မျက်ရည်တစ်စက်
Vol. 117 Ch. 1526
ချင်မူက ရယ်နေသည်ကို ရပ်လိုက်ပြီးနောက် မာမာထန်ထန် ပြောလိုက်သည်။
“ကျွန်တော် ခင်ဗျားကို မချေပနိုင်ဘူး… ဒါပေမဲ့ ဒီစကားတွေကြောင့် ထိုက်ယီအပေါ် အလွယ်တကူ သံသယဝင်မှာလည်း မဟုတ်ဘူး… ကျွန်တော် သံသယအဝင်ဆုံးပုဂ္ဂိုလ်က ခင်ဗျားပဲ”
ချင်မူက မီလော့နန်းတော်သခင်၏ အနားရောက်အောင် ဆက်လျှောက်နေသည်။ သူ၏ ရှင်းလင်းပြတ်သားသော အသံသည် မီလော့နန်းတော်ထဲတွင် ပဲ့တင်ရိုက်ခတ်နေ၏။ “တာအိုနောင်တော်၊ ခင်ဗျားကလည်း ကိုယ်ကျိုးစွန့်တဲ့လူအတိုင်းပဲ မဟုတ်ပေလား… ခင်ဗျားရဲ့ အတွေးအခေါ်အရ ဆိုရင် ခင်ဗျားကိုယ်တိုင်ကလည်း တစ်ကိုယ်ကောင်းအဆန်ဆုံးပုဂ္ဂိုလ်ပဲ”
မီလော့နန်းတော်အရှင်သခင်မှာ တစ်ခဏမျှ တိတ်ဆိတ်သွား၏။ “အေး အဲဒီလိုပြောလို့လည်း ရပါတယ်… စကြ၀ဠာကြီးက မျှတတယ်ကွ … သေနေ့ စေ့ရင် မည်သူမဆို သေဆုံးရမှာပဲ… တာအိုရပြီးထားတဲ့ ပုဂ္ဂိုလ်တွေလည်း မရှောင်တိမ်းနိုင်ဘူး… ဒါပေမဲ့ ငါဟာ အသက်ဆက်ရှင်ချင်ခဲ့ပြီး တခြားသူတွေကို ကယ်တင်ချင်ခဲ့မိတယ်… ဟုတ်ပါတယ် ဒါကလည်း တစ်ကိုယ်ကောင်းဆန်တာပါပဲ”
ချင်မူက သူ့ဆီ ဆက်လျှောက်နေပြီး ခေါင်းခါလိုက်သည်။ “ကျွန်တော်ပြောချင်တာ အဲဒါ မဟုတ်ဘူး… ဘိုးဘေးနန်းတော်ရဲ့ ယဇ်ပလ္လင်ကို ပြောနေတာ… ဘိုးဘေးနန်းတော်တစ်ခုလုံးက ဧရာမ သွေးယဇ်ပလ္လင်ကြီးလေ…. ခင်ဗျားနဲ့ မသက်ဆိုင်ဘူးလို့ ဘယ်လိုများ ပြောရဲရတာလဲ…. ခင်ဗျားဟာ တစ်ချိန်လုံး ဒီနေရာမှာ ပိတ်မိနေခဲ့တာ… ကမ်းစပ်ကို ရောက်နိုင်မယ့် အခွင့်အရေးကို ခင်ဗျားလည်း စောင့်နေခဲ့တာပဲ… အဲဒါကြောင့် သွေးယဇ်ပုလ္လင်ကို ဖန်တီးခဲ့တာ မဟုတ်ဘူးလား”
မီလော့နန်းတော်အရှင်သခင်သည် တိတ်ဆိတ်သွားပြန်၏။ တစ်ခဏကြာသော် သူ၏အသံက ခရမ်းရောင်အလင်းတန်းများထဲမှ ပျံ့လွင့်လာသည်။ “ဘိုးဘေးနန်းတော် ယဇ်ပလ္လင်က ငါနဲ့ ဘာမှမဆိုင်ဘူး… ဒါပေမဲ့ မီလော့နန်းတော်နဲ့တော့ သက်ဆိုင်နေတယ်… ပြီးခဲ့တဲ့ ဆယ့်ခြောက်နှစ်အတွင်းမှာ ဆယ့်ခြောက်စင်းသော စကြဝဠာတွေရဲ့ ကပ်ဘေးတွေ၊ မရေမတွက်နိုင်တဲ့ သက်ရှိသတ္တဝါတွေရဲ့ ပျော်ရွှင်မှု၊ ဝမ်းနည်းမှုတွေ၊ ဉာဏ်ကြီးရှင်မြောက်များစွာရဲ့ ရည်မှန်းချက်တွေ၊ အတ္တတွေကို ငါ့မျက်စိနဲ့တပ်အပ် တွေ့မြင်ခဲ့ရတယ်…. နောက်ဆုံးမှာတော့ သူတို့လည်း ကပ်ဘေးကြီးထဲမှာ ပြာဖြစ်ခဲ့ကြရတာပဲ…. ဒါကြောင့် ငါ ကမ်းစပ်ဆီ မသွားချင်တော့သလို၊ တခြားသူတွေကိုလည်း ခေါ်မသွားချင်တော့ဘူး… ဒါပေမဲ့ မီလော့နန်းတော်က ပုဂ္ဂိုလ်တွေတိုင်းကတော့ ငါနဲ့ အတွေးတူကြတာ မဟုတ်ဘူးလေ”
သူ၏စကားလုံးများတွင် ပါဝင်သော အဓိပ္ပါယ်တို့အား ချင်မူ့အနေဖြင့် နားလည်သဘောပေါက်ရန် ခက်ခဲနေသည်။ သူ၏စကားများမှတစ်ဆင့် အမှားနှင့် အမှန်ကို ခွဲခြားရန်လည်း မလွယ်ပေ။
ယုတ္တိကျကျပြောရပါက မီလော့နန်းတော်အရှင်သခင်အနေဖြင့် သူ့အား လိမ်လည်နေစရာမလိုပေ။ သို့သော် သူ၏နှလုံးသားကတော့ မီလော့နန်းတော်အရှင်သခင်၏ ပြောစကားများကို ယုံကြည်လိုသည့် ဆန္ဒမရှိ။
ထိုက်ယီသည် သူ့အား လိမ်လည်လှည့်ဖြား၍ အသုံးချနေခဲ့သည်ကိုလည်း မယုံကြည်ချင်ပေ။
“ကျွန်တော် လမ်းစဉ်ကို လက်လျှော့လိုက်ပြီလို့ ပြောခဲ့တုန်းက ထိုက်ယီ မျက်ရည်တစ်စက် ကျခဲ့တယ်” ချင်မူက ရေရွတ်လိုက်သည်။
ထိုက်ယီ၏ ထိုစကားက သူ၏နှလုံးသားအပေါ်သို့ နက်ရှိုင်းစွာ သက်ရောက်မှုရှိခဲ့သည်။
“ဒါပေမဲ့ မျက်ရည်တွေ ဆိုတာက ဈေးအပေါဆုံးပဲ”
“ဒါက မင်းနှလုံးသားကို ကိုင်လှုပ်နိုင်တာဆိုရင် ငါ မင်းကို မျက်ရည်တွေ ပေးနိုင်တယ်… ဘယ်လောက် လိုချင်သလဲ”
ချင်မူက ရှေ့သို့ ခေါင်းမာစွာ ဆက်လျှောက်နေရင်း ခပ်ဩဩ တုံ့ပြန်လိုက်သည်။ “ခင်ဗျားရဲ့ မျက်ရည်တွေကို ကျွန်တော် မြင်ချင်တယ်”
သူ ရှေ့သို့ တစ်လှမ်းတက်လိုက်သည့်အခါ သူ့အရှေ့တွင် သိပ်သည်းထူထပ်စွာ အုံ့ဆိုင်းနေခဲ့သော ဖရိုဖရဲချီများမှာ ပျောက်ကွယ်သွား၏။ နောက်ဆုံးတော့ မီလော့နန်းတော်အရှင်သခင်၏ အရှေ့သို့ ရောက်လာခဲ့လေပြီ။
သူ့အရှေ့တွင် ခံ့ညားထည်ဝါသော တာအိုသစ်ပင်တစ်ပင်ကား မားမားမတ်မတ် ရပ်တည်နေ၏။ လောကကြီးကို အုပ်မိုးပေးထားနိုင်သော လောကသစ်ပင်တစ်ပင်ပမာ စိမ်းစိုပွင့်လန်းနေသည်။ စကြ၀ဠာဆယ့်ခြောက်စင်း ပျက်စီးခြင်း၏ အလယ်ဗဟိုတွင် ရှိနေသော်လည်း ဖျက်ဆီးမခံနေရပေ။
တာအိုသစ်ပင်အပေါ်တွင် တာအိုသစ်သီး ဆယ့်ခြောက်လုံး ရှိနေပြီး တစ်လုံးစီတိုင်းက မတူညီသော မဟာတာအိုတစ်ခုစီအား ထုတ်ဖော်ပြသထားသည်။ တာအိုသံများက ၎င်းတို့၏ပတ်ပတ်လည်တွင် ပဲ့တင်ထပ်နေပြီး အလင်းတန်းများက ပတ်ဝန်းကျင်တွင် ဖြာဆင်းတောက်ပနေ၏။
တာအိုသစ်ပင်အရှေ့တွင် ရပ်နေသော ချင်မူမှာ ပုရွတ်လေးတစ်ကောင်သဖွယ် သေးငယ်လွန်းပြီး အရေးမပါသည့်အလား ခံစားနေရသည်။
သူက ကြိုးစား၍ တာအိုသစ်ပင်အောက်သို့ ကြည့်လိုက်ရာ အရပ်ရှည်ရှည် ပုဂ္ဂိုလ်တစ်ဦး ထိုင်နေသည်အား တွေ့လိုက်ရ၏။
ထိုပုဂ္ဂိုလ်သည် သူ၏ လက်များဖြင့် ချိတ်တံဆိပ်အသွင် ဖော်ဆောင်နေပြီး တစ်ကြိမ်တစ်ခါမှ မလှုပ်ရှားခဲ့ဖူးသည့်အလား ထူးဆန်းသော အနေအထားဖြင့် ထိုင်နေသည်။
၎င်းက အရိုးစုတစ်ခုပင်။
အရိုးများသာ ကျန်ရစ်တော့သည် အရိုးစုကြီး ဖြစ်၏။
မီလော့နန်းတော်အရှင်သခင်၏ ခန္ဓာကိုယ်ပေါ်တွင် မည်သည့်အသွေးအသားမှ မရှိပေ။ ရုပ်ခန္ဓာလည်း မရှိ၊ မူလဝိညာဉ်လည်း မရှိ၊ မဟာတာအိုအရှိန်အဝါဟူ၍လည်း မရှိ။
နန်းတော်ထဲတွင် အရိုးစုတစ်စုသာ ထိုင်နေသည်။
“ကောင်းကင်နတ်အရှင်မူ၊ မင်း လိုချင်တဲ့ မျက်ရည်တွေ”
တာအိုသစ်ပင်ပေါ်ရှိ တာအိုသစ်သီးများက လှုပ်ရမ်းသွားသည်။ တာအိုသစ်စေးစက်များ ကျဆင်းလာပြီး ချင်မူ့မျက်ခုံးနှစ်ဖက်ကြားသို့ ကျရောက်လာ၏။
“မျက်ရည်တစ်စက်ဆိုရင် လုံလောက်လား”
မီလော့နန်းတော်အရှင်သခင်၏ အသံက တာအိုသစ်ပင်ပေါ်ရှိ တာအိုသစ်သီးထံမှ ထွက်ပေါ်လာသည်။ “ဒါမှမဟုတ် ထပ်ပြီး လိုအပ်သေးလား”
ချင်မူမှာ သူ့အရှေ့ရှိ မြင်ကွင်းကြောင့် ပါးစပ်အဟောင်းသား ဖြစ်နေပြီး သူ၏နှလုံးသားထဲတွင် ဖြစ်ပေါ်လာနေသော အံ့သြမှင်သက်မှုအား ရှင်းမပြနိုင်တော့ပေ။
မီလော့နန်းတော်အရှင်သခင်သည် ကမ္ဘာဦးအစ တာအိုသိုင်းပညာရှင်များ၏ ကျူးကျော်လာမှု၊ ဘိုးဘေးနန်းတော်၏ ယဇ်ပလ္လင်နှင့် ကျောက်စိမ်းမြို့တော် ထောင်ချောက် အစရှိသည်တို့အပေါ် ထိန်းချုပ်နေခဲ့သည့် နောက်ကွယ်က လက်မည်းကြီးဟု သူ ထင်မှတ်ခဲ့ဖူးသည်။
သို့သော် မီလော့နန်းတော်အရှင်သခင်မှာ သေဆုံးသွားခဲ့ပြီး ဖြစ်နေမည်ဟု ထင်မထားခဲ့ပေ။
သူကား တာအိုအဖြစ် ပြောင်းလဲ၍ ပျောက်ကွယ်သွားခဲ့ချေပြီ။
အရိုးစုနှင့် တာအိုသစ်ပင်သာ ကျန်ရစ်ခဲ့လေသည်။
သူ၏တာအိုသာ ကျန်ရစ်ခဲ့ချေပြီ။
လောကကြီးအား ဘယ်သောအခါမှ ကယ်တင်နိုင်မည်မဟုတ်ကြောင်း သဘောပေါက်ခဲ့သည့်အချိန်တွင် သေဆုံးသွားခြင်း ဖြစ်ကောင်း ဖြစ်ပေလိမ့်မည်။
ချင်မူမှာ မျက်လုံးများ မှိတ်လိုက်ပြီး သူ၏မျက်ခုံးနှစ်ဖက်ကြားရှိ ဒေါင်လိုက်မျက်လုံးမှာလည်း ဖြည်းဖြည်းချင်း မှိတ်သွားသည်။
တစ်လျှောက်လုံး သူအား စကားပြောနေခဲ့သူမှာ မီလော့နန်းတော်အရှင်သခင် မဟုတ်ဘဲ မီလော့နန်းတော်အရှင်သခင်မှ ပြောင်းလဲသွားခဲ့သော တာအိုသာ ဖြစ်၏။
တာအိုသိုင်းပညာရှင်များအနေနှင့် လိမ်ညာနိုင်သော်လည်း တာအိုကတော့ ဘယ်သောအခါမှ လိမ်ညာလိမ့်မည်မဟုတ်ပေ။
ခဏကြာသော် သူက မျက်လုံးပြန်ဖွင့်၍ ခန်းမအပြင်သို့ ပြန်လှည့်လိုက်သည်။
“မယုံဘူး”
သူက ရေရွတ်နေ၏။ “ယုံမှာ မဟုတ်ဘူး”
သူ၏ခြေလှမ်းများသည် ပိုမိုလေးလံလာသော်လည်း အားတင်း၍ ဆက်လက်လျှောက်လှမ်းနေသည်။ “ထိုက်ယီက ကမ္ဘာဦးအစ တာအိုသိုင်းပညာရှင်တစ်ယောက်ဆိုတာ ကျွန်တော် လုံးဝမယုံဘူး… ခင်ဗျားရဲ့စကား သက်သက်ပဲ…. ကမ္ဘာဦးအစ သိုင်းပညာရှင်ဆိုတော့ရော ဘာအရေးလဲ… သူက ဒီစကြ၀ဠာကို ကာကွယ်ပေးနေတဲ့သူ… သဘောထားကောင်းတဲ့သူပဲ …. သူက လောကသစ်ပင်လို ဒီစကြ၀ဠာရဲ့ ကောင်းကင်ကို ထောက်ကန်ပေးထားတဲ့ ပုဂ္ဂိုလ်…”
ချင်မူမှာ မီလော့နန်းတော်၏ တံခါးဆီသို့ ရောက်လာသည့်အခါ ရုတ်တရက် ခြေထောက်များ ပျော့ခွေသွားပြီး မြေပေါ်သို့ ဒူးထောက်လျက်သား ကျသွားသည်။ သူ၏မျက်လုံးများက အသက်မဲ့နေပြီး သူ့နှုတ်မှ တတွတ်တွတ် ရေရွတ်နေသည်။ “သူက ဒီစကြ၀ဠာရဲ့ ကောင်းကင်…. သူ့ကို ကျွန်တော်ကိုယ်တိုင် တွေ့ပြီး မေးမယ်…”
သူက ကုန်းရုန်းထရပ်လိုက်ကာ ခန်းမတံခါးအား ကြိုးစားတွန်းဖွင့်လိုက်သည်။
ကျွီ…
မီလော့နန်းတော်တံခါးသည် ဖြည်းဖြည်းချင်း ပွင့်ဟသွား၏။
“မင်း မှားနေပြီ”
မီလော့နန်းတော်အရှင်သခင်၏ အသံက သူ့အနောက်မှ ပျံ့လွင့်လာသည်။ “မင်းရဲ့စကြဝဠာကို ထောက်ပံ့ပေးထားတဲ့သူက ဘယ်တုန်းကမှ ထိုက်ယီ မဟုတ်ခဲ့ဘူး… ကောင်းကင်နတ်အရှင်မူ၊ မင်းရဲ့ စကြဝဠာကို ထောက်ကန်ပေးခဲ့တဲ့ပုဂ္ဂိုလ်တွေက အတိတ်တုန်းက မဟာဧကရာဇ်၊ ကောင်းကင်နတ်ဧကရာဇ် ထိုက်ချူ… ပြီးတော့ ကောင်းကင်နတ်အရှင်ဆယ်ပါး၊ ကောင်းကင်နတ်အရှင်ယွင်၊ ကောင်းကင်နတ်အရှင်ယွဲ့၊ ကောင်းကင်နတ်အရှင်လင်၊ ချိဧကရာဇ်၊ မင်ဧကရာဇ်၊ ချုံဧကရာဇ်၊ ခိုင်ဧကရာဇ်၊ ဧကရာဇ်ယန်ဖုန်း၊ ဧကရာဇ်ယန်ရှို့နဲ့ ကောင်းကင်နတ်အရှင်မူ ... မင်းကိုယ်တိုင်ပဲ…..”
“မင်းကို ကူညီပြီး မင်းရဲ့ ကောင်းကင်ကို ထောက်ကန်ပေးနေတဲ့သူ ဆိုတာ မရှိဘူး...”
ချင်မူမှာ မီလော့နန်းတော်ထဲမှ ယိမ်းယိုင်နေသော ခြေလှမ်းများဖြင့် ထွက်သွားပြီး နန်းတော်တံခါးသည် ဂျိန်းခနဲ ပိတ်သွားလေ၏။