သူ့ ကံကြမ္မာပေါ် မူတည်တယ်
Vol. 120 Ch. 1794
လျန်ရူရွှယ် အချိန်တစ်ခုမျှကြာအောင် တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။ သူမ အမေပြောသွားခဲ့သည်က အဓိပ္ပာယ်ရှိ၏။ ထို့ပြင် အဆိုပါ လောဂျစ်နှင့် စပ်လျဉ်း၍လည်း မည်သည့်အရာမျှ မှားယွင်းမနေချေ။ သို့သော် သူမသည်လည်း ကျီချင်းရန်နှင့် အတွေးတူနေသည်။ ဤအရာအများက ၎င်းတို့ ဝေဖန်ပိုင်းခြားရင်း ရလာသည့် မှန်းဆချက် အဖြေတစ်ခုသာလျှင် ဖြစ်ပြီး မည်သည့် မတော်တဆ ကိစ္စမျှ ရှိမလာနိုင်ဟူ၍ အာမ မခံပေးနိုင်ချေ။ အကယ်၍ လင်းရီထံသို့ တစ်စုံတစ်ရာ ဖြစ်ပျက်လာခဲ့မည်ဆိုပါက သူမ လက်ခံနိုင်မှာ မဟုတ်ချေ။
“ အန်တီချင်ကိုရော အမေ ဒီကိစ္စ ပြောပြီးပြီလား …”
“ ငါ သူ့ဆီ ဖုန်းဆက်ပြီး ပြောထားတယ်.. ဒါပေယ့် ခုထိတော့ ဘာမှ ပြန်မပြောလာသေးဘူး … ငါလည်း သတင်းစောင့်နေတာပဲ ..”
ရှန်းရှုရီသည် လင်းရီ၏ လုံခြုံမှုကို အာမ မခံပေးနိုင်သည်မှာ အမှန်တရားပင်။ သို့သော် ၎င်း အသက်ရှင်နိုင်မည့် အခွင့်အရေးကတော့ ရာခိုင်နှုန်း မြင့်မား၏။
လက်ရှိ အခြေအနေအတိုင်းဆိုပါက ပြည်တွင်းမှနေ၍ တတ်နိုင်သည့် အရာကား များများစားစား မရှိချေ။ ကစားပွဲအာ ပြောင်းလဲနိုင်သည့်လူမှာ လင်းရီကိုယ်တိုင်သာ ဖြစ်ပြီး ၎င်းနောက်တွင်မှ ချင်ရင်ယွဲ့နှင့် လင်းကျင်ကျန့်တို့ ဖြစ်ကြ၏။
“ အမေ ဘယ်တုန်းက အန်တီချင်ကို ဖုန်းခေါ်လိုက်တာ…”
“ ခုလေးတင်ပဲ …”
“ ဟင် … ဒီလောက် ရက်တွေ အကြာကြီး ဖြစ်နေပြီကို ဘာလို့ အခုမှ အသိပေးရတာလဲ …”
“ ငါလည်း အခြေအနေတွေက ဒီလောက်ထိ ဖြစ်ပျက်လာမယ်လို့ မျှော်လင့်မထားလို့ပေါ့ …”
ရှန်းရှုရီ တွေးထားခဲ့သည်မှာ ဟွာရှ၏ လက်နက်ကိုင် တပ်ဖွဲ့များ ထိုးဖောက်ဝင်ရောက်ပြီးသည့်နောက် ပြဿနာက လျင်မြန်စွာ ဖြေရှင်းသွားနိုင်မည် ဟူ၍ပင်။ လင်းရီ၏ ဉာဏ်ရည်အစွမ်းအစရောပါ ထည့်သွင်းတွက်ချက်လိုက်မည်ဆိုပါက အလျင်အမြန် ပြန်ရောက်ရှိလာဖို့ကို မျှော်လင့်ထားခဲ့သည်။
ထင်မှတ်မထားစွာဖြင့် ကျုံးဝေ့တပ်ဖွဲ့မှာ ကူကယ်ရာမဲ့ ဖြစ်ရင်း ကျန်နေရစ်ခဲ့လေသည်။
တစ်ခုခုမှားယွင်းနေပြီကို သတိထားမိတော့မှ ချင်ရင်ယွဲ့ထံသို့ ဖုန်းခေါ်ပြီး အကြောင်းအရာ တစ်ခုလုံးအား ပြောပြလိုက်သည်။
“ ဒီကိစ္စ စိတ်ပူမနေနဲ့ .. ခုဥစ္စာက လျန်မိသားစု ကိုင်တွယ်နိုင်တဲ့ အဆင့်ထက်ကို ကျော်နေပြီ…”
ရှန်းရှုရီ သက်ပြင်းချလိုက်ပြီး “ သူ့ကံကြမ္မာပေါ် မူတည်တာပဲ …”
………..
ကျုံးဝေ့တပ်ဖွဲ့၏ အခြေစိုက်စခန်းထဲတွင်၊ အထက်ကြီးပိုင်းများ အားလုံးမှာ ဆက်လက်စောင့်ကြည့်နေဆဲ အခြေအနေ၌သာ ရှိနေသည်။
အထူးသဖြင့်အထူးသဖြင့်တော့ လျိုဟုန်အတွက်ပင်။ ဤရက်ပိုင်းများတွင် အိပ်လည်း မအိပ်နိုင်ဘဲ ရှေ့တန်းမှ တိုက်ပွဲကို တိုက်ရိုက်ညွှန်ကြားပေးနေသည်။
အဘယ်ကြောင့်ဆိုသော် ချိုးယွီလော့နှင့် နင်ချဲ့တို့က စန်တာ ကလယ်ရာသို့ ရောက်ရှိသွာခဲ့ပြီး ဖြစ်သော်လည်း ထိုနေရာ၌ ပိတ်ဆို့ထားခြင်း ခံရကာ အတွင်းသို့ ဝင်ရောက်နိုင်ခြင်း မရှိပေ။
အခြေအနေက မတိုးသာ မဆုတ်သာ အခြေအနေသို့ ကျရောက်နေပြီး နိုင်ငံတကာကလည်း ဘက်ပေါင်းစုံကနေ ဖိအားပေးနေသည့် အခြေအနေကိုပါ ပေါင်းစပ်လိုက်တော့ ရှေ့တန်းရှိ အခြေအနေမှာ စတင်ရှုပ်ထွေးလာနေသည်။ နောက်တစ်စက္ကန့်တွင် ဖြစ်ပျက်သွားမည့် အရာကို မည်သူကမျှ ကြိုမသိနိုင်ချေ။
“ လင်းရီ နောက်ထပ် မက်ဆေ့ချ်တွေ ပို့လာသေးလား …” လျိုဟုန် ဆက်သွယ်ရေး အရာရှိအား မေးလိုက်သည်။
“ ဟင့်အင်း … ဆက်သွယ်ရေးတွေ ဖြတ်တောက်ခံထားရတယ်….” ဆက်သွယ်ရေး အရာရှိမှ ပြောလိုက်ပြီး “ ပြီးတော့ စန်တာ ကလယ်ရာ မြို့အနီး ဆင်ဂနယ်ကလည်း မတည်ငြိမ်ဘူး .. ကျုပ်တို့ အသင်း ၂ နဲ့ ၃ ကို ဆက်သွယ်တာတောင်မှ အဆင်မပြေချင်ဘူး … အရေးကြီးဆုံးကတော့ အဲ့မှာ ရှိတဲ့ ရန်သူတွေက ကျုပ်တို့ထက် ဆယ်ဆလောက်ကို သန်မာနေတာပဲ … အသင်း ၂ နဲ့ ၃က အောင်အောင်မြင်မြင်နဲ့ ဝင်ရောက်နိုင်ရင်တောင် လင်းရီတို့ကို ကယ်တင်ဖို့ အတော်လေး ခက်ခဲရုန်းကန်ရမှာ …”
“သေစမ်း … ဒီကောင်တွေ ငါတို့ကို ထိပ်တိုက်ရင်ဆိုင်ဖို့ ဆုံးဖြတ်ထားတာပဲ …” လျိုဟုန် ဒေါသတကြီး ကျိန်ဆဲလိုက်သည်။ သူ ဒေါသထွက်လွန်း၍ ဆေးလိပ်ပြာခွက်ကိုပင် ပေါက်ခွဲပစ်လိုက်မိ၏။
“ သူတို့မှာ အားကိုးတစ်ချို့ရှိနေလို့လေ… ပြင်ပ အင်အားစုတွေကို ပူးပေါင်းဆန့်ကျင်ကြမယ့် သဘောတူညီချက် တစ်ခု ချထားတယ်နဲ့တူတယ်… သူတို့တွေ လင်းရီနောက် လိုက်နေကြတယ်ဆိုရင်တာင်မှ အသင်း ၂ နဲ့ ၃ ကို တိုက်ခိုက်တဲ့နေရာမှာလည်း အာရုံစိုက်ထားကြတယ်… ဒါက လင်းရီတို့ကို ကယ်တင်ပေးဖို့ အတော်လေး ခက်ခဲသွားစေတာပဲ…” ချောင်ကျားတု ပြောလိုက်သည်။
လျိုဟုန် မျက်နှာ မသာမယာ ဖြစ်နေပြီး လုပေချိန်ထံသို့ လှည့်ကြည့်လိုက်၏။
“ ခေါင်းဆောင် .. ဒီကိစ္စက ….. “
လျိုဟုန်၏ အမြင်တွင် ဤပြဿနာအား ဖြေရှင်းနိုင်သည့် တစ်ခုတည်းသော နည်းလမ်းက လက်နက်ကိုင်ပြီး အတင်းအကြပ် ထိုးဖောက် ဝင်ရောက်ဖို့ပင်။
သို့သော် အထက်မှ ကန့်ကွက်လာခဲ့သည်ဖြစ်ရာ သူလည်း မတတ်နိုင်တော့ပေ။
“ ငါတို့တွေ ပစ်မှတ်ထားခံထားရပြီးပြီ … ငါတို့ လူတွေ ပို့လိုက်ရင် နိုင်ငံတကာ အင်အားစုတွေကလည်း သူတို့နဲ့ ထိပ်တိုက်ရင်ဆိုင်မယ့် ရည်မှန်းချက်ကို အဓိက အကောင်အထည်ဖော်ဖို့ တပ်ဖြန့်လာခဲ့မှာပဲ …” လုပေချိန် ရှင်းပြလိုက်ပြီး “ ငါတို့ဘက်က တပ်ဖွဲ့တွေ ပိုပြီး စေလွှတ်လိုက်ရင် ရန်သူဘက်ကလည်း ငါတို့လိုပဲ လုပ်မှာ … ငါတို့ရဲ့ ဘက်ပေါင်းစုံက အင်အားက အလေးမသာတဲ့ အခြေအနေမှာ ပြန်ရရှိမယ့် အကျိုးအမြတ်ကလည်း သေးသေးလေးပဲ … ဒီရဲ့ ရွေးချယ်မှုကို လုံးဝ ရွေးချယ်လို့ မဖြစ်ဘူး …”
“ လက်ရှိ အခြေအနေက ထိန်းချုပ်နိုင်တဲ့ အတိုင်းအတာအတွင်းမှာပဲ ရှိသေးတယ်… ငါတို့သာ ဆက်ပြီး အင်အားစုတွေ ပို့နေဦးမယ်ဆိုရင် ဒီကိစ္စ ပြီးသွားတဲ့အချိန်ကျ ငါတို့အပေါ် ပေးနေတဲ့ နိုင်ငံတကာ ဖိအားက ခန့်မှန်းတိုင်းတာလို့ မရတဲ့ အဆင့်လောက်အောင်ကို ရောက်သွားနိုင်တယ်… ငါတို့တွေ တခြား နည်းဗျူဟာကို စဉ်းစားသင့်ပြီ …”
လုပေချိန် ပြောလိုက်သည်က အတော်လေးကို လက်တွေ့ဆန်သည့် မေးခွန်တစ်ခုပင်။
ယခုက အလျင်လိုနေရမယ့် အချိန်မဟုတ်သေးချေ။ ဝေဖန်ပိုင်းခြားရမည့် ကဏ္ဍများစွာ ရှိနေခဲ့၏။
လင်းရီသည် ဖြေရှင်းနည်းလမ်းတစ်ခုအား စဉ်းစားရှာဖွေနိုင်ပါစေဟုသာ သူ ဆုတောင်းပေးနိုင်သည်။ ၎င်းနောက်တွင်မှ သူတို့တွေသည် သူ့အား ပံ့ပိုးထောက်ပံ့ပေးနိုင်မှာ ဖြစ်သည်။
မဟုတ်ပါက လက်ရှိအခြေအနေအတိုင်း ဆင်ခြင်သုံးသပ်ရလျှင် ဤ အတားအဆီးအား ချိုးဖျက်နိုင်မည့် နည်းလမ်းကို ရှာတွေ့ရန်က အမှန်ပင် ခက်ခဲလှ၏။
......
ရန်ကျင်း။ ၀မ်မိသားစု ဗီလာ။
ကျုံးဝေ့တပ်ဖွဲ့ အတွင်းရှိ ထိုင်းမှိုင်းနေသည့် လေထု အခြေအနေနှင့် နှိုင်းယှဉ်လိုက်မည်ဆိုပါက ဝမ်မိသားစု ဗီလာအတွင်းရှိ လေထုအငွေ့အသက်က အများအပြား သက်တောင့်သက်သာ ဖြစ်နေသည်။
ဝမ်ထင်ရှန်း၊ ဝမ်မြန်၊ ချိန်ချူဖုန်းနှင့် လီမီတို့ အားလုံး စုဝေး၍ ၎င်းတို့၏ နောက်ထပ်ခြေလှမ်းအတွက် အစီအစဉ်ကို ဆွေးနွေးနေလျက် ရှိကြ၏။
“ စန်တာကလယ်ရာမှာ လင်းရီကို အခုထိ ရှာမတွေ့သေးဘူးလား …” ဝမ်ထင်ရှန်း မေးမြန်းလိုက်သည်။
“ မတွေ့သေးပါဘူး သခင်ကြီး … သူ့ ခြေရာလက်ရာကို မမြင်ရတာ … ကမ္ဘာပေါ်ကနေ လုံးဝ ပျောက်ကွယ်သွားသလိုမျိုးပဲ …” လီမီ ပြောလိုက်သည်။
“ ဒီမတိုင်ခင်တုန်းက ငါတို့တွေ လင်းရီကို တကယ် အထင်သေးထားခဲ့မိတာပဲ … လူတွေလည်း ဒီလောက်အများကြီး ၊ လက်နက်ကိရိယာနဲ့ နည်းလမ်းတွေ အားကုန်ထုတ်ပြီး ရှာနေတာတောင် သူ့ရဲ့ ခြေရာ လက်ရာကို ရှာမတွေ့နိုင်သေးဘူးဆိုတော့ … ဒီကောင်က တကယ်ကို ပါရမီရှိတယ်လို့တော့ ဝန်ခံရမယ်…” ချိန်ချူဖုန်း ပြောလိုက်သည်။
ချိန်ချူဖုန်းသာလျှင် မဟုတ်ဘဲ ဝမ်ထင်ရှန်းသည်လည်း အလားတူ တွေးမိနေသည်။
ဤ ဖြစ်ရပ်ပြီးနောက် လင်းရီအပေါ် ရှုမြင်သည့် အမြင်မှာ လုံးဝ လယ်ဗယ်အသစ်တစ်ခုသို့ ရောက်ရှိသွားခဲ့တေ့၏။
ဤအကြောင်း တွေးရင်း ဝမ်ထင်ရှန်းသည် ခေါင်းငဲ့စောင်း၍ သူ့သားအား လှည့်ကြည့်လိုက်သည်။
“ မင်းသာဆိုရင်ကော သူ့လိုမျိုး လုပ်နိုင်မှာလား ….”
ဝမ်မြန်၏ အမူအရာ ပြောင်းလဲသွားခဲ့၏။
မေးခွန်းကို သူ့စိတ်ထဲ သူ့ကိုယ်သူ မေးမြန်းမိသော်လည်း အဖြေကတော့ ....
“မလုပ်နိုင်” ဟူ၍ပင်။
သူ၏ အထွတ်အထိပ် ၊ အကောင်းဆုံး အခြေအနေ၌ ဤမျှ လူအများအပြား အမဲလိုက်နေသည့် ဖြစ်စဉ်မှ အသက်ရှင်သန် ကျန်ရစ်နိုင်ဖို့ဆိုသည်မှာ မည်သို့မျှ ဖြစ်နိုင်မည်လို့ မထင်ပေ။
စိတ်ထဲတွင် မလိုလားသော်လည်းပဲ ဝမ်မြန် ခေါင်းခါယမ်းလိုက်ဆဲပင်။ သူ မလုပ်နိုင်ပေ။
“ စန်တာကလယ်ရာဘက်မှာကော ဘယ်လိုတွေ လုပ်နေလဲ … သူတို့တွေ လင်းရီကို အခုထိ ရှာမတွေ့သေးဘူးလား … သူတို့ရဲ့ နောက်ခြေလှမ်းက ဘာလဲ …”
“ ခေါင်းဆောင်ချိန်ပြောတာတော့ မြို့ထဲမှာ ရှိတဲ့ အဖွဲ့အစည်းတွေ အားလုံးနီးပါးက လင်းရီ မြို့ထဲကနေ တိတ်တဆိတ် ထွက်ခွာသွားပြီး တခြားတစ်နေရာမှာ လိုက်ရှာချင်နေတယ် ပြောပါတယ်…”
“ ကျုံးဝေ့တပ်ဖွဲ့ဘက်ကရော ဘာသတင်းမှ မရဘူးလား … သူတို့ လင်းရီ နောက်ထပ် ဘယ်ကို ရွေ့လျားမယ်ဆိုတာ မခန့်မှန်းနိုင်ဘူးတဲ့လား …”
“ အဆက်အသွယ်ပြတ်သွားပြီးကတည်းကရင် ကျုံးဝေ့တပ်ဖွဲ့ကလည်း အတော်လေးကို ကြောင့်ကြနေရတဲ့ အခြေအနေပါ … သူတို့တွေ လင်းရီနဲ့ လုံးဝ အဆက်အသွယ် ပြတ်နေပြီးတဲ့နောက်ပိုင်း ကြည့်ရတာ ကူကယ်ရာမဲ့နေတဲ့ ပုံစံပဲ …”
“ ငါတို့လူတွေတောင်မှ သူ့ကို မရှာဖွေနိုင်ဘူးပေါ့ …”
ဝမ်ထင်ရှန်းသည် သူ၏ လက်ချောင်းများအား စားပွဲပေါ်သို့ တတက်တက် ခေါက်နေပြီး စကားတစ်ခွန်းမျှ မပြောပေ။ စိတ်ထဲတွင် လင်းရီ အများဆုံး သွားနိုင်မည့် နေရာအား စဉ်းစားနေလျက် ရှိ၏။
“ ဒါ မကောင်းတဲ့ နိမိတ်ဖြစ်နိုင်တယ်…” ချိန်ချူဖုန်း ပြောလိုက်ပြီး “ လင်းရီက တစ်ခုခု မှားနေတာကို အာရုံခံမိပြီး သူ့ကိုယ်သူ ဖုံးကွယ်ထားလား မသိဘူး …”
ဝမ်ထင်ရှန်းသည် ချိန်ချူဖုန်းထံသို့ လှည့်ကြည့်လိုက်၏။
“ ခင်များပြောချင်တာ သူ သတင်းပေး ရှိနေတာကို သိသွားပြီလို့ ဆိုချင်တာလား …”
“ ဖြစ်နိုင်တယ်… ဒါပေမယ့် ဒီတိုင်း ဒီအဘိုကြီးရဲ့ မှန်းဆမှု သပ်သပ်ပါပဲ …”
“ အကြီးအကဲချိန် ပြောတာ မှန်တယ်…” ဝမ်မြန် ပြောလိုက်ပြီး “ ကျွန်တော်တို့တွေ သမာရိုးကျ နည်းလမ်းတွေ သုံးပြီး လင်းရီကို ထင်ကြေးပေးနေလို့ အဆင်မပြေဘူး … သူ့ရဲ့ အကြီးမားဆုံး ဝိသေသက စည်းမျဉ်းတွေ အတိုင်း မကစားတာပဲ … သူ တစ်ခုခု လုပ်မယ်လို့ ကိုယ့်က ထင်လေလေ၊ သူ့ဘက်က မလုပ်ဖို့ များလေလေပဲ … စန်တာ ကလယ်ရာထဲကနေ ထွက်သွားမယ့်အစား သူ အထဲမှာပဲ ရှိနေဦးမယ်လို့ ကျွန်တော်တော့ ယုံကြည်တယ်… သူ မထွက်လာလောက်သေးဘူး …”
အတန်ငယ်ကြာအောင် တွေးတောပြီးနောက် ဝမ်ထင်ရှန်းသည် ချိန်ချူဖုန်းအား ကြည့်၍ “ အကြီးအကဲချိန်ရော ဘယ်လိုထင်လဲ …”
“ ငါက သူနဲ့ မဆက်သွယ်ဘူးတော့ သူ့ကို မှန်းဆဖို့က ခက်တယ်… ဒါပေမယ့် မြန်လေး မှန်တယ်… သူက ခန့်မှန်းလို့ မရတဲ့ လူပဲ … ဒါကြောင့်မို့ သာမန်အသိတွေ သုံးပြီး သူ ဘာဆက်လုပ်မယ်ဆိုတာကို မှန်းဆနေလို့ မဖြစ်ဘူး … ငါလည်း စန်တာ ကလယ်ရာထဲမှာပဲ ရှိနေဦးမယ်ဆိုတဲ့ အတွေးကို ပိုပြီး အားသန်တယ်….”
“ ဒါဆိုလည်း ဒီအတွေးကိုပဲ ဆက်ပြီး ယုံကြည်ကြတာပေါ့ …”
ဝမ်ထင်ရှန်းသည် လီမီအား ကြည့်၍ “ ချိန်ကွမ်းကျဲ့နဲ့ ဆက်သွယ်ပြီး လင်းရီ စန်တာကလယ်ရာထဲမှာပဲ ရှိနေသေးတယ်ဆိုတဲ့ သတင်းကို ဖြန့်လိုက် … မြို့ပြင်ဘက်က လူတွေကိုလည်း သူ့ကို ခြေရာခံနေရာတွေ လက်မလျှော့ဖို့ ပြောလိုက် …”
“ နားလည်ပါပြီ…”
“ အိုး ဟုတ်သား … နောက်တစ်ခါ လင်းရီဆီက သတင်းဘာညာ ကြားတယ်ဆိုရင် ချောင်ကျားတုကို ငါ့ဆီ တိုက်ရိုက် ဆက်သွယ်ခိုင်းလိုက် …”
“ နားလည်ပါပြီ … ကျုပ် အသိပေးလိုက်ပါ့မယ် သခင်ကြီး …”
“ အဖေ… လင်းရီနဲ့ အဲ့ဒီ အမျိုးသမီးနှစ်ယောက်ရဲ့ ဆက်ဆံရေးကိုရော ဘယ်လိုထင်လဲ … ဘယ်တော့မှ ထုတ်ဖော်မှာ ….”
“ အခုက အချိန်မကျသေးဘူး …” ဝမ်ထင်ရှန်း ပြောလိုက်ပြီး “ လင်းရီ သေပြီးသွားတဲ့ အခါကျရင် နိုင်ငံထဲမှာ သတင်းတွေ ထွက်လာမယ်ဆိုတာ ယုံကြည်တယ်… အဲ့အခါကျမှ ဒီကိစ္စကို ဖော်ထုတ်လိုက်ရင် လူတိုင်း သူ့ကို ရွံမုန်းသွားကြမှာပဲ … “