ဒီနာမည်နဲ့ အပြစ်ဘယ်လောက် ကျူးလွန်ပြီးပြီလဲ
Vol. 117 Ch. 1527
ခန်းမအရှေ့တွင် တာအိုသစ်သီးတစ်လုံးသည် လေထဲတွင် လွင့်မျောလျက် စောင့်နေ၏။ တာအိုသစ်သီးထဲရှိ အဝတ်ဗလာဖြင့် အမျိုးသမီးက ခန်းမထဲမှ ငေးကြောင်စွာ ထွက်လာသော ချင်မူ့ကို စိုက်ကြည့်နေသည်။
“ကောင်းကင်နတ်အရှင်မူ” သူမက အရိပ်အကဲ ကြည့်ပြီး နူးညံ့ညင်သာစွာ ခေါ်လိုက်သည်။
ချင်မူက သူမကို လျစ်လျူရှုထားပြီး ခန်းမတံခါးရှေ့တွင် ခြေပစ်လက်ပစ် ထိုင်ချလိုက်သည်။ သူ့မှာ ကြောင်စီစီ ဖြစ်နေလေသည်။
တာအိုသစ်သီးက သူ့ဘေးသို့ ပျံသန်းလာပြီး မေး၏။ “မီလော့နန်းတော်အရှင်သခင်နဲ့ တွေ့ခဲ့တယ်မလား… တောင်တန်းကြီးကို မော်ကြည့်နေရသလို မခံစားခဲ့ရဘူးလား… ငါရော အဲဒီလို ခံစားခဲ့ရတာ… ဒီလိုခမ်းနားတဲ့ မြို့တစ်မြို့ကို တည်ဆောက်ပြီး စကြ၀ဠာအဆုံးမှာ ထာဝရ တည်ရှိနေဖို့ဆိုတာ သူတစ်ယောက်ပဲ လုပ်နိုင်တယ်… မဟာပျက်ဆီးခြင်းကပ်ဘေးကြီးတောင် ဖျက်ဆီးလို့မရဘူး… နင်က မဟာဧကရာဇ်ရဲ့ လူဝင်စားကို သတ်ခဲ့တာဆိုတော့ သူ့တာဝန်ကို နင် လွဲပြောင်းယူရတော့မယ်”
ချင်မူက ထရပ်၍ သူမအား တစ်ချက်ကြည့်လိုက်သည်။ “မဟာဧကရာဇ်ကို မီလော့နန်းတော်အရှင်သခင်က ဘာတာဝန်ပေးလိုက်တာလဲ”
တာအိုသစ်သီးထဲရှိ အမျိုးသမီးသည် ပြန်ဖြေရန် ပြင်နေစဉ် ... ရုတ်တရက် ဖရိုဖရဲမြစ်ပြင်ထက်မှ လှိုင်းလုံးကြီးများ မြောက်တက်လာသည်။ အင်မတန် အားကောင်းသော အရှိန်အဝါဖြင့် ပုဂ္ဂိုလ်တစ်ယောက်က မြစ်ရေပြင်ကို နင်း၍ မီလော့နန်းတော်ထံ လျှောက်လာနေလေသည်။
ချင်မူလည်း လှမ်းကြည့်လိုက်ရာ ကောင်းကင်နတ်အရှင်ရှောင်သည် တစ်ကိုယ်လုံး သွေးများစိုရွှဲလျက် တစ်လှမ်းချင်း လျှောက်လာနေကြောင်း တွေ့လိုက်ရသည်။ သူ၏အရှိန်အဝါက ကောင်းကင်အထိ ရိုက်ခတ်နေပြီး သူ့အနောက်ရှိ ကောင်းကင်နန်းဆောင် ၃၆ ဆောင်နှင့် ပလ္လင်ခန်းမ ၄၇ ဆောင်တို့မှာလည်း နတ်မီးလျှံတို့ဖြင့် တဟုန်းဟုန်း တောက်လောင်နေကြ၏။
ဤအရှိန်အဝါသည် အားကောင်းပြင်းထန်လွန်းသည့်အတွက် အဝေး၌ ရှိနေသော ချင်မူပင်လျှင် ဖိအားကို ခံစားနေရသည်။
‘ကောင်းကင်နတ်အရှင်ရှောင် နိုင်သွားတာလား' ချင်မူမှာ အံ့ဩမှင်သက်သွား၏။
ဘိုင်း…
ကောင်းကင်နတ်အရှင်ရှောင်မှာ လဲကျသွားပြီး မျက်နှာဖြင့် မြေကြီးအား မိတ်ဆက်သွားကာ တုပ်တုပ်မှ မဟုတ်တော့ပေ။ သူ၏နှာခေါင်းက မြေကြီးနှင့် ထိကပ့်နေပြီး သူ၏ခန္ဓာကိုယ်က ပေအနည်းငယ် လိမ့်ဆင်းသွားသည်။
သာမန်လူတစ်ယောက်သာ ဆိုပါက နှာခေါင်းရိုး ကျိုးသွားမည်ဖြစ်သော်လည်း ကောင်းကင်နတ်အရှင်ရှောင်အတွက်တော့ မဟုတ်ပေ။
“ကောင်းကင်နတ်အရှင်ဟောင်က ကောင်းကင်နတ်အရှင်ရှောင်နဲ့ တိုက်ပွဲမှာ တကယ်ကြီး နိုင်ခဲ့တာပဲ”
ချင်မူမှာ အတော်လေး အံ့ဩသွားမိသည်။ ကောင်းကင်နတ်အရှင်ဟောင်သည် ကောင်းကင်နတ်အရှင်ရှောင်အား အဘယ်သို့ အနိုင်ယူခဲ့ပါသနည်း။
ကောင်းကင်နတ်အရှင်ရှောင်ကား ကောင်းကင်နတ်ဧကရာဇ်ထိုက်ချူ၏ လူဝင်စား မဟုတ်ပါလော။
ချင်မူမှာ နတ်အရှင်မချန်းနှင့် ပူးပေါင်းကာ ကောင်းကင်နတ်အရှင်ရှောင်ကို သတ်ဖြတ်ရန် ကြိုးစားခဲ့သော်လည်း ကောင်းကင်နတ်အရှင်ရှောင်ကြောင့် ထွက်ပြေးခဲ့ရသည်။ ယခုတွင် ကောင်းကင်နတ်အရှင်ရှောင်မှာ ဒဏ်ရာ အပြင်းအထန် ရနေလေရာ ကောင်းကင်နတ်အရှင်ဟောင်၏ စွမ်းဆောင်ရည်များက ကောင်းကင်နတ်အရှင်ရှောင်ထက် ပိုမိုမြင့်မားသည့် အဓိပ္ပာယ်လော။
ကောင်းကင်နတ်အရှင်ဟောင်သည် တစ်လောကလုံးရှိ အရင်းအမြစ်များကို ထိန်းချုပ်ထားသော်ငြား ကောင်းကင်နတ်အရှင်ရှောင်၏ လက်ထဲတွင်လည်း ကမ္ဘာဦးသစ်ပင် ရှိနေသေးသည်။ ကောင်းကင်နတ်အရှင်ဟောင်ကား ယခင် ကောင်းကင်နတ်ဧကရာဇ်လည်း ဖြစ်ချေသည်။ ယခုတွင် ထိုက်ချူကျောက်တုံးတွင်းကိုပါ ရရှိထားပြီဖြစ်ရာ သူ၏သိုင်းအဆင့်နှင့် စွမ်းဆောင်နိုင်စွမ်းတို့မှာ ဖရိုဖရဲနေရာဟင်းလင်းပြင်မှ လွတ်မြောက်လာပြီးနောက် ပို၍လေးနက်ပြီး စွမ်းအားကြီးမားလာခဲ့၏။
ကောင်းကင်နတ်အရှင်ဟောင်အနေဖြင့် ထိုက်စု၏ အကူအညီကို ရရထားလျှင်တောင်မှ သူ့ကို အနိုင်ယူရန်မှာ မဖြစ်နိုင်သယောက်ပင်။
'ထိုက်စုရဲ့ တာအိုလက်နက်က အဲဒီလောက်တောင် အစွမ်းထက်တာလား …ဒါမှမဟုတ် ရှောင်နဲ့ ဟောင်ကြားက တိုက်ပွဲမှာ တစ်ခုခုများ ဖြစ်သွားတာလား…. ဒါပေမဲ့ ဒါက ... ကောင်းကင်နတ်အရှင်ရှောင်ကို မြစ်ထဲ နှစ်သတ်နိုင်မယ့် အခွင့်အရေးကောင်းပဲ”
ချင်မူက သူ့စိတ်ထဲရှိ တခြားအတွေးတို့အား နောက်ပို့လိုက်သည်။ သူ၏မျက်လုံးများသည် တဝင်းဝင်းလက်ကာ စူးရှတောက်ပလာ၏။ ‘ခဏနေဦး… သူက တာအိုသိုင်းပညာရှင်တစ်ယောက်ရဲ့ ခွန်အားကို ပိုင်ဆိုင်ပြီးနေပြီ… မြစ်ထဲ နှစ်သတ်လို့ ရမှာမဟုတ်လောက်ဘူး… ဒါဆို ခုတ်သတ်ရတာပေါ့’
တာအိုသစ်သီးထဲရှိ အမျိုးသမီးမှာ သူ့အား မဟာဧကရာဇ်၏ တာဝန်ကို ပြောပြရန် စီစဥ်ထားခဲ့သော်လည်း စောစောက စိတ်ဓာတ်ကျနေသည့် ချင်မူမှာ ယခုတွင်တော့ သွက်လက်တက်ကြွနေသည်အား တွေ့လိုက်ရသည်။ သူကား ကပ်ဘေးဓားကို ထုတ်ရင်း ကောင်းကင်နတ်အရှင်ရှောင်ထံ ပြေးသွားချေပြီ။
တစ်ချိန်တည်းမှာပင် သူ၏ ဝိညာဉ်သန္ဓေသား ကောင်းကင်ရတနာထဲရှိ ကောင်းကင်တာအိုလက်နက် ၄၉ ပါးက အထွတ်အမြတ် ကောင်းကင်ဓားကို ဖော်ဆောင်လိုက်ကြသည်။ ၎င်းတို့ကို အသက်အဖြတ်အရှိန်အဝါများဖြင့် ပြည့်နှက်နေသော သူ့အနောက်ရှိ မူလဝိညာဉ်က ကိုင်ထားလေ၏။
လက်နောက်တစ်ဖက်က သူ၏ချိုင်းအောက်မှ ပေါက်လာပြီး ထိုက်ယီတောင်ဝှေးကို ကိုင်ထားသည်။ သူ၏ခြေလှမ်းများ ရပ်လိုက်သည့်အခါ နတ်ဘုရားစီရင်ရာစင်မြင့် ပေါ်လာ၏။ နတ်ဘုရားစီရင်ရာဓားမနှစ်လက်သည် အကောင်းအတိုင်း ပြန်လည်မသက်သာသေးကြသော်လည်း ၎င်းတို့၏စွမ်းအားမှာ ထူးကဲကောင်းမွန်နေသေးသည်။
တာအိုသစ်သီးထဲရှိ အမျိုးသမီးက အံ့အားသင့်နေသော်လည်း တစ်ခဏအကြာတွင် စိတ်အေးသွားသည်။ “ဒါက ငါ သိတဲ့ သခင်လေးမူပဲ…”
ချင်မူ့စိတ်မှာ ကြည်လင်ပြတ်သားနေပြီး သူ၏အမြန်နှုန်းက ပိုပို၍မြန်ဆန်လာသည်။ ထိုအခိုက်အတန့်တွင် ထူးဆန်းသောအရာတစ်ခု ဖြစ်ပွားသွားသည်။ မီလော့နန်းတော်ထဲမှ ဧရာမခန်းမတစ်ခုသည် ရုတ်တရက် တံခါးပွင့်လာပြီး အလင်းတန်းများ ဖြန့်ကျက်လိုက်ကာ ကောင်းကင်နတ်အရှင်ရှောင်၏ ခန္ဓာကိုယ်အပေါ် ကျရောက်သွားစေသည်။
ချင်မူလည်း တုံ့ခနဲ ရပ်ကာ အလင်းတန်းဆီသို့ ကြည့်လိုက်သည်။ အလင်းထဲတွင် လူရိပ်တစ်ခုသည် ကောင်းကင်နတ်အရှင်ရှောင်ဆီသို့ လျှောက်သွားနေကြောင်း တွေ့လိုက်ရ၏။
အလင်းတန်း ပြန်လည်ရုတ်သိမ်း၍ ခန်းမထဲ ဝင်ရောက်သွားသည့်အချိန်တွင် ကောင်းကင်နတ်အရှင်ရှောင်ပါ ပျောက်ကွယ်သွားလေပြီ။
ချင်မူမှာ ပါးစပ်အဟောင်းသားဖြင့် ဧရာမခန်းမကြီးကို ကြည့်နေမိသည်။ ၎င်းက နတ်ကောင်းကင်ခန်းမ ဖြစ်နေကြောင်း သတိထားလိုက်မိသည်။
“ဘယ်သခင်လေးရဲ့ ခန်းမက နတ်ကောင်းကင်ခန်းမလဲ” သူက ပျံသန်းလာနေသော တာအိုသစ်သီးအား မေးလိုက်သည်။
တာအိုသစ်သီးထဲရှိ အမျိုးသမီးက ပြန်ဖြေသည်။ “သခင်လေးသုံး”
ချင်မူက မျက်မှောင်ကြုတ်၍ နတ်ကောင်းကင်ခန်းမထံ လှမ်းကြည့်လိုက်သည်။ ထို့နောက် အလိုမကျသော လေသံဖြင့် မေး၏။ “သခင်လေးသုံးက အခု နတ်ကောင်းကင်ခန်းမမှာ ရှိလား..”
တာအိုသစ်သီးထဲရှိ အမျိုးသမီးက ခေါင်းခါသည်။ “သခင်လေးသုံး သီးသန့်နေတတ်တယ်... အပြင်လည်း သိပ်ထွက်မလာတတ်ဘူး…. အခုအချိန်လောက်ဆို ခြောက်ခုမြောက် စကြ၀ဠာရဲ့ မဟာပျက်စီးခြင်းကပ်ဘေးကြီးထဲမှာ ရှိနေလောက်တယ်..”
ချင်မူ့အကြည့်က ဖျတ်ခနဲ တောက်ပသွားသည်။ မဟာဧကရာဇ်နှင့် ကောင်းကင်နတ်ဧကရာဇ်ထိုက်ချူသည် အခြားသူများနှင့်အအတူ ကျောက်စိမ်းမြို့တော်ဆီ ရောက်လာခဲ့စဉ်အခါ မီလော့နန်းတော်အရှင်သခင်နှင့် မတွေ့ခဲ့လောက်ပေ။ သို့သော် နတ်ကောင်းကင်ခန်းမကိုတော့ သေချာပေါက် တွေ့ခဲ့ပေလိမ့်မည်။
ယခုတွင် ကောင်းကင်နတ်အရှင်ရှောင် ဒဏ်ရာအပြင်းအထန် ရထားသည့်အချိန် နတ်ကောင်းကင်ခန်းမမှ အလင်းတန်းတစ်တန်း ထွက်လာခဲ့သည်။ အလင်းထဲတွင် လူရိပ်တစ်ခုကိုလည်း မြင်ခဲ့ရ၏။
ဤကိစ္စကား ယခင်က မဟာဧကရာဇ်နှင့် ကောင်းကင်နတ်ဧကရာဇ်တို့ ကျောက်စိမ်းမြို့တော်ထဲတွင် လာရောက် စူးစမ်းလေ့လာခဲ့သည့် ကိစ္စနှင့် ပက်သက်နေမည်လော။
မဟာဧကရာဇ်နှင့် ထိုက်ချူသည် နတ်ကောင်းကင်ခန်းမကို မြင်ယောင်ဖန်ဆင်းရန် အဘယ်ကြောင့် ရွေးချယ်ခဲ့ရသနည်း။ အဘယ်ကြောင့် ကောင်းကင်နတ်ဘုံမှ နတ်ကောင်းကင်ခန်းမသည် ကျောက်စိမ်းမြို့တော်မှ နတ်ကောင်းကင်ခန်းမကို တုပ ဖန်တီးထားရပါသနည်း။
နတ်ကောင်းကင်ခန်းမအဆင့်ကို ဖန်တီးပြီး နောက်ပိုင်းတွင် အဘယ်ကြောင့် နတ်ကောင်းကင်ခန်းမအဆင့်နှင့် ဧကရာဇ်ပလ္လင်အဆင့်တို့သည် အမြင့်ဆုံး သိုင်းအဆင့်များ ဖြစ်လာခဲ့ရသနည်း။
နတ်ကောင်းကင်ခန်းမထဲမှ တစ်စုံတစ်ယောက်က ကောင်းကင်နတ်အရှင်ရှောင်ကို အဘယ်ကြောင့် ကယ်တင်ခဲ့ပါသနည်း။
'မီလော့နန်းတော်က ငါ ထင်ထားတာထက်ပိုပြီး နက်နဲရှုပ်ထွေးတာပဲ’
ချင်မူက စိတ်တည်ငြိမ်စေလိုက်သည်။ မီလော့နန်းတော်အရှင်သခင်သာ မလိမ်ပါက သူ တာအိုရခဲ့ပြီးနောက် မီလော့နန်းတော်သည် မတူညီသော အင်အားစုများအဖြစ် ကွဲထွက်သွားကာ အနာဂတ်စကြ၀ဠာအား တိတ်ဆိတ်စွာ ထိန်းချုပ်ရန် ကြိုးစားခဲ့ကြခြင်း ဖြစ်ပေလိမ့်မည်။
နတ်ကောင်းကင်ခန်းမ၏ အရှင်သခင်ဖြစ်သည့် “သခင်လေးသုံး” လျှောက်လှမ်းနေသည့် လမ်းစဉ်က ကျောက်စိမ်းမြို့တော်ထောင်ချောက်လမ်းစဉ် ဖြစ်ပေလိမ့်မည်။
“ကျောက်စိမ်းမြို့တော် ထောင်ချောက်ဆိုတာ မရှိဘူးလို့ မီလော့နန်းတော်အရှင်သခင်က ပြောခဲ့တယ်… သူ ဆိုလိုချင်တဲ့ အဓိပ္ပာယ်က ကျောက်စိမ်းမြို့တော်ရဲ့ တည်နေရာအနေအထားအတိုင်း ကျင့်ကြံသွားမယ်ဆိုရင် အတိတ်စကြဝဠာက တာအိုသိုင်းပညာရှင်တွေရဲ့ မဟာတာအိုမျိုးစုံကို ကျင့်ကြံနိုင်မယ့်အပြင် တာအိုကိုပါ ရနိုင်မယ့်အဓိပ္ပာယ်ပဲ… မီလော့နန်းတော်အဆင့်အထိ ကျင့်ကြံပြီးသွားရင် တာအိုသိုင်းပညာရှင်တစ်ယောက် ဖြစ်လာလိမ့်မယ်... အနည်းဆုံးတော့ ခွန်အားကတဆင့် တာအိုကို ရမှာ … ဒီလမ်းစဉ်က မှန်တယ်”
“ဒါပေမဲ့ တစ်ယောက်ယောက်က ဒီလမ်းစဉ်ကို ဟိုးအစကတည်းက ပြုပြင်ခဲ့တယ်… သူတို့က အန္တိမသိုင်းအဆင့် မီလော့နန်းတော်အဆင့်ကို… နတ်ကောင်းကင်ခန်းမအဆင့်နဲ့ ဧကရာဇ်ပလ္လင်အဆင့် ဆိုပြီး နှစ်ဆင့် ခွဲပစ်ခဲ့တယ်…”
“အဲဒီလူက…”
ချင်မူက ကပ်ဘေးဓား၊ ကောင်းကင်တာအိုအထွတ်အမြတ်ရတနာ၊ ထိုက်ယီတောင်ဝှေးတို့ကို သိမ်းဆည်းလိုက်ပြီး နတ်ကောင်းကင်ခန်းမဆီ လှမ်းကြည့်လိုက်သည်။ “သခင်လေးသုံးပဲ… မဟာဧကရာဇ်၊ ထိုက်ချူနဲ့ တခြားသူတွေ ရောက်လာခဲ့အောင် သခင်လေးသုံး ကြံစည်ခဲ့တာပဲ”
“ဒါဆိုရင် ဘိုးဘေးနန်းတော်ရဲ့ ယဇ်ပလ္လင်၊ မဟာဧကရာဇ် ဖန်ဆင်းရှင်မျိုးနွယ်ကို သတ်ဖြတ်ပြီး ဟင်းလင်းပြင်သားရဲတွေနဲ့ ဟင်းလင်းပြင်သားရဲမိခင်ကို ဖန်တီးခဲ့တာကရော ဘယ်သူ့ရဲ့ အကြံအစည်လဲ…သခင်လေးနှစ်၊ သခင်လေးလေးလား… ဒါမှမဟုတ် သခင်လေးငါး၊ သခင်လေးခြောက်လား”
“အဲ့ဒီအကြံအစည်နှစ်ခုကို မဟာဧကရာဇ်နှင့် ထိုက်ချူ ဘိုးဘေးနန်းတော် ကျောက်စိမ်းမြို့တော်ဆီ ပထမဦးဆုံး ဝင်ရောက်ခဲ့တဲ့အချိန်ကတည်းက ပြိုင်တူအကွက်ချခဲ့တာ ဖြစ်ရမယ်….မဟာဧကရာဇ်နဲ့ ထိုက်ချူက နယ်ရုပ်တွေသက်သက်ပဲ…. သခင်လေးတွေရဲ့ တိတ်တဆိတ် တိုက်ခိုက်မှုတွေကြားက နယ်ရုပ်တွေ”
“ထိုက်ယီက ဖန်ဆင်းရှင်တွေနဲ့ ရှေးဟောင်းနတ်ဘုရားတွေကို ဖယ်ရှားပြီး ဘိုးဘေးနန်းတော်ကနေ ထွက်သွားအောင် လုပ်ခဲ့တယ် … အဲ့ဒါက ဘိုးဘေးနန်းတော် ယဇ်ပလ္လင်အခြေအနေကို ချိုးဖျက်ဖို့ ကြိုးစားခဲ့တာပဲ… ဒါပေမဲ့ သခင်လေးသုံးရဲ့ ကျောက်စိမ်းမြို့တော်ထောင်ချောက်ကိုတော့ မချိုးဖျက်ခဲ့ဘူး”
ချင်မူက သက်ပြင်းတစ်ရှိုက် ရှူသွင်းလိုက်ပြီး ထိုက်ယီ၏ လုပ်ဆောင်မှုများအား ဘက်မလိုက်ဘဲ ကြိုးစားသုံးသပ်နေသည်။ မီလော့နန်းတော်အရှင်သခင်၏ စကားလုံးများကြောင့် သူ၏အတွေးများအား အထိခိုက်မခံပေ။ သူက ခပ်တိုးတိုး ရေရွတ်နေသည်။ “ထိုက်ယီက အနက်ရောင်တောင်တန်းတွေကို စောင့်ရှောက်နေပြီး နေ့ညမလပ်အောင် ပြုပြင်နေခဲ့တယ် … အနက်ရောင်တောင်တန်းကလည်း နောက်ထပ်ထောင်ချောက်တစ်ခု ဖြစ်ရမယ်…. အဲဒါက ကျူးကျော်လာတဲ့သူတွေက ထိုက်ယီ အနက်ရောင်တောင်တန်းနဲ့ ဘိုးဘေးနန်းတော်ကနေ ထွက်ခွာသွားလို့ မရအောင် လုပ်ထားတာပဲ… ထိုက်ယီက ငါ့ကို အသုံးချပြီး ထောင်ချောက်ကို ဖျက်ဆီးပစ်ခဲ့တာ”
“အဟက် ငါ့ရဲ့ ယုံကြည်မှုကိုရဖို့ သိပ်လွယ်ခဲ့တာပါလား … သူက သူ့ရဲ့ တာအိုသစ်ပင်၊ မိုးမခသစ်ကိုင်း၊ ရေပုံးနဲ့ တာအိုသစ်စေးကိုပါ ပေးခဲ့တယ်…. ပြီးတော့ အနက်ရောင်တောင်တန်းကို ပြုပြင်ပေးဖို့ ငါ့ကို တောင်းဆိုခဲ့တယ်… ဒီအခွင့်အရေးကို အသုံးချပြီး သူ အတိတ်က မလုပ်နိုင်ခဲ့တာတွေကို လုပ်ဖို့ ထွက်ခွာသွားခဲ့တာပဲ”
“ထိုက်ယီက အနက်ရောင်တောင်တန်းကနေ ထွက်ခွာလာပြီး ကျောက်စိမ်းမြို့တော်ဆီ ပြန်လာခဲ့တယ်… သူ့ရဲ့ရည်ရွယ်ချက်တွေထဲက တစ်ခုက မီလော့နန်းတော်အရှင်သခင်နဲ့ တိုက်ခိုက်ဖို့…. မီလော့နန်းတော်အရှင်သခင် အသက်ရှင်နေသေးရဲ့လား စမ်းသပ်ချင်တဲ့ပုံပဲ ... မီလော့နန်းတော်အရှင်သခင်ရဲ့ အတွေးတွေကို သိချင်တာလည်း ဖြစ်နိုင်တယ်… နောက်ထပ်ရည်ရွယ်ချက်တစ်ခုကတော့ သူ့ရဲ့ အစီအစဉ်ကို အကောင်အထည်ဖော်ဖို့”
“ဒါကြောင့် သူ လေးခုမြောက် စကြ၀ဠာဆီ ရောက်သွားတာ မီလော့နန်းတော်အရှင်သခင် ပို့ခဲ့လို့တင် မဖြစ်နိုင်ဘူး… သူကိုယ်တိုင် အတိတ်ကို ပြန်သွားချင်နေတာလည်း ဖြစ်နိုင်တယ်”
“အတိတ်ကို ပြန်သွားမှ သူ့ရဲ့အကြံအစည်တွေကို အကွက်ချနိုင်မှာ”
“ယုတ္တိကျကျ ပြောရရင် ငါက အနက်ရောင်တောင်တန်းတွေကို ပြုပြင်နေရမှာ... အခုလို ထွက်ခွာလာခဲ့သင့်တာ မဟုတ်ဘူး…. ဒါပေမဲ့ ငါ အဲ့ဒီလိုအလုပ်မျိုးကို ရှုရှန်းဟွာဆီ အပ်ခဲ့ပြီး ငါ့ဘာသာ ထွက်ခွာလာလိမ့်မယ်လို့ သူ မထင်ထားခဲ့ဘူး … ထိုက်ယီ မသိတဲ့ ငါ့အကျင့်က... ကိစ္စတစ်ခုတည်းကို ထပ်ခါထပ်ခါ လုပ်ရတာပဲ ... ဆိုတော့”
ချင်မူမှာ အတွေးကမ္ဘာထဲတွင် နစ်မြောနေပြီး ခေါက်တုံ့ခေါက်ပြန် လျှောက်နေသည်။ နတ်ကောင်းကင်ခန်းမကိုလည်း မကြာခဏ မော့ကြည့်တတ်သည်။ မီလော့နန်းတော်၏ အခြားခန်းမများ ဖြစ်သည့် ကျောက်စိမ်းခန်းမနှင့် ခရမ်းရောင်နတ်ဘုံခန်းမတို့ကိုလည်း ကြည့်တတ်၏။
“ဆိုတော့ ကောင်းကင်နတ်အရှင်ယွဲ့ ကောင်းကင်နတ်အရှင်ရှောင်ကို နှင်ထုတ်ခဲ့တဲ့ ဖရိုဖရဲနေရာဟင်းလင်းပြင်ကရော နောက်ထပ်ထောင်ချောက်တစ်ခုလား… ထိုက်ယီ ချထားခဲ့တဲ့ ထောင်ချောက်လား… ဒါမှမဟုတ် မီလော့နန်းတော်ရဲ့ သခင်လေးသုံး ချထားခဲ့တာလား…. အဲဒီနေရာက ချိဧကရာဇ် သူတို့မျိုးနွယ် ခိုလှုံနိုင်ဖို့ ရှာတွေ့ခဲ့တဲ့နေရာဆိုလည်းဟုတ်တယ်… ချိမင်ရွှမ်းခုံးကမ္ဘာကလည်း အဲဒီမှာပဲ…”
ချိဧကရာဇ်သည် ထိုနေရာကို ရှာတွေ့ခဲ့သော်လည်း အသက်ရှင်လျက် ထွက်ခွာမလာနိုင်ခဲ့ပေ။ ထို့ကြောင့် သူ၏ခန္ဓာကိုယ်သည် စကြာဝဠာငယ်တစ်ခုနှင့် ပေါင်းစည်းကာ ချိမင်ရွှမ်းခုံးကမ္ဘာအဖြစ် ပြောင်းလဲသွားခဲ့သည်။
ကောင်းကင်နတ်အရှင်ယွဲ့သည်လည်း ထိုနေရာသို့ ရောက်ရှိဖူးခဲ့ပြီး အံ့ဩဖွယ်ကောင်းသော ရှေးဟောင်းပစ္စည်းများစွာ တွေ့ခဲ့ရသည်။ ကောင်းကင်နတ်အရှင်ရှောင်မှာမူ ကောင်းကင်နတ်အရှင်ယွဲ့ကြောင့် ထိုနေရာသို့ ရောက်ခဲ့ပြီး ပြန်ထွက်လာသည့်အချိန်တွင် သူ၏စွမ်းဆောင်ရည်များက များစွာ တိုးတက်ခဲ့၏။
ထို့ကြောင့် ၎င်းဖြစ်ရပ်ကား မီလော့နန်းတော်၏ သခင်လေးများ ကြံစည်ထားခဲ့သော ထောင်ချောက် ဖြစ်သည်ဟု ချင်မူ သံသယဝင်နေခြင်းပင်။
ချင်မူက လေပူတစ်ချက် မှုတ်ထုတ်လိုက်သည်။ လေးခုမြောက် စကြ၀ဠာသို့ ထိုက်ယီ ရောက်သွားသည်မှာ တိုက်ဆိုင်မှု ဖြစ်သယောင်ပင်။ သို့သော် အကျိုးအကြောင်းသင့်တင့်စွာ တွေးခေါ်ကြည့်ပြီး သဘောပေါက်လာသည့်အချိန်တွင် တိုက်ဆိုင်မှုမဟုတ်ဘဲ ထိုက်ယီ ရည်ရွယ်ချက်ရှိရှိ ဖန်တီးခဲ့သော ကျိန်းသေဖြစ်ရပ်ဟု ခံစားလာရတော့သည်။
‘ကောင်းကင်နတ်အရှင်ဟောင် ကောင်းကင်နတ်အရှင်ရှောင်ကို အနိုင်ယူခဲ့တာ သူ့ရဲ့ကိုယ်ပိုင်စွမ်းဆောင်ရည်တွေကြောင့်လား… ဒါမှမဟုတ် နောက်ကွယ်က အကောက်ကြံတဲ့သူနှစ်ယောက်ရဲ့ ပြိုင်ပွဲလား’
ချင်မူက ပို၍ နက်ရှိုင်းစွာ တွေးတောနေသည်။ ကောင်းကင်နတ်အရှင်ဟောင်၏ အနောက်တွင် နောက်ထပ် အကောက်ကြံသူတစ်ယောက် ရှိနေခြင်းလော။
ဤတိုက်ပွဲတွင် အနိုင်ရခဲ့သူမှာ ကောင်းကင်နတ်အရှင်ဟောင်ဟု ထင်ရနိုင်သော်လည်း အမှန်တကယ် အနိုင်ရသွားခဲ့သူမှာတော့ ကောင်းကင်နတ်အရှင်ဟောင်၏ နောက်ကွယ်ရှိ ပုဂ္ဂိုလ်သာ ဖြစ်သည်။
‘ဒီစကြဝဠာမှာ လျှို့ဝှက်ချက်တွေ အများကြီး ရှိနေသေးတယ်… ဒါပေမဲ့ ငါ့ကို ဟန့်တားနိုင်တဲ့အရာ သိပ်မရှိဘူး…. ဒီသခင်လေးတွေ ဉာဏ်ဆင်ထားတဲ့ ထောင်ချောက်တွေကတော့ ငါ့ကို အချိန်နှောင့်နှေးစေတဲ့ အရာတွေပဲ”
ချင်မူက သူ့ဘေးရှိ ပျက်စီးနေသော တာအိုသစ်သီးနှင့် အထဲရှိ အမျိုးသမီးကို ကြည့်ပြီး ရုတ်တရက် ရယ်လိုက်သည်။ “မဟာဧကရာဇ်ကို မီလော့နန်းတော်အရှင်သခင် ပေးခဲ့တဲ့ တာဝန်က ပြဿနာမီးထွန်း ရှာပြီး ဘိုးဘေးနန်းတော်မှာ အင်အားကြီးမားတဲ့ သိုင်းပညာရှင်တွေ တစ်ယောက်နဲ့တစ်ယောက် ထသတ်ပြီး သွေးယဇ်ပူဇော်ပွဲ ဖြစ်လာစေဖို့မလား”
တာအိုသစ်သီးထဲရှိ အမျိုးသမီးက ပြုံး၏။ “မဟာဧကရာဇ်က ဘာမှမလုပ်နိုင်ပါဘူး… သခင်လေး ကောင်းကင်နတ်အရှင်မူတစ်ယောက်ပဲ အောင်မြင်နိုင်လိမ့်မယ်”
ချင်မူက ကျယ်လောင်စွာ ရယ်မောလိုက်သည်။ သူက ခေါင်းတခါခါဖြင့် မီလော့နန်းတော်ဆီသို့ လျှောက်သွား၏။ “ခင်ဗျား မီလော့နန်းတော်အရှင်သခင်ရဲ့ နာမည်နဲ့ အပြစ်တွေ ဘယ်လောက်များ ကျူးလွန်ပြီးပြီလဲ… ဒီလှည့်ကွက်က မဟာဧကရာဇ်ကို လှည့်စားနိုင်ပေမယ့် ကျွန်တော့်ကိုတော့ မရဘူး… ကျွန်တော်က ငတုံးငအလို လှည့်စားခံမှာ မဟုတ်ဘူး… ဒီနေရာမှာ ရက်အနည်းငယ် နေပြီးတော့ မီလော့နန်းတော်ရဲ့ တာအိုသင်္ကေတတွေကို သိမြင်နားလည်ချင်တယ်… ခင်ဗျား အခု ထွက်သွားလို့ရပြီ”
တာအိုသစ်သီးထဲရှိ အမျိုးသမီးမှာ ကြောင်အသွားပြီး အော်ဟစ်လိုက်သည်။ “အဲဒါ ဘာအဓိပ္ပာယ်လဲ… မီလော့နန်းတော်အရှင်သခင်ရဲ့ နာမည်နဲ့ အပြစ်တွေဘယ်လောက်တောင် ကျူးလွန်ပြီးပြီတဲ့လား… ဒီတာဝန်က မီလော့နန်းတော်အရှင်သခင်ကိုယ်တိုင် မဟာဧကရာဇ်ကို ပေးအပ်ခဲ့တဲ့ တာဝန်ပဲဟဲ့”
ချင်မူက နှာခေါင်းရှုံ့လိုက်ပြီးနောက် မဲ့ပြုံးဖြင့် လှည့်ကြည့်သည်။ “ခင်ဗျား မီလော့နန်းတော်အရှင်သခင်ကို တွေ့ပြီးပြီလား”
တာအိုသစ်သီးထဲရှိ အမျိုးသမီးမှာ ငေးကြောင်သွားလေသည်။
ချင်မူက ခေါင်းခါလိုက်ပြီး နန်းတော်အရှေ့သို့ လျှောက်သွား၏။ သူက နန်းတော်နံရံပေါ်ရှိ သင်္ကေတအမှတ်အသားများကို ဂရုတစိုက် လေ့လာမှတ်သားနေပြီး ရေရွတ်လိုက်သည်။ “တာအို ရပြီးတာတောင်မှ တုံးအနေတုန်းပဲ…”
“နင် ဘယ်သူ့ကို ပြောနေတာလဲ” တာအိုသစ်သီးထဲရှိ အမျိုးသမီးမှာ ဆွေ့ဆွေ့ခုန်သွားတော့သည်။