← Chapters

စွမ်းရည်သင်တန်းဆရာ

Vol. 1 Ch. 14

စွမ်းရည်သင်တန်းဆရာ

Vol. 1 Ch. 14

အရှင်ရှားလော့ခ်သည် ပင့်ကူဂူဆီသို့ စည်းကမ်းတကျ ချီတက်သွားသော ဂိုဘလင်သုံးဆယ်ပါ အဖွဲ့အား အနီးကပ် စောင့်ကြည့်နေ၏။ အင်အားမများသည့်တိုင် ဤသို့သော စည်းကမ်းနှင့် စီမံဖွဲ့စည်းမှုသည် သာမန်ဂိုဘလင်များ လုပ်ဆောင်နိုင်မည်မဟုတ်ပေ။ ၎င်းတို့သည် စစ်မထွက်မီ ကျမ်းသစ္စာကျိန်ဆိုပွဲပင် ပြုလုပ်ကြသည်။ ဤစွန့်စားမှုကို လျင်မြန်စွာ လုပ်ဆောင်နိုင်ရန် ဂိမ်းမာများစွာက ၎င်းတို့၏ ကြေးဒင်္ဂါးများကို စုပေါင်းထည့်ဝင်၍ စွန့်စားသူများအတွက် လက်နက်တန်ဆာပလာများ ဝယ်ယူရန် ကူညီပေးကြသည်။

အရှင်ရှားလော့ခ်သည် ဤတက်ကြွသော စိတ်ဓာတ်ပြည့်ဝသည့် တခြားလောကမှ ဂိုဘလင်များကို ကြည့်ရင်း အံ့ဩမှင်သက်မိ၏။

အရှင်ရှား‌လော့ခ်သည် ၎င်းတို့၏ စွန့်စားမှုကို စောင့်ကြည့်ရန် မာနာစွမ်းရည်ကို အသုံးပြု၍ ၎င်းတို့သည် ဤဖျော်ဖြေရေးလှုပ်ရှားမှုကို သဘောကျမှု ရှိ၊မရှိ ဆန်းစစ်လိုက်သည်။ သေဆုံးမှုသည် ယခုအခါ ပြဿနာကြီးကြီးမားမား မဟုတ်တော့ပေ။ ဂိုဘလင်များ ပင့်ကူဂူတွင် သေဆုံးသည်ဖြစ်စေ၊ မသေဆုံးသည်ဖြစ်စေ အရှင်ရှားလော့ခ်အတွက် စိတ်ပူစရာမလိုချေ။ ၎င်းတို့ကို ပြန်လည်ရှင်သန်စေရန် မာနာစွမ်းရည်အနည်းငယ်သာ အသုံးပြုရုံဖြင့် လုံလောက်ပြီး ငွေကြေးဆုံးရှုံးမှုလည်း မရှိပေ။

ဂိုဘလင်များ ပင့်ကူဂူသို့ ရောက်ရှိသည့်အခါ ပင့်ကူများနှင့် ပြင်းထန်သော တိုက်ပွဲတစ်ခု ဖြစ်ပွားလေ၏။

ဂိမ်းမာများ၏ တိုက်ခိုက်ရေးစွမ်းရည်များသည် မွေးကင်းစကလေးများအဆင့်သာ ရှိသည်။ သို့သော် ၎င်းတို့၏ လူအင်အားအရေအတွက်များမှုနှင့် ပြန်လည်ရှင်သန်နိုင်ရန် ကုန်ကျစရိတ်နည်းပါးမှုကြောင့် ထပ်ခါတလဲလဲ တိုက်ပွဲဝင်ခြင်းဖြင့် ၎င်းတို့၏ စွမ်းရည်များသည် တဖြည်းဖြည်း တိုးတက်လာနိုင်မည်။ သေဆုံးမှုဆိုသည်မှာ အကြိမ်အနည်းငယ်သာ ဖြစ်ပေါ်မည်သာဖြစ်သည်။

သိုးအုပ်လို စုပြုံနေသော ဂိမ်းမာများသည် ပင့်ကူအုပ်စုများ ထွက်ပေါ်လာသည်နှင့် ထိတ်လန့်စွာ အော်ဟစ်ကြသည်။ ဝရုန်းသုန်းကားဖြစ်နေရင်းမှာပင် ဂိမ်းမာအချို့ကို ကြက်ပေါက်ကလေးများနှယ် ပင့်ကူများက ဖမ်းဆီးခေါ်ဆောင်သွားကြသည်။ အချို့မှာ ကြောက်လန့်ထိတ်လန့်စွာ ထိန်းမနိုင်သိမ်းမရ ဓားတိုများကို ဝှေ့ယမ်းရင်း ခုခံကြသည်။ သို့သော် ၎င်းတို့သည် လျင်မြန်စွာ မြေပြင်သို့ လဲကျသွားပြီးနောက် ဒဏ်ရာများကြောင့် သတိလစ်သွားသူရှိသလို သေဆုံးသွားသူလည်း ရှိသည်။ ပင့်ကူအချို့သည် ဂိမ်းမာများ၏ ဓားဒဏ်ရာများကြောင့် ဒဏ်ရာရရှိသော်လည်း သေဆုံးမှုမရှိဘဲ လျင်မြန်စွာ ပြန်လည်ဆုတ်ခွာသွားကြသည်။

အာသာသည် ယခင်တိုက်ပွဲထက် ယခုတစ်ကြိမ်တွင် ပိုမိုတည်ငြိမ်စွာ တိုက်ခိုက်နိုင်သည်။ ၎င်း၏ စွမ်းရည်နှင့် သွက်လက်မှုသည် အခြားဂိမ်းမာများထက် သာလွန်သည်။ သို့သော် ပင့်ကူများကို အလွယ်တကူ သတ်ဖြတ်နိုင်ရန်တော့ မလုံလောက်သေးပေ။ အခြားဂိမ်းမာများ၏ ခန္ဓာကိုယ်များသည် ဒိုင်းကာသဖွယ် အသုံးဝင်သော်လည်း သူသည် ပင့်ကူများကို ဒဏ်ရာအနည်းငယ်သာ ပေးနိုင်ခဲ့သည်။

တိုက်ပွဲသည် လုံးဝတဖက်သတ်ဖြစ်နေ၏။ ဂိမ်းမာများမှာ ပျော်ရွှင်ရမည့်အစား ပင့်ကူများက ၎င်းတို့ကို အစာအဖြစ် လှီးဖြတ်ခံနေရသည်။ ဂိမ်းမာများသည် ဤသတ္တဝါများအတွက် အစာသာသာဖြစ်နေ၏။

ဂိမ်းမာများ တစ်ဦးပြီးတစ်ဦး ဖမ်းဆီးခေါ်ဆောင်ခံရပြီး‌နောက် ပင့်ကူများကို ခုခံရန် သို့မဟုတ် ပစ္စည်းများနှင့် လဲကျသွားသော ရဲဘော်များကို ပြန်လည်ရယူရန် မဖြစ်နိုင်တော့ပေ။ ဖမ်းဆီးခံရလိုက်သူများသည် ဇာတ်ကောင်အသစ်များ ဖန်တီးရန်သာ တတ်နိုင်ကြသည်။

“ဘရု။” အရှင်ရှားလော့ခ်သည် မှော်မျက်နှာပြင်မှတစ်ဆင့် ဂိမ်းမာများ ရှုံးနိမ့်နေသည်ကို ကြည့်ရင်း ဘရုအား မေးလိုက်၏။ “ဒီတခြားလောကဂိုဘလင်တွေက ဒီလိုဂိမ်းမျိုးကို တကယ်နှစ်သက်တယ်ဆိုတာ သေချာလား။ စားခံရတာ၊ ပြုတ်ကျသေတာနဲ့ အူတွေထွက်ကျတာတွေကနေ သူတို့က ပျော်ရွှင်မှု ရလို့လား။”

“တခြားလောကမှာ ပျော်ရွှင်မှုဆိုတာ သိပ်မရှိပါဘူး။ ဒါပေမယ့် ဒီလောကမှာတော့ အနည်းငယ်ရှိပါတယ်။ ‘ဆီကီရို’၊ ‘ဆိုးလ်’ စီးရီးနဲ့ ‘ဘလတ်ဘုန်း’ ဆိုတာတွေက တခြားလောကမှာဆို အတော်လူကြိုက်များပါတယ်။” ဘရုက ချက်ချင်း ပြန်ဖြေလိုက်သည်။

“သူတို့လောကမှာရော တိုက်ခိုက်ရေးမရှိဘူးလား။ သူတို့က အားနည်းတာတော့ မှန်ပေမယ့် မြေအောက်ပင့်ကူတွေရဲ့ လှီးဖြတ်မှုကို ခံနေရပုံက အရမ်းညံ့လွန်းနေတယ်ဆိုတာကို ပြနေတယ်…” အရှင်ရှားလော့ခ်က အံ့ဩတကြီး ပြောလိုက်၏။

“တိုက်ခိုက်ရေးလား။ ရှိတာပေါ့။ ဒါပေမယ့် သူတို့ရဲ့ ပြိုင်ဘက်တွေက ကျွန်တော်တို့နဲ့ မတူပါဘူး။ သူတို့ရဲ့ ပြိုင်ဘက်တွေကတော့ သင်္ချာ၊ ရူပဗေဒ၊ ဓာတုဗေဒ၊ မမြင်ရတဲ့ စည်းမျဉ်းတွေ၊ ပိုမိုကောင်းမွန်တဲ့ ဘဝအတွက် ရုန်းကန်မှု၊ ချမ်းသာသူတွေရဲ့ အထူးအခွင့်အရေးဆုံးရှုံးမှုတွေပဲ။ ဒါတွေက အသက်အန္တရာယ်မရှိတာမို့ သူတို့ရဲ့ တိုက်ခိုက်ရေးစွမ်းရည်တွေက အားနည်းနေတာပါ။” ဘရုက ရှင်းပြလိုက်သည်။ ထို့နောက် စိုးရိမ်တကြီးဖြင့် ဆက်ပြော၏။ “အရှင်ရှားလော့ခ်၊ ဒီလို တစ်ဖက်သတ် သတ်ဖြတ်ခံရမှုတွေ ဆက်ဖြစ်နေမယ်ဆိုရင် ဂိမ်းမာတွေ ဂိမ်းထဲက ထွက်သွားကြမှာ စိုးရိမ်ပါတယ်…”

“ဂိမ်းထဲက ထွက်သွားတယ်ဆိုတာ ဘာလဲ။” အရှင်ရှားလော့ခ်က အဓိကပြဿနာကို ခံစားမိရင်း မေးလိုက်သည်။

“ဒီလောကမှာ ဆိုရင် ပုန်ကန်မှုနဲ့ တူပါတယ်။ ဒီလောကမှာ ဂိုဘလင်တစ်ယောက်ကို ခန့်ထားပြီး လစာကို အချိန်မီ မပေးရင်၊ ဒါမှမဟုတ် ဒန်ဂျင်ရဲ့ အဆောက်အဦတွေ ပြည့်စုံမှုမရှိရင် ဂိုဘလင်က ဒန်ဂျင်ကို ချက်ချင်း စွန့်ခွာသွားပါလိမ့်မယ်။ တခြားလောကက ဂိမ်းမာတွေကတော့ လစာနဲ့ အဆောက်အဦတွေကြောင့် ပုန်ကန်မှာ မဟုတ်ပေမယ့် သူတို့အတွက် ပျော်ရွှင်မှု မရှိရင်တော့ ထွက်သွားကြမှာပါ။”

အရှင်ရှားလော့ခ်သည် မျက်မှောင်ကြုတ်လိုက်၏။ ဒန်ဂျင်အရှင်တစ်ဦး ဖြစ်ရန် မလွယ်ကူပေ။ အရည်အချင်းပြည့်ဝသော ဒန်ဂျင်အရှင်တစ်ဦး ဖြစ်ရန်မှာ ပိုမိုခက်ခဲသည်။

ခေတ်ကာလများ ပြောင်းလဲလာပြီ။ ဒန်ဂျင်အရှင်များသည် ၎င်းတို့၏ အစေခံများကို စိတ်တိုင်းကျ သတ်ဖြတ်နိုင်သည့် အမှောင်ခေတ်မျိုး မဟုတ်တော့ပေ။ အစေခံများအပေါ် ရက်စက်စွာ ဆက်ဆံသော ဒန်ဂျင်အရှင်များသည် မြေအောက်လောက၏ သတ္တဝါများကြားတွင် အမည်ပျက်စာရင်းဝင်ကြသည်။ ထိုသို့သော ဒန်ဂျင်များတွင် မည်သူမျှ အလုပ်လုပ်လိုကြမည် မဟုတ်ပေ။ ဒန်ဂျင်အရှင်များသည် အစေခံများကို လစာပေးရပြီး ဈေးကြီးသော လိုအပ်ချက်ပြည့်စုံသော အဆောက်အဦများ ပြင်ဆင်ပေးရသည်။ အရှင်ရှားလော့ခ်အတွက် လစာနှင့် အဆောက်အဦများ မလိုအပ်သည့် တခြားလောကမှ ဂိုဘလင်များကို ရရှိရန်သည် မလွယ်ကူသည့်ကိစ္စဖြစ်သည်။ ၎င်းတို့သည် သေဆုံးပြီးနောက်တွင်လည်း အကန့်အသတ်မရှိ ပြန်လည်ရှင်သန်နိုင်သည်။ ၎င်းတို့လိုအပ်သည်မှာ သတ္တုဒင်္ဂါးများနှင့် ဂုဏ်သတင်းစနစ်တစ်ခုသာဖြစ်ပြီး ထိုအရာများက ၎င်းတို့ကို ကြီးကြပ်မှုမလိုဘဲ အလုပ်ကြိုးစားလုပ်ဆောင်စေသည်။

ရှေးခေတ်ကျွန်များနှယ် အလကားနှင့် အဆက်မပြတ်ရရှိနိုင်သော လုပ်သားအင်အားမျိုးဟု ဆိုရမည်။ ယခုကဲ့သို့ ဆက်လက်ဖြစ်ပေါ်နေပါက ဂိမ်းမာများသည် ဒန်ဂျင်ကို စွန့်ခွာသွားနိုင်သည်ဟု ပြောနေသည်လော။

အရှင်ရှားလော့ခ်သည် ပြဿနာကြီးမားပုံကို သဘောပေါက်လိုက်၏။ အလကားလုပ်သားအင်အားပေးနေသော တခြားလောကမှ ဂိုဘလင်များ ထွက်ခွာသွားပါက သာမန်ဂိုဘလင်များကို ခန့်ထားရန်အတွက် လစာ၊ အဆောက်အဦများနှင့် ဖျော်ဖြေရေးအတွက် ကြီးမားသော ကုန်ကျစရိတ်များ ကုန်ရလိမ့်မည်။ ထိုသို့သောအရာသည် အရှင်ရှားလော့ခ်လိုချင်သောအရာ မဟုတ်ပေ။ ၎င်းအတွက် သာမန်ဂိုဘလင်ငါးဦးမှ ဆယ်ဦးအထိသာ ထောက်ပံ့နိုင်သည့်အဆင့်သာရှိသည်။

“အရှင်ရှားလော့ခ်၊ အရှင့်သစ္စာရှိအစေခံတစ်ဦးအနေနဲ့၊ အကြံပြုချက်တချို့ ပေးရမယ်လို့ ခံစားရပါတယ်။ ဂိမ်းမာတွေဟာ စိန်ခေါ်မှုတွေကို နှစ်သက်ပေမယ့် သူတို့ရဲ့ အပြည့်အဝကြိုးစားမှုနဲ့တောင် စိန်ခေါ်မှုကို ကျော်လွှားဖို့ အခွင့်အရေးမရှိရင် သူတို့ရဲ့ တိုက်ပွဲဝင်စိတ်ဓာတ်ဟာ လျော့ပါးသွားပါလိမ့်မယ်။ ဒါပေမယ့် သူတို့ရဲ့ ကြိုးစားအားထုတ်မှုနဲ့ ပိုမိုသန်မာလာပြီး စိန်ခေါ်မှုတွေကို ကျော်လွှားနိုင်တဲ့ အခွင့်အလမ်းတွေ တိုးလာမယ်ဆိုရင်တော့ သူတို့ရဲ့ ထပ်ခါတလဲလဲ သေဆုံးမှုတွေဟာ သူတို့ရဲ့ တိုက်ပွဲစိတ်ဓာတ်ကို ပိုမိုလှုံ့ဆော်ပေးပါလိမ့်မယ်။” ဘရုက ပြောလိုက်သည်။

“သူတို့ကို ဒီလို ဆက်သေဆုံးခွင့်မပြုနိုင်ဘူး။ ဂိမ်းထဲက ထွက်သွားမှာ ဘေးဖယ်ထားရင်တောင်၊ ငါ့ရဲ့ ကြေးဒင်္ဂါးတွေအားလုံးဟာ သူတို့ရဲ့ ဆုံးရှုံးသွားတဲ့ ပစ္စည်းတွေကို ပြန်ဝယ်ဖို့တောင် မကာမိလောက်ဘူး။” အရှင်ရှားလော့ခ်သည် နေရာရွှေ့ပြောင်းစာလိပ်တစ်ခုကို ထုတ်ယူလိုက်ပြီး ဘရုအား ပြောလိုက်၏။ “သူတို့ ဒီတစ်ခေါက် ဆိုးဆိုးရွားရွား ရှုံးနိမ့်သွားကြလိမ့်မယ်။ သူတို့ကို နှစ်သိမ့်ပေးထားပါ။ ငါ ဆောင်းတောင်ကုန်းမြို့ကို ခဏသွားလိုက်မယ်။ စွမ်းရည်သင်တန်းဆရာ ရှာရမယ်… သူတို့က ဒါကို နည်းပြလို့ ခေါ်ကြတယ် မဟုတ်လား။”

အရှင်ရှားလော့ခ်သည် နေရာရွှေ့ပြောင်းစာလိပ်ကို ဆုတ်ဖြဲလိုက်ပြီး ပျောက်ကွယ်သွားသည်။ ဘရုကမူ မတတ်နိုင်သလို ပြောလိုက်၏။ “နှစ်သိမ့်ပေးရမယ်ပေါ့။ စွန့်စားမှုဆုချီးမြှင့်ဖို့ ကြေညာချက်ထုတ်လိုက်ရင် ကောင်းမလား။ တစ်ယောက်ကို ကြေးဒင်္ဂါးဆယ်ပြားပေးမယ်။ ဖြစ်နိုင်မယ်ထင်တာပဲ…”

အရှင်ရှားလော့ခ်သည် စွမ်းရည်သင်တန်းဆရာကို ရှာဖွေနေစဉ် စွန့်စားသူသုံးဆယ်အနက် ဆယ်ဦးသာ ဒန်ဂျင်သို့ ပြန်ရောက်လာပြီး ၎င်းတို့မှာလည်း ဆိုးဆိုးရွားရွား ဒဏ်ရာရထားကြသည်။ သေဆုံးသွားသူများကမူ ၎င်းတို့၏ ဇာတ်ကောင်အသစ်များကို ဖန်တီးနေကြသည်။ ဒဏ်ရာပြင်းထန်စွာ ရရှိထားသူများသည် မြေပြင်ပေါ်တွင် ညည်းညူနေကြသည်။ ၎င်းတို့သည် နာကျင်မှုကို မခံစားရသော်လည်း ဂိမ်း၏ အငွေ့အသက်ကို ထိန်းသိမ်းရန် အနည်းငယ် ညည်းညူကြသည်။

ဤစွန့်စားမှုသည် အကြီးအကျယ် ရှုံးနိမ့်မှုဖြစ်သွားသည်။ ဂိမ်းမာများအကြား စိတ်ဓာတ်ကျမှုနှင့် မျှော်လင့်ချက်မဲ့မှု ခံစားချက်များ ပျံ့နှံ့လာပြီး ဂိမ်းသည် အလွန်ခက်ခဲလွန်းသည်ဟု ညည်းညူကြသည်။

“တိုက်ခိုက်ရေးက အရမ်းကို လက်တွေ့ဆန်နေတော့ မျှော်လင့်ချက်တောင် မရှိတော့ဘူး။ ပင့်ကူကို ဘယ်နားမှာ ဓားနဲ့ထိုးရမှန်းတောင် မသိဘူး။”

“ပင့်ကူက ငါ့ကို သေအောင်လန့်သွားစေတယ်။”

“သုံးဆယ်နဲ့ မလုံလောက်ဘူးဆိုရင် အယောက်တစ်ရာလောက် စုရမယ်မဟုတ်လား။”

“ဒါက စိတ်ညစ်စရာပဲ။ ငါ့ခြေထောက်တစ်ဝက်လောက်ကို ကိုက်စားခံလိုက်ရပြီး မထနိုင်တော့ဘူး။ ရှားလီ ဘယ်မှာလဲ။ သူက ငါ့ကို ကုသပေးနိုင်မလား။”

ဒန်ဂျင်အတွင်း ဆူညံပြီး ရှုပ်ထွေးနေ၏။ ထောင့်တစ်နေရာတွင်ရှိသော ဖယ်ရီမလေးသည် သွေးသံတရဲရဲ မြင်ကွင်းကို ကြည့်ရင်း ထိတ်လန့်နေ၏။ ဤဂိုဘလင်များသည် သွေးများဖုံးလွှမ်းနေသော်လည်း ပေါ့ပေါ့ပါးပါး ရယ်မောနေကြသည်။ ဤသို့သော ကြောက်မက်ဖွယ်သတ္တဝါများက ဘာများဖြစ်နိုင်မည်နည်း။ ၎င်းတို့ကို ဖော်ရွေသည်ဟု ထင်ခဲ့မိသည်မှာ မှားယွင်းလှသည်။

ဂိမ်းမာများသည် ၎င်းတို့၏ မအောင်မြင်သော စွန့်စားမှုကြောင့် စိတ်ရှုပ်ထွေးနေကြစဉ် ဘရု၏ အသံကို ၎င်းတို့၏ စိတ်ထဲတွင် ကြားလိုက်ရသည်။

“ဖုံးကွယ်ထားသော မစ်ရှင်လိုအပ်ချက်များကို ပြီးမြောက်အောင်မြင်သွားသည့်အတွက် ဂုဏ်ယူပါသည်။ ပါဝင်သူတိုင်းသည် ဂုဏ်သတင်းရမှတ် တစ်ရာ၊ ကြေးဒင်္ဂါးဆယ်ပြားနှင့် နီးကပ်တိုက်ခိုက်ရေးစွမ်းရည်ကို အခမဲ့ မြှင့်တင်နိုင်သည့် အခွင့်အရေးတစ်ခု ရရှိမည်ဖြစ်သည်။ အသေးစိတ်အချက်အလက်များအတွက် တရားဝင်ဝက်ဘ်ဆိုက်ရှိ ကြေညာချက်ကို စောင့်ပါ။”

အသံပို့လွှင့်စနစ်၏ အသံကို ကြားလိုက်ရသည်နှင့် ဂိမ်းမာများသည် တက်ကြွစွာ အော်ဟစ်လိုက်ကြသည်။ ၎င်းတို့၏ စိတ်ဓာတ်ကျမှုနှင့် မျှော်လင့်ချက်မဲ့မှုများလည်း ပျောက်ကွယ်သွားသည်။ ၎င်းတို့၏ တိုက်ခိုက်ရေးစွမ်းရည်များကို မည်သို့မြှင့်တင်ရမည်ကို မသိသော်လည်း စွမ်းရည်များ တိုးတက်ပြီး ပင့်ကူဂူကို ထပ်မံစိန်ခေါ်ရန် ၎င်းတို့သည် စိတ်အားထက်သန်နေကြသည်။

အရှင်ရှားလော့ခ်သည် ဆောင်းတောင်ကုန်းမြို့သို့ ပြန်ရောက်လာသည်။ ဦးတည်ရာကို ဆုံးဖြတ်ပြီးနောက် ဈေးဆိုင်တန်းများနှင့် ဆန့်ကျင်ဘက်သို့ လျှောက်သွားသည်။ ၎င်းသည် ရှားပါးသော အဆင့်မြင့်သူများကို ခန့်အပ်ရန်အတွက် အထူးအရည်အချင်းဈေးကွက်ဆီသို့ ဦးတည်နေ၏။

All Chapters