← Chapters

အသက်လု တိုက်ပွဲ

Vol. 120 Ch. 1798

အသက်လု တိုက်ပွဲ

Vol. 120 Ch. 1798

“ ခေါင်းဆောင် … ကားကို ဘာလို့ ရပ်လိုက်တာလဲ …”

ကျိုးလျန် ဇဝေဇဝါ ဖြစ်သွားခဲ့သည်။ ထို့နောက် လှမ်းကြည့်လိုက်ရာ အရှေ့တွင် ရပ်တန့်ထားသည့် ကားနှစ်စင်းကို မြင်တွေ့သွားခဲ့ပြီး သူ၏ အမူအရာမှာ ချက်ချင်းလက်ငင်း ဆိုသလို ထိတ်ထိတ်ပျာပျာ ဖြစ်လာခဲ့တော့၏။

“ စောက်ကျိုးနည်းတွေ ဖြစ်နေတာလား … ကျုပ်တို့ ထွက်ပြေးလွတ်မြောက်လာပြီကို တခြား လိုက်နေတဲ့လူတွေက ရှိနေသေးတုန်းလား … ဒီ မျိုးမစစ်တွေကရော ဘယ်ကနေ ဘယ်လို ဖမ်းမိသွားတာ …”

ကျိုးလျန်၏ မေးခွန်းကို လင်းရီ ပြန်မဖြေပေ။ သို့သော် သူ၏ အသက်ရှူသံမှာတော့ မြန်ဆန်နေခဲ့၏။ ထိုင်ခုံ ခါးပတ်အား ဖြုတ်ရင်း ခရီးသည်ထိုင်ခုံသို့ လင်းရီ ရွေ့သွားခဲ့သည်။

“ ရှေ့တက်လာခဲ့ …”

“ အာ …”

ကျိုးလျန် ဇဝေဇဝါ ဖြစ်သွားခဲ့ပြီး “ ကျုပ်ကို မောင်းစေချင်တာလား …”

“ စကားမများစမ်းနဲ့ … ဒီတိုင်းသာ လာခဲ့စမ်းပါ …”

လင်းရီ၏ လေးနက်တည်ကြည်သည့် အမူအရာကို မြင်တော့ ကျိုးလျန် ဘာမျှ ရှည်ရှည်ဝေးဝေးတွေ ပြောမနေတော့ဘဲ ဒရိုင်ဘာထိုင်ခုံသို့ တက်လာခဲ့လိုက်သည်။

“ သတ္တုရိုင်းက မင်းနဲ့အတူ ရှိသေးတယ်မလား …”

ကျိုးလျန်သည် သူ၏ လွယ်အိတ်အား ပုတ်ပြလိုက်သည်။

“ အားလုံး ဒီထဲမှာ ရှိတယ်…”

“ ကောင်းတယ်... ငါ ကားထဲက ထွက်တာကိုစောင့် … ပြီးရင် နောက်လှည့်ပြီး မင်းမြန်နိုင်သမျှ မြန်မြန် မောင်းပြီးပြေး … ငါ စောနက ပြောခဲ့တဲ့ အစီအစဉ်အတိုင်း ရုံးချုပ်ကို လိပ်စာအမှား ပို့ပေးလိုက် … ပြီးရင် လျိုဟုန်နဲ့ တိုက်ရိုက်ဆက်သွယ်နိုင်မယ့် နည်းလမ်းကို ရှာ …”

ကျိုးလျန်၏ မျက်လုံး ပြူးကျယ်သွားခဲ့ပြီး လင်းရီအား မယုံကြည်နိုင်စွာ ကြည့်လျက် “ ခေါင်းဆောင် … ခင်များ ဘာတွေ လာပြောနေတာ … ဘာလို့ ကျုပ်က အရင် ထွက်သွားရမှာလဲ …”

“ အဲ့တာ အမိန့်ပဲ … ငါ ပြောတဲ့အတိုင်းလုပ် …”

“ ဒါပေမယ့် ….”

“ တော်တန်တိတ် … ငါ ပြောတဲ့ အချိန်ကျ ချက်ချင်း ထွက်သွား ….”

လင်းရီ ဘာမျှ ဆက်မပြောတော့ဘဲ ကားထဲမှ ထွက်လာခဲ့လိုက်သည်။

“ သွားတော့ …”

ကျိုးလျန် ကြက်သေသေသွားခဲ့သည်။ ဘာတွေ ဖြစ်နေလဲဆိုတာ သူ နားမလည်နိုင်တော့ချေ။

ကျည်ဆံများ မိုးသီးမိုးပေါက်ပမာ ကျရောက်လာနေသည့် အချိန်၌ပင် ခေါင်းဆောင်လင်းသည် သူ့အား ထွက်ပြေးပြီး ကိုယ်လွတ်ရုန်းသွားရန် ဘယ်တုန်းကမှ မပြောခဲ့ဖူးချေ။ သို့သော် ယခု အင်မတန် ပြတ်သားနေသည်။

ဖြစ်နိုင်တာ ရှေ့က ကား နှစ်စင်းကြောင့်များလား။

ထိုအချိန်တွင် ကျိုးလျန်သည် အရှေ့ အနီရောင် Civic Type – R ထဲမှ လူတစ်ဦး ထွက်လာသည်ကို မြင်တွေ့လိုက်ရသည်။

ထူးဆန်းသည်မှာ ထိုလူက လူရွှင်တော် မျက်နှာဖုံးတစ်ခုအား တပ်ဆင်ထားခဲ့ခြင်းပင်။

ထိုအချိန်တွင် သူ သတိထားမိလိုက်သည်က လင်းရီသည် နေရာတွင် မလှုပ်မယှက် ရပ်တန့်နေသည်ကိုပင်။ ၎င်းတို့ နှစ်ဦးမှာ မီတာ နှစ်ဆယ် အကွာမှနေ၍ တစ်ဦးတစ်ဦး စိုက်ကြည့်နေခဲ့ကြ၏။

ကြောက်မယ်ဖွယ်ကောင်းသည့် လေထုအခြေအနေက အလိုအလျောက် မြင့်တက်လာနေသည်။

ကျိုးလျန် သူကပဲ စိတ်ကူးယဉ်လွန်းနေသည်လော ၊ သို့မဟုတ် အမှန်တကယ် ဖြစ်ပျက်နေသည်လော ဆိုတာကို မသဲကွဲတော့ချေ။ လူရွှင်တော် မျက်နှာဖုံးတပ်ထားသည့် အနက်ဝတ်နှင့်လူက ခေါင်းဆောင်ကို တိတ်တဆိတ် တိုက်ခိုက်နေသလိုပင်။

နိမိတ်မကောင်းသည့် ခံစားချက်က ရင်ထဲ ပြင်းထန်လာပြီး သူ ယခင် ရင်ဆိုင် ကြုံတွေ့ခဲ့ရသည့် မရေမတွက်နိုင်သည့် စက်သေနတ် ကျည်ဆံများပင် ယခု အခိုက်အတန့်နှင့် နှိုင်းယှဉ်ကြည့်မည်ဆိုပါက ကလေးကစားသလောက်သာ ရှိတော့သည်။

ယင်းပုဂ္ဂိုလ်ထံမှ ထုတ်လွှတ်နေသည့် ခြိမ်းခြောက်မှုက လူကို မွန်းကြပ်သွားလောက်စေသည်အထိပင်။

“ သွားးး……”

လင်းရီ လည်ပင်းကြောကြီးများ ထောင်ထသည်အထိ အားကုန်ထည့်ပြီး အော်ဟစ်လိုက်၏။

ကျိုးလျန် တုန်ယင်တက်သွားခဲ့ပြီး သူ၏ ခန္ဓာကိုယ်မှာ ဦးနှောက်၏ ထိန်းချုပ်မှု၌ ဆက်လက် မတည်ရှိတော့ဘဲ ကားအား စက်နိုးကာ နောက်သို့ လှည့်၍ ဆန့်ကျင်ဘက် အရပ်သို့ ချက်ချင်း ပြေးထွက်သွားခဲ့တော့သည်။

ထိုအခိုက်အတန့်တွင် Type – R ဘေးရှိ အနက်ရောင် ကားမှာ အင်ဂျင်စက်နိုးပြီး ကျိုးလျန်၏ အနောက်သို့ စတင်လိုက်ဖို့ ဟန်ပြင်သည်။

လင်းရီမှာ လမ်းအလယ်ခေါင်တွင် ရပ်တန့်ထားရင်း ကား၏ လမ်းကြောင်းအား ပိတ်ဆို့ထားလိုက်သည်။

သက်လတ်ပိုင်း အမျိုးသားတစ်ဦးနှင့် ငယ်ရွယ်သည့် အမျိုးသမီး တစ်ဦးတို့က ကားထဲတွင် ထိုင်နေသည်။ ၎င်းတို့က လင်းရီအား မျက်နှာသေနှင့် စိုက်ကြည့်နေခဲ့ကြသည်။

အမျိုးသမီးမှာ တခြား ဘာမျှ မလုပ်ချေ။ ကား၏ လီဗာကို နင်းလိုက်ရာ အနက်ရောင် ကားမှာ ချက်ချင်းဆိုသလို အရှိန်ဖြင့် ပြေးထွက်လာသည်။ သို့သော် အတော်လေး နီးကပ်နေသောကြောင့် တစ်နာရီ ၃၀ မိုင်သို့ ရောက်သည့်အချိန်မှာပဲ လင်းရီရှေ့မှောက်သို့ ရောက်ရှိလာခဲ့လေသည်။

ဘန်း …

သေနတ်ပစ်ခတ်သံ ထွက်ပေါ်လာခဲ့ပြီး ကားထဲတွင် ရှိနေသည့် ကျိုးလျန်မှ လင်းရီအတွက် ကာဗာပေးရန် ၎င်းတို့ လာနေသည့် လမ်းကြောင်းသို့ ကြိုပြီး ပစ်ခတ်လိုက်သည်။

အမျိုးသမီးလည်း ရွေးချယ်စရာ မရှိတော့ဘဲ ဦးတည်ရာဘက် ပြောင်း၍ လင်းရီအား ရှောင်တိမ်းကာ အခြားနေရာသို့ မောင်းနှင်လိုက်ရလေသည်။

တစ်ချိန်တည်းတွင် ကျိုးလျန် ပြန်လည်ရောက်ရှိလာခဲ့သည်။

“ မင်း လခွမ်းမို့လို့ ပြန်လာတာလား …” သကောင့်သားက စကားနားမထောင်ဘဲ ပြန်ရောက်လာသည်ကို မြင်တော့ လင်းရီ ကျိန်ဆဲလိုက်သည်။

ကျိုးလျန်သည် အသက်အား အမောတကော ရှူရင်း ကားတံခါး ဖွင့်၍ အပြင်သို့ ထွက်လာခဲ့၏။

“ ကျုပ် ကိုယ်လွတ်ရုန်းပြီး ထွက်ပြေးတာထက် အသေဘဲ ခံလိုက်မယ်…”

ကျိုးလျန်သည် လင်းရီ၏ ဘေးတွင် ရပ်တန့်ရင်း လူရွှင်တော် မျက်နှာဖုံးနှင့် လူအား ကြည့်လိုက်၏။

“ သေရမယ်ဆိုရင်လည်း အတူသေတာပေါ့…”

“ စောက်ရူး …”

လင်းရီ ကျိန်ဆဲလိုက်သည်။ သို့သော် ၎င်း၏ ကံကြမ္မာကို လက်ခံသည့်နှယ် အပြုံးတစ်ခုက မျက်နှာထက်၌ ထွက်ပေါ်လာသည်။

ထိုအချိန်တွင် အမျိုးသမီးမှာ ကားထဲမှာ ထွက်လာပြီး ခါးမှ အနက်ရောင် ပစ်စတို နှစ်လက်အား ထုတ်၍ လင်းရီနှင့် ကျိုးလျန်အား ချိန်ရွယ်ထားလိုက်သည်။

နှစ်ဘက်ခြမ်းရှိ အခြေအနေက ပုံမှန်မဟုတ် တင်းမာလာပြီး နောက်တစ်စက္ကန့်တွင် မည်သို့သော အခြေအနေများ ဖြစ်ပျက်သွားနိုင်လဲဆိုတာကို မည်သူကမျှ ကြိုမပြောနိုင်ကြချေ။

“ သေနတ် အောက်ချထားလိုက် …” လင်းရီ တီးတိုးပြောလိုက်သည်။

ဖြည်းညင်းစွာဖြင့် … ကျိုးလျန်သည် သေနတ်ပြောင်းအား အောက်သို့ စိုက်လိုက်သည်။ အမျိုးသမီးသည်လည်း အလားတူ ပြုမူသည်။ သူမလည်း ပြဿနာအား ခဲယမ်းကျည်ဆံဖြင့် မဖြေရှင်းလိုချေ။

လင်းရီ ထိုကဲ့သို့ ပြုလုပ်ရန် အမိန့်ပေးလိုက်သည်က အခြေအနေမှာ သူတို့အတွက် အတော်လေး အလေးမသာသည့် အခြေအနေသို့ ကျရောက်နေသည့် အတွက်ကြောင့်ပင်။

အကယ်၍ သူတို့သာ လက်ဗလာဖြင့် တိုက်ခိုက်မည်ဆိုပါက သူ့ဘက်က လက်ရည်မသာ ဖြစ်နိုင်ပြီး အကယ်၍ ပစ်ခတ်ခြင်းဖြင့် ဖြေရှင်းမည် ဆိုပါကလည်း ကျိုးလျန်ကဲ့သို့ လူသစ်လေးမှာ တစ်ဖက်လူ၏ ပြိုင်ဘက် မဟုတ်နိုင်ချေ။

ထို့ပြင် တစ်ဖက်သူက သေနတ် နှစ်လက်ဖြင့် ဖြစ်၏။ အသာလေး ခလုတ်ဆွဲလိုက်လျှင်ပင် နှစ်ကောင်လုံး ငရဲလားသွားနိုင်သည်။

၎င်းကြောင့်ပဲ လင်းရီသည် သေနတ်အား အောက်သို့ ချထားရန် ပြောလိုက်ခြင်းပင်။

လင်းရီ၏ အကြည့်က တစ်ဖက်အဖွဲ့ထံသို့ စေ့စေ့စပ်စပ် အကဲခတ်ကြည့်လိုက်သည်။

ကားထဲရှိ သက်လတ်ပိုင်း အမျိုးသားက သူ့အား အန္တရာယ် ရှိသည်ဟူသော ခံစားချက်မျိုး ပေးစွမ်းနေသည်။ နောက်ဆုံးတစ်ကြိမ် ဒူဘိုင်းတွင်တုန်းက အနက်ဝတ်နှင့်လူသည် သူ၏ အပေါင်းအပါများအား ခေါ်ဆောင်လာခဲ့ပြီး ၎င်းတို့၏ လယ်ဗယ်ကလည်း အလွန်အမင်း မြင့်မားလျက် ရှိကာ B အဆင့်များပင် ပါဝင်ခဲ့သည်။

အကယ်၍ စုန့်ကျင်းမင်ကြောင့်သာ မဟုတ်ပါက သူသည် ထိုအချိန်တုန်းကတည်းက အသက်ဆုံးရှုံးခဲ့ပြီး ဖြစ်၏။

ဤတစ်ကြိမ် အခြေအနေကလည်း ယခင်တစ်ခေါက်ကနှင့် အတူတူပင်။ သူ့ရှေ့ရှိ သက်လတ်ပိုင်း အမျိုးသားက အနည်းဆုံး C အဆင့်ရှိ၏။

“ မင်းတို့ လက်ထဲ ပါလာတဲ့ သတ္တုရိုင်းကို ကမ်းပေးလိုက် … ငါတို့က ပစ္စည်းပဲ လိုချင်တာ … လူမသတ်ချင်ဘူး …” သက်လတ်ပိုင်း အမျိုးသားမှ ပြောလိုက်သည်။

“ ငါတို့ နှစ်ယောက် မသေမချင်း ပစ္စည်းရဖို့ မစဉ်းစားနဲ့ …”

“ မင်းနဲ့ ဇီးရိုးက အကြိမ်တော်တော်များများ တိုက်ခိုက်ခဲ့ပြီးပြီ ဆိုတော့ ငါတို့ရဲ့ လယ်ဗယ်ကို မင်းသိမယ်လို့ ယုံတယ်… ကိုယ့်အသက်ထက် ပိုအရေးကြီးတဲ့ အရာ မရှိဘူးဆိုတာ ဝန်ခံလိုက်စမ်းပါ … ကျုံးဝေ့တပ်ဖွဲ့အတွက် သေပေးရမှာ ဘာများ ကောင်းနေလို့ ….”

“ မင်းတို့ကောင်တွေနဲ့ ငါတို့နဲ့က မတူဘူး … ဒါ ငါတို့ ယုံကြည်ရာပဲ ….” လင်းရီ ပြောလိုက်ပြီး “ ဒါပေမယ့် မင်းတို့လည်း မဆင်မခြင် မလှုပ်ရှားဖို့ မျှော်လင့်တယ်… အရင်တစ်ခေါက်က မင်းတို့လူတွေ ငါ့လက်ထဲ အများကြီး သေသွားခဲ့တာ မင်း သိသင့်တယ်….”

သက်လတ်ပိုင်း အမျိုးသားမှ လင်းရီအား မျက်လုံး မှေးကျဉ်း၍ ကြည့်လိုက်ပြီး “ ဒူဘိုင်းက ကိစ္စကို ငါသိတယ်… ဒါပေမယ့် ငါတို့ မစ်ရှင်က သတ္တုရိုင်းကို ယူသွားဖို့ပဲ … ခြိမ်းခြောက်မှုအောက်မှာ ဦးညွှတ်နာခံဖို့ မဟုတ်ဘူး … ဒါတွေ လာပြောနေလို့လည်း အသုံးမဝင်ဘူး …” သက်လတ်ပိုင်း အမျိုးသားမှ ပြောလိုက်ပြီး “ တကယ်လို့ မင်းသာ ငါတို့နဲ့ လိုက်ခဲ့ဖို့ ဆန္ဒရှိတယ်ဆိုရင် မင်း အသက် မသေစေရဘူးလို့ အာမခံတယ်… ပြီးတော့ ဇီးရိုးလိုမျိုး တန်းတူ အဆင့်အတန်းလည်း တစ်ခုပေးမယ်…”

လင်းရီ၏ နှုတ်ခမ်းတို့ တွန့်ကွေးတက်သွားခဲ့သည်။

“ ဖြစ်နိုင်မယ်ထင်လား …”

“ အဲ့လိုဆိုရင်တော့ ငါတို့ စကားဆက်ပြောနေစရာ အကြောင်း မရှိတော့ဘူး …”

သက်လတ်ပိုင်း အမျိုးသားမှ အနက်ဝတ်နှင့်လူအား ကြည့်၍

“ ဇီးရိုး … လုပ်လိုက်တော့ ….”

အနက်ဝတ်နှင့်လူမှ ညမှောင်ရိပ်ထဲတွင် သားကောင်အား အမဲလိုက်နေသည့် မြွေဟောက်ကဲ့သို့ ကျစ်လျစ် သွက်လက်စွာ လှုပ်ရှားလာပြီး သားကောင်အား သေစေနိုင်သည့် နေရာသို့ တစ်ချက်တည်း ရိုက်ခတ်နိုင်မည့် အခွင့်အရေးအား စောင့်ဆိုင်းနေလျက် ရှိသည်။

လင်းရီသည်လည်း အလားတူပင်။ သူ၏ တည်နေရာအား ထိန်းညှိရင်း အားနည်းချက် တစ်စုံတစ်ရာ လှစ်ဟာမိခြင်း မရှိစေရန် ပြုမူနေလျက် ရှိသည်။ သတိပေးခြင်း အလျဉ်းမရှိပါဘဲ အနက်ဝတ်နှင့်လူသည် ခြေထောက်အောက်သို့ ခွန်အား ဖြန့်ကျက်၍ လင်းရီထံသို့ ပြေးဝင်လာခဲ့သည်။

သုံးမီတာ အကွာအရောက်တွင် အနက်ဝတ်နှင့်လူသည် လေပေါ်သို့ ခုန်တက်၍ ဒူးဖြင့် လင်းရီ၏ မျက်နှာအား အခိုင်အမာ ဝင်တိုက်လိုက်သည်။ လင်းရီသည် လက်မောင်းနှစ်ဖက်အား ယှက်တန်းပြီး ခုခံသည့် ကိုယ်နေဟန်ထားအား ပြောင်းလဲလိုက်၏။

ဘန်း ….

ခန္ဓာကိုယ်နှစ်ခု ထိပ်တိုက်တွေ့ဆုံသွားပြီး ပင်လယ်လှိုင်းလုံးကြီးကဲ့သို့ ဧရာမ အင်အားက လင်းရီ၏ လက်မောင်းများအား ထုံကြဉ်သွားစေပြီး ခြေလှမ်းပေါင်းများစွာ နောက်ဆုတ်ပြီးသည့် အခါမှသာ ဟန်ချက် ပြန်ထိန်းလိုက်နိုင်သည်။

အနီးအနားတွင် မတ်တပ်ရပ်နေသည့် ကျိုးလျန်မှာတော့ ကြောက်ရွံ့တုန်လှုပ်သည့် မျက်နှာအမူအရာဖြင့် ဖြစ်သွားခဲ့၏။

ခေါင်းဆောင်က တကယ်ကြီး နောက်ဆုတ်လိုက်ရတယ်……

All Chapters