ဟွာရှရဲ့ ဂုဏ်သိက္ခာ
Vol. 120 Ch. 1795
ဒူဘိုင်း။
ရှန်းရှုရီနှင့် ဖုန်းပြောပြီးနောက် ချင်ရင်ယွဲ့သည် အထူးဖုန်းမှ တဆင့် လင်းကျင်ကျန့်ထံသို့ တိုက်ရိုက်ဆက်သွယ်လိုက်၏။
အချိန်က အကန့်အသတ်မဲ့ ဆွဲဆန့်ထားပုံရကာ ၎င်းတို့သည် တိလိရာ့ကျွန်းပေါ်၌ ရှိနေရင်း ယခုတိုင် ပြန်မလာကြသေးချေ။
“ ဒီအချိန်ကြီး ဘာကိစ္စလဲ …”
“ ပနားမားမှာ ပြဿနာ တက်နေလို့ … ရှင့်သား အခု ဘက်စ် ကီလိုတွေ အများကြီး သယ်ထားပြီး နိုင်ငံခြားက လူတိုင်း သူ့ကို လိုက်ရှာနေကြတယ်… ရှင် မြန်မြန် ပြန်လာခဲ့ …”
ချင်ရင်ယွဲ့၏ အသံက အလျင်လိုနေသည်။ လင်းရီ ဖြစ်နေသည့် ကိစ္စနှင့် ရင်ဆိုင်ရာတွင် သူမသည်လည်း ရိုးရှင်းသည့် မိခင် တစ်ယောက်ဖြစ်ကာ စိတ်ခံစားချက်တို့အား မထိန်းချုပ်နိုင်ပေ။
“ သတ္တုရိုင်းလား …”
လင်းကျင်ကျန့်၏ လေသံမှာ အနည်းငယ် အံ့အားသင့်သွားခဲ့ဟန်ပင်။ သူသည်လည်း လင်းရီ၏ အထောက်အထားအကြောင်း ကောင်းစွာ သိရှိထားပြီး ကျုံးဝေ့တပ်ဖွဲ့ အဖွဲ့ဝင်တစ်ယောက် အနေဖြင့် လင်းရီသည် ကိုယ်ရေးကိုယ်တာ အရ သီးသန့် လှုပ်ရှားနေသည်မှာတော့ မဖြစ်နိုင်ပေ။
၎င်းက ဘက်စ်သတ္တုများအား သယ်ဆောင်ထားလျှင်ပင် တာဝန်ထမ်းဆောင်ရင်းဖြင့် ရရှိထားသည့် အရာများ ဖြစ်သင့်၏။
ထိုသို့ဆိုပါက သူ့ဘေးတွင် ရဲဘော်ရဲဘက်များစွာ ရှိနေနိုင်သည်။
ကျုံးဝေ့တပ်ဖွဲ့၏ တိုက်ခိုက်နိုင်စွမ်းတို့ဖြင့် ဆိုပါက ယင်းက အနည်းငယ် အန္တရာယ်များသော်လည်း သူကိုယ်တိုင် သွားရောက်သင့်သည့် အခြေအနေတော့ မဟုတ်သေးချေ။
“ အဲ့လို အသေးအမွှား ကိစ္စလေးကို ပူမနေစမ်းပါနဲ့ကွာ …” လင်းကျင်ကျန့် ထူးမခြားနား လေသံဖြင့် ပြောလိုက်ပြီး “ ဒီလို ပုတ်စော်နံနေတဲ့ ငါးနဲ့ ပုစွန်လေးတွေကိုတောင် မကိုင်တွယ်နိုင်ရင် နောင်ကျ ဘာမှ ဖြစ်မြောက်အောင် စွမ်းဆောင်နိုင်မှာ မဟုတ်ဘူး …”
လင်းကျင်ကျန့်သည် ယေဘုယျအားဖြင့် လင်းရီ လုပ်ချင်တာကို လုပ်ခွင့် ပြုထားခြင်းပင်။
ပထမတစ်ချက်ကတော့ သူ့တွင် လင်းရီအား ဂရုစိုက်နေရန် အချိန် မရှိခြင်း ရှိ၏။
ဒုတိယကတော့ သူ၏ အမြင်တွင် … သူ့ သားဖြစ်နေပြီး အကယ်၍ သူကိုယ်တိုင် ကြားဝင်စွက်ဖက်နေရမည် ဆိုပါက လင်းရီနှင့် အမှိုက်ကြားတွင် ဘာကွာတော့မည်နည်း။
လင်းရီကဲ့သို့ လင်းကျင်ကျန့်သည်လည်း မိမိကိုယ်ကို ဂုဏ်ယူပြီး မောက်မာသည့် လူစားမျိုးပင်။ သူ၏ သွေးသား အရင်းဖြစ်နေစေကာမူ အဆိုပါ တင်းကြပ်သည့် သဘောထားကို ကိုင်စွဲထားသည်။
သူ့သားက အမှိုက်ကောင် ဖြစ်လာမည်ကို မလိုချင်ပေ။
“ ရှင်ထင်နေသလို မဟုတ်ဘူး …” ချင်ရင်ယွဲ့ ပြောလိုက်ပြီး “ ကျွန်မ ရှုရီဆီက ကြားတာ ဒီ စစ်ဆင်ရေးက ကျုံးဝေ့ တပ်ဖွဲ့ရဲ့ မစ်ရှင် မဟုတ်ဘူး … အဲ့ဒီ ဘက်စ် ၁၀ ကီလိုကို သူတို့ရဲ့ ကာဂို သင်္ဘောထဲ ဝှက်ထားတာကို တွေ့သွားတယ်… သူလည်း အဲ့ကိစ္စ ကိုင်တွယ်ဖို့ ပနားမား သွားတဲ့ အချိန်ကျမှ ဒီဥစ္စာကို ရှာတွေ့သွားတယ်.. အဲ့နောက် နိုင်ငံခြားက လူတွေ အများကြီး လုယက်ဖို့ ရောက်လာတော့တာပဲ …” ချင်ရင်ယွဲ့ စိုးရိတ်တကြီး ပြောဆိုလိုက်၏။
“ သူ အခု ဝိုင်းရံခံနေ၇ပြီ … စန်တာ ကလယ်ရာမြို့ထဲမှာ နိုင်ငံခြား လက်နက်ကိုင် တပ်သားတွေက တစ်ထောင်နီးပါးလောက်ကို ရှိတယ်… ပြီးတော့ အမေရိကန် အစိုးရကလည်း ဒီကိစ္စမှာ ကြားဝင် စွက်ဖက်လာတဲ့ပုံပဲ …”
“ ကျုံးဝေ့တပ်ဖွဲ့ရဲ့ မစ်ရှင် မဟုတ်ဘူးပေါ့ …”
တစ်ခုခုမှားယွင်းနေသည်ကို လင်းကျင်ကျန့် ခံစားလိုက်ရသည်။
“ သူက စန်တာ ကလယ်ရာမှာ တစ်ယောက်တည်းလား …”
“ ကျုံးဝေ့တပ်ဖွဲ့ဝင် နောက်တစ်ယောက်လည်း သူနဲ့ အတူရှိတယ်.. အခု သူတို့နဲ့ အဆက်အသွယ်ပြတ်နေပြီ… လူတိုင်းကလည်း သူတို့ကို လိုက်ရှာနေကြတယ်… ဒါပေမယ့် ရှာတော့ မတွေ့သေးဘူး …”
“ မဆိုးဘူးပဲ … ဒီကောင် ဒီလောက် အကြာကြီး ပုန်းနေနိုင်ပုံ ထောက်ရင်တော့ ….”
“ ရှင် ဒီလို အချိန်မျိုးမှာ ဒီလိုစကားမျိုး ပြောထွက်လာတယ်ဆိုတာ ယုံတောင် မယုံနိုင်ဘူး …” ချင်ရင်ယွဲ့ အသံကို မြင့်၍ ပြောလိုက်ပြီး “ မြန်မြန် သူ့ကို ပြန်ခေါ်လာခဲ့ပေး … ကျွန်မသား တစ်ခုခု ဖြစ်လို့ကတော့ ကျွန်မလည်း ဆက်ပြီး အသက်ရှင်နေစရာ အကြောင်း မရှိတော့ဘူး ….”
“ မင်းကြည့်စမ်း … ဘာလို့ စိတ်အေး လက်အေး မနေနိုင်ရတာ … ကိုယ့်သားကြောင့်နဲ့ပဲ ငါ့ကို မေ့သွားလို့တော့ မဖြစ်ဘူးလေ…”
လင်းကျင်ကျန့် ကူကယ်ရာမဲ့စွာ ပြောလိုက်မိ၏။
“ ငါ စုန့်ကျင်မင်ကို လူတွေခေါ်ပြီး တစ်ချက်သွားကြည့်ဖို့ ပြောလိုက်မယ်… ဒါက ကြီးကြီးမားမား ပြဿနာ မဟုတ်ဘူး …”
“ မြန်မြန်လုပ် …”
“ အေးပါ အေးပါ …”
……………
စန်တာကလယ်ရာမြို့၌။
အချိန်က နောက်တစ်နေ့ ကုန်ဆုံးသွားခဲ့ပြန်သည်။
အစာရေစာ ပြတ်နေသည်မှာ သုံးရက် သုံးည ရှိပြီ ဖြစ်ပြီး သူတို့မှာ နားပင် မနားဝံ့ဘဲ ဤနေရာလေးထဲ၌သာ ပုန်းအောင်းနေခဲ့ကြရသည်။
စစချင်းတုန်းကတော့ နှစ်ယောက်မှာ ယခုလို အခြေအနေအား အကောင်းမြင်နိုင်သေးပြီး စရင်းနောက်ရင်းဖြင့် အချိန်ဖြုန်းရန်အတွက် စကားတွေ ပြောခဲ့ကြ၏။
သို့သော် အစာရေစာ မရှိဘဲ သုံးရက် သုံးည ကျော်လွန်ပြီးသည့်နောက်တွင် သံမဏိစိတ်ဓာတ် ရှိနေစေကာမူ ယခု အခိုက်အတန့်တွင်တော့ လုံးဝ လဲပြိုချင်နေပြီ ဖြစ်သည်။
လင်းရီမှာ အဆင်ပြေနေသေးသည်။ သူ ငယ်စဉ်က ကြီးပြင်းလာခဲ့သည့် ပတ်ဝန်းကျင်ကြောင့် ကျိုးလျန်ထက်ပိုပြီး ခါးသီးခဲ့ရ၏။ ထို့ပြင် သူ၏ ကာယကြံ့ခိုင်မှုက ကျိုးလျန်ကို ကျော်လွန်နေပြီး သုံးရက်၊ သုံးညတိုင် အစာမစားရသော်လည်း လင်းရီ၏ အခြေအနေမှာ ကျိုးလျန်ထက်တော့ အများအပြား ကောင်းမွန်နေသေးလေသည်။
သို့သော် တစ်ဖက်သူမှာတော့ မတူညီချေ။ အရာအားလုံး ဘေးချိတ်ထားလျှင်ပင် သုံးရက်၊သုံးည အစာစားရခြင်း မရှိသေး ဟူသည့် အတွေးကပင် လူကို အကန့်အသတ်သို့ ရောက်အောင် တွန်းပို့နေလျက်ရှိသည်။
“ မင်း အဆင်ပြေလား … တောင့်ခံနိုင်သေးလား …” လင်းရီ မေးမြန်းလိုက်၏။
“ ပြဿနာ ကြီးကြီးမားမား မဟုတ်ပါဘူး …” ကျိုးလျန် ပြောလိုက်ပြီး “ ဝိတ်လျော့တယ်ပဲ သဘောထားလိုက်မယ်…”
“ ငါတော့ အချိန်ကျပြီလို့ ထင်တယ်…” လင်းရီ ပျော့ပျောင်းသည့် လေသံဖြင့် သတိကပ်လျက် ပြောလိုက်သည်။
ယခုလေးတင် သူ ခန့်မှန်းထားသည့် အတိုင်းဆိုပါက အနီးတစ်ဝိုက်တွင် အသံဗလံများ မကြားရတော့သည်မှာ တစ်နာရီ ကျော်နေချေပြီ။
အပြင်တွင် စောင့်ကြပ်နေသည့် လူများမှ ၎င်းတို့၏ စောင့်ကြပ်ကာကွယ်မှုကို လျော့ချလိုက်ပြီဟု သူ မှန်းဆကြည့်လိုက်၏။ သုံးရက်အထိ ရှိလာပြီ ဖြစ်သဖြင့် အကယ်၍ သူသာ ဖြစ်ခဲ့မည်ဆိုလျှင်လည်း ဤနေရာ၌ တစ်စုံတစ်ယောက် ပုန်းအောင်းနေလိမ့်ဦးမည်လို့ ဆက်လက်ယုံကြည်နိုင်တော့မှာ မဟုတ်ချေ။
“ ဒါဆို ကျုပ် တစ်ချက် သွားကြည့်လိုက်မယ်…”
“ မလုပ်နဲ့ … ငါသွားမယ်…”
ရေဆိုးပိုက်ထဲတွင် လင်းရီသည် သူ၏ ခန္ဓာကိုယ်အား တိတ်တဆိတ် လိမ်ရစ်၍ လူးဆင်းပေါက် အဖုံးအား ဖြည်းညင်းစွာ ဖွင့်လိုက်သည်။ ထို့နောက် အပြင်ဘက်ရှိ အခြေအနေအား စူးစမ်းလေ့လာကြည့်လိုက်၏။
မနက် နှစ်နာရီ ဝန်းကျင်အချိန်တွင် စန်တာကလယ်ရာ မြို့သည် အလွန်အမင်း တိတ်ဆိတ်နေခဲ့ပြီး ပိတ်ဝန်းကျင် တစ်ခွင်လုံးက ပိန်းပိတ်မှောင်နေသည်မှာ အလုံပိတ် သေတ္တာတစ်လုံး အလားပင်။
အနီးနား ဝန်းကျင်တွင် မြင်နေရသည့် မီးအလင်းရောင်တွေက ကောင်းကင်ယံရှိ ကြယ်အလင်းတို့လောက်ပင် တောက်ပလင်းလက်နေခြင်း မရှိပေ။
လင်းရီသည် ဘေးဘီဝဲယာကို စူးစမ်းလေ့လာကြည့်လိုက်၏။
မည်သူ တစ်ဦးတစ်ယောက်ကိုမျှ သူ မမြင်မိချေ။
“ ဒီမှာနေ … မလှုပ်နဲ့ … ငါ အပြင်ထွက်ပြီး အနီးနားကို အခြေအနေ စုံစမ်းကြည့်ဦးမယ်… ပြီးရင် ငါတို့ လှုပ်ရှားလို့ရပြီ…”
“ အန္တရာယ် အရမ်းများလွန်းတယ်…” ကျိုးလျန်သည် လင်းရီ နောက်ကျောအား ဆွဲလိုက်ပြီး “ ဟိုကောင်တွေက အပြင်ဘက်မှာ ခြုံခို တိုက်ခိုက်ဖို့ စောင့်နေတယ်ဆို ဘယ်လိုလုပ်မှာ….”
“ ဘယ်တတ်နိုင်မှာ … ငါတို့တွေ ဒီမှာ တစ်သက်လုံး နေသွားလို့လည်း မဖြစ်ပြန်ဘူး … ငါတို့ကို မဖမ်းမိသွားဘူးဆိုရင်တောင် အဆာလွန်ပြီး သေသွားနိုင်တယ်… ငါတို့ ဒီကနေ ထွက်နိုင်မယ့် နည်းလမ်းကို ရှာဖို့ စွန့်စားကြည့်ရမှာပဲ …”
“ ကျုပ်လည်း လိုက်မယ်…” ကျိုးလျန်သည် လင်းရီအား ကြည့်၍ သူ့လက်မောင်းအား တင်းကြပ်စွာ ဆုပ်ကိုင်လာသည်။ ၎င်း၏ မျက်လုံးတို့က ဆုံးဖြတ်ချက် ပြတ်သားစွာဖြင့် မီးဝင်းဝင်းတောက်နေခဲ့၏။
“ ကျုပ်က အသင်း ၁ ကပဲ … သေရမှာကို ကျုပ် မကြောက်ဘူး …”
“ မင်း သေရမှာကို မကြောက်တာ ငါသိတယ်… မဟုတ်ရင် မင်းကို အသင်းထဲ ခေါ်ခဲ့မှာတောင် မဟုတ်ဘူး … ဒါပေမယ့် အခု မင်းမှာ ပိုပြီး အရေးကြီးတဲ့ မစ်ရှင်ကို ထမ်းဆောင်ရဖို့ ရှိတယ်…”
လင်းရီသည် လူးဆင်းပေါက်ကို ပြန်ပိတ်၍ နောက်သို့ ပြန်ဆုတ်လိုက်သည်။
ထို့နောက် သူ၏ ကိုယ်နှင့်မကွာ လွယ်ထားသည့် သတ္တုရိုင်းကို ထုတ်ပြီး ကျိုးလျန်ထံသို့ ကမ်းပေးလိုက်သည်။
“ ဒီကောင်တွေကို မင်းနဲ့ အခု ထားခဲ့မယ်… ငါ အပြင်ရောက်တဲ့ အချိန်ကျရင် မင်းကို အချက်ပြလိုက်မယ်… “
သူ ကျိုးလျန်ကို သတ္တုရိုင်း လွှဲပေးလိုက်သည့် အကြောင်းအရင်းမှာ လင်းရီသည် အပြင်တွင် သူ့အား ခြုံခို တိုက်ခိုက်ရန် စောင့်ဆိုင်းနေခြင်း ရှိမရှိကို မသေချာ၍ ဖြစ်သည်။
အကယ်၍များ ကံဆိုးမိုးမှောင်ကျစွာဖြင့် ထိုသို့ ဖြစ်လာခဲ့မည်ဆိုပါက သူ သေသွားခဲ့လျှင်ပင် သတ္တုရိုင်းသည် မိမိတို့၏ ပိုင်ဆိုင်မှုပဲ ဖြစ်နေဦးမှာ ဖြစ်သည်။ ထို့ကြောင့် မစ်ရှင် ကျရှုံးသည်လို့လည်း မသတ်မှတ်နိုင်တော့ချေ။
“ မရဘူး …”
ကျိုးလျန်သည် လင်းရီ၏ ရှပ်အစွန်းအား ဆွဲထားပြီး မျက်လုံးတို့က နီရဲနေသည်။
“ ခေါင်းဆောင်သေသွားရင် ကျုပ်လည်း သူတို့နဲ့ သေတဲ့ အထိ တိုက်ခိုက်ပြီး အတူသေမယ်…”
ဖြောင်း …
လင်းရီ ကျိုးလျန်၏ မျက်နှာအား ဖြတ်ရိုက်လိုက်၏။
“ အခုက သူရဲကောင်း လုပ်တမ်း ကစားနေရမယ့် အချိန်မဟုတ်ဘူး … ဒီ သတ္တုရိုင်း နှစ်ခုက ဟွာရှရဲ့ ဂုဏ်သိက္ခာကို သယ်ဆောင်ထားတယ်… ပြီးတော့ ငါတို့ ကျုံးဝေ့တပ်ဖွဲ့ရဲ့ နိုင်ငံတကာ အဆင့်အတန်းကိုရောပဲ … ငါတို့ ဒီမှာ အရှက်ကွဲလို့ မဖြစ်ဘူး …. ဒီမှာ နေပြီး ငါ့အမိန့် မပါဘဲ ထွက်မလာခဲ့နဲ့ …”
ကျိုးလျန် မျက်ရည်တို့ စီးကျလာခဲ့သည်။
“ ခေါင်းဆောင် …..”
“ ယီးမို့လို့ ငိုနေတာလား … ယောက်ျားမဟုတ်တာ ကျနေတာပဲ … ငါ့ကို တော်တော် စိတ်အနှောင့်အယှက် ပေးတဲ့ကောင် …”
ကျိန်ဆဲပြီးနောက် လင်းရီသည် ကျိုးလျန်အား လျစ်လျူရှုလိုက်ပြီး လူးဆင်းပေါက်အား ဂရုတစိုက်နှင့် မ,လိုက်၏။
ထို့နောက် သူ့လက်နက်ကို ဆွဲယူကာ အပေါ်သို့ တက်လာသည်။
လင်းရီ၏ ခန္ဓာကိုယ်မှာ နံရံသို့ ကပ်ထားပြီး မှောင်ရိပ်ထဲ ပုန်းအောင်းရန်အတွက် ကြိုးပမ်းနေလျက် ရှိသည်။ ငြိမ်သက်သည့် ည၏ ဝန်းကျင်အပြင် သူ၏ ထက်ရှသည့် အကြားအာရုံကလည်း ညာဘက် လမ်းကြားထဲရှိ လူတို့ စကားပြောသံကို ကြားယောင်နေစေသည်။
၎င်းတို့ ပြောနေကြသည့် အကြောင်းအရာ အသေးစိတ်ကို ရှင်းလင်းစွာ မကြားရသော်လည်း ရယ်မောသံများကိုတော့ ကြားနေရသည်။ ၎င်းတို့ပုံစံ ကြည့်ရသည်မှာ စောင့်ကြပ်ကာကွယ်မှုအား လျော့ချလိုက်ဟန်ရ၏။
လက်ရှိ အခြေအနေအတိုင်းဆိုပါက အခွင့်အရေး တစ်ရပ်မှာ ၎င်းဘာသာ ရောက်ရှိလာပြီ ဖြစ်သည်။ သို့သော် အတင်းအကြပ် ထွက်ပြေးလွတ်မြောက်ရန်မှာတော့ မဖြစ်နိုင်ဖို့ များ၏။
၎င်းတို့ထက် ဉာဏ်ရည်အသာစီးဖြင့် ထွက်ပြေးရန်သာ တတ်နိုင်သည်။
ဂရုတစိုက်ဖြင့် … လင်းရီ ခေါင်းပြူပြီး ချောင်းကြည့်လိုက်ရာ လူနှစ်ယောက်က လမ်းကြား ဝင်ပေါက်ဝ၌ မတ်တပ်ရပ်နေသည်ကို မြင်တွေ့လိုက်ရသည်။
၎င်းတို့၏ ကိုယ်တွင် လက်နက်များ လွယ်ထားပြီး စတီးခေါင်းဆောင်းနှင့် မျက်နှာများကိုလည်း တြိဂံပုံစံ လည်စည်းပုဝါများဖြင့် စည်းထားကြသည်။ နှစ်ယောက်လုံးက ရယ်ရင်း၊ မောရင်း တစ်ချိန်တည်းတွင် ပတ်ဝန်းကျင်အား စောင့်ကြည့်နေကြလေသည်။
၎င်းတို့၏ ဝတ်စားဆင်ယင်မှုကို ကြည့်၍ သုံးသပ်ကြည့်ရသလောက်ကတော့ နိုင်ငံခြား အဖွဲ့အစည်းတစ်ခုမှ ဖြစ်ပုံရ၏။
ယခုအချိန်မှစတင်၍ အရေးကြီးသည့် အချိန်ကာလမှာ စတင်ချေပြီ ဖြစ်၏။ သူ့ဘက်က ခြေလှမ်းတိုင်းကို သတိထား၍ လှမ်းပြီး အောင်မြင်မည်လော ၊ ကျရှုံးမည်လော ဆိုသည်က ဤစစ်ဆင်ရေးအပေါ်တွင် မူတည်နေပါသည်။