← Chapters

တာအိုသိုင်းပညာရှင်တို့၏ တိုက်ပွဲ

Vol. 117 Ch. 1524

တာအိုသိုင်းပညာရှင်တို့၏ တိုက်ပွဲ

Vol. 117 Ch. 1524

ကောင်းကင်နတ်အရှင်ဟောင်ကား ၃၆ ဆောင်သော ကောင်းကင်နန်းဆောင်များ၊ ၇၂ ဆောင်သော ပလ္လင်ခန်းမများ ကိန်းအောင်းနေသည့် မဟာကောင်းကင်နတ်ဘုံအား ပိုင်ဆိုင်ထားသည့်အလျောက် သူ၏ခွန်အားအစွမ်းအစတို့သည် အင်အားအကြီးမားဆုံးအခြေအနေထက်ပင် မြင့်မားနေတော့၏။

သူ့အရှိန်အဝါ၏ ဖိအားအောက်တွင် ကောင်းကင်နတ်အရှင်ခုနစ်ပါးမှ တစ်ပါးဖြစ်သည့် နတ်ဧကရာဇ်လန်ရွှမ်မှာ ညည်းညူလိုက်ရပြီး မြေပြင်ပေါ်သို့ ဝုန်းခနဲ ဖိချခံလိုက်ရသည်။ သွေးများက သူ၏ ဒွာရပေါက်ခုနစ်ပေါက်မှ စီးထွက်လာကြပြီး သူ့ခန္ဓာကိုယ်သည် မလှုပ်ရှားနိုင်တော့ပေ။

အခြားတစ်ဖက်တွင် ချင်မူက တစ်လှမ်းချင်း နောက်ဆုတ်လိုက်သည်။ သူ ခြေတစ်လှမ်း လှမ်းလိုက်သည့်အခါတိုင်း သူ့ခြေလှမ်း၏ အရှေ့ရှိ ကျောက်စိမ်းမြို့တော် အပျက်အစီးများမှာ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားတစ်ရပ်ဖြင့် ဖိချခံလိုက်ရသကဲ့သို့ မြေကြီးထဲ ဖိသိပ်ခံလိုက်ရသည်။

ဘေးအမြင်မှ ကြည့်ပါလျှင် ကိုယ်ပျောက်ဘီလူးကြီးတစ်ကောင်က သူ့အား လိုက်လံ ဖိသတ်နေသည့်အလားပင်။

၎င်းက ကောင်းကင်နတ်အရှင်ဟောင်၏ စွမ်းအား ဖြစ်၏။

ကောင်းကင်နတ်အရှင်ဟောင်ကား ကိုယ်တိုင် လှုပ်ရှား မတိုက်ခိုက်ရသေးသော်လည်း သူ၏အရှိန်အဝါမှ ထွက်ပေါ်လာသော စွမ်းအားကပင် ချင်မူ့ကို အနောက်ဆုတ်ရစေသည်။

“လန်ရွှမ်၊ နောင်တော် .... ဒါရဲ့ ကောင်းကင်နတ်ဘုံရဲ့ ခွန်အားကနေတဆင့် တာအိုရယူတဲ့ ကောင်းကင်နန်းဆောင်ကျင့်စဉ်စနစ်ပဲ”

ပြန်လည်နုပျိုလာသော ကောင်းကင်နတ်အရှင်ဟောင်က လက်မြှောက်လိုက်ရာ သူ၏လက်ဖဝါးထဲတွင် တာအိုတစ်သောင်း ကောင်းကင်လှည်းဘီး ပေါ်လာသည်။ စစချင်းတွင် လှည်းဘီးသည် ခွက်တစ်ခွက် အရွယ်သာ ရှိပြီး တဝှီးဝှီးလည်လျက် မြေပြင်နှင့် နီးကပ်စွာ ရွေ့လျားသွားရင်း ချင်မူ့ဆီ ဦးတည်နေ၏။

နောက်တခဏတွင် တာအိုတစ်သောင်း ကောင်းကင်လှည်းဘီးသည် ချင်မူ့အရှေ့သို့ ရောက်လာခဲ့၏။ ထိုအချိန်၌ အင်မတန် ကျယ်ဝန်းသော လှည်းဘီးတစ်ခု ဖြစ်နေခဲ့ချေပြီ။ ကောင်းကင်လှည်းဘီးထဲရှိ တာအိုအားလုံးက တစ်သားတည်း ပေါင်းစည်းလျက် ရှိနေပြီး တာအိုသံတို့က ပဲ့တင်ရိုက်ခတ်လျက် မြည်ဟည်းနေသည်။

အသေအချာ အနီးကပ်ကြည့်ပါက တာအိုတစ်သောင်း ကောင်းကင်လှည်းဘီးထဲရှိ တာအိုတို့က အမျိုးမျိုးသော ကောင်းကင်နတ်သိုင်းများအား ထုတ်ဖော်နေကြောင်း တွေ့ရလိမ့်မည်။ ၎င်းတို့သည် အလွန်တရာ ရှုပ်ထွေးနေပြီး မရေမတွက်နိုင်သော ကောင်းကင်နတ်သိုင်းများ ပေါင်းစည်းသွားသည်နှင့်အမျှ ကောင်းကင်လှည်းဘီး၏ စွမ်းအားကို ပိုမို ပြင်းထန်အားကောင်းလာစေတော့သည်။

ဝုန်း…

ကောင်းကင်လှည်းဘီး ပျောက်ကွယ်သွားကာ ကောင်းကင်နတ်သိုင်းများ အရှိန်အဟုန်ဖြင့် တိုးထွက်လာသည်။

ချင်မူ့ကပ်ဘေးဓားက ရှေ့သို့ ခုတ်ပိုင်းရင်း ကောင်းကင်လှည်းဘီးဆီမှ ကောင်းကင်နတ်သိုင်းများကို ဖျက်ဆီး၏။ တချွင်ချွင် မြည်သံများ ဆူညံသွားပြီး တန်ပြန်တွန်းကန်မှုကြောင့် ချင်မူ့လက်မောင်းကြွက်သားများ ပေါက်ကွဲသွားသည်။ သူ့မှာ သွေးတို့ စီးကျနေသော ညာလက်ဖြင့် ဓားကို ကိုင်ရင်း ခြေလှမ်းတစ်ရာကျော်အထိ နောက်ဆုတ်ပြီးနောက်မှ ကောင်းကင်နတ်သိုင်းအားလုံးကို ဖျက်ထုတ်နိုင်လိုက်သည်။

သို့သော် သူ သက်ပြင်းပင် မချနိုင်ခင် ဖျက်စီးခံလိုက်ရသော ကောင်းကင်နတ်သိုင်းတို့၏ အလင်းရောင်သည် စီးဖြာနေခြင်း ရပ်တန့်သွားပြီးနောက် ဒုတိယမြောက် တာအိုတစ်သောင်း ကောင်းကင်လှည်းဘီးအား ဖွဲ့တည်လိုက်၏။ ဤလှည်းဘီးကား ကြီးသထက် ကြီးလာကာ ကိုက်ပိုင်းခြောက်ရာအထိပင် မြင့်တက်လာချေသည်။

ချင်မူက ကပ်ဘေးဓားကို ဘယ်လက်သို့ ပို့ကာ တာအိုတစ်သောင်း ကောင်းကင်လှည်းဘီးမှ တရှိန်ထိုး ထွက်လာသည့် ကောင်းကင်နတ်သိုင်းများထံ ပိုင်းခွင်းလိုက်သည်။ သူ၏ခြေလှမ်းများကလည်း ရပ်တန့်မသွားဘဲ နောက်ဆက်ဆုတ်နေသည်။ မျက်စိတစ်မှိတ်အတွင်း သူ၏ဘယ်လက်မှလည်း သွေးများ စီးကျလာသည်။

ဝုန်း….

မရေမတွက်နိုင်သော ကောင်းကင်နတ်သိုင်းအလင်းရောင်တို့က နောက်တစ်ကြိမ် စုဝေးသွားပြီး တာအိုတစ်သောင်း ကောင်းကင်လှည်းဘီးအသွင် ပြောင်းလဲသွားပြန်သည်။ ၎င်းက ကိုက်သုံးရာ မြင့်မားပြီး ချင်မူ့အရှေ့တွင် တောက်ပနေသော ကြေးမုံတစ်ချပ်ပမာ ပေါ်လာ၏။

ချင်မူမှာ နောက်ဆုတ်ပြီးရင် ဆုတ်နေရပြီး သူ့ချိုင်းအောက်မှ လက်တစ်ဖက်ပြီးတစ်ဖက် လူးလွန့်ထွက်လာသည်။ ကပ်ဘေးဓားသည်လည်း တုန်ခါကာ ခြောက်လက် ကွဲထွက်သွားသည်။ ပေါက်လာသည့် လက်ခြောက်ဖက်က ကပ်ဘေးဓားတစ်လက်စီကို ဆုပ်ကိုင်၍ ကောင်းကင်လှည်းဘီးအား ထိပ်တိုက်ရင်ဆိုင်လိုက်၏။

ကောင်းကင်နတ်သိုင်းတစ်သောင်းက တာအိုတစ်သောင်း ကောင်းကင်လှည်းဘီးဆီမှ ပေါက်ကွဲထွက်လာကာ ကိုက်သုံးရာနီးနီး ကျယ်ပြန့်ရှည်လျားသော သက်တံ့တစ်စင်းအသွင် ပြောင်းလဲသွားသည်။

ချင်မူမှာ အင့်ခနဲ တစ်ချက်ညည်းညူလိုက်ရသည်။ သူ တာအိုတစ်သောင်း လှည်းဘီးအား ဖောက်ထွက်သွားသည့်အချိန်တွင် ကိုက်သုံးရာရှည်လျားသော သက်တံ့ရောင်အလင်းသည် ပြန်လည်ကျုံ့ဝင်၍ လေးခုမြောက် တာအိုတစ်သောင်း ကောင်းကင်လှည်းဘီးအဖြစ် ဖွဲ့တည်သွား၏။

ဤကောင်းကင်လှည်းဘီးက ကိုက် ၁၄၀ မြင့်မားပေသည်။

ကြေးမုံပမာ တောက်ပြောင်နေသည့် ကောင်းကင်လှည်းဘီး၏ မျက်နှာပြင်ထက်၌ စီးဖြာနေသော တာအိုတစ်သောင်းကို မမြင်ရတော့ပေ။ ချင်မူ၏ ပုံရိပ်သည်သာ မျက်နှာပြင်တစ်ပြင်လုံး၌ ပြည့်နှက်နေသည်။ သို့သော် ကောင်းကင်လှည်းဘီး၏ စွမ်းအားကလည်း ပို၍ကြီးမားလာခဲ့၏။

“ဒါက လမ်းစဉ်ဝင်ရောက်ထားတဲ့ ကောင်းကင်နတ်သိုင်းတစ်ခုပဲ.... လှည်းဘီးတစ်ခုစီတိုင်းက ကောင်းကင်ဘုံတစ်ဘုံ....”

ချင်မူက သ‌ဘောပေါက်သွားသည်နှင့် ခန္ဓာကိုယ်ကို လှုပ်ခါလိုက်သည်။ ရှေးဟောင်းနတ်ဘုရားဘုရင်ဆီမှ သူ ယူထားသည့် ကောင်းကင်တာအိုလက်နက် ၄၉ ခုသည် တစ်သားတည်း ပေါင်းစည်းသွားပြီး ကောင်းကင်‌ဓားမတစ်လက်ပမာ ဖွဲ့တည်လာ၏။ သူက ဓားအစား ဓားမကို ကိုင်ကာ လက်ခြောက်ဖက်စလုံး မြှောက်၍ ပိုင်းချလိုက်တော့သည်။

ဓားမက သူ့ထံ ပြေးဝင်လာနေသော သက်တံ့ရောင်ကို နှစ်ခြမ်း ခွဲပစ်လိုက်သည်။ သို့သော် အလင်းရောင်က သူ၏အနောက်တွင် စုစည်းသွားပြီး ငါးခုမြောက် ကောင်းကင်လှည်းဘီးအဖြစ် ပြောင်းလဲသွားပြန်သည်။

ချင်မူက လှည့်ကြည့်ကာ ဓားမကို လွှတ်ချလိုက်သည်။ သူ၏လက်ထဲတွင် တောင်ဝှေးတစ်ချောင်း ပေါ်လာပြီး ထိုက်ယီတောင်ဝှေးအား ဓားပမာ အသုံးပြုလျက် ကိုက် ၁၈၀ မြင့်မားသော လှည်းဘီးအတွင်းသို့ ထိုးစိုက်လိုက်၏။

ဝုန်း…

ထိုက်ယီတောင်ဝှေးသည် သက်တံ့ရောင်ကို ထိုးဖောက်ကာ ‌ကောင်းကင်နတ်အရှင်ဟောင်၏ တိုက်ကွက်နှင့် ထိပ်တိုက်တွေ့ဆုံသွားသည်။ နောက်တစ်ခဏတွင် ချင်မူ့ခန္ဓာကိုယ်မှာ ပြင်းထန်စွာ တုန်ရီသွားပြီး အပေါ်သို့ မြောက်တက်သွား၏။ ထို့နောက် နောက်ထပ်ကောင်းကင်လှည်းဘီးတစ်ခုက သူ့အရှေ့၌ ပေါ်လာပြန်သည်။ ချင်မူ့ခန္ဓာကိုယ်မှာ အလွန်တရာ သေးငယ်နေပြီး လှည်းဘီး၏ ကြေးမုံမျက်နှာပြင်က သူ၏ရုပ်ခန္ဓာနှင့် ရုပ်ခန္ဓာအတွင်းပိုင်းများကို ရှင်းလင်းပြတ်သားစွာ ရောင်ပြန်ဟပ်ပြသထားသည်။

ကြေးမုံထဲတွင် သူသည် ကိုက် ၂၀၀ ကျော် ရှည်လျားပြီး သူ၏အတွင်းကလီစာအားလုံးကို ထွင်းဖောက်မြင်နေရ၏။ ထိုမျှသာမက သူ၏ကောင်းကင်ရတနာများ၊ ကောင်းကင်နန်းဆောင်နှင့် မူလဝိညာဉ်ကိုပင် ရောင်ပြန်ဟပ်ပြသထားသည်။

ချင်မူက မြေပေါ် ဆင်းသက်၍ တိုက်ကွက်ကို နောက်တစ်ကြိမ် ချိုးဖျက်ပစ်လိုက်သည်။ သို့သော် တစ်ခဏအတွင်း နောက်ထပ်ကောင်းကင်လှည်းဘီးတစ်ခုက ထပ်မံထွက်ပေါ်လာပြီး ယခင်ကောင်းကင်လှည်းဘီးထက် ပို၍ကြီးမားနေသည်။

ချင်မူမှာ အလျင်အမြန် နောက်ဆုတ်လိုက်သော်လည်း ရုတ်တရက် ခြေထောက်အောက်တွင် ဗလာဖြစ်သွားကာ ဖရိုဖရဲမြစ်ရေပြင်အပေါ် နင်းမိသွားသည်။ သူ၏ခြေဖနောင့်နှစ်ဖက်လုံးမှာ ချက်ချင်းပင် ဖရိုဖရဲမြစ်၏ တိုက်စားခြင်းခံလိုက်ရသဖြင့် ပြည်တည်လာ၏။

သူသည် အန္တရာယ်ကို ရင်ဆိုင်နေရသော်လည်း တည်ငြိမ်အေးဆေးနေသည်။ ထိုက်ယီတောင်ဝှေးက လှေငယ်တစ်စင်းအသွင် ပြောင်းလဲ၍ မြစ်ရေပြင်အပေါ် ဆင်းသက်လိုက်သည်။ ချင်မူက လက်တစ်ဖက်တွင် ဓားကိုင်ထားပြီး ဓားရောင်များသည် သက်တံ့ရောင်တစ်သောင်းနှင့် ရင်ဆိုင်တွေ့ဆုံရန် ပြေးထွက်သွား၏။

ဝုန်း… ဝုန်း… ဝုန်း…

ဖရိုဖရဲမြစ်ထက်၌ ကောင်းကင်လှည်းဘီးများက ချင်မူ့အရှေ့တွင် တစ်ခုပြီးတစ်ခု ပေါ်လာနေကြ၏။ တိုက်ကွက်တစ်ကွက်ချင်းဆီက သူ့ကို မိုင်ပေါင်းများစွာ လွင့်ထွက်သွားစေသဖြင့် မြစ်ကမ်းစပ်မှ မြစ်အလယ်သို့ ရောက်မှန်းမသိ ရောက်လာတော့သည်။

ကောင်းကင်လှည်းဘီး ကောင်းကင်နတ်အရှင်ဟုန်၏ လက်ဖဝါးမှ ပျံထွက်လာပြီး ချင်မူ့ကို မြစ်အလယ်သို့ ရောက်သွားစေသည့် အချိန်အထိ မျက်စိတစ်မှိတ်သာ ကြာလိုက်လေသည်။

မျက်စိတစ်မှိတ်အတွင်း ချင်မူကား မရေမတွက်နိုင်သော တိုက်ကွက်များဖြင့် ကောင်းကင်နတ်အရှင်ဟောင်၏ တိုက်ခိုက်မှုအား ခုခံပြီးချေပြီ။

အဝေးမှကြည့်လျှင် ကောင်းကင်နတ်အရှင်ဟောင်၏ လက်ဖဝါး ဆန့်တန်းထားသည်ကို မြင်ရပေလိမ့်မည်။ သက်တံ့တစ်စင်းက လှည်းဘီးနှင့် ဆက်နွှယ်နေပြီး လှည်ဘီးသည် ရှေ့သို့ဆက်လက် တိုးဝင်နေ၏။ ချင်မူမှာ ဖရိုဖရဲမြစ်ထဲသို့ တွန်းပို့ခံရသည့်အထိ နောက်ဆုတ်နေရဆဲပင်။

ဖရိုဖရဲမြစ်အလယ်သို့ ရောက်သည့်အခါတွင် ချင်မူ့အရှေ့ရှိ ကောင်းကင်လှည်းဘီးမှာ ကိုက်တစ်သောင်းအထိ မြင့်မားနေချေပြီ။ လှည်းဘီး၏ မျက်နှာပြင်ကြေးမုံထက်၌ သူ၏ဝိညာဉ်သန္ဓေသား ကောင်းကင်ရတနာသည်ပင် ရှင်းလင်းပြတ်သားစွာ ရောင်ပြန်ဟပ်နေသဖြင့် မည်သည့်လျှို့ဝှက်ချက်မှ မရှိတော့ပေ။

သူ ကျင့်ကြံထားသည့် မဟာတာအို၊ ကောင်းကင်နန်းဆောင်၏ ဖွဲ့စည်းတည်ဆောက်ပုံ၊ သူ၏ ကောင်းကင်ရတနာများထဲရှိ နေ၊ လ၊ ကြယ်တာရာများ၊ ကမ္ဘာလောကများနှင့် ကောင်းကင်နတ်ဘုံအတွင်းရှိ အစီအစဉ်အနေအထားတို့ပင်လျှင် ရောင်ပြန်ဟပ်နေကြသည်။

သူ၏လမ်းစဉ်များ၊ ကျင့်စဉ်များနှင့် ကောင်းကင်နတ်သိုင်းများမှာ တာအိုတစ်သောင်း ကောင်းကင်လှည်းဘီး၏ မျက်နှာပြင်ထက်၌ ရောင်ပြန်ဟပ်နေကြပြီး သူ့မူလဝိညာဉ်၏ နက်နဲဆန်းကြယ်မှုများမှာလည်း ဖော်ထုတ်ခံနေရတော့သည်။

‘ဒါက ကောင်းကင်နတ်အရှင်ဟောင် တာအိုအဆင့်ရဲ့ ၁၃ ဘုံမြောက် ကောင်းကင်ဘုံပဲ’

ချင်မူက စူးရှထက်မြက်သော မျက်ဝန်းများဖြင့် ကောင်းကင်နတ်အရှင်ဟောင်၏ တာအိုတစ်သောင်း ကောင်းကင်လှည်းဘီးထဲရှိ သူ၏ပုံရိပ်ကို ကြည့်နေသည်။ ကောင်းကင်နတ်အရှင်ဟောင်၏ တာအိုကျင့်စဉ်စနစ်သည် ၁၃ ဘုံမြောက် ကောင်းကင်ဘုံအထိ ရောက်ရှိနေပြီဖြစ်ပြီး အမှန်တကယ် စွမ်းအားကြီးပေသည်။

ကောင်းကင်နတ်အရှင်ဟောင်၏ သိုင်းအဆင့်မှာလည်း ကောင်းကင်နတ်ဘုံအဆင့်အထိ ရောက်နေပြီး အခြားကောင်းကင်နတ်အရှင်များထက် ပို၍ခရီးရောက်နေသည်။ ၎င်းက အင်မတန် ကြောက်စရာကောင်းလွန်း၏။ တာအိုကျင့်စဉ်စနစ် အောင်မြင်မှုကလည်း အခြားကောင်းကင်နတ်အရှင်များထက် သာလွန်နေပြီ ဖြစ်သည်။

ဤသိုင်းကွက်ဖလှယ်ပွဲတွင် ချင်မူလည်း ကောင်းကင်လှည်းဘီး၏ လျှို့ဝှက်ချက်များကို ရှာဖွေတွေ့ရှိပြီး ဖြစ်၏။ ဤကောင်းကင်လှည်းဘီးက ရန်သူ၏ အရိပ်ကို ရောင်ပြန်ဟပ်ကာ ထိုသူ၏ ရုပ်ခန္ဓာ၊ မဟာတာအို၊ ကောင်းကင်နန်းဆောင်၊ မူလဝိညာဉ်အစရှိသည့် လျှို့ဝှက်ချက်မှန်သမျှအား လေ့လာအဖြေထုတ်ပေးသည်။

ရန်သူ၏ လျှို့ဝှက်ချက်တို့အား နားလည်သွားသည်နှင့် မည်သည့်ကောင်းကင်နတ်သိုင်းကိုမဆို ချိုးဖျက်ကာ သတ်ဖြတ်နိုင်ပေလိမ့်မည်။

ကောင်းကင်နတ်အရှင်ဟောင်သည် ကောင်းကင်နတ်ဧကရာဇ်ထိုက်ချူ၏ သားတော်ဖြစ်၍သာ လက်ရှိအဆင့်အတန်းကို ပိုင်ဆိုင်ထားခြင်းမဟုတ်ပေ။ သူနှင့်ပတ်သက်၍ ဆန်းပြားသော အချက်များ ရှိနေသည်။

“ဒါပေမဲ့ ခင်ဗျားက ကျုပ်ကို တစ်ခါတည်း ပွဲသိမ်းသတ်ဖြတ်ချင်နေတာဆိုရင် တာအိုသိုင်းပညာရှင်တစ်ယောက်ရဲ့ စွမ်းအား ပိုင်ဆိုင်ထားတာတောင် လုပ်နိုင်မှာ မဟုတ်ဘူး”

ချင်မူက ဓားဖြင့် ရှေ့သို့ ထိုးစိုက်လိုက်ရာ တာအိုတစ်သောင်းလှည်းဘီးထဲရှိ ချင်မူ့ပုံရိပ်မှာ ရုတ်တရက် လွင့်ပြယ်ပျောက်ကွယ်သွားသည်။ ကောင်းကင်နတ်အရှင်ဟောင်၏ ကောင်းကင်လှည်းဘီးသည် ချင်မူ့လျှို့ဝှက်ချက်အားလုံးကို အဖြေထုတ်ပြီး ဖြစ်၏။ ယခုလို ပုံရိပ်ကို ဖယ်ရှားလိုက်ခြင်းကား ချင်မူ့အသက်ကိုပါ ချက်ချင်း ဖျက်စီးပစ်နိုင်ပေသည်။

ဝုန်း…

၁၄ စင်းမြောက် ဖရိုဖရဲမြစ်၏ အလယ်ဗဟိုတွင် ကြောက်မက်ဖွယ် တုန်ခါလှိုင်းကြီး လိမ့်ထွက်လာပြီး ဖရိုဖရဲချီတို့အား ဖရိုဖရဲလေမုန်တိုင်းပမာ ဗြောင်းဆန်လျက် တိုက်ခတ်သွားစေသည်။

ထို့နောက် လေမုန်တိုင်း ပျောက်ကွယ်သွားပြီး လေဆင်နှာမောင်းကြီး ဖြစ်လာကာ အရပ်လေးမျက်နှာအား သိမ်းကျုံးရိုက်ခတ်ပစ်လိုက်၏။ တခဏကြာပြီးနောက် ၎င်းက ကောင်းကင်နတ်အရှင်ဟောင်နှင့် အခြားသူများ ရှိသော ကျောက်စိမ်းမြို့တော် အပျက်အစီးများဆီ ပြေးဝင်လာတော့သည်။ ပြင်းထန်လှသော လေပြင်းများက တဝှီးဝှီး တိုက်ခတ်နေရင်း တာအိုသစ်ပင်ပေါ်ရှိ ကောင်းကင်နတ်အရှင်ဟောင်နှင့် ကောင်းကင်နတ်အရှင်ဟွေ့၏ အ၀တ်များကို ပျံ့လွင့်သွားစေသည်။

ကောင်းကင်နတ်အရှင်ရှောင်က အပြုံးတစ်ခုဖြင့် လှည့်ကြည့်လာပြီး အေးဆေးတည်ငြိမ်စွာ မေးလိုက်သည်။ “ဟောင်အာ၊ မင်းရဲ့ စိတ်နှလုံးမိစ္ဆာကို သတ်ခဲ့ပြီလား”

သူနှင့် မျက်နှာချင်းဆိုင်ရှိ တာအိုသစ်ပင်တွင် ရပ်နေသော ကောင်းကင်နတ်အရှင်ဟောင်၏ မျက်နှာအမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။ သူက နှာခေါင်းရှုံ့လိုက်ပြီး ဖြေသည်။ “သူက လွတ်မြောက်သွားပေမယ့် မသေခဲ့ဘူး… ဒါပေမဲ့ ကြာကြာအသက်ရှင်နိုင်မှာတော့ မဟုတ်ဘူး”

ကောင်းကင်နတ်အရှင်ရှောင်က ပြုံးလျက် တုံ့ပြန်သည်။ “သူ့ခန္ဓာကိုယ်ထဲမှာ မင်း နားမလည်နိုင်တဲ့ မဟာတာအို ၅ ခု ရှိတယ်မလား… အဲဒီမဟာတာအိုငါးခုရဲ့ ပထမဦးဆုံးက ထိုက်ယီ၊ ဒုတိယက ထိုက်ချူ၊ တတိယ ထိုက်ကျိ၊ စတုတ္ထက ထိုက်စု၊ ပဉ္စမက ထိုက်ရှီ… မင်း သူ့ကို မသတ်နိုင်ဘူးဆိုတာ နားမလည်လို့ပဲ… ငါက ထိုက်ချူပဲ..”

သူ၏အရှိန်အဝါက အရှိန်အဟုန်ပြင်းစွာ ထိုးတက်သွားပြီး ကောင်းကင်နန်းဆောင်များက သူ့အနောက်တွင် ဖွဲ့တည်လာကာ ကောင်းကင်နန်းဆောင် ၃၆ ခုနှင့် ရတနာနန်းဆောင် ၄၇ ခုပါသော ကောင်းကင်နတ်ဘုံတစ်ခုကို ဖွဲ့တည်လိုက်၏။

“မင်း နားမလည်နိုင်တာက မင်းအဖေပဲ..”

ကောင်းကင်နတ်အရှင်ရှောင်က ပြုံးသည်။ “ငါ့ရဲ့ကလေးတွေထဲမှာ မင်းက အထူးချွန်ဆုံး ဖြစ်တယ်… အတိတ်တုန်းက မင်းကို အထင်သေးခဲ့မိတယ်ဆိုတာ ဝန်ခံတယ်…”

ကောင်းကင်နတ်အရှင်ဟောင်က ပြုံးနေပြီး သူ၏မျက်နှာပေါ်ရှိ အပြုံးသည် ပိုပို၍တောက်ပလာ၏။ သူ့အနောက်တွင် ထိုက်စုနတ်ဘုရားမ၏ အစစ်အမှန်ရတနာက တာအိုတစ်သောင်း ကောင်းကင်လှည်းဘီးအဖြစ် စတင်အသွင်ပြောင်းစပြုလာသည်။

“ခင်ဗျားက အတိတ်မှာပဲ ကျုပ်ကို အထင်သေးခဲ့တာ မဟုတ်ဘူး… အခုလည်း ကျုပ်ကို အထင်သေးနေတာပဲ”

စောစောက ချင်မူ့အား တိုက်ခိုက်ခဲ့သည့် ကောင်းကင်နတ်အရှင်ဟောင်၏ တိုက်ကွက်မှာ ကောင်းကင်နတ်သိုင်းသာ ဖြစ်ခဲ့သည်။ ယခုတွင် ထိုက်စု၏ အစစ်အမှန်ရတနာကိုယ်တိုင် တာအိုတစ်သောင်း ကောင်းကင်လှည်းဘီးအဖြစ် ဖွဲ့တည်သွားခဲ့ချေပြီ။ ထိုက်စု၏ အစစ်အမှန်ရတနာကား ထိုက်စုဥမှ မွေးဖွားလာခဲ့သော ရတနာစစ်စစ် ဖြစ်ပေသည်။

“ခမည်းတော်၊ ခင်ဗျားရဲ့ အထွတ်အထိပ်ရတနာက အန္တိမလေဟာနယ်ထဲမှ မဟာဧကရာဇ်ရဲ့ ဖိနှိပ်ခြင်း ခံထားရတယ် … အထွတ်အမြတ်ရတနာရော၊ ကူညီမယ့်သူရော မရှိရင် ခင်ဗျား သေလိမ့်မယ်”

ကောင်းကင်နတ်အရှင်ဟောင်က သူ၏လက်ကို မြှောက်၍ တာအိုတစ်သောင်း ကောင်းကင်လှည်းဘီးကို ဆုပ်ကိုင်ကာ ကောင်းကင်ပေါ်သို့ ပျံတက်သွားသည်။

ဖရိုဖရဲမြစ်ထဲတွင် ချင်မူက ထိုက်ယီတောင်ဝှေးမှ ဖွဲ့တည်ထားသော လှေငယ်အပေါ်သို့ တက်လိုက်၏။ သူ့မှာ တစ်ကိုယ်လုံး စုတ်ပြတ်သပ်နေပြီး အသက်ကို မျှင်း၍ ရှူနေရသည်။

သူ အသက်ရှူထုတ်လိုက်တိုင်း သွေးမှုန်များပင် ပါလာလေသည်။

ကောင်းကင်နတ်အရှင်ဟောင်၏ လမ်းစဉ်ဝင်ရောက်ထားသော ကောင်းကင်နတ်သိုင်းကား အတိုင်းထက်အလွန် ပြင်းထန်အားကောင်း၏။ သို့သော် သူ၏နောက်ဆုံးတိုက်ကွက်တွင် ... ကောင်းကင်လှည်းဘီး၏ မျက်နှာပြင်ကြေးမုံထဲ၌ ဘိုးဘေးနန်းတော်မှ ကျောက်တုံးတွင်းငါးတွင်းအား မဖော်ပြနိုင်သေးကြောင်း ချင်မူ သတိထားမိလိုက်သည်။ ထို့ကြောင့် မျှော်လင့်ချက်ရှိသွားခြင်းပင်။

ဤသို့ဖြင့် ချင်မူသည် နောက်ဆုံးတိုက်ကွက်တွင် ဘိုးဘေးနန်းတော်ရှိ ကျောက်တုံးတွင်းငါးတွင်းကို အသက်သွင်းလိုက်ပြီး ကိန်းအောင်းနေသည့် စွမ်းအားတို့အား ထုတ်ဖော်လိုက်သည်။ ယင်းနည်းဖြင့် ကောင်းကင်နတ်အရှင်ဟောင်၏ သိုင်းကွက်ကို ခုခံနိုင်လိုက်ကာ အသက်မထွက်သွားခြင်းပင်။

“တာအိုရပြီးသွားတော့ သူက တကယ် ပြိုင်ဘက်ကင်းအောင် အစွမ်းထက်တာပဲ … ငါ သူ့ကို မယှဉ်နိုင်ဘူး’

သူက ဗိုင်းခနဲ လဲကျသွားပြီး လှေငယ်မှာလည်း လှိုင်းများနှင့်အတူ မြောသွားသည်။

အချိန်တစ်ခုကြာပြီးနောက် ချင်မူ အားပြန်ပြည့်လာသည်။ ထိုစဉ် မြစ်ထဲမှ ဧရာမလှိုင်းလုံးကြီးများ မြောက်တက်လာ၏။ ၎င်းတို့က ကောင်းကင်နတ်အရှင်ရှောင်နှင့် ကောင်းကင်နတ်အရှင်ဟောင်တို့ တိုက်ခိုက်တုန်းက ထွက်ပေါ်လာခဲ့သော လှိုင်းဂယက်များ ဖြစ်ကြသည်။ လှေငယ်လေးမှာ အချိန်မရွေး မှောက်တော့မည့်အလား ယမ်းခါသွားတော့သည်။

ချင်မူမှာ ကြိုးစား၍ ထရပ်လိုက်ရပြီး လှေငယ်ကို ဆန့်ကျင်ဘက်မြစ်ကမ်းသို့ လှော်ခတ်သွားစေလိုက်သည်။

ကျယ်ပြန့်လှသော ဖရိုဖရဲချီများအကြား၌ သူ၏မျက်ခုံးနှစ်ဖက်ကြားရှိ ဒေါင်လိုက်မျက်လုံးသည် ဖရိုဖရဲမြစ်၏ အောက်ရှိ စကြ၀ဠာတိုးတက်ပြောင်းလဲလာနေခြင်းကို ကြည့်ရှုရင်း လမ်းရှာနေ၏။

ဆယ်ရက်ကျော်ကြာပြီးနောက် ကမ်းစပ်ကို ရှာတွေ့သွားသည်။ ခေါင်းမော့ကြည့်လိုက်သည့်အခါ နောက်ထပ် ဖရိုဖရဲမြစ်တစ်စင်းက သူ့အရှေ့တွင် ပေါ်လာသည်။

‘မြစ်နှစ်စင်းပဲ ကျန်တော့တယ်’

သူက ဒဏ်ရာများ အတော်လေး ပြန်သက်သာလာအောင် တခဏ အနားယူလိုက်သည်။ ထို့နောက် လှေကို စီးနင်းကာ ဆက်လက်ခရီးဆက်၏။

ချင်မူအနေဖြင့် ကောင်းကင်နတ်အရှင်ဟောင်နှင့် ကောင်းကင်နတ်အရှင်ရှောင်တို့၏ တိုက်ပွဲရလဒ်ကိုလည်း စိတ်မဝင်စားတော့ပေ။ သူ့တွင် အတွေးတစ်ခုတည်းသာ ရှိတော့သည်။ မီလော့နန်းတော်အရှင်သခင်ကို ရှာဖွေပြီး ကျောက်စိမ်းမြို့တော်အကြောင်း မေးမြန်းရန်သာ ဖြစ်၏။

သူ အသက်ရှင်လျက် ပြန်လာနိုင်ပါက လေးစင်းမြောက် ဖရိုဖရဲမြစ်တွင် အချိန်တစ်ခုကြာ ကျောက်ချပြီး ထိုက်ယီ၏ တည်နေရာကို ရှာဖွေရပေလိမ့်မည်။

အချိန်များ တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးသွားပြီး ချင်မူမှာ လှေငယ်ကို ကိုယ်တိုင်လှော်ခတ်နေသည်။ သူ၏ဒဏ်ရာများက အကောင်းအတိုင်း သက်သာပေတော့မည်။

ချင်မူကား ပြီးပြည့်စုံသော နဂါးသွဲ့ရေကန်အဆင့်သို့ ရောက်ရှိပြီးဖြစ်၏။ ၎င်းအဆင့်တွင် ကမ္ဘာဦးရေကြည်များကို ထုတ်လုပ်ပေးနိုင်လေရာ သူ၏ရုပ်ခန္ဓာနှင့် မူလဝိညာဉ်၏ ဒဏ်ရာများကို ကုသရာတွင် အသုံးဝင်သည်။

ဤသို့ဖြင့် လှေတစ်စင်းနှင့် လူတစ်ယောက် နောက်ဆုံးဖရိုဖရဲမြစ်သို့ ရောက်ရှိလာပြီး လှော်ခတ်ရင်း ဝင်ရောက်သွား၏။

‘ဒီမြစ်ကို ဖြတ်ပြီးသွားရင် မီလော့နန်းတော်ကို ရောက်လိမ့်မယ်’

သစ်ငုတ်တိုတစ်ခုသည် တုံ့ခနဲ ရပ်တန့်သွားပြီး နောက်ဆုံးဖရိုဖရဲမြစ်၏ ကမ်းစပ်သို့ မျောလာ၏။ အဘွားအိုကြီးတစ်ဦးက သစ်ငုတ်တိုပေါ်မှ ဆင်းလာသည်။ အဘွားအို ခါးကုန်းနေသည်မှာ မျက်နှာနှင့် မြေကြီးကိုပင် ထိလုမတတ်ဖြစ်နေသည်။

သူမသည် နတ်အရှင်မချန်းဖြစ်ပြီး အခက်အခဲများစွာ ကျော်ဖြတ်ပြီးနောက် ဤနေရာသို့ ရောက်ရှိလာခဲ့ချေပြီ။

သူမက သစ်ငုတ်တိုဆီမှ ကတုန်ကယင် ဆင်းလာသည်။ သူမ၏ခြေလှမ်းများမှာ ယိမ်းယိုင်ချည့်နဲ့နေသော်လည်း မီလော့နန်းတော်ဆီသို့ တရွေ့ရွေ့ လျှောက်နေသည်။

“မဟာဧကရာဇ်”

အသံတစ်သံက သူမအနောက်မှ ဆိုင်းမဆင့်ဗုံမဆင့် ထွက်ပေါ်လာသည်။ နတ်အရှင်မချန်းက လှည့်ကြည့်ရန် ပြင်လိုက်သော်လည်း ရုတ်တရက် တစ်ကိုယ်လုံး ပေါ့ပါးသွားပြီး လက်တစ်ဖက်၏ မ,ယူခြင်း ခံလိုက်ရသည်။

နတ်အရှင်မချန်းက အတတ်နိုင်ဆုံး ကြိုးစားကာ ခေါင်းမော့ကြည့်လိုက်သည်။ သူမ၏ အိုမင်းနေသော မျက်လုံးများမှာ ဝေဝါးနေသဖြင့် ချင်မူ့မျက်နှာကို ခပ်ရေးရေးသာ မြင်ရလေသည်။

“ကောင်းကင်နတ်အရှင်မူ…”

နတ်အရှင်မချန်းမှာ သူ့လက်ထဲတွင် ရုန်းထွက်ပြီး နတ်ဘုရားသတ်ဖြတ်ဓားမနှစ်လက်အား လွှဲရမ်း၍ ချင်မူ့ကို သတ်ရန် ပြင်သည်။ သို့သော် သူမလက်များမှာ ဓားမနှစ်လက်ကိုပင် မမြှောက်နိုင်တော့ပေ။

နတ်ဓားမနှစ်လက်မှာလည်း သူတို့၏ နတ်စွမ်းအားများကို ဆုံးရှုံးလိုက်ရသဖြင့် ပျော့ခွေနေကြသည်။

ချင်မူက သူမ၏ ပိန်လှီနေသော လက်ချောင်းများကို ခွာ၍ ဓားမနှစ်လက်ကို ယူလိုက်သည်။ ထို့နောက် နတ်အရှင်မချန်းအား မြစ်ဆီသို့ သယ်ဆောင်သွား၏။

နဆ်အရှည်မချန်းက သူ၏အင်္ကျီစများကို ဆွဲရင်း အားရှိသမျှ ရုန်းကန်နေသည်။ သူမက ဩရှအက်ကွဲနေသော အသံဖြင့် အော်သည်။ “လွှတ်စမ်း… ငါ မီလော့နန်းတော်အရှင်သခင်နဲ့ သွားတွေ့မလို့… နင် ငါ့ကို သတ်လို့မရဘူး ကောင်းကင်နတ်အရှင်မူ…. ငါက မီလော့နန်းတော်အရှင်သခင်ရဲ့ ဧည့်သည်ပဲ”

“တောင်းပန်ပါတယ် မဟာဧကရာဇ်”

ချင်မူက သူမကို ဖရိုဖရဲမြစ်ထဲသို့ နှစ်ချလိုက်ပြီး သူ၏အင်္ကျီစများကို ဆွဲ၍ ရုန်းကန်နေသော သူမ၏မျက်နှာကို ကြည့်နေသည်။ သူ၏မျက်လုံးများသည် သူမ မဟာပျက်စီးခြင်းကပ်ဘေးကြီးထဲတွင် ပြာကျသွားသည်ကို သွေးအေးအေး ကြည့်နေ၏။ “ကျွန်တော် ခင်ဗျားကို သတ်ကိုသတ်ရမယ်… သတ်မှ ဖြစ်မှာ… အခု မသတ်ရင် ကောင်းကင်နတ်အရှင်လင်ကို ကယ်နိုင်ဖို့ မသေချာဘူး… ကောင်းကင်နတ်အရှင်ရှောင်နဲ့ ကောင်းကင်နတ်အရှင်ဟောင်က တာအို ရတော့မယ်… ကျွန်တော် ထပ်ပြီး မစောင့်နိုင်တော့ဘူး… ကောင်းကင်နတ်အရှင်လင်ကို ကယ်မှဖြစ်မယ်… ဆက်ပြီး မရုန်းပါနဲ့တော့”

သူက နတ်အရှင်မချန်းအား မြစ်ထဲသို့ ဖြည်းဖြည်းချင်း နှစ်ချနေလေသည်။

All Chapters