အထူးမစ်ရှင်
Vol. 2 Ch. 17
ဘဝအလှအပ ခံစားတတ်သူ ဂိမ်းမာ၊ ရှုခင်းကြည့်သူ၊
ရှားလော့ခ်သည် ဤအသစ်ထွက်ပေါ်လာသော ဝေါဟာရနှစ်ခုအပေါ် စိတ်ဝင်စားမိ၏။ ဘရုက ရှင်းပြသောအခါ ရှားလော့ခ် ချက်ချင်းပင် သဘောပေါက်သွားသည်။ ထိုဂိမ်းမာသည် ငြိမ်းချမ်းရေးကို ချစ်မြတ်နိုးသူဖြစ်ပြီး တိုက်ခိုက်ခြင်း မဟုတ်သော စိုက်ပျိုးခြင်းနှင့် ပန်းပဲလုပ်ငန်းကဲ့သို့သော လုပ်ငန်းများပေါ် စိတ်ဝင်စားသူ ဖြစ်သည်။ ထို့အပြင် ထိုဂိမ်းမာသည် ရှုခင်းများကို ကြည့်ရှုခံစားရခြင်းအား နှစ်သက်သူတစ်ဦးလည်း ဖြစ်သည်။
ရှားလော့ခ်က တူးဖော်ထားသော ဥမင်လိုဏ်ခေါင်းများ၊ ဒိုင်ယမွန်ဆင်းပုံများ၊ ပန်းပဲဖို အပြင်ဘက်၌ စွန့်ပစ်သတ္တုများကဲ့သို့ ပုံနေသော ဆင်းဘ၏ ထုလုပ်ထားသည့် လက်နက်များနှင့် ကိရိယာများကို ကြည့်လိုက်၏။ ဒီနေရာတွင် ဘယ်လိုရှုခင်းများ ရှိနေပါသနည်း။
ရှားလော့ခ်သည် သူ၏ အစေခံများ လုပ်ဆောင်နေသော လုပ်ငန်းများကို ဝင်ရောက်စွက်ဖက်ရန် ရည်ရွယ်ချက်မရှိပေ။ သူတို့ ဒန်ဂျင်၏ ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုနေသရွေ့ သူတို့ တိုက်ခိုက်ခြင်း၊ စိုက်ပျိုးခြင်းနှင့် ပန်းပဲလုပ်ငန်းလုပ်ခြင်းတို့ကို ထောက်ခံအားပေး၏။ သူတို့ အထောက်အကူမပြုသည့်တိုင်အောင် သူ ဂရုမစိုက်ပေ။ အဘယ်ကြောင့်ဆိုသော် ဂိမ်းမာများကို လစာပေးရန် မလိုအပ်သောကြောင့် ဖြစ်သည်။ ထိုဂိမ်းမာက ယခု ပန်းများ စိုက်ပျိုးနေသည်။ နောင်တွင် ထိုဂိမ်းမာသည် ဖယ်ရီမလေးနှင့်အတူ ဆေးဖက်ဝင်အပင်များကို စိုက်ပျိုးနိုင်ပေလိမ့်မည်။ ဖယ်ရီမလေးက သူ့အတွက် အလုပ်လုပ်ပေးလိုခြင်းရှိ၊မရှိကို ရှားလော့ခ် စိတ်မပူပေ။ သူ့၌ အချိန်များစွာ ရှိနေ၏။
ဂိမ်းမာများသည် လေ့ကျင့်ရေး စတင်ခဲ့ရုံသာ ရှိသေးသောကြောင့် ပင့်ကူဂူတွင် အသက်ရှင်ရပ်တည်နိုင်ရန် အခြေခံတိုက်ခိုက်ရေးစွမ်းရည်များ ရရှိဖို့ နောက်ထပ် ရက်အနည်းငယ် လိုအပ်ဦးမည် ဖြစ်သည်။ ရှားလော့ခ်က ဤအသေးအဖွဲကိစ္စများကို ဘေးဖယ်ထားလိုက်ပြီး ဒန်ဂျင်အတွက် စတင် စီစဉ်တော့သည်။
ဒန်ဂျင်ရှိ တစ်ခုတည်းသော အဆောက်အဦမှာ ဒန်ဂျင်အမြုတေ အဓိကခန်းမ ဖြစ်ပြီး သူ ဝယ်ယူခဲ့စဉ်ကတည်းက ဆောက်လုပ်ပြီးသား ဖြစ်သည်။ အဓိကခန်းမ အပြင်ဘက်တွင် ပန်းပဲဖို ရှိသည်။ အနောက်ဘက် တူးဖော်ထားသည့်နေရာကို စားနပ်ရိက္ခာသိုလှောင်ခန်းအဖြစ် အသုံးပြု၏။ တောင်ဘက် တူးဖော်ထားသည့်နေရာကို ပန်းခင်းများနှင့် စိုက်ခင်းများအတွက် အသုံးပြု၍ အရှေ့ဘက် တူးဖော်သည့်နေရာကို လေ့ကျင့်ရေးကွင်းအဖြစ် အသုံးပြုသည်။ ဂိုဘလင်တစ်ရာ၏ အဖွဲ့လိုက် အနားယူခန်းများ တူးဖော်ခြင်းမှာ ဆက်လက်ဆောင်ရွက်ဆဲ ဖြစ်သည်။ ပြီးစီးရန် အချိန် အနည်းငယ် လိုဦးမည် ဖြစ်ချေ၏။
ရှားလော့ခ်သည် အနားယူခန်းများအတွက် ပရိဘောဂများ ဝယ်ယူရမည် ဖြစ်သည်။ နှစ်ထပ်အိပ်ရာများမှာ အတော်အတန် ကုန်ကျလိမ့်မည်။ ရှားလော့ခ်၏ ကတ်ထဲရှိ မှော်ကျောက်တုံး ၅၀၀ ကို ဤပရိဘောဂများ ဝယ်ယူရန် အသုံးပြုရမည် ဖြစ်ပေသည်။
ဒန်ဂျင်သည် ဖွံ့ဖြိုးတိုးတက်ရေး လမ်းကြောင်းပေါ်သို့ ရောက်ရှိနေပြီဖြစ်ပြီး နတ်ဆိုးဘုရင်၏ ဒန်ဂျင် ဖြစ်လာစေမည့် ရှားလော့ခ်၏ ကြီးကျယ်ခမ်းနားသော ရည်မှန်းချက်နှင့် ခြေတစ်လှမ်း ပိုနီးကပ်လာပြီ ဖြစ်ချေ၏၊
ရှားလော့ခ် ဒန်ဂျင်၏ နယ်မြေအသစ်များအတွက် စီစဉ်နေစဉ် ဂိမ်းမာများသည် လေ့ကျင့်ရေးက အလွန်ကြမ်းတမ်းသောကြောင့် သူတို့၏ ကန့်သတ်ချက်များထက် ကျော်လွန်ကာ ကြိုးစားလေ့ကျင့်နေကြရသည်။
မိုရိုးစ်သည် ငယ်ရွယ်စဉ်က မှတ်တမ်းဝင် ဒဏ္ဍာရီလာ ကြမ်းတမ်သော စစ်သည်တော်ပြိုင်ပွဲဝင် ဖြစ်ခဲ့သောကြောင့် အရည်အချင်း ရှိချေ၏။ သူ ပါဝင်ယှဉ်ပြိုင်ခဲ့သည့် ပြိုင်ပွဲသည် အနိမ့်ဆုံး အဆင့်ဖြစ်သော်လည်း ဂိုဘလင်များကို လေ့ကျင့်ပေးရန်အတွက်မူ လုံလောက်သည်ထက်ပင် ပိုနေပေသည်။
မိုရိုးစ်သည် ဆင်းဘထံမှ ဓားတိုနှင့် ချပ်ဝတ်ကို ရယူပြီး ဂိမ်းမာအနည်းငယ်နှင့်အတူ လေ့ကျင့်သည်။ သူတို့သည် မိုရိုးစ်နှင့် ယှဉ်၍မရ ဖြစ်ကြပြီး ပြင်းထန်စွာ အရိုက်ခံရသည်။ ရဲရင့်သော အာသာပင် အနိုင်ယူခံရပြီး မိုရိုးစ်၏ ခြေဖဝါးအောက်၌ နင်းခြေခံလိုက်ရချေ၏။ မိုရိုးစ်က “မင်းတို့က ငါ သင်တန်းပေးခဲ့ဖူးတဲ့ သင်တန်းသားတွေထဲမှာ အညံ့ဆုံးပဲ၊” ဟု မှတ်ချက်ပြုသည်။
ဤသည်မှာ စော်ကားခြင်း မဟုတ်ဘဲ အမှန်တရား ဖြစ်၏။ မိုရိုးစ်သည် ယခင်က ဂိုဘလင်များကို သင်တန်းသားအဖြစ် မထားဖူးပေ။ သူ စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားပြီး ဂိုဘလင်များထံမှ များစွာ မျှော်လင့်မထားသော်လည်း ဂိုဘလင်များမှာ ဆိုးရွားလွန်းလှသည်ဖြစ်ရာ ညံ့ဖျင်းသည်ဟုပင် ဖော်ပြ၍ မရချေ။ သာမန်ဂိုဘလင်များက စွမ်းရည်မရှိသည့်တိုင် ဓားတစ်ချောင်းကို ဆုပ်ကိုင်၍ မျက်လုံးမှိတ်ပြီး ခုတ်ပိုင်းနိုင်သေးသည်။
ဤဂိမ်းမာများသည် ဓားကို မြဲမြဲပင် မကိုင်တွယ်နိုင်ကြသလို၊ အရေးကြီးဆုံးမှာ တိကျစွာပင် ခုတ်ပိုင်းမတတ်ခြင်းပင် ဖြစ်သည်။
မိုရိုးစ်သည် ဂိမ်းမာနှစ်ဦးကို လက်နက်များဖြင့် အချင်းချင်း ယှဉ်ပြိုင်စေသည်။ ထိုဂိမ်းမာနှစ်ဦးသည် သူတို့၏ လက်နက်များကို ကိုင်ကာ ဓားချင်းထိသံများထွက်အောင် ခုတ်ပိုင်းကြသော်လည်း ဓားများသည် ကိုယ်ခန္ဓာကို ပစ်မှတ်မထားဘဲ အချင်းချင်း၏ ဓားများကိုသာ ပစ်မှတ်ထားနေကြရာ တိုက်ခိုက်ခြင်း၏ အနှစ်သာရကို လွဲချော်နေ၏။ မိုရိုးစ်က သူတို့က ခြွင်းချက်ဖြစ်မည်ဟု ထင်ပြီး ဂိမ်းမာများစွာကို ထပ်ခေါ်ကာ တိုက်ခိုက်စေသော်လည်း ရလဒ်က အတူတူပင်။ ပြိုင်ဘက်၏ အရေးကြီးသည့်နေရာများကို ပစ်မှတ်ထားသည့် ဂိမ်းမာ အနည်းငယ်မှလွဲ၍ ဂိမ်းမာအများစုသည် မည်သည့်နေရာကို ထိုးရမည်မှန်းပင် မသိကြပေ။
နဖူးတွေ့ဒူးတွေ့ တိုက်ခိုက်ရာ၌ မည်သည့်နေရာကို ထိုးရမည်မှန်း မသိပါက အကျိုးရလဒ်မှာ အလွန်ဆိုးဝါးပေလိမ့်မည်။
“မင်းတို့ ဓားတစ်ခါမှ မသုံးဖူးဘူးလား။ မင်းတို့ ပြိုင်ဘက်တွေကို တစ်ခါမှ မခုတ်ဖူးဘူးလား”
မိုရိုးစ်က ဂိမ်းမာများကို ကြည့်ပြီး သူတို့ထဲမှ တစ်ဦးတစ်ယောက်မျှ အမှန်တကယ် တိုက်ခိုက်ရေး အတွေ့အကြုံ မရှိသည်ကို မယုံနိုင် ဖြစ်နေသည်။
တစ်စုံတစ်ဦး ရှေ့ထွက်လာပြီး “နည်းပြ၊ ကျွန်တော်တို့က အတွေ့အကြုံမရှိသေးတဲ့သူတွေပါ၊ ဒီကို ရောက်တာလည်း ရက်အနည်းငယ်ပဲ ရှိပါသေးတယ်။ ဒါက ကျွန်တော်တို့ရဲ့ ပထမဆုံး တိုက်ခိုက်ရေးသင်တန်းပါ” ဟု ပြောဆို၏။
“ကျွန်တော် ဂိုဘလင်ကို တစ်ခါမှ မခုတ်ဖူးပါဘူး၊ ဒါပေမယ့် ပင့်ကူတွေကိုတော့ ခုတ်ဖူးပါတယ်၊”
“ဟုတ်တယ်၊ ဟုတ်တယ်၊ ကျွန်တော်တို့ ပင့်ကူတွေနဲ့ တိုက်ခိုက်ဖူးပါတယ်၊”
မိုရိုးစ် စိတ်ဝင်စားသွား၏။ ဒါဆို သူတို့တွင် ပင့်ကူများနှင့် တိုက်ခိုက်ဖူးသည့် အတွေ့အကြုံ ရှိသည်ပေါ့။ ရလဒ်က ဘာလဲ။
ဂိမ်းမာများက သူတို့ ပင့်ကူဂူသို့ စွန့်စားခန်း ထွက်ခဲ့ကြသည့်အကြောင်း ပြန်ပြောပြကြသည်။ ၎င်းသည် သတ်ဖြတ်ခံရခြင်းသက်သက်သာ ဖြစ်၏။ သူတို့ ပင့်ကူများနှင့် တိုက်ခိုက်ခဲ့ကြသော်လည်း ကြောက်လန့်နေခဲ့ကြပြီး မျက်လုံးပင် ဖွင့်ရန် မဝံ့ရဲခဲ့ကြပေ။ ထိုအစား သူတို့သည် သူတို့၏ ဓားများဖြင့် ပတ်ဝန်းကျင်ကို ရမ်းသမ်းခုတ်ပိုင်းခဲ့ကြ၏။ သူတို့ ပစ်မှတ်ကို ထိမှန်ခဲ့သည်များမှာ ကံကောင်းခြင်းသက်သက်သာ ဖြစ်သည်။
မိုရိုးစ် ဂိမ်းမာများ၏ ပြောပြချက်ကို နားထောင်ပြီး နားလည်သွား၏။ သူတို့၏ စွန့်စားခန်းဆိုသည်မှာ ပင့်ကူများ၏ သားသတ်ပွဲ ဖြစ်သည်။ မိုရိုးစ်က အရှင်ရှားလော့ခ်က သူတို့ကို ပင့်ကူများ၏ အစာအဖြစ် လွှတ်လိုက်သည့် အကြောင်းရင်းကို နားမလည်သော်လည်း သူ၏ မစ်ရှင်မှာ သူတို့ကို စစ်သည်တော်များအဖြစ် လေ့ကျင့်ပေးရန် ဖြစ်သည်ကိုတော့ သူ သိသည်။ ဂိမ်းမာများက ထိုမျှ သတ္တိနည်းနေကြသည်ဖြစ်ရာ အရည်အချင်းပြည့်ဝသော စစ်သည်တော်များ ဖြစ်လာနိုင်မည် မဟုတ်ပေ။
မိုရိုးစ်သည် တိုက်ခိုက်နည်းများ၊ ဓားကိုင်ပုံများနှင့် အခြေခံဓားပညာ သင်ကြားပေးခြင်းအပြင် တစ်လအတွင်း သူတို့ကို စစ်သည်တော်များအဖြစ် လေ့ကျင့်ပေးနိုင်ရန်အတွက် လက်တွေ့တိုက်ခိုက်ရသည့် အခြေအနေများကို အသုံးပြု၍ သူတို့၏ တိုက်ခိုက်ရေးစွမ်းရည်များကို ထက်မြက်အောင် လေ့ကျင့်ပေးရမည်ဟူသော အချက်ကို သဘောပေါက်လိုက်သည်။
မိုရိုးစ်သည် သူ၏ အလုပ်ကို ဆုံးရှုံးလိုခြင်း မရှိပေ။ သူ၌ တစ်လတာ အစမ်းခန့်ကာလသာ ရှိသည်။ သူသာ ဂိမ်းမာများကို စစ်သည်တော်များအဖြစ် လေ့ကျင့်ပေးနိုင်ခြင်း မရှိပါက အရှင်ရှားလော့ခ်အား သူ၏ တန်ဖိုးကို မည်သို့ သက်သေပြနိုင်မည်နည်း။ မှော်ကျောက်တုံးနှစ်ဆယ် လစာမှာ ဤနေရာ၌သာ ရနိုင်ပေမည်။ ဂိုဘလင်များသည် အလုပ်ကြမ်းများအတွက် ရည်ရွယ်ထားသောကြောင့် တိုက်ခိုက်ရေး၌ ဂိုဘလင်များကို သင်တန်းပေးမည့် ဒုတိယ ဒန်ဂျင်မျိုး နောက်ထပ်ရှိမည် မဟုတ်ပေ၊
တစ်လအတွင်း သူတို့ကို လေ့ကျင့်ပေးနိုင်ရန်အတွက် လက်တွေ့တိုက်ပွဲကဲ့သို့သော ဆောင်ရွက်မှုများ လိုအပ်သည်။ ဂိမ်းမာများသည် တစ်ဦးချင်း ယှဉ်ပြိုင်ခြင်းဖြင့် သူတို့၏ နည်းစနစ်များကို ထက်မြက်အောင် လုပ်ဆောင်နိုင်သော်လည်း တိုးတက်မှု နှေးကွေးပေမည်။ လျင်မြန်စွာ တိုးတက်နိုင်ရန် အန္တရာယ်ရှိသော တိုက်ခိုက်မှုများကို တွေ့ကြုံခံစားရမည် ဖြစ်သည်။
ဥပမာအားဖြင့် သူတို့သည် အသက်ရှိ မြေအောက်ပင့်ကူ တစ်ကောင်နှင့် တိုက်ခိုက်ရန် လိုအပ်သည်။ မိုရိုးစ်သည် ဂိမ်းမာများကို ပင့်ကူဂူထဲ ခေါ်သွားပြီး ပင့်ကူအရှင်တစ်ကောင်ကို ဖမ်းရန် ဆုံးဖြတ်လိုက်၏။ စစ်သည်တော်ပြိုင်ကွင်းတွင် ပြိုင်ပွဲဝင်များကို လေ့ကျင့်ပေးရန် ၎င်းက သာမန်နည်းလမ်း တစ်ခုပင်။ ပြင်းထန်သော တိုက်ခိုက်မှုများကို ရှင်သန်ခဲ့သူများသာ ထူးချွန်သော စစ်သည်တော်များ ဖြစ်လာကြသည်။
မိုရိုးစ်က သူ၏ အစီအစဉ်ကို ရှားလော့ခ်အား အသိပေးလိုက်၏။ ရှားလော့ခ် ချက်ချင်းပင် သဘောတူသော်လည်း လုံခြုံရေး အစီအမံများ လုံလောက်ရန် လိုအပ်ကြောင်း သတိပေးသည်။
“အရှင်ရှားလော့ခ်၊ စိတ်မပူပါနဲ့၊ ကျွန်တော်မျိုး အရှင့်အစေခံတွေ အသက်စတေးရအောင် မလုပ်ပါဘူး” ဟု မိုရိုးစ်က အခိုင်အမာ ပြောဆိုသည်။
“မဟုတ်ဘူး၊ ငါ မင်းရဲ့ လုံခြုံရေးကို ပြောနေတာ။ မင်း အန္တရာယ်နဲ့ တွေ့ရင် ကိုယ့်ဘာသာကိုယ် ဂရုစိုက်။ ဂိုဘလင်တွေကို စိတ်မပူနဲ့” ဟု ရှားလော့ခ်က ပြောလိုက်သည်။
မိုရိုးစ်သည် ရှားလော့ခ်က သူ့အပေါ် ထိုမျှ စိုးရိမ်ပြီး ဂိုဘလင်များ၏ လုံခြုံရေးအပေါ် ထိုမျှ ပေါ့ပေါ့ဆဆ နေလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။ သူ အလွန်ပင် စိတ်ထဲ ထိမိသွားသည်။
ပထမဆုံး လုပ်ရမည့်အရာမှာ မြေအောက်ပင့်ကူကို ထိန်းချုပ်ရန် ဖြစ်သည်။ ကြီးမားသော လှောင်အိမ် သို့မဟုတ် စစ်သည်တော်ကွင်းတစ်ခု ပြုလုပ်ရန် အချိန်မရှိသော်လည်း ဆင်းဘက ကြီးမားသော သံကြိုးတစ်ချောင်း ပြုလုပ်ပေးနိုင်သည်။ ရှားလော့ခ်သည် ပင့်ကူဂူသို့ သွားပြီး ပင့်ကူတစ်ကောင်ကို ဖမ်းယူလာရန် ရည်ရွယ်ထားသည်။ သူ မထွက်ခွာမှီ မိုရိုးစ်က ရဲစွမ်းသတ္တိအပြည့်ဖြင့် စတင်ပြောလာသည်။ “ဒန်ဂျင်အရှင်၊ ဒီမစ်ရှင်ကို ကျွန်တော်မျိုးကို ပေးလိုက်ပါ၊ ဂိုဘလင်တို့ရဲ့ ခေါင်းဆောင် နည်းပြတစ်ယောက်အနေနဲ့ ကျွန်တော်မျိုးရဲ့ တန်ဖိုးကို သက်သေပြရမှာပေါ့၊ ဒါက ဂိုဘလင်တွေအတွက်လည်း အတွေ့အကြုံ ရပါလိမ့်မယ်"
ရှားလော့ခ်သည် မိုရိုးစ်၏ ခိုင်မာသော ဆုံးဖြတ်ချက်ကို မြင်ပြီး ခေါင်းညိတ်သည်။ ၎င်းသည် မိုရိုးစ်၏ တန်ဖိုးကို စမ်းသပ်ရန် ကောင်းမွန်သော အခွင့်အရေး ဖြစ်ချေ၏။ သူ မြေအောက်ပင့်ကူ တစ်ကောင်ကိုပင် ဖမ်းယူမလာနိုင်ပါက တစ်လလျှင် မှော်ကျောက်တုံးနှစ်ဆယ် တန်ဖိုးရှိမည် မဟုတ်ပေ။
ရှားလော့ခ်၏ ခွင့်ပြုချက် ရရှိပြီးနောက် မိုရိုးစ်သည် လေ့ကျင့်ရေးကွင်းသို့ ပြန်သွားပြီး ပင့်ကူဖမ်းဆီးခြင်းနှင့် ပတ်သက်၍ ဂိမ်းမာများကို အသိပေးလိုက်၏။ သူက “ဘယ်သူ ငါနဲ့ လိုက်ဖို့ ဆန္ဒရှိလဲ။ ငါ သတ္တိအရှိဆုံး ဂိုဘလင်တွေကို လိုချင်တယ်” ဟု မေးလိုက်သည်။
မိုရိုးစ်က ဂိုဘလင်များသည် သဘာဝအားဖြင့် သတ္တိနည်းပြီး စွန့်စားမှုမျိုးကို လုပ်ဆောင်မည် မဟုတ်သောကြောင့် လူအနည်းငယ်သာ ဝင်ပါမည်ဟု မျှော်လင့်ထားခဲ့သည်။ သို့သော် ဂိမ်းမာများအားလုံး သူတို့၏ လက်များကို မြှောက်ကာ “ကျွန်တော်၊ ကျွန်တော့်ကို ရွေးပါ၊” ဟု အော်ဟစ်ကြသည်။
“ဘုရားရေ၊ ဝှက်ထားတဲ့ မစ်ရှင် တကယ်ရှိတာပါလား၊ ငါ ခုနက လေ့ကျင့်ရေးမှာ ပိုပြီး ကြိုးစားခဲ့သင့်တာ၊”
မိုရိုးစ် အံ့အားသင့်သွား၏။ ဒီဂိုဘလင်တွေ... သူတို့ သေရမှာကို မကြောက်ကြဘူးလား။
မိုရိုးစ်သည် သူတို့၏ ရဲစွမ်းသတ္တိကို အထင်ကြီးသွားသော်လည်း သူတို့အားလုံးကို ခေါ်သွား၍ မရပေ။ ဂိုဘလင်များ များလွန်းပါက ပင့်ကူအုပ်ကြီးကို ဆွဲဆောင်မိလိမ့်မည်။ မိုရိုးစ်သည် ဂိုဘလင်ဆယ်ကောင်သာ ခေါ်သွားရန် ရည်ရွယ်ထားသည်။ သူသည် လေ့ကျင့်ရေးစွမ်းဆောင်ရည်အပေါ် အခြေခံ၍ အကောင်းဆုံး ဂိုဘလင်များကို ရွေးချယ်လိုက်သည်။
ရှားလော့ခ်သည် ဤဂိမ်းမာများသည် တိုက်ခိုက်ရေးတွင် အတွေ့အကြုံမရှိသေးသူများ ဖြစ်သည်ဟူသော အချက်ကို စဉ်းစားမိသည်။ သူက ရွေးချယ်ထားသော ဂိမ်းမာများကို ဘရုမှတစ်ဆင့် မစ်ရှင်တစ်ခု ကြေညာပေးလိုက်သည်။
[အထူးမစ်ရှင်: နည်းပြအသစ်၏ လေ့ကျင့်ရေးအကူ
မစ်ရှင် အကျဉ်းချုပ်: စွမ်းရည်လေ့ကျင့်ပေးသူ မိုရိုးစ်က အသက်ရှိ မြေအောက်ပင့်ကူ တစ်ကောင်ကို လေ့ကျင့်ရေးသင်ထောက်ကူအဖြစ် ဖမ်းဆီးရန် ဆုံးဖြတ်ခဲ့သည်။ ရွေးချယ်ခံရခြင်းမှာ ကြီးမားသော ဂုဏ်ယူဖွယ်ရာ ဖြစ်ချေ၏၊ မိုရိုးစ်က မင်းတို့ကို မစ်ရှင် ပြီးဆုံးသည်အထိ ဦးဆောင်ပါမည်။
မစ်ရှင် ဆုလာဘ်: ရွေးချယ်ခံရသော ဂိမ်းမာများသည် ဓားတိုနှင့် ချပ်ဝတ်ကို အခမဲ့ ရရှိပါမည်။ မစ်ရှင် ပြီးဆုံးပြီးနောက် ဂိုဘလင်တစ်ကောင်စီတိုင်း ကြေးဒင်္ဂါး တစ်ရာ ရရှိပါမည်။
ဒန်ဂျင်ဂုဏ်သတင်း ဆုလာဘ်: ၅၀၀ မှတ်။
မှတ်ချက်: မိုရိုးစ် ဒန်ဂျင်သို့ မပြန်ရောက်မီ သေဆုံးသွားပါက မစ်ရှင် ကျရှုံးပါမည်။ မိုရိုးစ် အသက်ရှင်နေသရွေ့ အချိန်ကန့်သတ်ချက် မရှိပါ၊ မစ်ရှင်အား ထပ်ခါတလဲလဲ လုပ်ဆောင်နိုင်ပါမည်။]
အခြားဂိမ်းမာများ၏ မနာလိုသော အကြည့်များအောက်တွင် မိုရိုးစ်က အရွေးချယ်ခံ ဂိမ်းမာများကို ဦးဆောင်ထွက်ခွာရန် ပြင်ဆင်နေစဉ် ရွေးချယ်ခံထားရသော ဂိုဘလင်များ သူ့ကို တစ်ပြိုင်နက်တည်း လှည့်ကြည့်လာကြသည်။
“နည်းပြ၊ ခင်ဗျား မသေစေနဲ့နော်၊ အန္တရာယ်ရှိရင် ထွက်သာပြေးလိုက်ပါ” ဟု ဘောင်းဘီမဝတ်သူက မိုရိုးစ်၏ လက်ကို ဆုပ်ကိုင်ကာ တောင်းပန်နေသယောင် အော်ပြောလိုက်သည်။