← Chapters

အခန်း (၂)

Vol. 1 Ch. 2

အခန်း (၂)

Vol. 1 Ch. 2

"ဂါရက်..."

ထိုလူငယ်သည် မော့ကြည့်လိုက်ပြီး သူ့မျက်လုံးများနှင့် ဆုံသွားသည်။ သူ့ကို လျစ်လျူရှုကာ ဝူကျိုးသည် ဒဏ်ရာရသူဘေးသို့ အလျင်အမြန် သွားလိုက်ပြီး ပတ်ဝန်းကျင်ကို လျင်မြန်စွာ စစ်ဆေးလိုက်သည်။

စားပွဲမရှိ။

ဆေးရုံတင်ကုတင်မရှိ။

ခွဲစိတ်ကုတင်အဖြစ် အသုံးပြုနိုင်သည့် မည်သည့်အရာတစ်ခုမျှ မရှိပေ။ အနည်းငယ် မြင့်သော စင်တစ်ခုပင် မရှိ...

အရေးကြုံမှ အကောက်ကြံ။ ဝူကျိုးက အံကြိတ်လိုက်သည်။ ခွဲစိတ်ဆရာဝန်တစ်ဦးအတွက် ခါးအောက်ပိုင်းရှိ မည်သည့်အရာမဆို ညစ်ညမ်းသော ဇုန်နှင့်တူပြီး မြေပြင်ပေါ်တွင် ခွဲစိတ်ခြင်းသည် ပိုးသတ်ခြင်းဆိုင်ရာ စည်းကမ်းချက်အားလုံးကို ချိုးဖောက်ခြင်းဖြစ်သည်။ သို့သော် ဤဆိုးရွားသော အခြေအနေတွင် ပိုးသတ်ခြင်းကို ဂရုစိုက်ရန် အချိန်မရှိပေ။ လူနာကို ဦးစွာကယ်တင်ပြီး ကျန်တာတွေကို နောက်မှ စဉ်းစားရမည်ပင်။

သူ စောင့်ကြည့်နေစဉ် ဝူကျိုးက အမိန့်များ စတင်ပေးလိုက်သည်။

"မင်း ဒီကိုလာခဲ့။ သူ့လက်မောင်းကို ဒီနေရာကို ဖိထား။ တင်းတင်းကြပ်ကြပ် ဖိထား မလွှတ်နဲ့၊ အဲဒါပဲ။ ပြီးတော့ ဒီမှာ ခြေထောက်မှာ ငါဖိနေတဲ့နေရာမှာ။ ကောင်းပြီ တင်းတင်းကြပ်ကြပ်ထား။ ပိုဖိထား မင်းကဒီနေရာကို ကိုင်ထား။ မင်းက သူ့အဝတ်အစားတွေကို ချွတ်လိုက်"

"ကျွန်တော် ချွတ်လို့ မရဘူး..."

"ဒါဆို ဆွဲဖြဲလိုက် ညှပ်လိုက်ဟ"

အရေးပေါ်ဌာနမှ ဒုတိယအကြီးအကဲ ဆရာဝန်သည် အာဏာစက်အပြည့်ရှိသော အရိပ်အယောင်ကို ပြသနေသည်။

သုံးလေးယောက်ခန့်သည် သူ၏ အမိန့်တိုင်းကို လိုက်နာကာ အလျင်အမြန် ပြေးလွှားနေကြသည်။ သွေးတိတ်စေရန် ဖိအားပေးခြင်း၊ အဝတ်အစားများ ချွတ်ခြင်း၊ ရေနွေးတည်ခြင်းဖြင့် လူတိုင်းသည် စိတ်ရှုပ်ထွေးနေပြီး ခဏလေးပင် အချိန်မပေးနိုင်ဘဲ အခန်းငယ်လေးထဲသို့ အဝင်အထွက် ပြေးလွှားနေကြသည်။

ဝူကျိုးသည် လူငယ်ဘုန်းတော်ကြီးကိုပင် လူနာ၏ ဘယ်ဘက်လက်ဖြင့် နှလုံးအောက်သွေးလွှတ်ကြောနှင့် ညာဘက်လက်ဖြင့် ခြေမျက်ရိုးနောက်ဘက်သွေးလွှတ်ကြောကို ဖိထားရန် ခေါ်လိုက်သည်။ ထူးဆန်းသော အနေအထားကြောင့် သူသည် မြေပြင်ပေါ်တွင် ဒူးထောက်ထိုင်နေရကာ ပုံစံက ထူးဆန်းလွန်းနေသည်။

သို့သော် အရေးပေါ် အခြေအနေများ၌ လူတစ်ဦးသည် ယုံကြည်မှုအပြည့်ဖြင့် အမိန့်ပေးသောအခါ ကျန်ရှိသောသူများက သူ့နောက်သို့ အလိုအလျောက် လိုက်ပါဆောင်ရွက်တတ်ကြသည်။ ရေကြီးသော အထဲ၌ ရုန်းကန်နေရသကဲ့သို့၊ အသက်ရှင်ရန်အတွက် ကောက်ရိုးတစ်မျှင်ကိုပင် ဆုပ်ကိုင်ထားသကဲ့သို့ပင်။

ဝူကျိုး၏ မျက်လုံးများက လူနာပေါ်တွင် စူးစိုက်နေပြီး အမိန့်များ တရစပ်ပေးနေကာ ဒူးထောက်ထိုင်ပြီး သူ့ညာဘက်လက်ဖြင့် လူနာ၏ လည်ပင်းကို စမ်းနေသည်။ သူသည် သူ့အသက်ရှူမှုကို ထိန်းညှိကာ လူနာ၏ နှလုံးခုန်နှုန်းကို ရေတွက်နေသည်။

နှလုံးခုန်နှုန်းက အဆင်ပြေတယ်။ ၁၀၀ အောက်... ဒါပေမဲ့ ပိုမြန်လာနေတယ်၊ သွေးအများကြီး ဆုံးရှုံးနေတာကို ညွှန်ပြနေတာ ဖြစ်နိုင်တယ်။ လည်ပင်းသွေးကြောရဲ့ ခုန်နှုန်းက အားနည်းလာတယ်၊ မျက်နှာက ဖြူဖျော့လာတယ်၊ ချွေးတွေထွက်တယ်၊ အသက်ရှူတာက တိမ်ပြီး မြန်လာတယ်...

သတင်းအချက်အလက်များ ဆက်တိုက် သူ့စိတ်ထဲတွင် လျင်မြန်စွာ ဖြတ်သွား၏။

“တစ်ခုချင်းစီက ပြဿနာတွေပဲ။ သွေးဖိအားလည်း ဘာမှ မသိရဘူး။ ဒီမှာ သွေးတိုင်းကိရိယာတောင် မရှိဘူး”

ခန့်မှန်းတာက တစ်ခုတည်းသော ရွေးချယ်စရာပဲ…

ကျေးဇူးတင်စွာဖြင့် အရေးပေါ်ဆေးကုသမှု၌ နှစ်ပေါင်းများစွာ ဖြတ်သန်းခဲ့ပြီး လူနာတင်ယာဉ်နှင့် ပတ်သက်သော အဖြစ်အပျက်များကို အများအပြား မြင်တွေ့ခဲ့ရသောကြောင့် ဝူကျိုး၏ အလိုလိုသိသောစိတ်သည် လူနာ၏ အခြေအနေ မည်မျှ ဆိုးရွားသည်၊ မည်သည့် ဒဏ်ရာများ ရရှိနိုင်သည်ကို တိကျစွာ သိရှိနိုင်ပေသည်။ ဤလူနာ၏ ပုံစံကို ကြည့်ခြင်းအားဖြင့် သွေးထွက်လွန်ပြီး ရှော့ခ်ရနိုင်ခြေက အတော်အတန် များပြားလှပေသည်။

လူနာ၏ သားရေချပ်ဝတ်တန်ဆာများသည် မြေပြင်ပေါ်၌ ပြန့်ကျဲလျက်ရှိသည်။ ဆုတ်ဖြဲထားသော အင်္ကျီသည် ဝမ်းဗိုက်၌ ကြောက်မက်ဖွယ်ကောင်းသော ဒဏ်ရာတစ်ခုကို ဖော်ပြနေသည်။ အရှည် ၂၀ စင်တီမီတာနီးပါးရှိသော အလျားလိုက် အက်ကွဲကြောင်းကြီးတစ်ခုသည် ညာဘက်အပေါ်ပိုင်းမှ ဘယ်ဘက်အောက်ပိုင်းသို့ ထောင့်ချိုးကျလျက် ရှိသည်။

သွေးများသည် လှိုင်းလုံးများကဲ့သို့ တသွင်သွင် စီးကျလျက် ရှိသည်။ ဝူကျိုးသည် တစ်ချက်မျှသာ ကြည့်လိုက်ပြီး သူ၏ တစ်ကိုယ်လုံး တုန်ယင်သွားကာ သွေးဖိအားများ တက်လာလေတော့သည်။

ဒုက္ခပဲ ဒီလောက်တောင် သွေးထွက်နေတာဆိုတော့ သွေးလွှတ်ကြော ပေါက်သွားတာ ဒါမှမဟုတ် အသည်း၊ သရက်ရွက်၊ ကျောက်ကပ် တစ်ခုခု ထိသွားတာပဲ ဖြစ်ရမယ်….

သူသည် သူ့ခါးကို လှမ်းလိုက်သောအခါ တောက်ပနေသော ဓားမြှောင်တစ်ခုက သူ၏ လက်ထဲ၌ ပေါ်လာသည်။ မဆိုင်းမတွဘဲ ဝူကျိုးသည် လူနာ၏ ဝမ်းဗိုက်ကို အာရုံစိုက်ကာ ဓားကို မြှောက်လိုက်သည်။

ကျေးဇူးတင်စွာဖြင့် လူနာ၌ ဗိုက်ကြွက်သားများ မြင်သာထင်သာ ရှိသောကြောင့် အောက်ခံင်္အဂါအစိတ်အပိုင်းများက သူ သိထားသည့်အတိုင်း တူညီမည်ဟု ညွှန်ပြနေခြင်းပင်။ အရေပြားအောက်၌ ဝမ်းဗိုက်ကြွက်သားရှိပြီး ၎င်း၏ အဖုံးအောက်၌ တည်ရှိသည်။ ဝမ်းဗိုက်ကြွက်သားအမြှေးပါးအဖုံးကို လိုက်၍ ခွဲစိတ်ခြင်းသည် အာရုံကြောများနှင့် သွေးကြောများကို ရှောင်ရှားပြီး ထိခိုက်မှု အနည်းဆုံး ဖြစ်စေမည်...

ဤမှော်ကမ္ဘာထဲ၌ လူနာ၏ ခန္ဓာဗေဒသည် သူ သိထားသည့်အတိုင်း တူညီနေပါက ကောင်းလေစွပင်။

အလွန်အာရုံစူးစိုက်မှုအပြည့်ဖြင့် ဝူကျိုးသည် မည်သူ့အကူအညီမျှမပါဘဲ လူနာ၏ ဝမ်းဗိုက်ဒဏ်ရာဘေးနားမှ ညာဘက်ဝမ်းဗိုက်ကြွက်သားကို တိုက်ရိုက် ခွဲစိတ်လိုက်သည်။ အချိန်သည် အရေးကြီးသည်၊ ချိတ်ဆွဲရန် (သို့မဟုတ်) တိကျစွာ ခွဲစိတ်ရန် ကူညီမည့်သူ မည်သူမျှ မရှိပေ။ သူသည် ၁၀ စင်တီမီတာရှည်သော အပေါက်တစ်ခုကို ဖောက်လိုက်သည်နှင့် နီညိုရောင် သွေးများသည် ချက်ချင်း ပန်းထွက်လာလေသည်။

"ခင်ဗျား ဘာလုပ်နေတာလဲ"

မျက်နှာချင်းဆိုင် ဒူးထောက်ထိုင်ပြီး သွေးတိတ်အောင် ဖိထားဖို့ ဝူကျိုးက အမိန့်ပေးထားသည့် လူငယ်ဘုန်းတော်ကြီးသည် အော်ဟစ်လုနီးပါးဖြစ်သွားပြီး သူ့အသံက ကွဲအက်နေ၏။

သူ အော်ဟစ်ရုံသာမက လူငယ်ဘုန်းတော်ကြီးသည် သူ့လက်နှစ်ဖက်ကို ဆန့်တန်းလျက် လူနာ၏ ဝမ်းဗိုက်အပေါ်ပိုင်းကို အလိုလို ကာဆီးရန် ရှေ့သို့ တဟုန်ထိုး ပြေးဝင်လာသည်။ သူ့မျက်နှာပေါ်ရှိ မှဲ့ခြောက်တိုင်းက သူ့ကိုယ်သူ စတေးရန် အသင့်ဖြစ်နေကြောင်း ဖော်ပြနေသည်။ "ခင်ဗျား သူ့ကို သတ်မယ်ဆိုရင် ကျွန်တော့်ကို အရင်သတ်ရလိမ့်မယ်"

ဝူကျိုး: "..."

"အို ဒါကြောင့် သူတို့က မိသားစုတွေကို ခွဲစိတ်ခန်းထဲ မဝင်ခိုင်းတာပဲ။ ဆရာဝန်က လူနာကို ခွဲစိတ်နေတာ မြင်ရင် ဘယ်သူမှ တားဖို့ မပြေးဝင်လာဘဲ နေမလဲ"

ဝူကျိုးသည် တိတ်တဆိတ်သာ ဝေဖန်နိုင်တော့သည်။ သူသည် ညာဘက်လက်ဖြင့် ဓားမြှောင်ကို တင်းတင်းဆုပ်ကိုင်ကာ လူငယ်ဘုန်းတော်ကြီး၏ ပခုံးကို အားဖြင့် တွန်းလိုက်သောကြောင့် သူသည် နောက်သို့ ယိုင်သွားပြီး အော်ဟစ်လိုက်သည်။

"ဘယ်သူက လွှတ်ခိုင်းတာလဲ။ သူ့ကို ဖိထား မင်း မဖိထားရင် သူ သွေးထွက်လွန်ပြီး သေလိမ့်မယ်။ ကြားလား"

"ဒါပေမဲ့ ခင်ဗျား..."

"ငါ ဒီမှာ အသက်တစ်ချောင်း ကယ်နေတာ။ သူ့မှာ အတွင်းပိုင်း သွေးထွက်နေတာ။ ငါ ရပ်တန့်ရမယ် ဖယ်စမ်း…."

"အို..."

လူငယ်ဘုန်းတော်ကြီးသည် ရှက်ရွံ့စွာ နောက်ဆုတ်သွားပြီး မူလနေရာသို့ ပြန်ရောက်ကာ လူနာ၏ ဝမ်းဗိုက်ကို ကြည့်ရှုရန် အားတင်းနေသည်။ ဝူကျိုးသည် တစ်ချက်ကြည့်လိုက်ပြီး သူ့အနေအထားက အတော်အတန် မှန်ကန်နေသေးကြောင်း တွေ့မြင်ကာ ဒဏ်ရာရသူ၏ ဝမ်းဗိုက်ပေါ်သို့ အာရုံပြန်စိုက်လိုက်သည်။ သူသည် ဓားကို လှည့်ကာ ဝမ်းဗိုက်ကြွက်သားများကို အနည်းငယ် ဖယ်ရှားပြီး စစ်ဆေးလိုက်သည်။

"ဒါ ဘာလဲ"

မျက်နှာချင်းဆိုင်မှ လူငယ်ဘုန်းတော်ကြီးက မေးသည်။ ဝူကျိုးသည် ခေါင်းမော့မကြည့်ဘဲ ဝမ်းဗိုက်နံရံကို ဆက်ခွဲနေသည်။

"အသည်း။"

"အို အသည်းပဲ..."

လူငယ်ဘုန်းတော်ကြီးက တိုးတိုးလေး ရေရွတ်ကာ စေ့စေ့ကြည့်ရှုရန် ကြိုးစားနေသည်။ ဝူကျိုးသည် သူ့ကို ဆူပူရန် မလိုတော့ဟု ခံစားလိုက်ရသည်။ ပိုးသတ်ထားသော ပတ်ဝန်းကျင်သည် ပျက်စီးနေပြီဖြစ်သောကြောင့် သူသည် တံတွေးကို ဒဏ်ရာထဲသို့ မထွေးသရွေ့ သူလုပ်ချင်ရာ လုပ်နိုင်သည်။ ယခု ဦးစားပေးမှာ လူနာ၏ အသည်းပင်။

ဝူကျိုးသည် အသည်းကို ချက်ချင်း တွေ့လိုက်သည်။ ကျေးဇူးတင်စွာဖြင့် အင်္ဂါအစိတ်အပိုင်း၏ အနေအထားသည် မပြောင်းလဲဘဲ ခန္ဓာဗေဒသည်လည်း မပြောင်းလဲပေ။ ဤမှော်ကမ္ဘာတွင် လူသားများသည် ထူးဆန်းသော အသွင်အပြင်များ သို့မဟုတ် မန္တန်ရွတ်ဆိုရန်အတွက် သီးသန့် အင်္ဂါအစိတ်အပိုင်းများ ပါရှိရန် မပြောင်းလဲခဲ့ကြပေ။

အသည်း၏ ဘယ်ဘက်အဖု၊ ညာဘက်အဖု...

"အာ သွေးတွေ အများကြီးပဲ"

"တိတ်စမ်း"

ဝူကျိုး မျက်မှောင်ကြုတ်လိုက်သည်။ အသည်း၏ တောက်ပသော အနီရောင် ညာဘက်အဖု၏ အလယ်တွင် အောက်သို့ စီးဆင်းနေသော အက်ကွဲကြောင်းတစ်ခုရှိပြီး တောက်ပသော သွေးလွှတ်ကြောသွေးများ အဆက်မပြတ် ပန်းထွက်နေသည်။

သူ၏ မူလအကဲဖြတ်ချက်သည် မှန်ကန်သည်။ ဝမ်းဗိုက်အတွင်း၌ သွေးအများအပြား ထွက်နေပြီး ၎င်းသည် အသည်းမှ ဖြစ်သည်။

အသည်း၏ အဓိကအစိတ်အပိုင်းစုတ်ပြဲခြင်း၊ အနက်က...

သူသည် တိကျစွာ ခန့်မှန်းရန် မဝံ့ရဲသော်လည်း အနက် ၁ စင်တီမီတာထက် မနည်းပုံရပြီး သွေးထွက်လွန်နေသည်။

ဒါက တတိယအဆင့် ဒဏ်ရာပဲ။ အဆိုးဆုံးတော့ မဟုတ်ဘူး။ ဒါပေမဲ့...

"သူ့ကို ကယ်ပါ..."

လူငယ်ဘုန်းတော်ကြီးသည် ယခုအခါ အာရုံကြောများ တင်းမာနေပြီး တုန်ယင်ကာ စကားများ မပီမသ ဖြစ်နေသည်။

"က-က-ကယ်ပါ..."

ဟုတ်ပါတယ် သူ့ကို ကယ်တင်ရမှာပေါ့။ ပြဿနာကတော့ အရေးပေါ်ခန်းမှာဆိုရင် ဒီဒဏ်ရာကို ကုသလို့ရပေမယ့် ဘယ်သူမှမရှိတဲ့ တောထဲမှာတော့ အရင်းအမြစ်တွေက ရှားပါးတယ်…..

ဝူကျိုး၏ နှလုံးသည် ပြင်းထန်စွာ ခုန်နေပြီး သူ့နံရိုးများကိုပင် ထိုးခွဲတော့မတတ် ခံစားနေရသည်။ သူသည် ကိုင်းညွှတ်လိုက်ပြီး ဘယ်ဘက်လက်ဖြင့် ဝမ်းဗိုက်နံရံကို ဆွဲထုတ်ကာ ညာဘက်လက်ဖြင့် လူနာ၏ ဝမ်းဗိုက်ခေါင်းထဲသို့ နှိုက်လိုက်သည်။ အသည်းကို မြှောက်လိုက်၊ အစာအိမ်ကို ရွှေ့လိုက်၊ အူတွေကို ရွှေ့လိုက်ဖြင့်...

"ခင်ဗျား... ဘာလုပ်နေတာလဲ"

တုန်ယင်နေသော လူငယ်ဘုန်းတော်ကြီးက မေးသည်။ သူ့အသံကို ကြည့်ခြင်းအားဖြင့် သူသည် သတိလစ်လုနီးပါးဖြစ်နေသော်လည်း ဆက်လက်စောင့်ကြည့်နေဆဲဖြစ်သည်။ သူ၏ ချီးကျူးဖွယ်ကောင်းသော သတ္တိကို အသိအမှတ်ပြုသောအားဖြင့် ဝူကျိုးသည် နောက်ထပ် အနည်းငယ် ရှင်းပြရန် မဆိုင်းမတွလုပ်ဆောင်လိုက်သည်။

"တခြားအင်္ဂါတွေကို သွေးထွက်လွန်တာ ရှိမရှိ စစ်ဆေးနေတာ။ ဟင် သည်းခြေအိတ်မရှိဘူး၊ သရက်ရွက်မရှိဘူး၊ ကျောက်ကပ်တွေ... သူတို့က အနောက်မှာရှိတော့ ထိခိုက်ဖို့ မလွယ်ဘူး၊ ဒါပေမဲ့ ငါ ဆက်စစ်ဆေးရဦးမယ်... ဟင် သိသာထင်ရှားတဲ့ သွေးထွက်နေတာ မရှိဘူး၊ ဒါ အရမ်းကောင်းတာပဲ"

"ဒါဆိုရင်... ပြီးတော့"

ပြီးတော့….

ပြီးတော့ တကယ့်စိန်ခေါ်မှု ရောက်လာပြီ။ ဝူကျိုးသည် ဆယ်စုနှစ်တစ်ခုကျော်ကြာ ဆရာဝန်ဖြစ်ခဲ့ပြီး လိုအပ်ချက်အရ နှစ်ကြိမ်သာ ထိုသို့သော လုပ်ထုံးလုပ်နည်းကို လုပ်ဆောင်ခဲ့ဖူးသည်။ သူတို့၏ ပြည်နယ်ဆေးရုံတစ်ခုလုံးတွင် ဤသို့သော လုပ်ထုံးလုပ်နည်းကို ရဲရဲတင်းတင်း လုပ်ဆောင်ရန် ဝံ့ရဲသော ဆရာဝန်အရေအတွက်ကို လက်တစ်ဖက်တည်းဖြင့် ရေတွက်နိုင်သည်။

ဘုရား၊ သုံးပါးပေါင်းတစ်ဆူ၊ ဘုရားသခင်နှင့် မယ်တော်မာရီ၊ မည်သည့်နတ်ဘုရားမဆို... ကျေးဇူးပြုပြီး ဒီလူနာရဲ့ ခန္ဓာဗေဒကို ခန့်မှန်းလို့ရအောင် ထားပေးပါ။

သူသည် အသက်ပြင်းပြင်းရှူကာ အသည်းဝင်သွေးကြောများနှင့် သွေးလွှတ်ကြောများကို ညင်သာစွာ ဆုပ်ကိုင်လိုက်သည်။

"ဝိုး သွေးထွက်တာ ရပ်သွားပြီ။ ဖြည်းဖြည်းချင်း လျော့သွားနေပြီ... သွေးမထွက်တော့ဘူး"

လူငယ်ဘုန်းတော်ကြီးက ဝမ်းသာအားရ အော်လိုက်သည်။ လူနာမှ တသွင်သွင် စီးဆင်းနေသော သွေးသည် ချက်ချင်း လျော့နည်းသွားပြီး ရေတံခွန်မှ ရေစက်လေးများအဖြစ်သို့ ပြောင်းလဲသွားကာ နောက်ဆုံးတွင် ဖြည်းညှင်းစွာ စိမ့်ထွက်လာတော့သည်။ သွေးတိတ်သွားသည့် အာနိသင်ကို မျက်စိဖြင့် မြင်နိုင်သည်။

All Chapters