သခင်လေးမူ
Vol. 117 Ch. 1525
“ကျွန်တော် ခင်ဗျားကို သိက္ခာရှိရှိပဲ သေဆုံးခွင့်ပေးသင့်တာပါ”
ချင်မူက မှင်သေသေ မျက်နှာဖြင့် ထရပ်လိုက်သည်။ “ကျွန်တော်နဲ့ အသေအကြေ တိုက်ခိုက်ပြီး ကောင်းကင်နတ်အရှင်တစ်ပါးအနေနဲ့ အသက်စွန့်သွားတာမျိုးပေါ့ …. ဒါပေမဲ့ ကျွန်တော် ဒီအခွင့်အရေးကို လက်လွှတ်မခံနိုင်ဘူး… ကောင်းကင်နတ်အရှင်လင်ကို ကယ်တင်နိုင်မယ့် အခွင့်အရေးကို အမိအ ရဖမ်းဆုပ်ရမယ်….နောက်တစ်ကြိမ်ပေါ့ မဟာဧကရာဇ်ရယ်… နောက်တစ်ကြိမ်ကျ ကျွန်တော့်လက်ထဲမှာ မဟာဧကရာဇ်အနေနဲ့ သေဆုံးစေရပါမယ်”
အမျိုးသမီးတစ်ဦး၏အသံက ရုတ်တရက် သူ့ဘေးမှ ထွက်လာသည်။ “ကောင်းကင်နတ်အရှင်မူ၊ နင်က အမြဲတမ်း သူတော်ကောင်းယောင် ဆောင်နေကျလား..”
ချင်မူက လေထဲတွင် မျောလွင့်နေသော တာအိုသစ်သီးထဲရှိ အမျိုးသမီးဆီသို့ လှည့်ကြည့်လိုက်၏။ “သူတော်ကောင်းယောင်သလို ဖြစ်ချင်လည်း ဖြစ်နေမှာပေါ့ …. ဒါပေမဲ့ ခင်ဗျား ကျွန်တော် လာတာမြင်တာတောင် နတ်အရှင်မချန်းကို အသိမပေးခဲ့တဲ့အပြင် ဝင်လည်း မကယ်ခဲ့ဘူးလေ …. ခင်ဗျားနဲ့ ကျွန်တော်က အတူတူပါပဲ”
သူက နတ်ဘုရားစီရင်ရာစင်မြင့်ကို ထုတ်၍ နတ်ဘုရားစီရင်ရာဓားမနှစ်ဖက်အား မြှောက်ပြီး နတ်ဘုရားစီရင်ရာစင်မြင့်ပေါ်တွင် တင်လိုက်ကာ အားပြန်ပြည့်လာစေသည်။
သူ့လက်ထဲရှိ နတ်ဘုရားစီရင်ရာဓားမနှစ်လက်သည် မဟာပျက်စီးခြင်းကပ်ဘေးကြီး၏ တိုက်စားခြင်းကို မခံရတော့သော်လည်း အကောင်းအတိုင်း ပြန်လည်သက်သာလာလိမ့်မည်မဟုတ်ပေ။ နတ်ဘုရားစီရင်ရာစင်မြင့်၏ အကူအညီဖြင့်သာ တဖြည်းဖြည်း ပြုစုပျိုးထောင်ရင်းမှ မူလအခြေအနေသို့ ပြန်လည်ရောက်ရှိနိုင်ပေလိမ့်မည်။
တာအိုသစ်သီးထဲရှိ အမျိုးသမီးက ပြော၏။ “ပထမဦးဆုံးအနေနဲ့ သူ့ကို ဒီနေရာကို မျှားခေါ်လာခဲ့ဖို့က ငါ့အကြံအစည်ပဲ… မီလော့နန်းတော်အရှင်သခင်က သူ့ကို ဖိတ်ခဲ့တာမဟုတ်ဘူး… ဒါကြောင့် သူ့အသက်က နင်နဲ့ သူ ထင်နေသလောက် အရေးမပါဘူး… သူ့သာ တကယ် အရေးပါရင် ကောင်းကင်နတ်အရှင်မူ မပြောနဲ့ နင့်စကြ၀ဠာက သိုင်းပညာရှင်တွေအားလုံး ဝိုင်းသတ်တောင် သူ့ကို သတ်နိုင်မှာမဟုတ်ဘူး… ဒုတိယအနေနဲ့…”
သူမက ခေတ္တရပ်လိုက်သည်။ “ငါ့ရဲ့လက်ရှိခွန်အားက တော်တော်ကုန်ခမ်းနေပြီ… သူ့ကို လမ်းတလျှောက်လုံး စောင့်ရှောက်ပေးခဲ့ရတယ် … ငါ့ခွန်အားက ကောင်းကင်နတ်အရှင်မူနဲ့ မယှဉ်နိုင်ဘူး… ဒါကြောင့် ငါ့အသက်ကို စွန့်စားပြီး သူ့ကို ကယ်မှာမဟုတ်ဘူး”
ချင်မူက မျက်လုံးလှန်၍ သူ့အရှေ့ရှိ နန်းတော်ကို ကြည့်လိုက်သည်။ အလွန်တရာ ခမ်းနားသော မီလော့နန်းတော်ကြီးကား သူ၏မျက်စိရှေ့၌ ရပ်တည်နေချေပြီ။
မီလော့နန်းတော်သည် သဘောတရားအရ ကျောက်စိမ်းမြို့တော်ကို ခေါ်ဆိုခြင်း ဖြစ်သည်။ သို့သော် ဘိုးဘေးနန်းတော်၏ ကျောက်စိမ်းမြို့တော်တစ်ခုတည်းသာ မဟုတ်ဘဲ ယခင်စကြ၀ဠာများ၏ ကျောက်စိမ်းမြို့တော်များလည်း ဖြစ်၏။ မီလော့နန်းတော်အရှင်သခင် စံမြန်းနေရာ နန်းတော်ဟုလည်း ဆိုနိုင်သည်။
ချင်မူမှာ အနည်းငယ် မှင်သက်အံ့ဩနေရာမှ ခန်းမကြီးတစ်ခုကို မြင်လိုက်သဖြင့် အကြည့်မခွာနိုင်တော့ပေ။
ထိုခန်းမက နတ်ကောင်းကင်ခန်းမဖြစ်ပြီး ကောင်းကင်နတ်ဘုံ၏ နတ်ကောင်းကင်ခန်းမထက်ပင် ပို၍ခမ်းနားတင့်တယ်နေသည်။ အဝေးမှကြည့်လျှင် တာအိုအားလုံး၏ အခြေခံအုတ်မြစ်ဟုပင် ထင်ရနိုင်သည်။
၎င်း၏ ပတ်ပတ်လည်တွင် အလင်းတန်းများက ကြာပွင့်များပမာ သိပ်သည်းစွာ ပွင့်လန်းနေကြပြီး ခန်းမကို ထောက်ပံ့ပေးထားခြင်းဖြင့် ဖရိုဖရဲချီတို့၏ ၀ါးမြိုခြင်း မခံရဘဲ မျောလွင့်နေစေသည်။
ချင်မူသည် ဤနတ်ကောင်းကင်ခန်းမကို မြင်လျှင် ... အဘယ်ကြောင့် ကောင်းကင်နတ်ဘုံက နတ်ကောင်းကင်ခန်းမအား ဗဟိုချက်အဖြစ် အသုံးပြုရသည့်အကြောင်းနှင့် .... အဘယ်ကြောင့် နတ်ကောင်းကင်ခန်းမအဆင့်နှင့် ဧကရာဇ်ပလ္လင်အဆင့်ဟူ၍ အဆင့်နှစ်ဆင့်အဖြစ် အဓိကအသုံးပြုရသည့် အကြောင်းကို နားလည်သွားတော့၏။
‘မဟာဧကရာဇ်၊ ထိုက်ချူနဲ့ တခြားသူတွေ ဘိုးဘေးနန်းတော် ကျောက်စိမ်းမြို့တော်ဆီ ရောက်လာခဲ့ကြတုန်းက ဒီနေရာကို မြင်ခဲ့ရတာပဲဖြစ်မယ်… သူတို့ ဘယ်လိုလုပ် ဒီအထိ လာနိုင်ခဲ့ကြတာလဲ’
ချင်မူလည်း ပတ်ဝန်းကျင်ကို ကြည့်ရှုလိုက်ရာ ဖရိုဖရဲမြစ် ၁၆ စင်းရှိကြောင်း တွေ့လိုက်ရသည်။ မဟာဧကရာဇ်နှင့် ကျန်သူများအနေဖြုင့် ဖရိုဖရဲမြစ်များကို ဖြတ်နိုင်ဖို့ကား မဖြစ်နိုင်သောအရာပင်။
သမိုင်းကြောင်းတွင် မဖြေရှင်းရသေးသော လျှို့၀ှက်ဆန်းကြယ်မှုများစွာ ရှိနေသေးသည်။ ၎င်းတို့က သူ့အရှေ့တွင် မြူမှုန်များသဖွယ် ဖုံးအုပ်ထားရာ သေသေချာချာ ရှင်းရှင်းလင်းလင်း မမြင်ရနိုင်ပေ။
“ဟုတ်သားပဲ… မီလော့နန်းတော်အရှင်သခင်အနေနဲ့ မဟာဧကရာဇ်ကို ဒီအထိ ရောက်လာနိုင်အောင် တမင်ဖန်တီးပေးခဲ့တာပဲ.... ဒါမှ မဟာဧကရာဇ်ကို ကျောက်စိမ်းမြို့တော်ရဲ့ အစီအစည်အနေအထားတွေ သင်ပေးနိုင်ပြီး ကျောက်စိမ်းမြို့တော်ကို ထောင်ချောက်အဖြစ် ပြောင်းပေးနိုင်မှာလေ... ဒီတော့ မဟာဧကရာဇ်ကို ဒီကို ခေါ်လာပေးပြီး နတ်ကောင်းကင်ခန်းမကို တွေ့မြင်ခွင့်ပေးခဲ့တဲ့ တာအိုသိုင်းပညာရှင်တစ်ယောက် ရှိရမယ်’’
သူ ထိုသို့ တွေးနေစဉ် တာအိုသစ်သီးထဲရှိ အမျိုးသမီးက လှမ်းခေါ်သည်။ “ကောင်းကင်နတ်အရှင်မူ၊ ကျေးဇူးပြုပြီး ဝင်လာခဲ့ပါ”
ချင်မူလည်း စိတ်ကို တည်ငြိမ်စေလိုက်ပြီး ရှေ့သို့လျှောက်သွားသည်။ သူက ဟိုဟိုသည်သည် စပ်စုနေရင်း ချိုသာစွာ မေးလိုက်၏။ “မမကြီးရဲ့ နာမည်ကို သိခွင့်ရှိမလား”
တာအိုသစ်သီးထဲရှိ အမျိုးသမီးက နှာခေါင်းရှုံ့လိုက်သည်။ “မမကြီးတဲ့လား … ကောင်းကင်နတ်အရှင်မူရဲ့ စကားပြောကောင်းတာကတော့ တကယ်ကို နာမည်နဲ့ လိုက်ပါပေတယ်”
ချင်မူက ရပ်လိုက်ပြီး အမျိုးသမီးကို ကြည့်လိုက်သည်။ သူက အပြုံးမဟုတ်သော အပြုံးတစ်ခုဖြင့် မေးလိုက်သည်။ “ကျွန်တော့်ကို အရင်က မြင်ဖူးတယ်လား”
တာအိုသစ်သီးသည် သူ၏မေးခွန်းကို မဖြေဘဲ ရှေ့သို့ ဆက်လက်လွင့်မျောသွား၏။
ချင်မူက သူမအနောက်သို့ လိုက်သွားပြီး သွေးတိုးစမ်းကြည့်လိုက်သည်။ “မမကြီးက ကမ်းစပ်အထိ ရောက်ဖူးတဲ့ တာအိုသိုင်းပညာရှင်တစ်ယောက်ပဲ… ဒါပေမဲ့ သိုင်းအခြေခံ ဖျက်ဆီးခံလိုက်ရတဲ့အတွက် ကျောက်စိမ်းမြို့တော်ကနေ ထွက်မသွားနိုင်ဘူး … ကျွန်တော့်အတွက်လည်း အခုတစ်ခေါက်မှ ပထမဆုံး ရောက်ဖူးတာဆိုတော့ မမကြီးနဲ့ တစ်ခါမှမတွေ့ဖူးတာ သေချာတယ်….ဒါပေမဲ့ မမကြီးရဲ့ စကားတွေအရ ကျွန်တော့်ကို မှတ်မိနေတဲ့ပုံပဲ… ထူးဆန်းလိုက်တာ… အနာဂတ်မှာ ကျွန်တော် အရင်စကြ၀ဠာဆီ သွားခဲ့ပြီး မမကြီးနဲ့ တွေ့ခဲ့တာများလား”
တာအိုသစ်သီးထဲရှိ အမျိုးသမီးက ခပ်တည်တည် မျက်နှာထားဖြင့် အေးစက်စွာ ပြောသည်။ “ကောင်းကင်နတ်အရှင်မူ၊ လျှောက်တွေးမနေပါနဲ့”
သူမ ဖြေမည် မဟုတ်မှန်း တွေ့လိုက်ရသောကြောင့် ချင်မူက မေးခွန်း ထပ်မမေးတော့ပေ။ သူက စိတ်လှုပ်ရှားစွာဖြင့် ဟိုဟိုသည်သည် လိုက်ကြည့်နေသည်။ “ကျွန်တော်လည်း သေချာတော့ မသိပါဘူး” သူက ပြုံးနေ၏။ “ထိုက်ယီက တစ်ခါပြောဖူးတယ်… ကျွန်တော် တာအိုရပြီးရင် ကျွန်တော့်ကို အရင်စကြဝဠာဆီ ပို့ပြီး မမကြီးတို့ ကျူးကျော်မလာနိုင်အောင် တားဆီးခိုင်းမယ်တဲ့ .. အနာဂတ်မှာ ကျွန်တော် တာအိုများ ရသွားတာလား”
တာအိုသစ်သီးထဲရှိ အမျိုးသမီးက စိတ်ပျက်သည့်ဟန်ဖြင့် မျက်လုံးဝှေ့လိုက်သည်။
ချင်မူသည် ဖရိုဖရဲပင်လယ်တစ်စင်း၏ ကမ်းစပ်တွင် မြောလွင့်နေသော ရွှေသင်္ဘောတစ်စင်းအား လှမ်းမြင်လိုက်ရသောကြောင့် ရပ်လိုက်၏။ သင်္ဘောမှာ အလွန်တရာကြီးမားပြီး ကမ်းစပ်တွင် ကျောက်ချထားသည်။ သို့သော် ၎င်းမှာ ပျက်စီးနေပြီး ၎င်း၏ ရွက်များသည်လည်း အပေါက်များဖြင့် ပြည့်နှက်နေလေသည်။
သို့ထိတိုင် ရွှေသင်္ဘောကြီးကား မဟာပျက်စီးခြင်းကပ်ဘေးကြီးကြောင့် လုံးဝပျက်စီးမသွားသေးပေ။
“အဲဒါက ဘယ်လိုသင်္ဘောမျိုးလဲ” ချင်မူက သိချင်စိတ်ပြင်းပြစွာ မေးလိုက်သည်။
တာအိုသစ်သီးထဲရှိ အမျိုးသမီးက မဖြေချင်သယောင်ဖြင့် ပြန်ဖြေသည်။ “အဲဒါက လောကတွေကို ဖြတ်သန်းသွားလာနိုင်တဲ့ ရွှေသင်္ဘောပဲ… အစက ဖရိုဖရဲမြစ်ကို ဖြတ်သန်းနိုင်ဖို့ မီလော့နန်းတော်အရှင်သခင် ဖန်တီးခဲ့တာလို့ ငါ ကြားဖူးတယ်”
“နောက်တော့ ဘာဆက်ဖြစ်သွားလဲ” ချင်မူမှာ ပို၍ပင် သိချင်လာမိသည်။
“စကြ၀ဠာတစ်ခုလုံးက သက်ရှိတွေကို သင်္ဘောပေါ် တင်ပြီး မဟာပျက်စီးခြင်းကပ်ဘေးကြီးကို ဖြုတ်ကျော်ရင်း အနာဂတ်စကြ၀ဠာတွေဆီ သွားဖို့ ကြိုးစားခဲ့တယ်လို့ ကြားဖူးတယ်”
တာအိုသစ်သီးက ရှေ့သို့ ဆက်လက်မျောလွင့်သွားပြီး အမျိုးသမီးက မှင်သေသေ ပြောသည်။ “ဒါပေမဲ့ ရွှေသင်္ဘောကြီး အနာဂတ်စကြ၀ဠာဆီ ရောက်တဲ့အခါမှာ သင်္ဘောပေါ်မှာ သူက လွဲပြီး ဘယ်သူမှ မရှိတော့တာကို မီလော့နန်းတော်အရှင်သခင် တွေ့ခဲ့ရတယ်… သင်္ဘော ဖြတ်ကျော်ပျံသန်းခဲ့တုန်းက သက်ရှိတွေအားလုံး သေဆုံးသွားပြီး ဖရိုဖရဲချီတွေ ဖြစ်သွားခဲ့ကြတယ်လေ … အဲဒီနောက်တော့ သူ သင်္ဘောကို စွန့်ပစ်ခဲ့တာပဲ”
သူမ၏စကားလုံးများထဲတွင် မည်သည့်စိတ်ခံစားချက်မှ မပါသော်လည်း သက်ရှိအားလုံး ပျက်သုဥ်းသွားသည့် မြင်ကွင်းကြီးကို ချင်မူ မြင်ယောင်ကြည့်နိုင်သည်။ အချိန်တခဏကြာပြီးနောက် သူ့စိတ်ထဲရှိ ဝမ်းနည်းမှုလည်း ပျောက်ကွယ်သွားသည်။
သူက ခန်းမတစ်ခု၏ အရှေ့တွင် ရပ်ကာ မော့ကြည့်လိုက်သည်။ “ကောင်းလိုက်တဲ့ ခန်းမပဲ… နာမည် ဘယ်လိုခေါ်လဲဗျ”
ခန်းမကြီးသည် ခမ်းနားတင့်တယ်နေပြီး နတ်ကောင်းကင်ခန်းမအောက် မနိမ့်ကျသော မဟာတာအိုအရှိန်အဝါများကို ပိုင်ဆိုင်ထားသည်။ ချင်မူမှာ ၎င်းအရှေ့တွင် ရပ်လိုက်သည့်အချိန်၌ သူ့ကိုယ်သူ သေးငယ်သိမ်နုပ်သွားသလို ခံစားလိုက်ရသည်။
“ဒါက မဟာကျောက်စိမ်းခန်းမပဲ”
တာအိုသစ်သီးထဲရှိ အမျိုးသမီးက စိတ်မရှည်စွာဖြင့် ဖြေသည်။ “မြန်မြန်လာလေ… နင် မီလော့နန်းတော်အရှင်သခင်နဲ့ တွေ့ချင်တာ မဟုတ်ဘူးလား”
ချင်မူက ခန်းမထဲသို့ ကဲကြည့်လိုက်ရင်း မေးလိုက်၏။ “ဒီထဲ ဝင်သွားလို့ရလား”
တာအိုသစ်သီးထဲရှိ အမျိုးသမီးက မာန်မဲလိုက်သည်။ “သေရမှာ မကြောက်ရင် ဝင်သွားလို့ရတယ်…. ဒီခန်းမမှာ အရှင်သခင် ရှိတယ်… ကျောက်စိမ်းခန်းမရဲ့ အရှင်သခင်က မီလော့နန်းတော်အရှင်သခင်လောက် သဘောမကောင်းဘူး… ဒါ့အပြင် နင် တာအိုမရသေးတဲ့အတွက် ဝင်သွားရင် သေချာပေါက် သေမှာပဲ…. ဒီခန်းမက မဟာကောင်းကင်နတ်ဘုံကနေ သန့်စင်ပြီး ဖန်တီးထားတာ…. ခန်းမထဲမှာ ခန်းမအရှင်သခင်ရဲ့ တာအိုသစ်ပင်နဲ့ တာအိုသစ်သီး ရှိတယ်”
ချင်မူမှာ ထိတ်လန့်တုန်လှုပ်သွားပြီး မဟာကျောက်စိမ်းခန်းမအရှင်သခင်နှင့် တွေ့ဆုံလိုသည့် အတွေးများအား ခေါင်းထဲမှ ထုတ်လိုက်သည်။ သူက အမျိုးသမီးနောက်မှ လိုက်သွားကာ မေးပြန်၏။ “ဒါဆို နတ်ကောင်းကင်ခန်းမကိုရော ဘယ်သူပိုင်တာလဲ… မဟာကောင်းကင်နတ်ဘုံကနေပဲ သန့်စင်ထားတာလား”
တာအိုသစ်သီးထဲရှိ အမျိုးသမီးက ပြန်ဖြေသည်။ “ဒါပေါ့… မီလော့နန်းတော်မှာ နေထိုင်ကြတဲ့ ပုဂ္ဂိုလ်တွေအားလုံးက အင်မတန် ထူးကဲသာလွန်တဲ့ ပုဂ္ဂိုလ်တွေပဲ…. နတ်ကောင်းကင်ခန်းမကို မဟာကောင်းကင်နတ်ဘုံကနေ သန့်စင်ထားတာမဟုတ်ရင် နင် ဘယ်လိုလုပ် နတ်ကောင်းကင်အဆင့်ကို ကျင့်ကြံနိုင်မှာလဲ… နတ်ကောင်းကင်ခန်းမဆိုတာ မဟာကောင်းကင်နတ်ဘုံအဆင့်ကို တက်လှမ်းဖို့ ဖန်တီးထားတဲ့ ကြားထဲကပ အဆင့်လေ... နတ်ကောင်းကင်ခန်းမထဲကို ဝင်၊ ဧကရာဇ်ပလ္လင်အဆင့်ပေါ် တက်လိုက်တာက မဟာကောင်းကင်နတ်ဘုံထဲ ဝင်ရောက်လာတာနဲ့ ညီမျှတယ်... အဲ့ကနေမှ တစ်ဆင့်ပြီးတစ်ဆင့် ဆက်တက်ရတာမျိုးပေါ့”
ချင်မူမှာ ရင်ထဲတွင်် အနည်းငယ်လှုပ်ရှားသွားသည်။ နတ်ကောင်းကင်ခန်းမအကြောင်း သိချင်စိတ်များက ပို၍ပြင်းပြလာ၏။ ချက်ချင်းပင် အထဲသို့ ခိုးဝင်၍ အနေအထားကို ကြည့်ရှုချင်မိသည်။
သို့သော် မီလော့နန်းတော်တွင် နတ်ကောင်းကင်ခန်းမနှင့် မဟာကျောက်စိမ်းခန်းမတို့အပြင် အခြားခန်းမများရှိနေသေးရာ အသုံးဝင်မှုကိုယ်စီ ရှိပေလိမ့်မည်။
“တခြားခန်းမတွေကိုရော နတ်ကောင်းကင်အဆင့်လို သဘောထားရင် သိပ်ကို မြင့်မားတဲ့အဆင့်အထိ ကျင့်ကြံနိုင်မှာလား” ချင်မူက ထပ်မံမေးလိုက်ပြန်သည်။၊
တာအိုသစ်သီးထဲရှိ အမျိုးသမီးက ဖြေသည်။ “ဒါပေါ့… ဒါပေမဲ့ နတ်ကောင်းကင်ခန်းမရဲ့ အရှင်သခင်က သခင်လေးသုံးပဲ… သူက သိပ်ကို စွမ်းအားကြီးတယ်….သူ့ခန်းမကို ကျင့်ကြံတာက နင့်စွမ်းဆောင်ရည်တွေကို ပိုပြီးတိုးတက်စေလိမ့်မယ်”
ချင်မူက မျက်မှောင်ကြုတ်လိုက်သည်။
နတ်ကောင်းကင်ခန်းမ၏အရှင်သခင် တတိယသခင်လေးတဲ့လော…
သူ နတ်အရှင်မချန်းနှင့် တစ်လှေတည်း စီးခဲ့စဉ်တုန်းက သခင်လေး,လေး တွေ့ခဲ့ရသည်။ တာအိုသိုင်းပညာရှင်အားလုံးကို သခင်လေးဟု ခေါ်ခြင်းလော။
သခင်လေးသုံးနှင့် သခင်လေး,လေး ရှိနေလျှင် သခင်လေးငါးရော ရှိနေမည်လား။
သူတို့က မည်သူတွေနည်း။
မီလော့နန်းတော်အရှင်သခင်၏ သားတော်များလော။
သခင်လေး,လေးကို တွေ့ခဲ့စဉ်တုန်းက ခုနစ်စင်းမြောက် ဖရိုဖရဲမြစ်တွင် ဖြစ်ပြီး မည်သည့်ထိခိုက်ဒဏ်ရာကိုမှ မတွေ့ခဲ့ရပေ။ ထိုက်ယီ သူ့အား ရိုက်နှက်ခဲ့သည့်အတွက် ပြန်လည်ကလဲ့စားချေလို၍ ကမ်းစပ်ပေါ် တက်ကာ စောင့်ဆိုင်းနေခြင်းဖြစ်သည်။ သို့သော် ချင်မူတို့မှာ မီလော့နန်းတော်အရှင်သခင်၏ ဧည့်သည်များဖြစ်သဖြင့် သူတို့ကို လွှတ်ပေးခဲ့၏။
တာအိုသစ်သီးထဲရှိ အမျိုးသမီးက ရှေးဟောင်းခန်းမတစ်ခုအရှေ့တွင် ရပ်၍ ခန်းမအတွင်းသို့ တာအိုစကားလုံးများ ပြောလိုက်သည်။
အချိန်အတော်ကြာပြီးနောက် ခန်းမထဲ၌ တကျွီကျွီ မြည်သံများ ထွက်ပေါ်လာသည်။ အလွန်တရာ အိုမင်းရှေးကျသော တံခါးတစ်ချပ် ပွင့်လာပြီး ပုပ်သိုးဆွေးမြေ့နေသည့် အနံ့များ လှိုင်လှိုင်ထလာသည်။ တစ်ချိန်တည်းမှာပင် ကမ္ဘာဦးဖရိုဖရဲချီစွမ်းအင်တို့က ခန်းမထံမှ ပျံ့လွင့်လာကာ သူတို့၏ဝိညာဉ်များကို အားပြည့်သွားစေ၏။ မဟာပျက်စီးခြင်းကပ်ဘေးကြီးနှင့်အတူ ပါလာသော သေဆုံးပျက်စီးခြင်းတို့မှာလည်း ပျောက်ကွယ်သွားသည့်အလားပင်။
“ကမ္ဘာဦးဖရိုဖရဲ ခရမ်းရောင်ချီ”
ချင်မူက ဂလုခနဲ တံတွေးမြိုချလိုက်ပြီး ခေါင်းတစ်ခေါင်းလုံး ထုံကျင်သွားတော့သည်။ “ငါ ထင်ထားတဲ့အတိုင်း ဒါက ထိုက်ယီပဲ…. ပထမစကြဝဠာရဲ့ ထိုက်ယီပဲ…”
ခရမ်းရောင်ချီများသည် သိပ်သည်းလေးလံနေပြီး ခရမ်းရောင်အလင်းတို့က ရေလှိုင်းများအလား ရိုက်ခတ်နေလေရာ ခန်းမထဲတွင် ရှိသည့်အရာကို ရှင်းရှင်းလင်းလင်း မမြင်ရပေ။
တာအိုသစ်သီးထဲရှိ အမျိုးသမီးက ပြော၏။ “မီလော့နန်းတော်အရှင်သခင်က နင့်ကို တွေ့ခွင့်ပေးတယ်…. သွားတွေ့ပါ သခင်လေးမူ”
ချင်မူမှာ အံ့သြမှင်သက်စွာဖြင့် သူမကို လှည့်ကြည့်လိုက်သည်။ တစ်ခဏကြာသော် သူက နူးညံ့ချိုသာစွာ မေးလိုက်လေသည်။ “ကျွန်တော်က သခင်လေး ဘယ်လောက်လဲ”
တာအိုသစ်သီးထဲရှိ အမျိုးသမီး၏ မျက်နှာပေါ်တွင် မည်သည့်စိတ်ခံစားချက်မှ မရှိပေ။ “သခင်လေးခုနစ်”
ချင်မူလည်း စိတ်ထိန်းပြီးနောက် ကမ္ဘာဦးဖရိုဖရဲချီများထဲ ဝင်ရောက်သွားကာ ခရမ်းရောင်အလင်းတန်းများထဲ ပျောက်ကွယ်သွားတော့သည်။
ခန်းမက ကျွီခနဲ ပိတ်သွားပြီး အပြင်လောကနှင့် အဆက်အသွယ် ပြတ်သွားသည်။
ခန်းမထဲတွင် မြေပြင်မရှိသည့်အလား သူသည် ဟင်းလင်းပြင်တွင် လမ်းလျှောက်နေရ၏။ ချင်မူ ပတ်ဝန်းကျင်အား ကြည့်လိုက်ရာ ခရမ်းရောင်အလင်းတန်းကိုသာ မြင်ရသည်။ အလင်းတန်းက အချို့နေရာများတွင် တောက်ပနေပြီး အချို့နေရာများတွင်တော့ မှေးမှိန်နေလေသည်။
အလင်းတန်းမှာ စီးဖြာနေသောကြောင့် မည်သည့်နေရာမှ ထွက်ပေါ်လာသည်လဲ မမြင်ရပေ။
သူ၏မျက်ခုံးနှစ်ဖက်ကြားရှိ ဒေါင်လိုက်မျက်လုံးကို ဖွင့်သော်လည်း ခန်းမထဲတွင် မည်သည်တို့ ရှိနေကြောင်း မတွေ့မြင်ရချေ။
အချိန်အတော်ကြာ လမ်းလျှောက်လာပြီးနောက်၌ သူ့အရှေ့ရှိ ခရမ်းရောင်အလင်းထဲတွင် ထိုင်နေသော ခံ့ခံ့ညားညား အရိပ်တစ်ခုကို ခပ်ရေးရေးမျှ မြင်လာရသည်။ ချင်မူမှာ မည်မျှလမ်းလျှောက်စေကာမူ သူနှင့် ခံ့ညားသော အရိပ်အကြားရှိ အကွာအဝေးကို မချုံ့နိုင်သလို ခံစားနေရသည်။
ချင်မူက ရပ်လိုက်ပြီး ဦးညွှတ်အရိုအသေပေးလိုက်သည်။ “ကောင်းကင်နတ်အရှင် ချင်မူ မီလော့နန်းတော်သခင်ကို အရိုအသေပေးပါတယ်”
ချင်မူသည် တာအိုစကားကို သုံးနေ၏။ ယခုလို ရှေးကျသော ဖြစ်တည်မှုတစ်ခုနှင့် ဆက်သွယ်သည့်အခါ အသိစိတ်အလျဉ် သို့မဟုတ် တာအိုစကားကိုသာ အသုံးပြုရလိမ့်မည်။ အခြားဘာသာစကား သုံးလျှင် စကားလုံးတို့၏ အဓိပ္ပါယ်များတွင် ချို့ယွင်းချက်များသာ ပြည့်နေမည်။
“ကောင်းကင်နတ်အရှင်မူ...”
တုနှိုင်းမဲ့ ပြိုင်ဘက်ကင်းလောက်အောင် ဩဇာကြီးမားသော အသံတစ်သံက မြင့်မားခံ့ညားလှသည့် ထိုအရိပ်ဆီမှ ပျံ့လွင့်လာကာ ပဲ့တင်ရိုက်ခတ်သွားသည်။ “ကျောက်စိမ်းမြို့တော် ထောင်ချောက်နဲ့ ပတ်သက်ပြီး မေးချင်လို့ လာတွေ့တာမလား”
ချင်မူလည်း အသာအယာ ခေါင်းညိတ်ပြလိုက်သည်။ “အမှန်ပါပဲ”
“ကျောက်စိမ်းမြို့တော်က ထောက်ချောက် မဟုတ်ဘူး”
မီလော့နန်းတော်သခင်၏အသံက မြည်ဟည်းလာသည်။ “အဲဒါက မင်းတို့အားလုံးကို တာအိုရရှိစေမယ့် ဖြတ်လမ်းတစ်ခုပဲ”
ချင်မူက မျက်ခုံးပင့်ကာ ပြုံးလိုက်သည်။ “ဒါဆို ဘာကြောင့် တာအိုနောင်တော်က ဘိုးဘေးနန်းတော်ကို ပလ္လင်အဖြစ် ပြောင်းလဲပြီး ကျွန်တော်တို့ကမ္ဘာထဲ ဝင်လာနိုင်အောင် စွမ်းအင်တွေ စတေးဖလှယ်နေတာလဲ”
“အဲဒါ အခြားတစ်ယောက်ပဲ... မင်း ငါ့ကို သတိထားရမှာမဟုတ်ဘူး.. ထိုက်ယီကို သတိထားရမှာ... မင်း မြင်နေရတဲ့ ထိုက်ယီ... ပြောရဆိုရလွယ်တယ်ဆိုတဲ့ ထိုက်ယီဟာ... တကယ့် ထိုက်ယီ မဟုတ်ဘူး”
ချင်မူ မျက်မှောင်ကြုတ်သွားမိသည်။
“ဘာကြောင့်ဆို တကယ့် ထိုက်ယီဟာ မွေးမလာခင်ကတည်းက သေသွားတာကြောင့်ပဲ”
မီလော့နန်းတော်သခင်၏ အသံက တုန်ခါလာသည်။ “ကမ်းစပ်ကို ရောက်လာတဲ့ ပထမဆုံး တာအိုသိုင်းပညာရှင်ဟာ ဖရိုဖရဲဥထဲ ကျူးကျော်ပြီး သူ့ကို ဖယ်ရှားရှင်းလင်းပစ်ခဲ့တယ်... အဲ့တာအိုသိုင်းပညာရှင်က အခြားတာအိုသိုင်းပညာရှင်တွေ ရောက်မလာနိုင်အောင် လောကသစ်ပင်ကို ခုတ်လှဲပစ်ခဲ့တာပဲ”