မစ်ရှင် ကျရှုံးပြီ
Vol. 120 Ch. 1799
ဤမြင်ကွင်းက ကျိုးလျန်အဖို့ ယုံကြည်နိုင်စရာ မကောင်းလောက်အောင် ဖြစ်သွားခဲ့၏။
သူ၏ မျက်လုံးထဲ၌ ခေါင်းဆောင်မှာ သူနှင့် ရွယ်တူများကြား၌ အတော်ဆုံး လူတစ်ယောက်ပင်။ တခြား တစ်ယောက်နှင့် တိုက်ခိုက်သည့် အချိန်၌ လေးလေးနက်နက် ပြုမူရန်ပင် မလိုအပ်ချေ။
သို့သော် ယနေ့ … အနှီ မျက်နှာဖုံးတပ်လူနှင့် ရင်ဆိုင်ရာတွင် ခေါင်းဆောင်သည် အမှန်တကယ်ပင် နောက်ဆုတ်ရန် တွန်းအားပေးခံလိုက်သည်လော။
အနိုင်ယူခြင်း ခံလိုက်ရသည် မဟုတ်သော်လည်း ကောင်းသည့် လက္ခဏာတော့ ဟုတ်မနေပေ။
တစ်ဖက်သူ၏ တိုက်ခိုက်မှုက ဤမျှ ပြင်းထန်သည့် သက်ရောက်မှု ရှိသွားစေသည်မှာ လင်းရီသည် အစာ သုံးရက်မျှ မစားထားရသောကြောင့်ပင်။ သူ၏ စိတ်အခြေအနေမှာ အကန့်အသတ်သို့တိုင် ရောက်ရှိနေပြီး တစ်ချက်တည်းနှင့် မရှုံးနိမ့်သွားသည်ကပင် အထင်ကြီးလောက်စရာ ဖြစ်နေပြီး ဖြစ်၏။
အနက်ဝတ်နှင့်လူ တိုက်ခိုက်ပြီးသည့်နောက် လင်းရီဘက်မှ တန်ပြန်တိုက်ခိုက်မှုပြုသည်။
အနက်ဝတ်နှင့်လူ၏ အောက်စိုက်နေသည့် အခြေအနေကို အခွင့်ကောင်းယူရင်း လင်းရီသည် ဘက်ခြေထောက်ဖြင့် မြေပြင်အား ဆောင့်၍ လေပေါ်သို့ ခုန်တက်ကာ ညာဘက်ခြေထောက်အား ကြာပွတ်သဖွယ် လွှဲရမ်းလိုက်သည်။
အခြေအနေ မကောင်းသည်ကို မြင်တော့ အနက်ဝတ်နှင့်လူမှာ ဂရုမစိုက်ဘဲ မနေဝံ့ချေ။
အနောက်သို့ ယိမ်းရင်း လင်းရီ၏ တိုက်ခိုက်မှုကို ခုခံရန် လက်အား အလျင်အမြင့် ပင့်မြှောက်လိုက်လေသည်။
သို့သော် နေရာ၌သာ မတုန်မလှုပ် ရှိနေရင်း လင်းရီ၏ တိုက်ခိုက်မှုက သူ့အတွက် မည်သည့် အန္တရာယ်ကိုမျှ မခံစားစေရသကဲ့သို့ပင်။
တိုက်ခိုက်မှု ကျရှုံးသွားသည့်နောက် လင်းရီသည် တန်ပြန်တိုက်ခိုက်ရန်အတွက် အခွင့်အရေးအား ဖမ်းဆုပ်ပြီး အနက်ဝတ်နှင့်လူ တုံ့ပြန်နိုင်ချိန် မရှိအောင် တရစပ် ထိုးစစ်ဆင်လိုက်သည်။
ငယ်ရွယ်သည့် အမျိုးသမီးမှာ ဘေးမှ ရပ်ကြည့်နေရင်း အံ့အားသင့်စွာဖြင့် မျက်မှောင်ကြုတ်လိုက်မိ၏။
လင်းရီ၏ စကေးတို့က သူမအား အံ့ဩဘနန်း ဖြစ်သွားစေသည်။
“ သူ့ရဲ့ ဒီတိုင်း သွေးသား ခန္ဓာနဲ့တောင် ဇီးရိုးနဲ့ လက်ရည်တူ တိုက်ခိုက်နိုင်တယ်ဆိုတော့ ကျုံးဝေ့တပ်ဖွဲ့က တကယ့် ဖြုံလောက်တဲ့ လူကိုမှ ရှာတွေ့ထားတာပဲ …”
“ သူ့စကေး လယ်ဗယ်က တကယ်ကောင်းတာ… ပြီးတော့ အုတ်မြစ်လည်း ခိုင်မာတယ်… ဒါပေမယ့် နောက်ဆုံး အောင်မြင်မှုက ဇီးရိုးအတွက်ပဲ … သူ ကြာရှည် ထိန်းသိမ်းထားနိုင်မှာ မဟုတ်ဘူး …” သက်လတ်ပိုင်း အမျိုးသားက မှတ်ချက်ပေးလိုက်၏။
“ ငါလည်း ယုံပါတယ်… သူနဲ့ ရွယ်သူတွေ ကြားထဲမှာဆိုရင် ဇီးရိုးရဲ့ ပြိုင်ဘက် ဖြစ်နိုင်တဲ့လူ ဆိုတာ မရှိဘူး …” ငယ်ရွယ်သည့် အမျိုးသမီးမှ ပြန်ပြောလိုက်သည်။ “ တကယ်လို့ ခွဲစိတ်သာတာ အောင်မြင်သွားခဲ့ရင် သူ့အခြေအနေက ပိုပြီးတောင် ကောင်းလောက်တယ်….”
“ ဟွာရှန့်ကောင်ကိုလည်း အထင်မသေးလိုက်နဲ့ .. သူတို့ မတိုက်ခိုက်ခင်ကတည်းကရင် ငါ သူ့ကို လေ့လာထားပြီးသား … သူ့ရဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေက သိပ်အကောင်းကြီး မဟုတ်ဘူး … မဟုတ်ရင် နောက်ဆုံး အနိုင်ရမယ့်လူက တကယ် ပြောရခက်လောက်တယ်…”
ငယ်ရွယ်သည့် အမျိုးသမီးမှာ လင်းရီအား စိတ်ဝင်စားသည့် အကြည့်ဖြင့် ကြည့်လိုက်၏။
သက်လတ်ပိုင်းအမျိုးသားက ထိုဟွာရှန့်အား မြင့်မားစွာ အကဲဖြတ်ပေးလာလိမ့်မည်လို့ မျှော်လင့်မထားပေ။
“ အဲ့လိုသာဆိုရင် သူ့ကို သတ်ပစ်လိုက်ရမှာ တကယ် နှမြောစရာပဲ …”
“ အဲ့တာ ဇီးရိုးအပေါ်ပဲ မူတည်တယ်… သူ ဒီလူကို သတ်ချင်ရင် ငါတို့လည်း မတားနိုင်ဘူး …”
အနက်ဝတ်နှင့်လူသည် ဤတစ်ကြိမ်တွင် သူ၏ အပေါင်းအပါများအား ခေါ်ဆောင်လာခဲ့သော်လည်း သက်လတ်ပိုင်း အမျိုးသား၏ အဆင့်အတန်းနှင့် အထောက်အထားမှာ လင်းရီ နောက်ဆုံးအကြိမ် တွေ့ခဲ့ရသည့် လူနှင့် နှိုင်းယှဉ်နိုင်ခြင်း မရှိပေ။
ယခင် အော်ပရေးရှင်းကို အနက်ဝတ်နှင့်လူ၏ တွဲဖက်က ဦးဆောင်ခြင်း ဖြစ်ပြီး ယခုတစ်ကြိမ်တွင်တော့ အနက်ဝတ်နှင့် လူက ဦးဆောင်လာခဲ့ခြင်းပင်။
အဖွဲ့အစည်း၏ တင်းကြပ်သည့် စည်းမျဉ်းစည်းကမ်းတို့အရ … အကယ်၍ အနက်ဝတ်နှင့်လူသာ တိုက်ခိုက်ချင်စိတ် မရှိဘူးဆိုပါက သူတို့လည်း ဘာမှ တတ်နိုင်မှာ မဟုတ်ချေ။
သက်လတ်ပိုင်း အမျိုးသား၏ လယ်ဗယ်က အနက်ဝတ်နှင့်လူထက် မြင့်မားသော်လည်း ၎င်းတို့၏ အဖွဲ့အစည်းအတွင်း အဆင့်အတန်းသည်တော့ မတူညီချေ။ မစ်ရှင်များ ဆောင်ရွက်သည့် အချိန်၌ အနက်ဝတ်နှင့်လူအား လေးစားရိုသေရ၏။
“ ဆိုတော့ ငါတို့တွေ သူ့ကို ဒီတိုင်း ခေါ်သွားကြမလား …”
“ အဲ့လိုတော့ ဖြစ်နိုင်မယ် မထင်ဘူး …” သက်လတ်ပိုင်း အမျိုးသားမှ ပြောလိုက်ပြီး “ ဟွာရှန့်တွေကို အထင်မသေးလိုက်နဲ့ … ဒီကောင်တွေက နိုင်ငံအတွက်ဆိုရင် ကိုယ့်အသက်ကိုယ်တောင် ပေါ့သေးသေး ယူဆတဲ့ ကောင်တွေ… ငါတို့ ဖမ်းမိရင်တောင် မရေမတွက်နိုင်တဲ့ နည်းလမ်းတွေနဲ့ ကိုယ့်ကိုယ်ကို သတ်သေဖို့ ကြိုးစားမှာပဲ … အလုပ်ရှုပ်ပါတယ်…”
“ နှမြောတော့ နှမြောစရာ ဆိုပေမယ့် ပြဿနာတော့ မရှိပါဘူး … ဘယ်လိုပဲ ဖြစ်ဖြစ် မစ်ရှင်က ပြီးတော့မယ့်ဟာကိုပဲ …”
နှစ်ယောက် စကားပြောနေရင်း တစ်ဖက်ခြမ်းရှိ တိုက်ပွဲသည်လည်း အင်မတန် ပြင်းထန်သည့် အပိုင်းအခြားသို့ ရောက်ရှိလာလေသည်။
လင်းရီ၏ တိုက်ခိုက်မှုများက ကြမ်းတမ်းသည်ထက် ကြမ်းတမ်းလာနေသည်။ သို့သော် သူ၏ ဆိုးရွားသည့် ကိုယ်ကာယ အခြေအနေဖြင့် ကျန်ရှိသည့် ခွန်အားဖြင့် ကြိုးစား တိုက်ခိုက်နေသည်က အနက်ဝတ်နှင့်လူအတွက် ပြောပလောက်သည့် ခြိမ်းခြောက်မှုတို့ ရှိမနေခဲ့ချေ။
ဒါဇင်ချီသည့် ရွေ့လျားမှုတို့ ပြီးဆုံးနောက် လင်းရီသည် ဖြည်းဖြည်းချင်း ဒယိုင်းဒယိုင် ဖြစ်လာသည်။
သူ၏ တိုက်ခိုက်မှုတို့က စတင် အားနည်းလာပြီး ကြမ်းတမ်းသည့် တိုက်ခိုက်ရေး အခြေအနေမှ အားနည်းစွာ ခုခံနေရသည့် အခြေအနေသို့ ပြောင်းလဲရောက်ရှိသွားခဲ့တော့သည်။
အခြေအနေ မဟန်သည်ကို မြင်တော့ ကျိုးလျန်သည် ရှေ့သို့ ပြေးတက်လာပြီး လင်းရီအား ကူညီရန် ဟန်ပြင်သည်။
သို့သော် အနက်ဝတ်နှင့်လူက ထိုသို့ လုပ်ရန် အခွင့်အရေး မပေးပေ။
သာမန် ကန်ချက် တစ်ခုတည်းဖြင့် ကျိုးလျန်မှာ မီတာဒါဇင်ချီအောင် လွင့်ထွက်သွားခဲ့တော့သည်။
နောက်သို့ လွင့်ပျံသွားပြီး အနောက်ရှိ ကားပေါ်သို့ ပြုတ်ကျသွားခဲ့၏။ စူးအောင့်သည့် ပြုတ်ကျမှုနှင့်အတူ ကျိုးလျန်မှာ သူ၏ ကျောရိုးတစ်လျှောက် ကျိုးကြေတော့မည့်နှယ် ခံစားလိုက်ရသည်။
နာကျင်လွန်း၍ မြေပြင်တွင် လူးလိမ့်နေရပြီး တိုက်ခိုက်နိုင်စွမ်းအား ချက်ချင်း ဆုံးရှုံးသွားခဲ့တော့သည်။
ကျိုးလျန် ရင်ဘက်ထဲတွင် ကသောင်းကနင်း ဖြစ်သွားခဲ့စ။ အနက်ဝတ်နှင့်လူက ဤမျှ သန်မာနေလိမ့်မည်လို့ သူ မျှော်လင့်မထားခဲ့ချေ။
၎င်းထံမှ တိုက်ခိုက်မှု တစ်ခုလေးကိုပင် သူ တောင့်မခံနိုင်ပေ။ ထို့ပြင် ခေါင်းဆောင်မှာတော့ ထိုလူနှင့် အချိန်ကြာမြင့်စွာ တိုက်ခိုက်နေနိုင်ခဲ့၏။ ၎င်းတို့၏ အဆင့်က တကယ့်ကို ကြောက်မယ်ဖွယ်ရာပင်။
ကျိုးလျန် ဒဏ်ရာရသွားသည်ကို မြင်တော့ လင်းရီ ရုတ်တရက် နောက်သို့လှည့်ကြည့်လိုက်သည်။ ထိုအချိန်တွင် အနက်ဝတ်နှင့်လူသည် အခွင့်ကောင်းတစ်ခုအား မြင်တွေ့သွားခဲ့ပြီး လင်းရီ၏ မျက်နှာအား ဖြတ်ကန်ပစ်လိုက်လေသည်။
လင်းရီ သူ၏ ဟန်ချက်အား ဆုံးရှုံးသွားခဲ့ပြီး မြေပြင်သို့ ပစ်လဲကျသွားခဲ့တော့၏။
ကျိန်ဆဲသံ တစ်ခုနှင့်အတူ လင်းရီ လျင်မြန်စွာ ကိုယ့်ကိုယ်ကို ချိန်ညှိ၍ ပြန်ထလာခဲ့သည်။ သို့သော် ထိုအချိန်တွင် အနက်ဝတ်နှင့်လူ၏ တိုက်ခိုက်မှုတို့က တစ်ချက်ပြီး တစ်ချက် ဆက်တိုက် ကျရောက်လာပြီး လင်းရီအား တုံ့ပြန်ရန်ပင် အခွင့်အရေး မပေးဘဲ ရင်ဘက်အား ကန်ကျောက်လိုက်လေသည်။
လင်းရီ သူ၏ ခန္ဓာကိုယ်အား ထိန်းချုပ်နိုင်စွမ်း ကင်းမဲ့သွားပြီး နောက်သို့ လူးလိမ့်သွားခဲ့တော့၏။
အနက်ဝတ်နှင့်လူက အနောက်မှ နီးကပ်စွာ လိုက်ပါလာပြီး လင်းရီ၏ ရှေ့သို့ ပြေးဝင်လာကာ ဒူးဖြင့် လင်းရီအား ဖိနှိပ်ထားလိုက်သည်။
လွတ်မြောက်ရန်အတွက် လင်းရီ အားကုန်ထုတ်ပြီး ကြိုးပမ်း၏။ သို့သော် သူနှင့် အနက်ဝတ်လူကြားရှိ အရည်အချင်းတို့က တူညီလုနီးပါး ရှိပြီး မညီမျှသည့် အခြေအနေတို့က သူ့အား လွတ်မြောက်ရန် မဖြစ်နိုင်စေခဲ့ပေ။
အနက်ဝတ်နှင့်လူက လင်းရီအား ချက်ချင်းကြီး မတိုက်ခိုက်သေးပေ။ ထိုအစား နက်နဲသိမ်မွေ့သည့် မျက်လုံးကြီးတို့ဖြင့် စိုက်ကြည့်လိုက်၏။
၎င်းတို့ နှစ်ဦး မျက်လုံးအကြည့်ချင်း ဆုံတွေ့သည့် တခဏ၌ လေထုအခြေအနေသည် အံ့ဩဖို့ကောင်းလောက်အောင် ချောက်ချားဖို့ကောင်းလာသည်။
အနက်ဝတ်နှင့် လူမှ လင်းရီ၏ ကိုယ်အနှံ့အပြားသို့ လိုက်လံ စမ်းကြည့်ပြီး သူ့ကိုယ်ပေါ်တွင် ဝှက်ထားသည့် သတ္တုရိုင်းအား ရှာဖွေသည်။ သို့သော် ဘာမျှ ရှာမတွေ့ချေ။
သူ အနောက်သို့ လှည့်ကြည့်လိုက်ပြီး အခြားနှစ်ယောက်အား ခေါင်းရမ်းပြလိုက်၏။
ငယ်ရွယ်သည့် အမျိုးသမီးမှ လျင်မြန်စွာ တုံပြန်၍ ကျိုးလျန်ထံသို့ ချက်ချင်း ဦးတည်လိုက်၏။
“ သေစမ်း … အမြန်ပြေး …”
ချီတုံချတုံ ဖြစ်နေဖို့ကို လင်းရီ မတတ်နိုင်ပေ။ သူ့ဘက်က သတ္တုရိုင်းအား ကာကွယ်ရမည်ဖြစ်၏။
ကျိုးလျန်လည်း အခြေအနေက သေလုမြောပါး ဖြစ်နေသည်ကို သိသည်။ သို့သော် သူ ထွက်မပြေးခဲ့ပေ။
လင်းရီအား ဥပေက္ခာပြု၍ သူ့ကိုယ်သူ ကယ်တင်ရန်က သူ လုံးဝ မလုပ်နိုင်သည့် လုပ်ရပ်ပင်။ ခန္ဓာကိုယ်အား အဆုံးစွန်သို့တိုင် တွန်းပို့ရင်း ကျိုးလျန်သည် အနီးနားရှိ သေနတ်အား ကောက်၍ ငယ်ရွယ်သည့် အမျိုးသမီးအား ချိန်ရွယ်လိုက်သည်။
ဘန်း …
သေနတ်ပစ်ခတ်သံ တစ်ခု ထွက်ပေါ်လာသည်။ သို့သော် ခလုတ်ဆွဲလိုက်သည့်လူက ကျိုးလျန်တော့ မဟုတ်ပေ။
အနက်ရောင် ပြောင်းဝမှနေ၍ မီးခိုးအကြွင်းအကျန် ထွက်ပေါ်လာပြီး ကျိုးလျန်၏ နာကျင်စွာ အော်ညည်းသံက တွဲလျက် လိုက်ပါလာသည်။
“ အားးး…”
ကျိုးလျန်၏ ပေါင်တွင် သွေးပေါက်ရာ တစ်ခု ဖြစ်ပေါ်လာပြီး ကျည်ဆံမှာ ထိုးဖောက်ဝင်ရောက်သွားခဲ့ကာ မအီမသာ ဖြစ်စရာ ဒဏ်ရာကြီးတစ်ခုအား ဖြစ်ပေါ်လာစေသည်။
ယခု အခြေအနေတွင် သူ့ခြေထောက် ပြန်လည်သက်သာ ကောင်းမွန်လာဖို့ဆိုသည်မှာ အတော်လေး မျှော်လင့်ချက် မဲ့နေသည့်အနေအထားဖြစ်၏။
“ ကျိုးလျန် …”
ကျယ်လောင်စွာ ဟိန်းဟောက်လိုက်ရင်း လင်းရီ၏ မျက်လုံးတို့ နီရဲနေသည်။
သို့သော် အနက်ဝတ်နှင့်လူ၏ ဖိနှိပ်ထားမှုကြောင့် လုံးဝ မလှုပ်ရှားနိုင်ခဲ့ပေ။ သိပ်သည်းကြီးမားသည့် နာကျင်မှုက ကျိုးလျန်၏ မျက်လုံးများအား ပြူးကျယ်လာစေပြီး သတိလစ် မေ့မြောလုနီးပါး ဖြစ်လာစေသည်။
သူ၏ အသိစိတ်သည်ပင် စတင် ဝေဝါးလာခဲ့တော့၏။
ငယ်ရွယ်သည့် အမျိုးသမီးမှ ကျိုးလျန်ထံသို့ တစ်လှမ်းချင်း လျှောက်လှမ်းလာပြီး မည်သည့် မျက်နှာ အမူအရာကိုမျှ ဖော်ပြထားခြင်း မရှိပေ။ အေးစက်စက်နိုင်သည့် လူသတ်စက်ကြီး တစ်ခုကဲ့သို့ ဖြစ်နေသည်။
“ ငါ လူမသတ်ချင်ဘူး … ဒီတော့ မလှုပ်နဲ့ … မဟုတ်ရင် နင့် ဦးနှောက်ထဲ ကျည်ဆံထည့်ပေးလိုက်ဖို့ ၀န်လေးနေမှာ မဟုတ်ဘူး …”
ငယ်ရွယ်သည့် အမျိုးသမီးမှ ကျိုးလျန်၏ လွယ်အိတ်ကို ယူပြီး အထဲသို့ တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် သူမနောက်ရှိ သက်လတ်ပိုင်း အမျိုးသားအား ခေါင်းညိမ့်ပြလိုက်၏။
“ ဇီးရိုး … သူ့ကို ရှင်းလိုက်တော့ …” သက်လတ်ပိုင်း အမျိုးသားမှ ပြောလိုက်သည်။
ငယ်ရွယ်သည့် အမျိုးသမီးကလည်း အတွေးတူနေဟန်ဖြင့် အနက်ဝတ်နှင့်လူအား ကြည့်နေသည်။
အနက်ဝတ်နှင့်လူက ခေါင်းခါယမ်းရင်း နောက်ထပ် ရှေ့တစ်လှမ်းကို ဆက်မလှမ်းခဲ့ချေ။
သက်လတ်ပိုင်း အမျိုးသားမှာ ခေါင်းခါယမ်းမိလိုက်၏။ သို့သော် ဖြောင်းဖျဖို့တော့ သူ မကြိုးစားချေ။
“ ကားထဲဝင် ..”
အနက်ဝတ်နှင့်လူမှ လင်းရီကို လွှတ်လိုက်ပြီး ကားထံသို့ လျှောက်လှမ်းလာခဲ့၏။
သို့သော် သူ ကားတံခါး ဖွင့်လိုက်သည့် အခိုက်အတန့်၍ နောက်သို့လှည့်ပြီး လင်းရီအား နက်ရှိုင်းစွာ တစ်ချက်ကြည့်လိုက်သည်။
ဖြစ်စဉ်တစ်ခုလုံးက စက္ကန့်အနည်းငယ်ခန့်သာ ကြာညောင်းပြီး အနည်းငယ် ကြောက်ဖို့ကောင်းသည့် ထူးဆန်းသည့် မျက်နှာဖုံးက တစ်စုံတစ်ရာအား ပြောကြားနေလိုဟန်ပင်။
မည်သည့်အရာ ဖြစ်သည်ဆိုတာကိုတော့ ဖော်ထုတ်မှန်းဆဖို့ အင်မတန် ခဲယဉ်းလှ၏။