သားအဖ
Vol. 117 Ch. 1523 (1)
နတ်အရှင်မချန်း လွတ်မြောက်သွားခြင်းက အားလုံးကို ကြောင်အသွားစေသည်။ ရှေးဟောင်းနတ်ဘုရားဘုရင်၊ ကောင်းကင်နတ်အရှင်ရှု၊ ကုန်း၊ ရှစ်နှင့် အခြားသူများမှာ အကြီးအကျယ် မျက်နှာပျက်နေကြသည်။ နတ်အရှင်မချန်းတစ်ယောက်တည်းသာ မြစ်ကို ဖြတ်သွားနိုင်မည့် အရပ်မျက်နှာကို သိ၏။ သူမ ထွက်သွားလေရာ သူတို့အားလုံး ဤနေရာ၌ ပိတ်မိ၍ အနိစ္စရောက်ကုန်တော့မည် မဟုတ်လော။
အချိန်နှင့်အမျှ အသက်အိုမင်းလာနေသည့် အဖြစ်အပျက်အား သူတို့ တောင့်မခံနိုင်ပေ။
ဤနေရာမှထွက်မသွားနိုင်ခင် အိုမင်းရွတ်ထော်ကာ သေဆုံးကြရပေလိမ့်မည်။
“သူ မလွတ်ပါဘူး...”
ကောင်းကင်နတ်အရှင်ရှောင်က မှင်သေသေ ပြောသည်။ “ဒီနေရာက ဘယ်သူမှ မလွတ်မြောက်နိုင်ဘူး… ကောင်းကင်နတ်အရှင်မူကို အရင် ရှင်းလင်းဖို့က အရေးကြီးတယ်…”
ကောင်ကင်နတ်အရှင်ဟောင်သည် ကောင်းကင်နတ်အရှင်ရှောင်ကို တစ်ချက်ကြည့်လိုက်ပြီး မျက်လုံးများ ဝင်းခနဲ တောက်ပသွားသည်။ ‘ကြည့်ရတာ သူ ဘိုးဘေးနန်းတော် ကျောက်စိမ်းမြို့တော်ရဲ့ လျှို့ဝှက်ချက်တချို့ကို သိထားတဲ့ပုံပဲ… မဟာဧကရာဇ် မလွတ်မြောက်နိုင်မှန်း ဘယ်လိုလုပ်သိနေတာလဲ…. ဒီလျှို့ဝှက်ချက်တွေကို ဘယ်ကနေ သင်ယူထားခဲ့တာလဲ..’
ဤအခိုက်အတန့်တွင် ချင်မူသည် အံ့မခန်းလိလိ အစွမ်းအစများ ထုတ်ဖော်နေသော်လည်း ကောင်းကင်နတ်အရှင်ဟောင်ကား ဂရုမစိုက်ပေ။ သူ့အတွက် ချင်မူက ပြိုင်ဘက် မဟုတ်သည်သာ။ သူ၏ပြိုင်ဘက်က အစကတည်းက မလှုပ်ရှားသေးသည့် ကောင်းကင်နတ်အရှင်ရှောင်သာ ဖြစ်၏။
ကောင်းကင်နတ်အရှင်ဟောင်တစ်ယောက်တည်းသာ ကောင်းကင်နတ်အရှင်ရှောင် မည်မျှစွမ်းအားကြီးမှန်း သိထားလေသည်။
ချင်မူနှင့် သူ့အကြားရှိ ကွာဟမှုမှာ ကြီးမားနေသေးသော်လည်း ကောင်းကင်နတ်အရှင်ဟောင်အနေဖြင့် ကောင်းကင်နတ်အရှင်ရှောင်ကိုတော့ လိုက်မမှီနိုင်သည့်အလား ခံစားရသည်။
‘ကောင်းကင်နတ်အရှင်မူရဲ့ ထူးဆန်းတဲ့ သစ်ပင်အပြင် မဟာ ပျက်စီးခြင်း ကပ်ဘေးကြီးကို ခုခံနိုင်တဲ့ နည်းလမ်းတစ်ခု ရှိသေးတယ်…. ခမည်းတော်၊ အဲဒီအဆင့်အထိ ရောက်နေပြီလား’
ကောင်းကင်နတ်အရှင်ဟောင်က စိတ်ထဲမှ တွေးနေ၏။ ‘သမိုင်းတစ်လျှောက် ကျုပ်ဟာ ခင်ဗျားကိုသာမက ကောင်းကင်နတ်အရှင်ယွင်၊ ကောင်းကင်နတ်အရှင်ယွဲ့၊ ကောင်းကင်နတ်အရှင်လင်နဲ့ မဟာဧကရာဇ်တို့အပေါ် အနိုင်ယူနိုင်ခဲ့တယ်…. ခင်ဗျားကို တစ်ကြိမ်တည်း မဟုတ်ဘူး… နှစ်ကြိမ် သုံးကြိမ် အနိုင်ယူပြီးတော့ သတ်ပါ သတ်ပစ်နိုင်ခဲ့တယ်…”
သူတို့နှစ်ယောက်သည် တာအိုသစ်ပင်ပေါ်တွင် တိတ်ဆိတ်စွာ ရပ်နေကြ၏။ ကောင်းကင်နတ်အရှင်ဟောင်၏ အကြည့်က ကောင်းကင်နတ်အရှင်ရှောင်၏ နောက်ကျောမှ လွှဲပြောင်းသွားပြီး ကောင်းကင်နတ်အရှင်ရှောင်ကတော့ ကောင်းကင်နတ်အရှင်များ ချင်မူ့ကို တိုက်ခိုက်နေကြသည့် မြင်ကွင်းကို လှမ်းကြည့်နေဆဲပင်။
သူ၏မျက်နှာကြီးမှာ အိုမင်းရင့်ရော်နေသော်လည်း သူ၏အကြည့်ကတော့ လေးနက်နေသဖြင့် ထိတ်လန့်တုန်လှုပ်ဖွယ်ပင် ကောင်းသည်။ ကောင်းကင်နတ်အရှင်ဟောင်၏အကြည့် သူ၏နောက်ကျောမှ သွေဖယ်သွားသည့်အချိန်တွင် သူ၏မျက်လုံးများက လင်းခနဲ တောက်ပသွား၏။ ‘ငါ့သားဆိုတဲ့အတိုင်းပါပဲ… မဟာပျက်စီးခြင်းကပ်ဘေးကြီးကို ခုခံနိုင်မယ့် နည်းလမ်း ရှိနေမှန်း စဉ်းစားပြီးနေပြီ… တကယ်တော့ အရင်ကတည်းက စဉ်းစားပြီးခဲ့တာ… ဆိုတော့ သူ့မှာ ဘာမှ ကြောက်နေစရာမလိုဘူး… ကောင်းကင်နတ်ဘုံ…”
သူ၏မျက်လုံးထဲတွင် ဧကရာဇ်တစ်ပါး၏ အရှိန်အဝါများ ထွန်းလင်းနေသည်။ ‘ကောင်းကင်နတ်ဘုံအဆင့် ကောင်းကင်နန်းဆောင် ၃၆ အဆင့်အထိ ရောက်ပြီးတဲ့ ပုဂ္ဂိုလ်တွေသာ တာအိုရပြီးတဲ့ ပုဂ္ဂိုလ်တွေနဲ့အတူ စွမ်းအားကြီးလာနိုင်တယ် .. အဲဒီအဆင့်မှာ ငါတို့က ခွန်အားကနေတဆင့် တာအိုရလာတဲ့ပုဂ္ဂိုလ်တွေ ဖြစ်လာလိမ့်မယ်… မြစ်ထဲ ပြုတ်မကျသရွေ့ ပျက်စီးခြင်းအငွေ့အသက်တွေဟာ ခွန်အားကတဆင့် တာအိုရထားတဲ့ ပုဂ္ဂိုလ်တွေကိုလည်း ဘာမှမလုပ်နိုင်ဘူး”
ကောင်းကင်နတ်အရှင်ဟောင်ကား အချိန်တိုအတွင်း ကောင်းကင်နန်းဆောင် ၃၆ ဆောင်ကို စုစည်းနိုင်ခဲ့ပြီးဖြစ်၏။
ကောင်းကင်နတ်အရှင်ဟောင်၏ တုံ့ပြန်မှုအရ သူလည်း ထိုသို့လုပ်နိုင်ပေလိမ့်မည်။
‘ကောင်းကင်နတ်အရှင်တွေကြားက နောက်ဆုံးတိုက်ပွဲဟာ ငါတို့သားအဖနှစ်ယောက်ပဲ ဖြစ်သင့်တယ်’
အောက်တွင် ရှေးဟောင်းနတ်ဘုရားဘုရင်၊ ကောင်းကင်နတ်အရှင်ကုန်း၊ ရှစ်ချီလော်၊ နတ်အရှင်မယန်၊ ကောင်းကင်နတ်အရှင်ရှုနှင့် နတ်ဧကရာဇ်လန်ရွှမ်တို့သည် ချင်မူနှင့် အသေအကြေ တိုက်ခိုက်နေကြ၏။
ရှေးဟောင်းနတ်ဘုရားဘုရင်၏ ဆံပင်ဖြူများက လေထဲတွင် မြောလွင့်နေပြီး ခမ်းနားအံ့သြဖွယ်ကောင်းသော ကောင်းကင်တာအိုနယ်ပယ်ကို ထုတ်လွှတ်လိုက်သည်။
ကောင်းကင်နတ်အရှင်ဟွေ့က သူ၏ တာအိုမီးတောက် ကောင်းကင်ဘုံ ၂၈ လွှာကို ထုတ်လွှတ်လိုက်ရင်း တဝှီးဝှီး လှည့်ပတ်နေစေသည်။
ကောင်းကင်နတ်အရှင်ရှုက ယိုတုမိစ္ဆာလမ်းစဉ်၏ နယ်ပယ်ကို ထုတ်လွှတ်လိုက်သည်။ နတ်ဧကရာဇ်လန်ရွှမ်၏ အတိုက်အခိုက်စွမ်းရည်များကတော့ အပြင်းထန်ဆုံးပင်။ သူ၏ ထိုက်ချူကောင်းကင်နတ်သိုင်းသည် ပြီးပြည့်စုံသော အခြေအနေသို့ ရောက်ရှိပြီး ဖြစ်နေရာ ချင်မူ့အတွက် အန္တရာယ်အများဆုံး ဖြစ်လေသည်။ ရှစ်ချီလော်နှင့် နတ်အရှင်မယန်က ပူးပေါင်းတိုက်ခိုက်နေပြီး သူတို့၏ အဆင့်မြင့်ဆုံးသိုင်းကွက်ကို အတူတကွ အသက်သွင်းကြ၏။
ကောင်းကင်နတ်အရှင်ကုန်းက ခရာကို မှုတ်လျက် အားလုံး၏ ချီနှင့်သွေးကို လှုံ့ဆော်ပေးရင်း လူအိုကြီးများ၏ အတိုက်အခိုက်စွမ်းရည်ကို နှစ်ဆတိုးပွားလာစေသည်။
သို့ထိတိုင် သူတို့မှာ ချင်မူ၏ ဓားလမ်းစဉ် ကောင်းကင်ဘုံ ၃၀ ကို ရင်ဆိုင်ရန် ခက်နေဆဲပင်။
သူတို့ မည်သည့်နေရာမှ တိုက်ခိုက်ပါစေ ချင်မူ့ကို ထိပ်တိုက်သာ ရင်ဆိုင်နေရသည်။ ချင်မူ့ ကောင်းကင်ရတနာနယ်ပယ်မှာ သူ၏ခန္ဓာကိုယ်ထဲသို့ ပြန်လည်စုပ်ယူခံလိုက်ရသော်လည်း နယ်ပယ်၏ လုပ်ဆောင်နိုင်စွမ်းကတော့ ရှိနေသေး၏။
သူတို့ထံမှ မည်သည့်တိုက်ကွက်ကိုမဆို ချင်မူက တိုက်ရိုက်ခုခံနေသည်။ သူ့တွင် လက်မောင်းများ မရေမတွက်နိုင်အောင် ပေါက်လာပြီး သူ့လက်ထဲရှိ ဓားကလည်း မရေမတွက်နိုင်အောင် တိုးပွားလာသည့်အလားပင်။ ခေါင်းသုံးလုံး၊ လက်မောင်းခြောက်ဖက်၊ လက်တစ်ထောင်၊ မျက်လုံးတစ်ထောင်…. သူ၏ ဝိညာဉ်သန္ဓေသား ကောင်းကင်ရတနာနယ်ပယ်ကို သူတို့ လုံးဝမယှဉ်နိုင်ကြပေ။
သူ၏နယ်ပယ်ထဲတွင် သူကသာ အရှင်သခင် ဖြစ်ကာ အားနည်းချက်ကင်းမဲ့နေသည့် မျက်နှာလေးဖက်နတ်ဘုရား ဖြစ်လေသည်။
သူတို့၏ ကောင်းကင်နတ်သိုင်းများကို ချင်မူသည် ထွင်းဖောက်မြင်နေရသည့်အလား ဟာကွက်တိုင်းကို ချက်ချင်း တွေ့ရှိသွားတတ်၏။
ကောင်းကင်နတ်သိုင်း တည်ထောင်ခဲ့သော ကောင်းကင်နတ်အရှင်မူ ဆိုသည်မှာ အလဟဿ စကားသက်သက်သာ မဟုတ်ပေ။
ချင်မူ့ကောင်းကင်နတ်သိုင်း အောင်မြင်မှုများမှာ မွေးရာပါ ပါရမီများပင် ဖြစ်နေသယောင် ထင်ရသည်။ လမ်းစဉ်ဝင်ရောက်ပြီးသော ကောင်းကင်နတ်အရှင်များ၏ ကောင်းကင်နတ်သိုင်းများပင်လျှင် သူ၏ မျက်လုံးထဲ၌ မည်သို့မျှ မပုန်းကွယ်နိုင်ပေ။ အမှန်ပြောရလျှင် ကောင်းကင်နတ်အရှင်များ၏ ကောင်းကင်ရတနာနှင့် ကောင်းကင်နန်းဆောင်ကျင့်စဉ်စနစ်သည် သူ၏မျက်လုံးများ၌ အားနည်းချက်များ ပြည့်နက်နေ၏။
ကောင်းကင်နတ်သိုင်းတာအိုက ချင်မူ့မဟာတာအိုဖြစ်လာသည့်အချိန်တွင် သူ့ကို ကျော်နိုင်သူ မည်သူမှ ရှိတော့မည်မဟုတ်ပေ။
ထိုမျှသာမက ချင်မူ့လက်ထဲရှိ ဓားမှာလည်း ဩဇာကြီးမားလွန်းသည့်အပြင် ကောင်းကင်နတ်အရှင်များ၏ ကောင်းကင်ရတနာများထက် သာလွန်သည်။ ကောင်းကင်နတ်အရှင်များအပေါ် ကျရောက်နေသည့် ဖိအားတို့မှာ ပိုပို၍ ကြီးမားလာတော့၏။
အတိတ်တုန်းက ချင်မူ့ကျင့်ကြံခြင်းသည် သူတို့အောက် များစွာနိမ့်ကျခဲ့သည်။ သူ၏ရုပ်ခန္ဓာမှာလည်း သူတို့လောက် မသန်မာခဲ့ပေ။ သို့သော် သူတို့မှာ မဟာပျက်စီးခြင်းကပ်ဘေးကြီး၏ တိုက်စားခြင်း ခံခဲ့ရသောကြောင့် ရုပ်ခန္ဓာ၊ မူလဝိညာဉ်၊ အသိစိတ်အလျဉ် အစရှိသဖြင့် အရောအားလုံးမှာ ချင်မူ့အောက် အားနည်းနေတော့သည်။
ဤသို့ဖြင့် ချင်မူက သူတို့ထဲတွင် အသန်မာဆုံး ဖြစ်လာတော့သည်။
ဖရိုဖရဲမြစ်နှစ်စင်းအကြား၊ ကျောက်စိမ်းမြို့တော် အပျက်အစီးများအတွင်း လူရိပ်ရှစ်ခု တိုက်ခိုက်နေကြသည်။ သူတို့၏ခန္ဓာကိုယ်များက သွက်လက်ပေါ့ပါးစွာ လှုပ်ရှားနေကြပြီး ကောင်းကင်နတ်သိုင်းမျိုးစုံကလည်း တစ်ခုပြီးတစ်ခု ထွက်ပေါ်နေကြသည်။ ကောင်းကင်နတ်အရှင်များပင်လျှင် တိုက်ပွဲ၏ အကျိုးဆက်ကြောင့် အပျက်အစီးများထဲမှ ထွက်မလာနိုင်ကြဘဲ ဖရိုရဲမြစ်ရှိ ဖရိုဖရဲချီများ၏ ဝါးမြိုခြင်း ခံနေရသည်။
ဖြောင်း…
ကြာပွတ်တစ်လက်က ရုတ်တရက် ပျံတက်လာပြီး ကောင်းကင်နတ်အရှင်ရှု၏ ဦးခေါင်းအပေါ် ရိုက်ချလိုက်သည်။ သူမ၏ခန္ဓာကိုယ်မှာ ပြင်းပြင်းထန်ထန် တုန်ရီသွားပြီး မူလဝိညာဉ်သည် ခန္ဓာကိုယ်ထဲမှ ဆွဲနှုတ်ခံလိုက်ရသည်။ သူမ၏ဝိညာဥ်မှာ ခန္ဓာကိုယ်မှ တစ်ကွဲတပြား ဖြစ်သွားချေပြီ။
ထိုစဉ်မှာပဲ ချင်မူ့ဓားက ပျံသန်းလာပြီး သူမ၏မျက်ခုံးနှစ်ဖက်ကြားသို့ ချိန်ရွယ်လိုက်သည်။ ကောင်းကင်နတ်အရှင်ဟွေ့က ကောင်းကင်နတ်အရှင်ရှုအရှေ့၌ ကာရပ်လိုက်ပြီး လက်နှစ်ဖက် ယှက်လိုက်၏။ တာအိုမီးတောက်၏ ကောင်းကင်ဘုံ ၂၈ ဘုံက တဝုန်းဝုန်း မြည်ဟီးလျက် ပြန့်ကားထွက်လာသည်။
ဓားရောင်က ကောင်းကင်ဘုံ ၂၈ ဘုံကို ဖြတ်သန်းလာသဖြင့် ကောင်းကင်နတ်အရှင်ဟွေ့မှာ အံ့ဩမှင်သက်သွား၏။ သူက အမြန်ရှောင်တိမ်းလိုက်သော်လည်း ဓားရောင်ကြောင့် ကောင်းကင်နတ်အရှင်ရှု၏ ဦးချိုတစ်ချောင်းမှာ ကျိုးသွားတော့သည်။
ကောင်းကင်နတ်အရှင်ကုန်းက သူမ၏ကြာပွတ်ကို လွှဲရမ်းရင်း ချင်မူ့အား ရစ်ပတ်လိုက်စေသည်။ သို့သော် ကြာပွတ်မှာ အစိတ်စိတ်အမွှာမွှာ ပြတ်တောက်သွားလေသည်။ ချင်မူ့ဓားရောင်က ခုတ်လွှဲချလိုက်သဖြင့် ကောင်းကင်နတ်အရှင်ကုန်းက ဓားချက်အား ရှောင်တိမ်းရန် ခန္ဓာကိုယ်ကို လှဲ၍ လှိမ့်ချလိုက်သည်။ ဓားရောင်များက သူမကို အပေါ်မှ အောက်သို့ လှည့်ပတ်နေကြ၏။ ကောင်းကင်နတ်အရှင်ကုန်း၏ အသိစိတ်အလျဉ်က ပေါက်ကွဲထွက်လာသော်လည်း ဓားရောင်တို့သည် မွေးရာပါချီအဖြစ် ပြောင်းလဲ၍ ပုံရိပ်ယောင်အလွှာများအား ဖောက်ထွက်လာကြသည်။
‘ငါတော့ သေပြီ...’
ကောင်းကင်နတ်အရှင်ကုန်း ထိုသို့တွေးလိုက်မိသည့်အချိန်မှာပင် ရှေးဟောင်းနတ်ဘုရားဘုရင်က ကောင်းကင်တာအို အထွတ်အမြတ်ရတနာကို အသက်သွင်းပြီး သူမအရှေ့တွင် ရတနာလှည်းဘီးကြီးအသွင်ဖြင့် နေရာယူလိုက်စေသည်။ ထို့နောက် လှည်းဘီးက လေအဖြစ် အသွင်ပြောင်းသွား၏။
ဓားရောင်ကြောင့် ဖွဲ့တည်လာသော မွေးရာပါချီတို့က ကောင်းကင်တာအိုရတနာလှည်းဘီးအား ဖောက်ထွက်လာနိုင်၍ ရှေးဟောင်းနတ်ဘုရားဘုရင်၏ ကြွက်သားများမှာ အဆက်မပြတ် လှုပ်ခါသွားကြသည်။
ကောင်းကင်တာအိုရတနာလှည်းဘီးမှ ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းသော စွမ်းအားတစ်ရပ်ခုသည် သူ၏ခန္ဓာကိုယ်ဆီသို့ ကူးစက်လာနေကြောင်း ခံစားလိုက်ရပြီး သူ၏ရုပ်ခန္ဓာမှာ ပေါက်ကွဲလုမတတ် ဖြစ်သွားလေသည်။
တူ… တူ
ကောင်းကင်နတ်အရှင်ကုန်းက ကုန်းရုန်းထလိုက်သည်။ ခရာအား မှုတ်လိုက်သည့်အခါ ခရာအတွင်းမှ သူမ၏ သွားတစ်ချောင်း ထွက်လာ၏။ သူမမှာ တစ်ချောင်းတည်း ကျန်တော့သော သွားကိုပင်လျှင် မကယ်နိုင်တော့ချေ။
ခရာသံကြောင့် ရှေးဟောင်းနတ်ဘုရားဘုရင်၏ ချီနှင့် သွေးတို့က တဟုန်ထိုး မြင့်တက်လာပြီး တိုက်ကွက်ကို ခုခံလိုက်သည်။ သူက လက်ကို လွှဲရမ်းလိုက်သည့်အခါ ကောင်းကင်တာအိုလှည်းဘီးသည် ကွဲထွက်သွား၏။ ၎င်းက ကောင်းကင်တာအိုဒယ်အိုးကြီးအသွင် ပြောင်းလဲ၍ ချင်မူ့အပေါ် ဖိချရန် ပြင်လိုက်သည်။
သို့သော် ကောင်းကင်တာအိုရတနာလှည်းဘီး ကွဲထွက်သွားသည့်အခိုက်အတန့်တွင် ချင်မူ့လက်ဖဝါးက လှည်းဘီးအပေါ် ပြင်းထန်စွာ ကျရောက်လာ၏။ ရှေးဟောင်းနတ်ဘုရားဘုရင်မှာ ညည်းညူလိုက်ရပြီး ကောင်းကင်တာအိုဖြင့် ဖွဲ့တည်ထားသော အထွတ်အထိပ်ရတနာ ၄၈ ပါးမှာလည်း အရပ်လေးမျက်နှာသို့ လွင့်ထွက်ကုန်တော့သည်။
ရှေးဟောင်းနတ်ဘုရားဘုရင်က ကောင်းကင်ပေါ်သို့ ကပျာကယာ ပျံတက်လိုက်ရင်း ကောင်းကင်တာအိုရတနာနယ်ပယ်အား ဖြန့်ကျက်သည်။ သူက ကောင်းကင်တာအိုရတနာများကို ပြန်ယူရန် ကြိုးစားလိုက်လေသည်။
ထိုအခိုက်အတန့်တွင် ချင်မူက လက်ဖဝါးဖြန့်လိုက်ရာ သူ၏လက်ထဲ၌ ကောင်းကင်တာအိုအထွတ်အထိပ်ရတနာတစ်ပါး ပေါ်လာ၏။
“ကောင်းကင်နိယာမ တာအိုလက်နက်”