← Chapters

အထူးအရည်အချင်း

Vol. 1 Ch. 15

အထူးအရည်အချင်း

Vol. 1 Ch. 15

မှန်ပြတင်းနောက်က အိပ်မက်နတ်ဆိုးမယ်က စိတ်ငြိမ်ငြိမ်ထားပြီး ဖော်ရွေစွာ ပြောဆိုရန် အကောင်းဆုံး ကြိုးစားနေ၏။

“လေးစားအပ်ပါသော အရှင်ရှားလော့ခ်၊ ကျွန်မတို့ အထူးအရည်အချင်းဈေးကွက်မှာ ထိပ်တန်းအရည်အချင်းရှိသူများစွာ မှတ်ပုံတင်ထားကြပါတယ်။ တစ်လကို မှော်ကျောက်တုံးအခုနှစ်ဆယ်ပဲ ပေးချေရမယ့် တိုက်ခိုက်ရေးစွမ်းရည်ရှိတဲ့ အစေခံမျိုးတော့ ကျွန်မတို့ဆီမှာ မရှိပါဘူး။ ချုပ်ရိုးဘီလူးကြီးဆိုတဲ့ အကျည်းတန်သတ္တဝါတောင် တစ်လကို မှော်ကျောက်တုံးအခုနှစ်ဆယ် ကုန်ကျပါတယ်။ အရှင်သိတဲ့အတိုင်းပဲ၊ ကျွန်မတို့ဆီမှာက ထိပ်တန်းထဲကမှ ထိပ်တန်းတွေချည်းပဲ။ မှော်ကျောက်တုံးနှစ်ဆယ်ဆိုတာ တအားနည်းပါတယ်။”

“ငါ တိုက်ခိုက်ရေးကျွမ်းကျင်တဲ့ စစ်သည်တော်ကို ရှာနေတာ မဟုတ်ဘူး။ ငါ့ဂိုဘလင်တွေကို တိုက်ခိုက်ရေးမှာ ကျွမ်းကျင်အောင် လုပ်ပေးနိုင်မယ့် အစေခံတစ်ယောက်ကို ရှာနေတာ။ သူ့ကို နည်းပြလို့ ပြောနိုင်တာပေါ့။ ငါ့ကို အဲဒီလို မကြည့်စမ်းပါနဲ့။ ဂိုဘလင်တွေကို တိုက်ခိုက်ဖို့ သင်တန်းပေးတာ ထူးဆန်းတယ်ဆိုတာ ငါသိပါတယ်။ ဒါပေမယ့် ဒါကလည်း အထူးအရည်အချင်းပဲလေ ဟုတ်တယ်မလား။ ဒါကြောင့် ငါ အကူအညီလာတောင်းတာပါ။ ကျေးဇူးပြုပြီး ဒီ အလုပ်ခေါ်ကြော်ငြာကို ထုတ်ပြန်ပေးပါ။ ငါ့ဂိုဘလင်တွေကို သင်တန်းပေးဖို့ ယုံကြည်စိတ်ချပြီး တစ်လကို မှော်ကျောက်တုံးအခုနှစ်ဆယ်နဲ့ လုပ်ကိုင်ဖို့ ဆန္ဒရှိတဲ့ အရည်အချင်းရှိသူက ငါ့ကို ဆက်သွယ်နိုင်တယ်” ဟု ရှားလော့ခ်က စိတ်ရှည်လက်ရှည် ပြောဆို၏။

“အရှင်ရှားလော့ခ်၊ စည်းမျဉ်းတွေအရ ကျွန်မတို့က မှော်ကျောက်တုံးနှစ်ဆယ် လစာနဲ့ အလုပ်ခေါ်ကြော်ငြာကို ထုတ်ပြန်လို့ မရပါဘူး။ အနိမ့်ဆုံးက မှော်ကျောက်တုံးနှစ်ရာပါ” ဟု အိပ်မက်နတ်ဆိုးမယ်က ‌ပြောရခက်နေပုံဖြင့် ကြည့်ကာ ပြောသည်။

“စည်းမျဉ်းတွေအကြောင်း မပြောနဲ့တော့။ ငါတို့အရင်လုပ်ခဲ့ဖူးတဲ့ အပေးအယူတွေနဲ့ဆိုရင် အဲဒီစည်းမျဉ်းတွေက ပြောစရာတောင် မလိုတော့ပါဘူး” ဟု ရှားလော့ခ်က အိပ်မက်နတ်ဆိုးမယ်ကို ညင်သာစွာ ကြည့်ပြီးပြောလိုက်ရာ သူမ၏စိတ်ထဲ၌ ရှက်ရွံ့သွားသည်။ သူမ မျက်နှာကို တစ်ဖက်လှည့်လိုက်ပြီး သူမ၏ ပါးပြင်တို့သည် သွေးများစိမ့်ထွက်တော့မယောင် နီမြန်းနေ၏။

“ဒါပေမယ့် အရှင်ရှားလော့ခ်၊ ကျွန်မတို့ တွေ့ဖူးတာ ဒါ ဒုတိယအကြိမ်ပဲ ရှိသေးတာကို...”

“ငါတို့ ပထမဆုံးအကြိမ်တွေ့တုန်းက နင်က အမြုတေအပျက်ပါတဲ့ ဒန်ဂျင်တစ်ခုကို ငါ့ကို ရောင်းခဲ့တာလေ။ ဒုတိယအကြိမ်တွေ့တာအတွက် အလုပ်ခေါ်ကြော်ငြာတစ်ခု ထုတ်ပြန်ခိုင်းတာ တရားလွန်တယ်လို့ ငါ မထင်ပါဘူး” ဟု ရှားလော့ခ်က စားပွဲကို ရိုက်ပြီး ဖြစ်သင့်ဖြစ်ထိုက်သည့် လေသံဖြင့် ပြော၏။ “နင်က ဘာလို့ ဒန်ဂျင်ရောင်းတဲ့အစား ဧည့်ကြိုလာလုပ်နေရတာလဲ။ ဒန်ဂျင်ရောင်းရင် လစာ ပိုများသင့်တယ်မလား”

“ဒန်ဂျင်ရောင်းထွက်မှ လစာ များမှာပေါ့။ ကျွန်မ ရောင်းနိုင်ခဲ့တဲ့ တစ်လုံးတည်းသော ဒန်ဂျင်က အရှင့်ကို ရောင်းခဲ့တာပဲ။ ဒန်ဂျင်အိမ်ခြံမြေဈေးကွက်က အရမ်းခေတ်စားနေပေမယ့် လျှို့ဝှက်စည်းမျဉ်းတွေကို ကျွန်မ နားမလည်ဘူး။ ကျွန်မကို ရောင်းခိုင်းတဲ့ဒန်ဂျင်တွေက မြေပေါ်လောကကနေ ဝင်စီးခံရတာ မဟုတ်ရင်လည်း ကာလကြာရှည် ပစ်ထားခံရတာတွေပဲ။ အရှင်ရှားလော့ခ်လိုလူမှပဲ ဒီလိုဒန်ဂျင်မျိုးကို ဝယ်မှာ။ ကျွန်မ ဒုတိယဒန်ဂျင်တစ်လုံး ထပ်မရောင်းနိုင်တဲ့အတွက် ကော်မရှင်ခ မရဘူး။ ဒါကြောင့် ဝင်ငွေ လုံးဝမရှိဘူး။ ဒီဧည့်ကြိုအလုပ်က ကျွန်မရဲ့ တစ်ခုတည်းသော အသက်မွေးဝမ်းကျောင်းပဲ” ဟု အိပ်မက်နတ်ဆိုးမယ်က မကျေနပ်မှုများဖြင့် မျက်ရည်များ ပြည့်လျှံလာကာ ပြောဆို၏။

“ငါက နင့်ရဲ့ တစ်ဦးတည်းသော ဖောက်သည်ဖြစ်တဲ့အတွက် နင် ငါ့ကို ကူညီသင့်တယ် မဟုတ်ဘူးလား” ဟု ရှားလော့ခ်က အိပ်မက်နတ်ဆိုးမယ်၏ မျက်ရည်များကို မမြင်ချင်ယောင်ဆောင်ကာ ပြောဆိုသည်။

ရှားလော့ခ်၏ မျက်နှာအမူအရာမှာ ပြောင်းလဲမှုမရှိသည်ကို အိပ်မက်နတ်ဆိုးမယ် သတိပြုမိပြီး သူမ၏ စိတ်ခံစားမှုများကို ငြိမ်သက်စေလိုက်၏။ မည်သူမျှ မကြည့်နေကြောင်း သေချာအောင် အကဲခတ်ကြည့်ပြီး ရှားလော့ခ်ကို အသံတိုးတိုးဖြင့် “ကျွန်မ အရှင့်ကို ကူညီပေးနိုင်ပါတယ်၊ ဒါပေမယ့် အလုပ်ခေါ်ကြော်ငြာကို ပေါ်ပေါ်တင်တင် ထုတ်ပြန်လို့ မရဘူး။ အစည်းအရုံးက သိသွားရင် ကျွန်မ အလုပ်ပြုတ်သွားလိမ့်မယ်။ ကျွန်မက အရှင့်အတွက် လူမသိသူမသိ လိုက်ရှာပေးပါမယ်။ သင့်တော်တဲ့သူရှိရင် အရှင့်ဒန်ဂျင်ကို လွှတ်ပေးလိုက်ပါမယ်” ဟု ပြောဆိုလိုက်သည်။

ရှားလော့ခ်၏ ကျေနပ်သွားသော မျက်နှာကို မြင်ပြီး သူမကပြောသည်။ “အရှင်ရှားလော့ခ်၊ အရှင်က ဂိုဘလင်တွေကို ဘာလို့ စစ်သည်တော်ဖြစ်အောင် သင်တန်းပေးနေရတာလဲ။ သူတို့က သတ္တုတူးတာ၊ သတ္တုရိုင်းသယ်တာကလွဲရင် တခြားဘာများ လုပ်နိုင်သေးလို့လဲ။ အရှင့် စစ်သည်တော် လိုတယ်ဆိုရင် ဒန်ဂျင်အသစ်တွေက ဂနိုမ်းတွေကို ရှာလို့ရတယ်။ သူတို့က ဂိုဘလင်တွေနဲ့ မျိုးနွယ်တူတွေပဲ၊ ဒါပေမယ့် အရာရာမှာ ဂိုဘလင်တွေထက် ပိုတော်တယ်။ ဈေးနှုန်းကလည်း သင့်တော်ပါတယ်”

သူမက ဂိုဘလင်များအပေါ် အချိန်ဖြုန်းခြင်းမှ တားဆီးရန် ကောင်းသောရည်ရွယ်ချက်ဖြင့် ပြောနေသည်ကို ရှားလော့ခ် သိသည်။ သို့သော် သူ့ဂိုဘလင်များသည် သာမန်ဂိုဘလင်များ မဟုတ်ပေ။ သူတို့သည် တခြားလောကမှ ဂိမ်းမာများ ဖြစ်ကြ၏။ သူတို့က ကြိုးစားပန်းစား လုပ်ကြပြီး လစာ မလိုအပ်ပေ။ ဤ အလကားရသော ဂိုဘလင်များသည် ဘုရားသခင်ပေးသော လက်ဆောင်များ ဖြစ်ချေသည်။ မှော်ကျောက်တုံးနှစ်ဆယ်မျှသာ ကုန်ကျပြီး ဂိုဘလင်တစ်ရာစာ အလကားလုပ်အား ရမည်ဆိုလျှင် ရှားလော့ခ် အလွန်ဝမ်းသာ ပျော်ရွှင်နေမိသည်သာ ဖြစ်ချေ၏။

ရှားလော့ခ်က အိပ်မက်နတ်ဆိုးမယ်၏ မေးခွန်းကို ပြန်မဖြေဘဲ သူမ၏ ကောင်းသောရည်ရွယ်ချက်အတွက် ကျေးဇူးတင်စကားသာ ဆိုလိုက်သည်။ သင့်တော်သော ကိုယ်စားလှယ်များကို ဆက်လက်ရှာဖွေပေးရန် သတိပေးပြီး အထူးအရည်အချင်းဈေးကွက်မှ ထွက်ခွာခဲ့၏။

ထာဝရတိုင်းပြည်သို့ ပြန်ရန် ပြင်ဆင်နေစဉ် ဘရုက ပြောလာသည်။

“အရှင်ရှားလော့ခ်၊ အရှင်ရဲ့ သစ္စာရှိအစေခံတစ်ယောက်အနေနဲ့ ကျွန်တော် အကြံဉာဏ်တစ်ခု ပေးပါရစေ”

“ပြောလေ”

“အရှင့်အနေနဲ့ ဆောင်းတောင်ကုန်းမြို့မှာ လက်ထောက်တစ်ယောက် ရှာသင့်တယ်လို့ ကျွန်တော် ထင်ပါတယ်ခင်ဗျ။ ပစ္စည်းဝယ်တာ၊ အဆောက်အဦတွေ အဆင့်မြှင့်ဖို့ အလုပ်သမားခေါ်တာ စတဲ့ အသေးအဖွဲကိစ္စတွေကို ကူညီပေးဖို့ပေါ့။ အခုကျ အရှင် မကြာခဏ ခရီးသွားနေရတာ အဆင်မပြေဘူး မဟုတ်လား” ဟု ဘရုက ပြောဆို၏။

“အဓိပ္ပာယ်ရှိတာပေါ့၊ ဒါပေမယ့် အရည်အချင်းရှိတဲ့ လက်ထောက်က လစာလိုတယ်။ သူ့အတွက် အိမ်ငှား‌ပေးရမယ်၊ အစားအသောက်လည်း ပြင်ဆင်ပေးရမယ်။ အဲ့အစား နေရာရွှေ့ပြောင်းစာလိပ် သုံးတာ ဒါမှမဟုတ် ဒီကို ခရီးသွားတာက ပိုကောင်းပါတယ်လို့ ငါ ထင်တယ်” ဟု ရှားလော့ခ်က ခပ်တည်တည် ပြောလိုက်သည်။

“အရှင်က တကယ်ပဲ... ချွေတာတာပဲ” ဟု ဘရုက မတတ်သာသည့် လေသံဖြင့် ပြောပြီး စကားထပ်ပြော၏။

“ဈေးသက်သာတဲ့ နည်းလမ်းတွေ စမ်းကြည့်လို့ရပါတယ်။ အချိန်ပိုင်း အလုပ်သမား ငှားတာမျိုးပေါ့။ အရှင့်ဆီ ကျွန်တော့်ကို ရောင်းခဲ့တဲ့ အိပ်မက်နတ်ဆိုးမယ်ဆိုရင်ရော ဘယ်လိုလဲ။ သူမက သင့်တော်တယ်လို့ ကျွန်တော် ထင်တယ်။ သူမ အကူအညီပေးချင်လား မေးမြန်းကြည့်လို့ရမလား”

ရှားလော့ခ်က ဘရု၏ အကြံဉာဏ်ကို စဉ်းစားပြီး ဖြစ်နိုင်ခြေရှိသည်ဟု ခံစားရသည်။ ဆောင်းတောင်ကုန်းမြို့မှ အချိန်ပိုင်း အလုပ်သမားတစ်ယောက် ရှာတွေ့ပါက ခရီးသွားရသည်ထက် ပိုအဆင်ပြေမည် ဖြစ်သည်။ သို့သော် ထိုအချိန်ပိုင်း အလုပ်သမားသည် ဆိုင်ရှင်များနှင့် ခင်မင်ရင်းနှီးပြီး ပစ္စည်းရောက် ငွေချေစနစ်ကို လက်ခံနိုင်မည့်သူ ဖြစ်ရန် လိုအပ်သည်။ အိပ်မက်နတ်ဆိုးမယ်လေးသည် ကောင်းမွန်သော ရွေးချယ်မှု ဖြစ်ချေသည်။ သို့သော် ဤကိစ္စသည် အရေးမကြီးသေးသောကြောင့် ရှားလော့ခ်က သူ့စိတ်ထဲ၌သာ မှတ်ထားလိုက်ပြီး ထပ်မံဆွေးနွေးခြင်း မပြုခဲ့ပေ။

ဒန်ဂျင်သို့ ပြန်ရောက်သောအခါ ပင့်ကူများ၏ ဒဏ်ကို ပြင်းထန်စွာ ခံခဲ့ရသော ဂိမ်းမာများနှင့် အလုပ်ကြိုးစားနေကြဆဲ ဂိမ်းမာများက သူ့ပတ်လည်၌ အလျင်အမြန် ဝိုင်းရံလာကြ၏။

“ကျွမ်းကျင်မှုတွေကို ဘယ်တော့ သင်လို့ရမှာလဲ”

“ကျွမ်းကျင်မှု သင်ဖို့ ဘာလိုအပ်ချက်တွေ ရှိလဲ။ ကိုယ့်ရဲ့ အသက်မွေးဝမ်းကျောင်းကို ရွေးရမှာလား”

“ပထမဆုံးအကြိမ်က အခမဲ့နော်။ နောက်ဆက်တွဲအကြိမ်တွေအတွက် ပေးရမှာလား”

ဂိမ်းမာများက ဆူညံစွာ မေးမြန်းကြ၏။

ရှားလော့ခ်က သူတို့၏ မေးခွန်းများကို နားထောင်ပြီး ဘရုကို “ငါ စွမ်းရည်လေ့ကျင့်ပေးသူ ရှာဖို့ သွားတယ်ဆိုတာ မင်း သူတို့ကို ပြောလိုက်တာလား” ဟု မေးလိုက်သည်။

“သူတို့ကို လေ့ကျင့်ရေးရှိကြောင်း၊ အသေးစိတ်ကို တရားဝင်ဝက်ဘ်ဆိုက်မှာ တင်ပေးမယ်ဆိုပြီး ကျွန်တော် အများပြည်သူသိအောင် ကြေညာလိုက်တာပါခင်ဗျ။ အဲ့ဒါကို အရှင်က သူတို့ကို တိုက်ခိုက်ရေးစွမ်းရည် သင်ပေးမယ်လို့ သူတို့က အထင်မှားသွားကြတာ။ ဒန်ဂျင်မှာက တိုက်ခိုက်တတ်တာ အရှင် တစ်ယောက်ပဲ ရှိတာကိုး” ဟု ဘရုက ရှင်းပြသည်။

ရှားလော့ခ်က အခြေအနေကို နားလည်သဘောပေါက်ပြီး ဂိမ်းမာများကို တိတ်ဆိတ်သွားစေရန် သူ့အရှိန်အဝါကို သုံးလိုက်၏။ သူက “မင်းတို့ရဲ့ တိုက်ခိုက်ရေးစွမ်းရည်တွေ ညံ့ဖျင်းလွန်းတဲ့အတွက် တိုက်ခိုက်ရေးနည်းပြတစ်ယောက် ငါ ရှာနေတယ်၊ ဒါပေမယ့် အချိန်နည်းနည်းတော့ ယူရလိမ့်မယ်။ ဒဏ်ရာရထားတဲ့သူတွေ၊ မင်းတို့ကို ကြေးဒင်္ဂါး ၁၀ ပြားနဲ့ ကုသပေးမယ်” ဟု ပြောဆို၏။

ကျန်းမာနေသော ဂိမ်းမာများက စိတ်ပျက်လက်ပျက်ဖြင့် လူစုခွဲသွားကြသည်။ ဒဏ်ရာရထားသော ဂိမ်းမာများက သူတို့၏ ဒဏ်ရာများကို ကုသမှု ခံယူကြ၏။ ဆင်းဘ ဆောက်များနှင့် တူများ ပြုလုပ်ပြီးသည်နှင့် ဘရုက ကျောက်ပြားများ ပြုလုပ်ရန်နှင့် ကြမ်းပြင်နှင့်နံရံ ခင်းခြင်းအတွက် မစ်ရှင်များ ပေးအပ်လိုက်သည်။ မကြာမီပင် ဂိမ်းမာများက သူတို့၏ မစ်ရှင်များတွင် နစ်မြုပ်သွားကြချေ၏။ ပင့်ကူဂူကို စူးစမ်းရှာဖွေခြင်းကိုမူ ဘေးဖယ်ထားလိုက်ကြသည်။ မစ်ရှင်က အလွန်ခက်ခဲလွန်းနေ၏။ တိုက်ခိုက်ရေးစွမ်းရည်များ သင်ယူပြီးမှသာ ပင့်ကူများကို ပြန်လည်ရင်ဆိုင်ရန် မျှော်လင့်နေကြပေသည်။

ရှားလော့ခ်က ဒန်ဂျင်အမြုတေ အဓိကခန်းမသို့ သွား၏။ သူသည် "ကွန်ပျူတာ" မှော်ပစ္စည်းပေါ်ရှိ တရားဝင်ဝက်ဘ်ဆိုက်ကို ဝင်ကြည့်ပြီး ကျွမ်းကျင်မှုလေ့ကျင့်ရေးနှင့် ပတ်သက်သော အချက်အလက်များကို ထုတ်ပြန်လိုသည်။

ရုတ်တရက်ဆိုသလို ဒန်ဂျင်အမြုတေမှ မာနာစွမ်းရည်လှိုင်းများ ဆက်တိုက်လာနေသည်ကို သူ ခံစားလိုက်ရပြီး မီးတောက်များ ထွက်ပေါ်လာ၏။ မီးတောက်များထဲမှ စာတစ်စောင် ထွက်ပေါ်လာသည်။

တစ်ယောက်ယောက်က ငါ့ကို စာပို့လိုက်တာလား

ရှားလော့ခ်က စာကို ကောက်ယူ၍ ဖွင့်ကြည့်သည်။ စာထဲ၌ စာကြောင်းအနည်းငယ်ပါရှိပြီး ထိုစာများက “အရှင်ရှားလော့ခ်၊ အရှင် ထွက်ခွာသွားပြီးနောက် အရှင့်ဂိုဘလင်များကို သင်တန်းပေးရန် သင့်တော်သော အထူးအရည်အချင်းရှိသူတစ်ဦးကို ကျွန်မ ရှာတွေ့ခဲ့ပါပြီ။ သူသည် တစ်လလျှင် မှော်ကျောက်တုံး နှစ်ဆယ် လစာကို ကျေနပ်ခဲ့သည်။ သူ့ကို ဒန်ဂျင်သို့ ခရီးသွားရန် နေရာရွှေ့ပြောင်းစာလိပ် တစ်ခု ကျွန်မ ဝယ်ပေးလိုက်သည်။ အရှင် ဆောင်းတောင်ကုန်းမြို့သို့ ပြန်ရောက်သောအခါ မှော်ကျောက်တုံး ငါးခုကို ကော်မရှင်ခအဖြစ် ပေးချေပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ ကျေးဇူးတင်ပါတယ် နေရာရွှေ့ပြောင်းစာလိပ်က အခမဲ့ပါ~(ချစ်ခြင်းများဖြင့်)—အရှင်ရှားလော့ခ်၏ အရောင်းဝန်ထမ်းမလေး၊ အိဗလင်း” ဟူ၍ ဖြစ်သည်။

“သူမက နည်းပြခေါ်ယူတာကို တော်တော်လေး အားစိုက်ထားပုံရတယ်၊ အရည်အချင်းလည်း ရှိတယ်။ ကျွန်တော် သူမကို ဆောင်းတောင်ကုန်းမြို့ရဲ့ ထာဝရတိုင်းပြည်သံအမတ်ကြီး အချိန်ပိုင်းအဖြစ် ခန့်အပ်ဖို့ အဆိုပြုပါတယ်” ဟု ဘရုက ပြုံးကာ ပြောဆို၏။

ရှားလော့ခ်ကို စနောက်ပြီးနောက် နောက်ထပ် မာနာစွမ်းရည်လှိုင်းတစ်ခု ထပ်ပေါ်လာသဖြင့် ဘရုက “ဒန်ဂျင်အရှင်၊ ကျွန်တော်တို့ဒန်ဂျင်ကို နေရာရွှေ့ပြောင်းစာလိပ် သုံးပြီး လာရောက်ခွင့်ပြုဖို့ လူတစ်ယောက် တောင်းဆိုထားပါတယ်။ သူက အိဗလင်း လွှတ်လိုက်တဲ့ အထူးအရည်အချင်းရှိသူ ဖြစ်မယ်လို့ ကျွန်တော် ထင်ပါတယ်။ ဝင်ခွင့်ပြုလိုက်ရမလားခင်ဗျ” ဟု မေးလာသည်။

“ဝင်ခွင့်ပြုလိုက်” ဟု ရှားလော့ခ်က ခေါင်းညိတ်သည်။

ဒန်ဂျင်အမြုတေ အဓိကခန်းမ အပြင်ဘက်၌ နေရာရွှေ့ပြောင်းဝင်ပေါက်တစ်ခု ပွင့်လာ၏။ မစ်ရှင်များကို လုပ်ဆောင်နေကြသည့် ဂိမ်းမာများလည်း ထိတ်လန့်သွားကြပြီး ဆူညံစွာ ဝိုင်းအုံလာကြ၏။

သွေးထွက်နေသော နားနှစ်ဖက်ကို ပတ်တီးစည်းထားသည့်ဂနိုမ်းတစ်ဦး ထိုဝင်ပေါက်မှ ထွက်လာသည်။

“ဂိုဘလင်တွေ ဒီလောက်အများကြီးဆိုတော့ ဒန်ဂျင်အရှင်က ချမ်းသာတဲ့လူ ဖြစ်ရမယ်။ ငါ နာမည်ကြီးဖို့ အခွင့်အရေး ရပြီ”

ထိုဂနိုမ်းသည် ပတ်ဝန်းကျင်ရှိ ဂိုဘလင်များကို ကြည့်ပြီး မျက်ရည်များပင် ဝဲတက်လာချေ၏။

ရှားလော့ခ်က ထိုဂနိုမ်းကို ရင်းနှီးနေသယောင် ခံစားရပြီး မည်သည့်အချိန်က တွေ့ဖူးသည်ကို အသည်းအသန် ပြန်တွေးနေစဉ် ဘောင်းဘီမဝတ်သူက ထိုဂနိုမ်းကို လက်ညှိုးထိုးပြီး အော်ပြောလိုက်သည်။“အဲဒီဂနိုမ်းက ဆောင်းတောင်ကုန်းမြို့က နေရာရွှေ့ပြောင်းဝင်ပေါက် ဧည့်ကြိုခန်းမရဲ့ လုံခြုံရေးဝန်ထမ်းပဲ။ ငါ အရင်တစ်ခါ ဆောင်းတောင်ကုန်းမြို့မှာ သူ့ကို တွေ့ခဲ့ဖူးတယ်။”

All Chapters