အသိစိတ်လွတ်နေသော ဂိမ်းမာများ
Vol. 2 Ch. 28
မမျှော်လင့်ဘဲ ဖြစ်ပွားခဲ့သော မတော်တဆမှုကြောင့် ကုန်သည်အဖွဲ့မှာ ရပ်တန့်သွားသည်။ မတော်တဆမှုတွင် ပါဝင်ခဲ့သော ဘီးတယ်လ်မွန်မှာ ထိတ်လန့်နေပုံရ၏။ အသားများ ကြေမွသွားသံကိုညွှန်းသော "ဘုတ်" ဟူသည့်အသံနောက်တွင် နီရဲသောသွေးများ ပန်းထွက်လာပြီး ဘီးတယ်လ်မွန်၏ ခြေထောက်အောက်တွင် သွေးအိုင်တစ်ခု ဖြစ်ပေါ်လာသည်။
ဘီးတယ်လ်မွန်သည် ၎င်း၏ခြေထောက်ကို ကြည့်လိုက်ပြီး စေးကပ်သောအရည်ကြောင့် မသက်မသာဖြစ်နေသည်။ ခြေထောက်ကို မြှောက်လိုက်ပြီးနောက် ဘီးတယ်လ်မွန်သည် ခြေထောက်အောက်မှ ပေပွနေသည်များကို ကြည့်ကာ ခြေထောက်ကို "ပလပ်" ဟူသော အသံနှင့်အတူ ပြန်ချလိုက်သည်။
ကုန်သည်အဖွဲ့တစ်ခုလုံး သုသာန်တစ်ခုကဲ့သို့ တိတ်ဆိတ်နေသည်သာမက တီးတိုးပြောဆိုနေသော ဂိမ်းမာများပင် ငြိမ်သက်သွားကြ၏။ ရှားလော့ခ်ကမူ သူတို့သည် စိုးရိမ်ကြောင့်ကြခြင်း သို့မဟုတ် ဒေါသထွက်ခြင်းများ မဟုတ်ဘဲ ရယ်ချင်စိတ်ကို မြိုသိပ်ထားကြရသည်ဟု ထင်မြင်မိသည်။
ဘောင်းဘီမဝတ်သူက ချောင်းကြည့်လိုက်ပြီး ရပ်တန့်နေသော ကုန်သည်အဖွဲ့ကို လှမ်းမြင်လိုက်သည်။ သူက "ဘာတွေဖြစ်နေတာလဲ။ ငါ ဖိုရမ်မှာ ပိုစ့်တင်နေတုန်း ဘာတွေလွတ်သွားလို့လဲဟ။" ဟု အော်ပြောလိုက်သည်။
အရင်က တိတ်ဆိတ်နေခဲ့သော ဂိမ်းမာများသည် ချက်ချင်းပင် စကားများ တတွတ်တွတ် ပြောဆိုလာကြတော့သည်။
"ဂနိုင်သားက ရွေ့လျားနေတဲ့ အမ်ပီစီကြီးရဲ့ အနင်းခံလိုက်ရတာ။ တကယ့်အစစ်အတိုင်းပဲ။"
"ဟိုသွေးအိုင်ကြီးတွေ့လား။ အဲဒါ ဂနိုင်သားပဲ။"
"အနင်းခံလိုက်ရတဲ့ ဂိုဘလင်ကို ကယ်လို့ရသေးလား။ ဒေါက်တာ။"
"သောက်ကျိုးနည်း၊ မင်းက ငါ့ကို သေအောင်ရယ်ခိုင်းပြီး ငါ့ +၂ ဓားတိုကို အမွေဆက်ခံမလို့လား။ ဟားဟားဟားဟား။"
တိတ်ဆိတ်နေသော ဂိမ်းမာများသည် ဆူညံပွက်လောရိုက်လာပြီး ရယ်မောသံများ ဆက်တိုက် ထွက်ပေါ်လာတော့သည်။
နီကိုလပ်စ်မှာ သူတို့၏အဖော်တစ်ဦး ကြိတ်နင်းခံရသည့်တိုင် ဂိုဘလင်များ အဘယ်ကြောင့် ပေါ့ပေါ့ပါးပါး ရယ်မောနေကြသည်ကို နားမလည်နိုင်ခဲ့ချေ။ သူကတော့ မရယ်နိုင်ပါ။ သူသည် မျက်နှာဖြူဖျော့လျက် မျက်မှောင်ကြုတ်နေသော ရှားလော့ခ်ကို ကြည့်လိုက်သည်။ အခြေအနေများ ဤသို့ဖြစ်လာမည်ဟု သူ မမျှော်လင့်ထားခဲ့ဘဲ ရှားလော့ခ်အား "အရှင်၊ အရှင်ရှားလော့ခ်၊ ဒါက..." ဟု ပြောလိုက်သည်။
"ဒါကတော့ ခက်သားပဲ။ ဒီလိုကိစ္စတွေ ဖြစ်လာလိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး။ မင်းကို အပြစ်မတင်ပါဘူး။ ဂိုဘလင်က သူ့ပေါ့ဆမှုအတွက် သူတာဝန်ယူရမှာပဲ။" ရှားလော့ခ် မျက်မှောင်ကြုတ်လိုက်ပြီး မပျော်ရွှင်သောပုံ ပေါက်နေသည်။
နီကိုလပ်စ်ကမူ ကိစ္စမှာ ပေါ့ဆမှုထက် ပိုသည်ဟု ထင်မြင်မိ၏။ ဂိုဘလင်တစ်ကောင်လုံး ကြိတ်နင်းခံလိုက်ရသည် မဟုတ်ပါလော။ တာဝန်လွှဲချနေခြင်းမှာ အဓိပ္ပာယ်မရှိချေ။ ကံကောင်းစွာဖြင့် အရှင်ရှားလော့ခ် ဒေါသမထွက်သေး။ သူတို့၏ စီးပွားရေးဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းနိုင်ရန်အတွက် နီကိုလပ်စ်က သူ၏ဝမ်းနည်းမှုကို ဖော်ပြရမည်ဟု တွေးလိုက်သည်။
"အရှင်ရှားလော့ခ်၊ ကျွန်တော် အရှင့်ရဲ့ဆုံးရှုံးမှုနဲ့ ဂိုဘလင်ရဲ့မိသားစုကို လျော်ကြေးပေးဖို့ ဆန္ဒရှိပါတယ်။ ကျွန်တော် အရှင့်ကို အခက်အခဲမဖြစ်စေရပါဘူး။" ဟု နီကိုလပ်စ်က ပြောဆိုသည်။
"ဒါက မင်းအမှားမဟုတ်ပါဘူး၊ ဒါပေမဲ့ မှော်ကျောက်တုံးလျော်ကြေးကတော့ သူ့အဘိုး၊ အဘွား၊ မိဘတွေ၊ ဇနီး၊ ကလေးဆယ်ယောက်ကျော်နဲ့ အိပ်ရာထဲလဲနေတဲ့ ညီမတစ်ယောက်တို့ သက်သောင့်သက်သာ နေနိုင်ဖို့အတွက်တော့ လုံလောက်သင့်တယ်။" ရှားလော့ခ် သက်ပြင်းချလိုက်ပြီး အကူအညီမဲ့နေပုံ ပေါက်နေသည်။
ဘာရယ်။ အဘိုး၊ အဘွား၊ မိဘတွေ၊ ဇနီးနဲ့ ကလေးဆယ်ယောက်ကျော် ဟုတ်ပါသလား။ အိပ်ရာထဲလဲနေတဲ့ ညီမကို ဘာလို့ ထည့်တွက်ရတာပါလိမ့်။
ဂိုဘလင်တစ်ကောင်၏ ကုန်ကျစရိတ်မှာ များပြားခြင်းမရှိသော်လည်း သူ၏မိသားစုတွင် မိသားစုဝင် အယောက်နှစ်ဆယ်နှင့် အိပ်ရာထဲလဲနေသော ညီမတစ်ယောက် ပါဝင်ပြီး သူတို့အားလုံး သက်သောင့်သက်သာ နေထိုင်ကြရမည်တဲ့လား။
သူ့အဘိုး၊ အဘွားနှင့် မိဘများအတွက် ပင်စင်လစာကို မှော်ကျောက်တုံး ၅၀၀ ဟု သတ်မှတ်လိုက်ကြပါစို့။ သူ၏ ကလေးဆယ့်ငါးယောက်အတွက် ပညာရေးနှင့် နေထိုင်စားသောက်စရိတ်အဖြစ် မှော်ကျောက်တုံး ၁,၅၀၀ ချီးမြှင့်ရပေမည်။ ဆုံးရှုံးသွားသော ဝင်ငွေအတွက် လျော်ကြေးအနေဖြင့်မူ ဂိုဘလင်တစ်ကောင်၏ လစာမှာ တစ်လလျှင် မှော်ကျောက်တုံး ငါးတုံး၊ တစ်နှစ်လျှင် မှော်ကျောက်တုံး ၆၀ ဖြစ်သည်။ အဆိုပါဂိုဘလင် နောက်ထပ် အနှစ် ၃၀ အလုပ်လုပ်မည်ဟု ယူဆပါက မှော်ကျောက်တုံး ၁၈၀၀ ဖြစ်ပေလိမ့်မည်။
စိတ်ပိုင်းဆိုင်ရာ ထိခိုက်နစ်နာမှုနှင့် အသုဘစရိတ်များအတွက် မှော်ကျောက်တုံး ၂၀၀ ဖြစ်မည်။ ထိုအထွေထွေကုန်ကျစရိတ်များအားလုံးနှင့်ဆိုလျှင် မှော်ကျောက်တုံး ၄,၀၀၀ ကျသင့်ပေမည်။ အကယ်၍ သူ၏ အိပ်ရာထဲလဲနေသော ညီမကိုပါ ထည့်သွင်းတွက်ချက်ပါက နောက်ထပ် မှော်ကျောက်တုံး ၁,၀၀၀ ထပ်ကုန်ကျဦးမည်။
ဒုက္ခအကြီးအကျယ်ပါတကား။
မှော်ကျောက်တုံး ၅,၀၀၀ မှာ နီကိုလပ်စ်အတွက် မပြောပလောက်သော ပမာဏဖြစ်သော်လည်း ဤသည်က သူ၏ ထာဝရတိုင်းပြည်သို့ လာရောက်သောခရီးစဉ်ကို အကျိုးအမြတ်မရှိ ဖြစ်သွားစေသည်။ သူသည် မှော်ကျောက်တုံး ၁၀၀ သာ လျော်ကြေးပေးရန် ရည်ရွယ်ခဲ့သော်လည်း အခြေအနေမှာ သူထင်ထားသည်ထက် ပိုဆိုးသွားခဲ့ပြီ။
နီကိုလပ်စ်၏ ပထမဆုံး အတွေးမှာ ရှားလော့ခ်က သူ့ကို လိမ်ညာခြိမ်းခြောက်ငွေညှစ်နေသည်ဟူ၍ ဖြစ်၏။ မတော်တဆ သေဆုံးသွားသော ဒန်ဂျင်အစေခံအများစုမှာ ရာထူးနှင့် စွမ်းဆောင်ရည်အလိုက် သတ်မှတ်ထားသော လျော်ကြေးကိုသာ ရရှိကြသည်။ နိမ့်ကျသော ဂိုဘလင်များအတွက်မူ မှော်ကျောက်တုံး ၅၀ ပင်လျှင် အလွန်များပြားသည်ဟု သတ်မှတ်နိုင်သည်။
နီကိုလပ်စ်သည် ရှားလော့ခ်နှင့် ကောင်းမွန်သော ဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းထားနိုင်ရန် မှော်ကျောက်တုံး ၁၀၀ သာ ပေးလိုစိတ်ရှိသည်။ ရှားလော့ခ်က သူ့ကို လိမ်လည်ငွေညှစ်နေသည်ဟု ခံစားမိသောကြောင့် သူ သတိကြီးစွာထားနေမိသည်။
"ဘာရွန်နီကိုလပ်စ်၊ မင်းရဲ့အခက်အခဲတွေကို ငါနားလည်ပါတယ်။ နေရာအနှံ့ခရီးသွားပြီး အသက်မွေးဝမ်းကျောင်းပြုရတာ မလွယ်ကူလှသလို ဒီမှော်ကျောက်တုံးတွေကလည်း မင်း ချွေးနည်းစာနဲ့ ရထားတာတွေပါ။ ထာဝရတိုင်းပြည်ရဲ့ ဒန်ဂျင်အရှင်အနေနဲ့ ငါလည်း တာဝန်တစ်ချို့တော့ ယူရမှာပေါ့။ မင်းက ဝမ်းနည်းတဲ့အထိမ်းအမှတ်အနေနဲ့ မှော်ကျောက်တုံး ၂၀၀ ပေးလိုက်ပါ၊ ကျန်တာကို ငါ တာဝန်ယူလိုက်ပါ့မယ်။ အိုး... ဒါက မှော်ကျောက်တုံး ထောင်ပေါင်းများစွာတော့ ရှိသားပဲ..." ရှားလော့ခ်က နီကိုလပ်စ်၏ ဖြူဖျော့နေသော မျက်နှာကို သတိပြုမိလိုက်ပြီး သက်ပြင်းချလိုက်သည်။
"ခဏလေးပါ အရှင်ရှားလော့ခ်၊ အရှင်က မှော်ကျောက်တုံး ထောင်ပေါင်းများစွာ ပေးဖို့ ရည်ရွယ်ထားတာလား။ ဒါက အရှင့်ရဲ့ ပထမဆုံး ဒန်ဂျင်ဖြစ်လို့ အရှင် နားမလည်သေးတာများလား။ ဂိုဘလင်တစ်ကောင်သေဆုံးမှုအတွက် လျော်ကြေးက အများဆုံး မှော်ကျောက်တုံး ၅၀ ပါပဲ။" နီကိုလပ်စ် တုန်လှုပ်သွားသည်။ ချမ်းသာသော အရှင်တစ်ပါးပင်လျှင် သေဆုံးမှုလျော်ကြေးအတွက် မှော်ကျောက်တုံး ထောင်ပေါင်းများစွာကို ပေါ့ပေါ့တန်တန် ထုတ်ပေးမည်မဟုတ်ချေ။
"ဒါက ဒန်ဂျင်အရှင်အဖြစ် ငါ့ရဲ့ပထမဆုံးအကြိမ်ဆိုပေမဲ့ ထုံးတမ်းစဉ်လာတွေကိုတော့ ငါသိပါတယ်ကွာ။ လူတိုင်းက ငါ့ရာထူးကို မျက်စိကျနေကြပြီး ငါ့လုပ်ရပ်တွေကို မကြာခဏဆိုသလို မှတ်ချက်ပေး ဝေဖန်နေကြတယ်။ သူတို့ရဲ့ တုံ့ပြန်ချက်တွေကို ဖတ်ဖို့ ငါအချိန်အများကြီး သုံးခဲ့ရတယ်။ ငါ အစေခံများစွာ ခန့်အပ်ပြီးပေမဲ့ ငါ့ဒန်ဂျင်အတွက် လျှောက်ထားသူပေါင်း သောင်းနဲ့ချီပြီး တန်းစီစောင့်နေတုန်းပဲ။ ငါ့ခေါင်းတောင် ပေါက်ကွဲတော့မယ်။ အခု သူတို့ကို ငါမခန့်နိုင်သေးပေမဲ့ အနာဂတ်မှာတော့ သူတို့ကို လိုအပ်လာမှာပဲ။ ဒါက ပထမဆုံး ဂိုဘလင်မတော်တဆမှုဖြစ်တာဆိုတော့ ငါ့အစေခံတွေ စိတ်သက်သာရာရစွာ အလုပ်လုပ်နိုင်ဖို့အတွက် ငါ စံနမူနာကောင်းတစ်ခု ချမှတ်ထားရမယ်။" ရှားလော့ခ်က ရှင်းပြလေလေ နီကိုလပ်စ်မှာ ပို၍အံ့ဩလာလေဖြစ်သည်။
လျှောက်ထားသူ သောင်းပေါင်းများစွာ ဟုတ်ပါသလား။ လူအများအပြားက ဤဒန်ဂျင်ကို အာရုံစိုက်ပြီး ဆွေးနွေးနေကြသည်တဲ့လား။ ရှားလော့ခ်က ထိုမျှလောက် ချမ်းသာပါသလော။ ပြီးတော့ ထိုမျှလောက် ကျော်ကြားပါသလော။ သူက သူကောင်းမျိုးနွယ်တစ်ဦး၏ အဆက်အနွယ်များ ဖြစ်နေလေသလော။ သူက စေတန်၏ သားတော်များ ဖြစ်နေနိုင်သလော။ နီကိုလပ်စ်သည် သူ၏အတွေးများကြောင့် တုန်ရီသွားသည်။ အကယ်၍ သူသာ စေတန်၏သားတော် သို့မဟုတ် အလားတူ ဒုတိယမျိုးဆက် နတ်ဆိုးတစ်ပါးဖြစ်ပါက ရှားလော့ခ် ဤသို့ ရက်ရောနေခြင်းမှာ နားလည်နိုင်ဖွယ်ရှိသည်။ သူ၏ဒန်ဂျင်မှာ လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်နေပြီး ဂိုဘလင်များစွာကိုလည်း ခန့်အပ်နိုင်စွမ်းရှိသည်။ နီကိုလပ်စ် နားမလည်နိုင်ဖြစ်မိသည်မှာ ရှားလော့ခ်က အဘယ့်ကြောင့် သူ၏ဒန်ဂျင်ကို ဤမျှ ဆင်းရဲ၊ လူသူကင်းမဲ့ပြီး အန္တရာယ်များသောနေရာတွင် မှော်ကျောက်တုံးအနည်းငယ်ဖြင့် တည်ထောင်ရသနည်းဟူ၍ ဖြစ်သည်။ နီကိုလပ်စ် ထင်မိသည်မှာ ရှားလော့ခ်အား သူ၏မိဘများက "ဒီမှာ မှော်ကျောက်တုံး သောင်းချီရှိတယ်။ သွား၊ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးချေ။" ဟုဆိုကာ ဆူပူကြိမ်းမောင်းလိုက်ခြင်း ဖြစ်ရမည်။ ရှားလော့ခ်မှာ သာမန်ဘဝနှင့် စိန်ခေါ်မှုများကို တွေ့ကြုံခံစားရန် သူ၏မိဘများက အိမ်မှနှင်ထုတ်ခြင်း ခံလိုက်ရသည်မှာ သေချာလောက်ပေသည်။
အကယ်၍ ရှားလော့ခ်သာ ထိုမျှလောက် ချမ်းသာပါက မှော်ကျောက်တုံးများမှာ သူ ပေါ့ပေါ့တန်တန် လွှင့်ပစ်နိုင်သော သာမန်ကျောက်တုံးများကဲ့သို့ပင် ဖြစ်နေပေလိမ့်မည်။
နီကိုလပ်စ် နားလည်စပြုလာပြီး ဤသည်မှာ အလွန်ဖြစ်နိုင်ခြေရှိသည်ဟု ထင်မြင်လာသည်။ အကယ်၍ သူသာ ရှားလော့ခ်နှင့် ဆက်လက်၍ စီးပွားရေးလုပ်ကိုင်နိုင်ပြီး သူ၏လက်ပါးစေတစ်ဦး ဖြစ်လာနိုင်မည်ဆိုလျှင်... နီကိုလပ်စ်သည် သူ၏ အနာဂတ်အတွက် တောက်ပသော အနာဂတ်တစ်ခုကို မြင်ယောင်လာသည်။
လေးစားဖွယ်ရာ ဒန်ဂျင်အရှင် နီကိုလပ်စ်တဲ့တကား။ သူသည် ကိုယ်ပိုင်ဒန်ဂျင်ပိုင်သည့် မြင့်မြတ်သော သွေးစုပ်ဖုတ်ကောင်တစ်ဦး ဖြစ်လာနိုင်ပေမည်။ သူသည် နတ်ဆိုးများနှင့် တန်းတူရည်တူ အဆင့်အတန်းမျိုး ရရှိပေလိမ့်မည်။
နီကိုလပ်စ်သည် အစပိုင်းတွင် မှော်ကျောက်တုံး ၂၀၀ ပေးရန် ဆန္ဒမရှိခဲ့ချေ။ သူသည် မှော်ကျောက်တုံး ၁၀၀ ထက်ပို၍ပင် ပေးလိုစိတ် မရှိခဲ့။ သူ၏အနာဂတ်ကို စဉ်းစားမိပြီးနောက် ယခုအခါတွင် သူသည် မှော်ကျောက်တုံး ၂,၀၀၀ ပင် ပေးရန် ဆန္ဒရှိနေပြီတကား။
ဟုတ်ပါသည်။ အရှင်ရှားလော့ခ်က သူ့ကို လိမ်လည်လှည့်ဖြားပြီး သူ၏မှော်ကျောက်တုံးများကို ညှစ်ယူရန် ကြိုးစားနေခြင်း ဖြစ်နိုင်ခြေလည်း ရှိနေသေးသည်။ သို့သော် နီကိုလပ်စ်က စိတ်သက်သာမှုနှင့် အလားအလာရှိသော ဖြစ်နိုင်ချေအတွက် မှော်ကျောက်တုံး ၂၀၀ သုံးစွဲခြင်းမှာ တန်သည်ဟု ခံစားမိသည်။
မှော်ကျောက်တုံး ၂၀၀ ပေးလိုက်ခြင်းမှာ ဆံပင်တစ်မျှင် နုတ်လိုက်သကဲ့သို့ပင် ဖြစ်သည်။ ဤသည်က သူ့အား ဒန်ဂျင်အတွင်းသို့ ငြိမ်းချမ်းစွာ ဝင်ရောက်ခွင့်ရရန် အခွင့်အရေးတစ်ခု ပေးအပ်လိုက်သည်။ နီကိုလပ်စ်သည် ရှားလော့ခ်၏ နောက်ကြောင်းရာဇဝင်ကို သိရှိနိုင်ရန် အချိန်ယူ၍ စုံစမ်းရပေတော့မည်။ ဤသို့တွေးမိသောအခါ သူ စိတ်သက်သာရာရသွားသည်။
နီကိုလပ်စ်က နတ်ဆိုးအရှင်တစ်ပါးသည် မှော်ကျောက်တုံး ၂၀၀ လောက်နှင့် သူ့ကိုလိမ်လည်ရန် ဤမျှလောက် အောက်တန်းကျလိမ့်မည်ဟု မယုံကြည်ချေ။ ရှားလော့ခ် ထိုမျှလောက် ဆင်းရဲမည်မဟုတ်ပါ။
"အရှင်ရှားလော့ခ်၊ ကျွန်တော့်အမှားကို ခွင့်လွှတ်ပါ။ ကျေးဇူးပြုပြီး ဒီမှော်ကျောက်တုံး ၂၀၀ ကို သူ့မိသားစုဆီ ပေးအပ်ပေးပါ။ နည်းနည်းလေးဆိုပေမဲ့ ဒါက ကျွန်တော့်ရဲ့ ဝမ်းနည်းမှုကို ဖော်ပြတဲ့အနေနဲ့ သေးငယ်တဲ့ အထိမ်းအမှတ်လက်ဆောင်လေးတစ်ခုပါပဲ။" နီကိုလပ်စ် သူ၏ မှော်ကျောက်တုံးကတ်ကို ထုတ်ယူလိုက်ပြီး ရှားလော့ခ်ထံသို့ မှော်ကျောက်တုံး ၂၀၀ လွှဲပြောင်းပေးလိုက်သည်။
ငွေလွှဲခြင်းကို အတည်ပြုပြီးနောက် ရှားလော့ခ်က ယုံကြည်ချက်ရှိစွာဖြင့် "ဟုတ်ပါတယ်၊ စိတ်မပူပါနဲ့။ ဒီမှော်ကျောက်တုံး ၂၀၀ က ငါ့အတွက်မဟုတ်ဘူး။ ဒါက သူ့မိသားစုအတွက် လျော်ကြေးပါ။ ငါ ဒါတွေကို သူ့မိသားစုဆီ အမြန်ဆုံး ပို့ပေးလိုက်ပါ့မယ်။" ဟု ပြောလိုက်သည်။
လူတိုင်း ဘာမှမဖြစ်ခဲ့သလို ဟန်ဆောင်နေကြသည်။ ရှားလော့ခ်၏ ဦးဆောင်မှုဖြင့် အဖွဲ့ဝင်ငါးဆယ်ပါ ကုန်သည်အဖွဲ့သည် လှည်းအကြီးကြီးအစီးသုံးဆယ်နှင့် ဘီးတယ်လ်မွန်များကို ဂိမ်းမာများ၏ အနားယူခန်းများအဖြစ် မူလရည်ရွယ်ထားသော အသစ်တူးဖော်ထားသည့် နေရာသို့ ခေါ်ဆောင်လာကြသည်။ ထိုနေရာကို ကုန်သည်အဖွဲ့က ယာယီအသုံးပြုသွားမည် ဖြစ်သည်။
ကြိတ်နင်းခံလိုက်ရသော ဂနိုင်သား၏ အလောင်းကို အခြားဂိမ်းမာများက နေရာကို ရှင်းလင်းရင်း ဘေးတစ်ဖက်သို့ ပစ်တင်ထားလိုက်ကြသည်။ ထာဝရတိုင်းပြည်သည် သန့်ရှင်းသပ်ရပ်မှုကို အလေးထားသောနေရာ ဖြစ်သည်။
လူတိုင်း ပျော်ရွှင်နေကြသည်။ နီကိုလပ်စ်မှာ ပျော်ရွှင်စွာ ပြုံးရယ်နေပြီး ပတ်ဝန်းကျင်မှ ဂိုဘလင်များ အဘယ်ကြောင့် ရယ်မောသံများ ကျယ်လောင်စွာ ထွက်ပေါ်လာသည်ကို သူ နားလည်သွားပြီဖြစ်သည်။ ရှားလော့ခ်သည် သာမန်နတ်ဆိုးတစ်ပါး မဟုတ်ကြောင်း သူ သေချာနေသည်။
ဤမျှ အဆင့်အတန်းမြင့်မားသော နတ်ဆိုးအရှင်တစ်ပါး၏ အစေခံများက ဤသို့ ထူးဆန်းသော အပြုအမူများ ပြုမူကြသည်မှာ နားလည်နိုင်ဖွယ်ရှိပေသည်။