ရှုပ်ထွေးတဲ့ အခြေအနေ
Vol. 120 Ch. 1791
“ ခေါင်းဆောင် … ကျုပ်တို့ အခု ဘယ်လိုလုပ်ကြမလဲ … ကျုပ်တို့ ဒီမှာပဲ တစ်သက်လုံး ပုန်းနေကြရတော့မှာလား …” ကျိုးလျန် ပျော့ပျောင်းစွာ မေးလာခဲ့၏။
“ ကျုပ်တို့ အနံ့ကြောင့် မသေဘူးဆိုရင်တောင် ငတ်မွတ်လို့ ဖြည်းဖြည်းချင်း သေသွားနိုင်တယ်နော်….”
“ အဲ့အကြောင်းကို ညကျမှ ပြောကြတာပေါ့ … အခုချိန် အပြင်ထွက်တာက ကိုယ့်ကိုယ်ကို သေကြောင်းကြံတာပဲ …”
သူတို့၌ လက်နက်ခဲယမ်းများနှင့် အစားအသောက်တို့ မပြတ်လပ်သေးသော်လည်း ပြင်ပ ကမ္ဘာနှင့်တော့ အဆက်အသွယ် ပြတ်သွားခဲ့ပြီ ဖြစ်၏။
အပြင်ဘက်တွင် နိုင်ငံခြားသားများက သတိကြီးကြီးဖြင့် စောင့်ကြပ်နေကြပြီး ဤနေရာမှာ အဖွဲ့အစည်းပေါင်းစုံ၏ ဝိုင်းရံခြင်းကို ခံရသည့် နေရာတစ်ခု ဖြစ်လာလိမ့်မည်။ ဤနေရာမှ ထွက်ခွာနိုင်ခြင်း ရှိမရှိကတော့ ကံတရားအပေါ်တွင် မူတည်နေသည်။
သို့သော် အမှတ်လက္ခဏာများအားလုံးကို ခြုံငုံ သုံးသပ်ကြည့်ရသလောက်တော့ ဤကိစ္စ နောက်ကွယ်မှ လက်သည်တရားခံသည် သူ့အား အတော်လေး ပစ်မှတ်ထားနေဖို့များ၏။
ကနေဦးတုန်းက လင်းရီ ဝေဖန် သုံးသပ်မိသလောက် အဆိုပါ ရာဇဝတ်သားများက သူတို့ ရရှိထားသည့် သတ္တုရိုင်းများကို ဟွာရှထဲသို့ တိတ်တဆိတ် ခိုးသွင်းချင်နေသည်ဟူ၍ပင်။
ယခုတော့ အနှီ ဖြစ်နိုင်ချေက အတော်လေး နည်းပါးသွားပြီ ဖြစ်၏။
စစ်မှန်သည့် ရည်ရွယ်ချက်က သတ္တုရိုင်းဖြင့် ရန်သူများ၏ အာရုံကို ဆွဲဆောင်ပြီး သူ့အား ဖယ်ရှား သုတ်သင်ရန် ရည်ရွယ်ချက်ကို ဖြည့်ဆည်းနိုင်ဖို့ပင်။
ကျုံးဝေ့တပ်ဖွဲ့ရှိ အခြေအနေအတွက်တော့ သစ္စာဖောက် တစ်ယောက် ရှိနေသည်မှာ လင်းရီ လုံးဝ နီးပါး သေချာသည်။ မဟုတ်ပါက ဤမျှ တိုက်ဆိုင်သည့် ဖြစ်ရပ်တို့မှာ လုံးဝ ဖြစ်ပျက်လာမှာ မဟုတ်ချေ။
သို့သော် အဆိုပါ ကိစ္စရပ်များကိုတော့ သူ ပြန်ရောက်သွားသည့်အခါမှသာ ကိုင်တွယ်နိုင်မှာ ဖြစ်၏။
ကံမကောင်းစွာဖြင့် သူ့တွင် အသက်ရှင်လျက် ပြန်သွားနိုင်မည့် အခွင့်အရေးလေးပင် ရှိပါ့မလားကို မသေချာပေ။
“ ခေါင်းဆောင် … အသင်း ၂ နဲ့ ၃ က လူတွေ ဒီကို မကြာခင် ရောက်သင့်လောက်ပြီမလား …”
“ အင်း …. မမှားရင်တော့ သူတို့ ဒီကို ရောက်နေသင့်လောက်ပြီ… ဒါပေမယ့် သူတို့ ဘယ်မှာလဲ ငါမသိဘူး ..” လင်းရီ ပြောလိုက်ပြီး “ သူတို့တွေ ဒီနေရာကို အရင်ဆုံး ရှာတွေ့ပါစေလို့ ကောင်းကင်ကို ဆုတောင်းရုံပဲ တတ်နိုင်မယ်… အဲ့လိုမှပဲ ငါတို့ အသက်ရှင်နိုင်မယ့် အခွင့်အရေး ရှိမှာ …”
“ ကျုပ်က ငယ်ကတည်းကနေ ကောင်းတာ တစ်ခုမှ လုပ်မလာခဲ့တော့ ကောင်းကင်က မျက်နှာပေးမယ် မထင်ဘူး … ခေါင်းဆောင် … ခင်များ ဆုတောင်းကြည့်ပါလား …”
“ ငါလည်း အတူတူပဲ … ငါကြောက်တာက ငါသာ ဆုတောင်းလိုက်ရင် ကောင်းကင်ဘုံက မိုးကြိုးပစ်ပြီး နှစ်ကောင်လုံး လျှောသွားမှာကိုပဲ …”
“ ကျုပ်သာ အသက်ရှင်လျက် ပြန်သွားနိုင်ခဲ့ရင် သားသတ်လွတ်စားပြီး ကျန်တဲ့ ဘဝတစ်လျှောက်လုံး ဗုဒ္ဓကိုပဲ ကိုးကွယ်သွားတော့မယ်… ကျုပ် လူကောင်းဖြစ်အောင် နေမယ်….”
“ လိင်ကိစ္စကျတော့ကော ..”
“ စကားတောင် ရှိသေးတာပဲ မလား … အစားအသောက်နဲ့ လိင်ကိစ္စဆိုတာ အတူတူပဲတဲ့ … လိင်ကိစ္စ ရှောင်ဖို့ လာပြောနေရင် ကျုပ်ကို အစားမစားနဲ့လို့ ပြောလိုက်တာနဲ့ အတူတူပဲ … အဲ့လိုဆို မကောင်းဘူးလေ…”
“ ဟားဟား ….”
အပြင်ဘက်ရှိ အခြေအနေမှာ မရေမရာ အန္တရာယ်များနေသော်လည်း သူတို့နှစ်ယောက်မှာတော့ အတွင်း၌ နေ၍ ရယ်ရယ်မောမော စကားပြောနေနိုင်ဆဲပင်။
နှစ်ယောက်မှာ ရေဆိုးမြောင်းထဲ ရှိနေသည်မှာ ဆယ်နာရီကျော်နေပြီ ဖြစ်၏။
ကျိုးလျန်ကို မဆိုထားနှင့်။ လင်းရီပင် အောင့်အီးသည်းခံနိုင်ခြင်း မရှိတော့ချေ။
သူ၏ လက်မောင်းများ ထုံကျဉ်ကိုက်ခဲနေပြီး စိတ်ခုစရာ အခြေအနေအား ပပျောက်နိုင်စေရန် ခန္ဓာကိုယ်ဟန်အား ပြောင်းလဲဖို့လိုသည်။
အနံ့အသက် မကောင်းသည့် ပတ်ဝန်းကျင်နှင့် အနေအထိုင်လည်း ကျဉ်းကြပ်လှကာ ခန္ဓာကိုယ်အား အပြည့်အဝ ဆန့်ထုတ်၍ မရဘဲ သူ၏ ကိုယ်ဟန်က ရွှဲ့စောင်းလိမ်တွန့်နေလျက် ရှိတော့သည်။
၎င်းတို့က သူတို့၏ ကာယကြံခိုင်မှု ကျဆင်းလာရခြင်း၏ အကြောင်းပြချက်များပင်။
ညဉ့်နက်နေပြီး ဖြစ်သော်လည်း အပြင်ဘက်၌ အသံများအား ကြားနေရသေးလေသည်။
အန္တရာယ်က မလှမ်းမကမ်းတွင် တည်ရှိနေပြီး သူတို့တွေ မဆင်မခြင် လှုပ်ရှား၍ မဖြစ်ပေ။
အချိန်တို့ တရွေ့ရွေ့နှင့် ကုန်ဆုံးလာပြီး အရှေ့အရပ်မှ နေထွက်၍ အနောက်အရပ်သို့ နေဝင်သွားပြီး သူတို့နှစ်ဦး ဤရေမြောင်းထဲ ရှိနေသည်မှာ နှစ်ရက် နှစ်ည ရှိနေပြီ ဖြစ်သည်။
လင်းရီနှင့် ကျိုးလျန်တို့မှာ သူတို့ အချိန် ဘယ်လောက်ကြာအောင် ရှိနေလဲဆိုတာ မပြောနိုင်တော့ချေ။
ယခု အချိန်တွင် ၎င်းတို့၏ စိတ်က ခန္ဓာကို ကျော်လွန်နေပြီး မည်သည့် ပင်ပန်းမှုကမျှ သူတို့အပေါ် သက်ရောက်နိုင်ခြင်း မရှိတော့ချေ။
ယခင် နှစ်ရက်တွင် နိုင်ငံခြား အဖွဲ့အစည်းများက ဤနေရာ ဧရိယာအား တင်းကြပ်စွာ ပိတ်ဆို့ထား၏။
ဆယ်မိနစ်တိုင်းတွင် အပေါ်ဘက်မှ လာသည့် စကားပြောသံများအား ကြားနေရလေသည်။ ထို့ပြင် သူတို့ ဦးခေါင်းထက်မှ လူတို့ ဖြတ်လျှောက်သွားသည့်အသံများ၊ မော်တော်ဆိုင်ကယ် အသံများကိုလည်း ကြားနေရသည်။
ဤတစ်ချက်ကိုတော့ လင်းရီ ယခင်က မစဉ်းစားခဲ့မိဖူးချေ။
သူ မူလက စဉ်းစားထားသည်မှာ ဤနေရာတွင် အချိန်ခဏမျှ ပုန်းအောင်းနေပြီးနောက် တစ်ဖက်သူမှာ သတိလျော့ချလိုက်ပြီး မိမိတို့နှစ်ဦး ထွက်ပြေးနိုင်ရန် အခွင့်အရေး ရရှိလိမ့်မည်ဟူ၍ပင်။
ယခုတော့ အနှီ နိုင်ငံခြားသား အုပ်စုက ဇွဲလုံ့လ ကောင်းစွာဖြင့် နှစ်ရက် နှစ်ညတိုင်တိုင် အရှုံးမပေးဘဲ ဆက်လက် ရှာဖွေနေလျက် ရှိ၏။
ထို့ပြင် ၎င်းတို့က ပိုမိုတင်းကြပ်စွာဖြင့် ဤနေရာအား လုံခြုံရေး တပ်များပင် ချထားသေးကာ စောင့်ကြည့်နေလျက် ရှိသေးသည်။ ဤကိစ္စ ဖြစ်ပျက်ပြီးသည့်နောက်တွင် လင်းရီသည် နိုင်ငံခြားသားအပေါ်၌ အမြင်သစ် တစ်ခု တိုးလာခဲ့၏။
၎င်းတို့က တန်းထျန်ထဲမှ အတွင်းအားထုတ်သည့် နည်းလမ်းကို နားလည်နိုင်ရန် လိုအပ်သေးသော်လည်း ၎င်းတို့၏ စစ်ရေးနည်းဗျူဟာမှာတော့ သူစိတ်ကူးထားသည်ထက်ပင် မြင့်မားနေလျက် ရှိတော့သည်။
လုံးဝ ညံ့ဖျင်းသည့် လူအုပ်စု တစ်ခု မဟုတ်ပေ။
“ ခေါင်းဆောင်… အသင်း ၂ နဲ့ ၃ ဆီက ဘာလှုပ်ရှားမှုမှလည်း မရှိသေးဘူး … သူတို့တွေ တစ်ခုခု အမှားလုပ်မိတာများလား …” ကျိုးလျန် ရေရွတ်လိုက်ပြီး
“ စပရိုက် တိုက်ခိုက်လာတယ်လို့တောင် ဘာလို့ မခံစားရလဲ မသိဘူး …”
“ ဖြစ်နိုင်တယ်…” လင်းရီ အသံနိမ့်၍ ပြောလိုက်ပြီး “ ဒီလောက် အချိန်ကြာနေပြီကို သူတို့ လမ်းလျှောက်လာရင်တောင် ငါတို့ ရှိတဲ့နေရာ ရောက်လာရမှာကို ဒါတောင် ခုထိ သူတို့က ရောက်မလာသေးဘူး … ကြည့်ရတာ ကြားထဲ တားဆီးခံထားရတယ်နဲ့တူတယ်… သူတို့ကို မျှော်မနေနဲ့တော့ … ငါတို့တွေ နည်းလမ်းရှာပြီး ကိုယ့်အားကိုယ် ကိုးမှပဲ ရမှာ …”
“ မဖြစ်နိုင်တာ .. ဒီလူတွေ ဒီလောက် သတ္တိမကောင်းဘူး … သူတို့က ဟွာရှအစိုးရလူတွေလေ…”
“ ပင်တဂွန်ကိုတောင် လေယာဉ်နဲ့ ဝင်ကျုံးဝံ့တဲ့ကောင်တွေက မလုပ်ရဲတာ ဘာရှိမှာ …”
လင်းရီ သူ၏ ကိုယ်ဟန်အား ပြုပြင်လိုက်၏။ တူညီသည့် ကိုယ်ဟန်ကို အချိန်ကြာမြင့်စွာ တောင့်ခံထားရသည့်အတွက် အရိုးအဆစ်များပင် သံချေးတက်လာသလိုပင်။
သေးသေးမွှားမွှားလေး လှုပ်ရှားလျှင်ပင် အလွန်အမင်း နာကျင်လှသည်။
“ လက်ရှိ နိုင်ငံတကာ အခင်းအကျင်းက မင်းထင်ထားထာထက် ရှုပ်ထွေးတယ်… ပြီးတော့ ဘက်စ် ၁၀ ကီလိုက မင်းထင်ထားတာထက်တောင် ပို အရေးပါတယ်… အမေရိကန်စစ်သားတွေ နှောင့်ယှက်ဖို့ ဒီရောက်လာတာက ကိစ္စရပ်တွေကို ပိုပြီးတောင် မသမာသွားစေသေးတယ်…”
အချိန်အကြာကြီး စဉ်းစားပြီးနောက် ကျိုးလျန် အသံထွက်လာခဲ့၏။
“ ကျုပ် သေချာတွက်ချက်ကြည့်ပြီးသွားပြီ … အပြင်မှာ နိုင်ငံခြား အဖွဲ့အစည်းတွေ စုစုပေါင်း ၂၀ ကျော်ရှိတယ်.. ဒီလောက် လူတွေ အများကြီး ပေါင်းစည်းထားတာက အတွင်း သဘောထားကွဲလွဲမှုတွေ ရှိမလာနိုင်ဘူးလား … ဒါက ကျုပ်တို့ရဲ့ အခွင့်အရေး ဖြစ်နိုင်တယ်…”
“ အဲ့လို မဖြစ်နိုင်ဘူး …” လင်းရီ သူ၏ အတွေးအမြင်များအား အသံထွက်ပြောလိုက်ပြီး “ တကယ်လို့ အတွင်းသဘောထား ကွဲလွဲမှု ဖြစ်မယ်ဆိုရင် အစောကြီးကတည်းက ဖြစ်ပြီးလောက်ပြီ … ခုထိ ဘယ်လို ပြောပလောက်တာမှ မရှိသေးဘူးဆိုတော့ နောင်လည်း မဖြစ်နိုင်ဘူးဆိုတဲ့ သဘောပဲ … အမေရိကန်တွေရဲ့ တည်ငြိမ်တဲ့ အင်အားနဲ့ဆိုရင် အဲ့ဒီ နိုင်ငံခြား အဖွဲ့အစည်းတွေ ဇယား ရှုပ်ချင်ရင် နှစ်ခါ စဉ်းစားသွားရမှာပဲ …”
“ အမေရိကန် ဘယ်လောက် အင်အားကြီးလဲ လူတိုင်းသိတယ်… နယ်နမိတ် ပြင်ပက အင်အားစုတွေ ပူးပေါင်းလိုက်ရင်တောင် သူတို့ရဲ့ ပြိုင်ဘက် မဖြစ်နိုင်ဘူး … အဲ့တာကို သူတို့ အပေါ် အနိုင်ကျင့်ပြီး အကျိုးအမြတ်တွေ ခေါင်းပုံဖြတ်သွားမှာ မကြောက်ဘူးလား …”
“ ဘာလို့ဆို ဟွာရှက အင်အား ကြီးသထက် ကြီးလာနေလို့ပဲ … တကယ်လို့ အမေရိကန်တွေ သတ္တုရိုင်းကို မရသွားဘူးဆိုရင်တောင် ဒီကိစ္စမှာ သူတို့ ဂုဏ်သိက္ခာ ထိန်းသိမ်းနိုင်အောင် တစ်နည်း မဟုတ် တစ်နည်းတော့ စဉ်းစားမှာပဲ …” လင်းရီ ပြောလိုက်ပြီး “ တွေးကြည့်လိုက် … တကယ်လို့ သူတို့သာ ဒီစစ်ဆင်ရေးမှာ အောင်မြင်သွားခဲ့တယ်ဆိုရင် အနာဂတ်မှာ သူတို့ရဲ့ နိုင်ငံတကာ ဂုဏ်သတင်းက တိုင်းတာလို့ မရတဲ့ အမြင့်ထိကို ရောက်သွားနိုင်တယ်… တခြားနိုင်ငံက ဖိနပ်လျက်ချင်နေတဲ့ ကောင်တွေကလည်း အရူးအမူးနဲ့ သူတို့ကို တွယ်ဖက်ကြတော့မှာ … ငါတို့က ပိုပြီးတောင် ဖယ်ကြဉ်ခံရဦးမယ်… တာရှည်ပြေးပွဲမှာဆိုရင် ဒီကိစ္စရဲ့ အကျိုးသက်ရောက်မှုက တိုင်းတာလို့ မရအောင်ကိုပဲ …”
လင်းရီ ခဏ ရပ်တန့်ပြီးနောက် ဆက်ပြောသည်။
“ ဒါကြောင့် အခု သူတို့တွေ ငါတို့ နှစ်ယောက်ကို ရှာနေတုန်း ဟွာရှရဲ့ လက်နက်ကိုင်တပ်ဖွဲ့ကို တားဆီး နှောင့်ယှက်ဖို့ကလည်း သူတို့ရဲ့ အဓိက တာဝန်ပဲ …”
“ တကယ်တော့ သူတို့ အစက ဦးတည်ထားတဲ့ ရည်ရွယ်ချက်က တရားဝင်တာရော ၊ မဝင်တဲ့ အဖွဲ့အစည်းတွေကိုပါ စုစည်းချင်နေတာ … ဒါပေမယ့် ငါတို့ကို တိုက်ခိုက်ရင်း တကွဲတပြားတွေ ဖြစ်ကုန်တယ်…”
“ အမေရိကန်တွေနဲ့ ယှဉ်ရင် ဒီရဲ့ နိုင်ငံခြားသားတွေက တချို့ အပိုင်းမှာတော့ မသာဘူး ဆိုပေမယ့် သူတို့မှာ မြင့်မားတဲ့ ရွေ့လျားလှုပ်ရှားနိုင်စွမ်းနဲ့ နိုင်ငံတကာ စည်းမျဉ်းဘောင်တွေရဲ့ ထိန်းချုပ်တာကို မခံထားရတဲ့ အားသာချက်တွေ ရှိတယ်… ဒီတစ်ချက်တော့ အမေရိကန်တွေ မယှဉ်နိုင်ဘူး … ဘယ်လောက်ပဲ အရှက်မရှိဘူး ပြောပါစေဦးတော့ သိက္ခာတစ်ချို့တော့ ထိန်းရဦးမှာပေါ့ ဟုတ်တယ်မလား …”
“ ဒါကြောင့်မို့ အခု ကျုပ်တို့တွေက သေတ္တာထဲ ပိတ်မိနေတဲ့ နှံကောင်တွေလို ဖြစ်နေတာပေါ့ … “ ကျိုးလျန် ပြောလိုက်ပြီး “ အခု ဒီက ထွက်နိုင် မနိုင်က ကောင်းကင်အလိုပေါ်မှာပဲ မူတည်တော့တယ်…”
လင်းရီ ပခုံးတွန့်ပြလိုက်သည်။ “ အခုတော့ ငါတို့လုပ်နိုင်တာ ဘာမှ မရှိဘူး … အခွင့်အရေးကို စောင့်ဆိုင်းဖို့ပဲ ရှိတယ်… သူတို့ကို သတ်ပြီး သေမလား .. ဒါမှမဟုတ် ငတ်ပြီး သေမလား …”
“ ကျုပ်သာ ငတ်ပြီး သေလို့ကတော့ ကျွတ်မှာ မဟုတ်ဘူး …”
လင်းရီသည် ကိုယ်နှင့် ချည်နှောင်ထားသည့် သတ္တုရိုင်းအား ပုတ်ပြရင်း သက်ပြင်းချလိုက်သည်။
“ အားလုံးက ဒီဥစ္စာကြောင့်ပဲ …….”