လာရာ ကျိုးလျန်၏ ကာပစ်ပေးမှုပါ အချည်းနှီး ဖြစ်လုနီးပါးပင်။
လင်းရီမှာ တစ်ချိန်လုံး ခေါင်းဝပ်ထားနေရပြီး စမ်းဝဝါးဝါးသာ မောင်းနှင်နေရ၏။
“ ငိုးပဲ…”
လင်းရီ ကားနောက်ပြန်ဆုတ်လာသည်ကို မြင်တော့ အနောက်မှ လိုက်ပါလာသည့် ကားများကလည်း နောက်သို့ ပြန်ဆုတ်လိုက်ကြသည်။
သူတို့သာ ထိုကဲ့သို့ ဧရာမကားကြီး၏ တိုက်ခိုက်မှုကို ခံရမည် ဆိုပါက မသေလျှင်ပင် အကျိုးအကန်း ဖြစ်သွားနိုင်သည်။
မကြာမီ လင်းရီသည် မူလ လမ်းကြောင်းပေါ်သို့ ပြန်လည်ရောက်ရှိလာခဲ့၏။
လမ်းပေါ်တွင် မတူညီသည့် ယူနီဖောင်းများနှင့် လင်းရီထံသို့ သေနတ်ဖြင့် ချိန်ရွယ်ထားသည့် စစ်သားအုပ်စုကြီး ရှိနေသည်။
မျက်လုံးထောင့်ကပ်ပြီး တစ်ချက်ကြည့်လိုက်ရာ လင်းရီသည် ရှေ့ နှစ်ဆယ်မီတာတွင် စောနနှင့် တစ်ရွယ်တည်း နီးပါးရှိသည့် လမ်းကျဉ်းတစ်ခုရှိသည်ကို မြင်တွေ့လိုက်ရသည်။ သို့သော် ယင်းက လူအုပ်ကြီး၏ အနောက်၌ တည်ရှိနေခြင်း ဖြစ်၏။
သူ့ဘက်က အကြမ်းပတမ်း မောင်းနှင်သွားဖို့ လိုအပ်လေသည်။
“ ခေါင်းဆောင် … ကားက ဆက်ပြီး တောင့်ခံနိုင်ပါ့ဦးမလား …”
“ မရလောက်တော့ဘူး …” လင်းရီပြောလိုက်ပြီး “ ဆီဘယ်လောက် ကျန်သေးလဲ …”
“ အများကြီး မကျန်တော့ဘူး …”
“ ခဏနေကျရင် ငါ ညွှန်ကြားတာ နာခံပြိး မီးရှို့လိုက် …”
“ ဟင်….”
ကျိုးလျန် ကြက်သေသေသွားခဲ့သည်။
“ ကားထဲမှာ မီးရှို့ဖို့ ပြောနေတာလား …”
“ အမှန်ပဲ …”
လင်းရီ ဘာမှ မပြောဘဲ အရှိန်ကိုသာ ဆက်လက် မြင့်တင်နေလျက် ရှိသည်။
ဘန်း …
ပေါက်ကွဲသံ တစ်ခု ထွက်ပေါ်လာခဲ့၏။
တာယာများ ပစ်ခတ်ခံလိုက်ရပြီး ကားမှာ ချက်ချင်း ထိန်းချုပ်မှုအောက်မှ လွတ်ကင်းသွားခဲ့လေသည်။ ၎င်းက နေရာ၌ အကြိမ်ရေများစွာ လည်ပတ်သွားခဲ့၏။
လင်းရီ အံကို တင်းတင်းကြိတ်၍ ဘရိတ်နင်းကာ ကားအား အတင်းအကြပ် ပြန်လည် ထိန်းချုပ်နိုင်လိုက်သည်။ ထို့နောက် ရှေ့ရှိ စစ်သားအုပ်စုကြီးထံသို့ အကြမ်းပတမ်း ဆက်လက် မောင်းနှင်လာခဲ့၏။
သူ့အား ဝိုင်းရံရန် ရောက်လာသည့် လူများကလည်း လင်းရီကို ဤမျှ ရဲဝံ့သည့် လူတစ်ဦး ဖြစ်နေလိမ့်မည်လို့ မျှော်လင့်မထားခဲ့ချေ။ ထိုကောင်က ယခုလို ဖိအားပေးခံနေရသည့် အနေအထား၌ပင် လက်မလျော့သေးချေ။
ရွေးချယ်စရာ မရှိပါဘဲ စုဖွဲ့နေသည့် လူအုပ်ကြီးမှ ရှောင်တိမ်းရန် အလို့ငှာ နေရာအနှံ့သို့ ပြန့်ကျဲလိုက်ကြရသည်။
လင်းရီသည် လမ်းပေါ်မှ ပြေးဆင်းသွားခဲ့ပြီး ရှေ့ရှိ လမ်းကျဉ်းလေးထဲသို့ ဦးတည်လိုက်၏။ တစ်ချိန်တည်းတွင် ကျိုးလျန်အား အော်ဟစ်လိုက်သည်။
“ မီးရှို့တော့ …”
ထိုအခိုက်အတန့်တွင် ကျိုးလျန်မှာတော့ အသက်စွန့်ရန် အဆင်သင့် ဖြစ်နေခဲ့ချေပြီ။
လင်းရီ၏ အမိန့်ကို ကြားတော့ ဓာတ်ဆီပုံးအား ချက်ချင်း မီးညှိလိုက်တော့သည်။
ကားထဲတွင် ဆီသိပ်မကျန်တော့သော်လည်းပဲ ဟုန်းဟုန်းတောက် လောင်ကျွမ်းနိုင်စွမ်းတော့ ကျန်ရစ်နေဆဲပင်။ ကားမှာ ချက်ချင်း မီးဆွဲသွားခဲ့တော့၏။
တစ်ချိန်တည်းတွင် လင်းရီနှင့် ကျိုးလျန်မှာ ကားထဲမှ ထွက်ပြေးသွားခဲ့ကြသည်။ သို့သော်လည်း အောက်ရှိ အကောင်ကြီးမှာတော့ အိုမင်းမှုကြောင့် သေဆုံးခါနီး အချိန်၌ပင် ၎င်း၏ မစ်ရှင်ကို ပြီးမြောက်အောင် ထမ်းဆောင်နိုင်သွားခဲ့လေသည်။
ဟုန်းဟုန်းတောက် လောင်ကျွမ်းနေသည့် ဖို့ဒ်ကားက လမ်းကျဉ်းလေးကို ပိတ်ဆို့ထားပြီး သဘာဝ အတားအဆီး တစ်ခု ဖြစ်ပေါ်လာစေသည်။
ဤသည်က လင်းရီနှင့် ကျိုးလျန်အား လမ်းကျဉ်းလေးမှတဆင့် ထွက်ပြေးလွတ်မြောက်နိုင်ရန် အခွင့်ကောင်းတစ်ခုကိုလည်း ဖန်တီးပေးသည်။
“ ခေါင်ဆောင် .. မြန်မြန်ပြေး … ကျုပ် အနောက်ကနေ ကာပေးထားမယ်…”
“ စောက်ရေးမပါတာတွေ …” လင်းရီ ပိတ်ငေါက်လိုက်ပြီး “ မင်းက ငါ့လက်အောက်ငယ်သားပဲ … မင်းကို အနောက်မှာ နေခိုင်းလို့ ဘယ်ဖြစ်မှာ … ပြေး …”
လင်းရီသည် ကျိုးလျန်၏ လက်မောင်းအား ဆွဲ၍ သူ့အရှေ့သို့ ပို့လိုက်၏။
“ ဒီ စောက်ကျိုးနည်း နေရာကနေ လွတ်အောင် ပြေး…”
ကျိုးလျန် အံကို တင်းတင်းကြိတ်ပြီး ရှေ့သို့ အားသွန်ခွန်စိုက်ပြီး ပြေးသည်။
သေနတ်ဖြင့် အပြန်အလှန် ခြိမ်းခြောက်ပြီးသည့်နောက်တွင် လင်းရီသည် ကျိုးလျန်အား ပြန်လိုက်မီလာသည်။
“ ရှေ့မှာ လူးဆင်းပေါက် ရှိတယ်… ဖွင့်ပြီး အဲ့ထဲ ဝင်ပုန်းမယ်…”
( လူးဆင်းပေါက် - ရေဆိုးပြွန်ကို ဆင်းပြီး စစ်ဆေးရန် ပြုလုပ်ထားသော အပေါက် )
လူးဆင်းပေါက် အဖုံးကို တွေ့သည်တွင် နှစ်ယောက်မှာ လက်ချောင်းများ ထည့်၍ အပေါ်သို့ ဆွဲလိုက်ရာ ချက်ချင်း ပွင့်လာခဲ့သည်။
“ ခေါင်းဆောင် … ခင်များ အရင်ဆင်း … ဒီတစ်ခေါက်တော့ ကျုပ် ကာထားပေးမယ်…”
“ ဖျင်ချခံချင်နေလို့လား … အခုချက်ချင်း ဆင်း …”
လင်းရီ ဘာမှ ဂရုစိုက်မနေဘဲ ကျိုးလျန်အား ရေဆိုးပိုက်ထဲသို့ ကန်ချလိုက်သည်။
ကျိုးလျန် အလျင်အမြန် တုံ့ပြန်၍ ဘေးရှိ လှေကားသို့ အလျင်အမြန် ဖက်တွယ်ထားလိုက်၏။
အောက်ရှိ နုန်းတို့က နွံကဲ့သို့ပင်။ ပြုတ်ကျသွားခဲ့မည်ဆိုပါက ပြန်တက်လာနိုင်ဖို့ ခဲယဉ်း၏။
ကျိုးလျန်အား ကန်ချပြီးနောက် လင်းရီလည်း ချက်ချင်းဆင်းသွားခဲ့ကာ လက်ကိုင်ဘားအား ဆွဲပြီး လူးဆင်းပေါက် အဖုံးအား ပိတ်ချပစ်လိုက်၏။
ဖြစ်စဉ်တစ်ခုလုံးက ချောချောမွေ့မွေ့နှင့် ရှိကာ ငါးစက္ကန့်ပင် မကြာလိုက်ချေ။
ပြင်းထန်သည့် အော်ဂလီဆန်ဖွယ် အနံ့တို့က ၎င်းတို့၏ မျက်နှာအား လာရိုက်ခတ်ကာ မည်သူ့ကိုမဆို အော့အန်သွားစေဖို့ လုံလောက်၏။
သို့သော် သေရေး ရှင်ရေး အခိုက်အတန့် ဖြစ်နေသည့် အချိန်၌ စိတ်အေးလက်အေး အသက်ရှူနိုင်ရန် အချိန်အနည်းငယ် ရလိုက်သည်က သူတို့နှစ်ယောက်အဖို့ အသက် သက်တမ်းကို အသစ်ငှားရမ်း သက်တမ်းတိုးနိုင်လိုက်သကဲ့သို့ ခံစားသွားရစေသည်။
ထို့နောက် ၎င်းတို့ ဦးခေါင်းထက်မှ သေနတ်သံများ ထွက်ပေါ်လာခဲ့ကာ အလျင်လိုသည့် ခြေလှမ်းသံတို့က နောက်မှ ကပ်လျက် လိုက်ပါလာသည်။
ခြေသံများကို နားထောင်ကြည့်ရသလောက် အနည်းဆုံး လူ ၂၀ မှ ၃၀လောက်အထိ သူတို့ ပုန်းနေသည့် နေရာအထက်မှ ဖြတ်သန်းသွားခဲ့ကြလေသည်။
သူတို့ပုန်းနေသည့် လူးဆင်းပေါက်ပေါ်၌ တစ်စုံတစ်ယောက် မတ်တပ်ရပ်နေသည်ကို ခံစားမိတော့ နှစ်ယောက်မှာ မနေနိုင်ဘဲ နှလုံးခုန်နှုန်း မြန်ဆန်လာခဲ့ပြီး တုန်လှုပ်ခြောက်ခြားသည့် အမူအရာတို့ လှစ်ဟာပြလာခဲ့ကြသည်။
“ ဒီကောင်တွေ ဘယ်သွားခဲ့ကြတာ .. စောနလေးတင် ဒီထဲဝင်သွားတာကို ဒီလောက် မြန်မြန်ကြီး ပျောက်သွားတာကတော့ မဖြစ်သင့်ဘူး …”
“ သူတို့ ဝေးဝေး မရောက်သေးတာတော့ သေချာတယ်… တစ်နေရာရာမှာ ပုန်းနေတာပဲ ဖြစ်ရမယ်… ဒီဧရိယာ တစ်ဝိုက်ကို ရှိာသရွေ့ ကျိန်းသေပေါက် တွေ့တယ်…”
“ ဒီနေရာကို အရင်ဆုံး ချိတ်ပိတ်ထားလိုက် … သူတို့ အဝေးကြီး ပြေးနိုင်ဦးမှာ မဟုတ်ဘူးလို့ ငါယုံတယ်…”
လူးဆင်းပေါက် အောက်တွင် ပုန်းနေသည့် လူနှစ်ယောက်၏ နှလုံးခုန်သံမှာတော့ မိုးခြိမ်းသံမက ကျယ်လောင်နေပြီး လည်ချောင်းဝမှ ခုန်ပေါက်ထွက်လုနီးပါးပင်။
သူတို့ တစ်သက်သာတွင် အနှစ် ၂၀ ကျော်အောင် အသက်ရှင်ခဲ့ပြီး ဖြစ်သော်လည်း ဤမျှ ရင်မခုန်ခဲ့ဖူးဟု ချက်ချင်း ကျိန်ဆိုနိုင်သည်။
အချိန်တို့ တရွေ့ရွေ့ ကုန်ဆုံးလာခဲ့သော်လည်း လူးဆင်းပေါက် အဖုံးပေါ်၌ ရပ်နေသည့် လူများမှာ ထွက်ခွာသွားခြင်း မရှိသေးချေ။ ကျယ်လောင်စွာ ခုန်ပေါက်နေသည့် မိမိတို့ နှစ်ဦး၏ နှလုံးခုန်သံကိုပင် ကြားနေရလေသည်။
ရုတ်ချည်းဆိုသလို အပေါက်မှတဆင့် ထိုးဖောက်ကျဆင်းနေသည့် နေအလင်းရောင်မှာ ထပ်မံ ဖုံးအုပ်ခံလိုက်ရပြီး ခြေလှမ်းသံများက တဖြည်းဖြည်းနှင့် ဝေးကွာသွားခဲ့၏။
ထိုအခါမှပဲ နှစ်ယောက်လုံး စိတ်သက်သာရစွာဖြင့် သက်ပြင်းချနိုင်လေတော့သည်။
သူတို့အဖို့ အနှီ ရှည်ကြာသည့် မိနစ်တို့က နွေ ၊ မိုး ၊ ဆောင်း ၊ ဥတုသုံးမျိုးကိုလည်း ဖြတ်သန်းလိုက်ရသကဲ့သို့ပင်။
သို့သော် ပြောင်းလဲသွားခဲ့သည်က ဥတုရာသီ မဟုတ်ပါဘဲ ၎င်းတို့၏ သေခြင်းနှင့် ရှင်ခြင်း ဖြစ်၏။
နှစ်ယောက်မှာ စိတ်သက်သာရသွားပြီဟု ခံစားလိုက်ရသည်။ အနံ့အသက်က ရှူရှိုက်လို့ မကောင်းစေကာမူ အနည်းငယ် ပျော်ရွှင်မှုကို ခံစားလိုက်ရသည်။
နောက်ထပ် မိနစ် အနည်းငယ်ကြာတော့ အပေါ်ဘက်မှ မည်သည့်အသံကိုမျှ မကြားရတော့ချေ။
ကျိုးလျန် တီးတိုးပြောလိုက်၏။
“ ခေါင်းဆောင် … ကျုပ်တို့ အခု ခေါင်းဆောင်လျိုကိုလည်း ဆက်သွယ်လို့ မဖြစ်တော့ဘူးဟုတ် …”
လင်းရီ၏ နှုတ်ခမ်းထောင့်စွန်းတို့ တွန့်ကွေးသွားခဲ့ပြီး ထူးဆန်းသည့် မျက်နှာထားတစ်ခု ဖြစ်ပေါ်လာကာ သူ ပြောလိုက်သည်။
“ ဒါပေါ့ ……… ဒါပေမယ့် သူတို့ကို တည်နေရာ အမှားကြီး ပေးပြီး ငါတို့ အသက်ရှူချိန်ရအောင်တော့ ဖန်တီးလို့ရတယ်…”
ကျိုးလျန် မျက်လုံးအရောင် လက်ခနဲ ဖြစ်သွားခဲ့၏။
သူ၏ ယခင် ခန့်မှန်းမှုများအတိုင်းဆိုပါက ကျုံးဝေ့တပ်ဖွဲ့ထဲတွင် သစ္စာဖောက်တစ်ယောက်တော့ ရှိနေပြီ။
အကယ်၍ သူတို့ဘက်သာ တည်နေရာအမှားကြီးအား ပြောပြလိုက်မည်ဆိုပါက အပေါ်ရှိ လူများ၏ အာရုံကို ဆွဲဆောင်သွားမှာ ဖြစ်ပြီး သူတို့ အဖို့ အချိန်အတိုင်းအတာတစ်ခုအထိ ဘေးကင်းသွားလိမ့်မည်။
“ ခေါင်းဆောင် … ခင်များက အတော်ဆုံးပဲ … 16-core CPU ကို ခေါင်းထဲ ဆင်ထားလား အောက်မေ့ရတယ်…”
“ ကောင်းပြီ… ပေါက်တတ်ကရ ပြောနေတာတွေ တော်တော့ … မက်ဆေ့အရင် ပို့လိုက် … မဟုတ်ရင် ငါတို့ နှစ်ယောက် လူသတ်လို့ မသေဘဲ အနံ့သတ်လို့ သေနေဦးမယ်…”
“ အိုကေ …”
ကျိုးလျန် သူ့အိတ်ထောင်ထဲမှ ဖုန်းအား ထုတ်လိုက်သည်။
သို့သော် သူတို့ ဖုန်းထုတ်လိုက်သည့် အချိန်မှာပဲ နှစ်ယောက်လုံး ကြက်သေသေသွားခဲ့၏။
ယခုလေးတင် ဖြစ်ပွားခဲ့သည့် ရုန်းရင်းဆန်ခတ် အခြေအနေကြောင့် ဖုန်းစခရင်မှာ ပင့်ကူအိမ် သဖွယ် ဖြစ်နေပြီး သုံးစား မရတော့ချေ။
“ ငါ လခွမ်းလိုပဲကွာ …’
လင်းရီ စိတ်ပျက်စွာ ကျိန်ဆဲလိုက်မိသည်။
ဤတစ်ကြိမ်တော့ တကယ်ကံဆိုးတာဖြစ်၏။
ခေါင်းအား ကူကယ်ရာမဲ့စွာ ခါယမ်းရင်း လင်းရီသည် သူ့ကိုယ်တွင် ပတ်ထားသည့် သတ္တုရိုင်းအား ထိကြည့်လိုက်သည်။
သူတို့တွင် ဤပစ္စည်း ရှိနေသေးသရွေ့ အရာအားလုံး အဆင်ပြေသည်။
သို့သော် နောက် ဘာဆက်လုပ်သင့်လဲဆိုတာနှင့် ပတ်သက်၍တော့ ရေရာတိကျသည့် အဖြေတစ်ခုကို လင်းရီ ပေးစွမ်းနိုင်ခြင်း မရှိချေ။