အခန်း (၂၃)
Vol. 2 Ch. 23
ဖြောင်း၊ ဖြောင်း၊ ဖြောင်း
အခန်းထဲတွင် စည်းချက်ညီသော လက်ခုပ်သံများ ပျံ့လွင့်လာသည်။ ဂါရက် လှည့်ကြည့်လိုက်ရာ နက်ခရိုမန်ဆာသည် သူ၏လှံတံကို ဘေးသို့မှီထားပြီး ပြုံးကာ လက်ခုပ်တီးနေသည်ကို တွေ့ရသည်။ လက်ခုပ်အနည်းငယ်တီးပြီးနောက် သူသည် ဂါရက်ဘက်သို့ လက်ဆန့်တန်းလိုက်ရာ ယခင်ကထက် ပိုမိုစိတ်အားထက်သန်ပုံရသည်။
"မင်းက စိတ်ကောင်းနှလုံးကောင်းရှိတဲ့လူတစ်ယောက်လို့ပဲ ထင်ခဲ့တာ။ ဆေးပညာရှင်တစ်ယောက်ဖြစ်လိမ့်မယ်လို့ လုံးဝမထင်ထားဘူး။ ဟားဟား မိတ်ဆွေ မင်းရဲ့ ထိုးထွင်းဉာဏ်တွေက တကယ်ကို ထူးခြားတာပဲ...
-- ကိုယ့်ကိုယ်ကို မိတ်မဆက်ရသေးတာ မေ့သွားတယ်။ ငါက ကျီးကန်းနက်က နက်ခရိုမန်ဆာ အင်ဒရူး လင်း ပါ။ မင်းကရော ဪ ဟုတ်သားပဲ။ ဘာသောက်ချင်လဲ။ ပူစီနံရည်လား၊ ပျားရည်လား။ တရိုကာ က မနေ့က ပျားအုံတစ်အုံ ရှာတွေ့ခဲ့တယ်။ မင်းကိုပြောရရင် အဲဒီပျားရည်ခိုးတဲ့ ဝက်ဝံညိုကြီးနဲ့ သူ တိုက်ခိုက်ခဲ့ရတာ ဖြစ်နိုင်တယ်..."
စကားပြောနှုန်းက မြန်ဆန်ပြီး ခေါင်းစဉ်များကလည်း တစ်ခုပြီးတစ်ခု အလျင်အမြန် ကူးပြောင်းနေသည်။ စိတ်ထဲပေါ်လာသည်များကို တောက်လျှောက်ပြောနေသကဲ့သို့ပင်။ အတွေးများက ရှုပ်ထွေးနေသဖြင့် ဒီလူက စိတ်ကျန်းမာရေး ပညာရှင်တစ်ဦးဆီ သွားရောက်ပြသသင့်သည်ဟု ဂါရက် တွေးမိသည်။
ဤကမ္ဘာတွင် ထိုကဲ့သို့သော အရာများ တည်ရှိမည်ဆိုလျှင်ပေါ့။
ဂါရက် စိတ်ထဲမှတ်သားလိုက်သည်။ သူ၏ မျက်နှာအမူအရာ မပြောင်းလဲဘဲ ပြုံးလျက် ပြန်ဖြေသည်။
"ကျွန်တော်က ဂါရက် ဂါရက် နော့်ဒ်မတ်ခ် ပါ။ ဒေသခံပါ။ ကျွန်တော့်အလုပ်အကိုင်ကိုတော့ သေချာမပြောနိုင်သေးပါဘူး။ ပူစီနံရည်ဆိုရင်ရော ဘယ်လိုလဲ။ စားစရာရော ရှိလား။ ညလယ်ကြီး နိုးလာတော့ ဗိုက်ဆာနေပြီ"
"တရိုကာ"
နက်ခရိုမန်ဆာ အင်ဒရူးက ကျယ်လောင်စွာ ခေါ်လိုက်သည်။ ရွှေရောင်အရိုးစုက ခလောက်ခလောက် မြည်ရင်း ထွက်သွားသည်။ ထို့နောက် နက်ခရိုမန်ဆာက သူ့လက်များကို ဆေးကြောပြီးနောက် ဂါရက်ဘက်သို့ နွေးထွေးစွာ လှည့်ကာ….
"ဟေး၊ ဒါဆို မင်းထင်တာက အရိုးစုစစ်သည်တွေ သူတို့ရဲ့ ကိုယ်ပိုင်အရိုးတွေကို သုံးရင် ထိန်းချုပ်ရ ပိုလွယ်မယ်လို့ ထင်လား"
"ခင်ဗျားရဲ့ အရိုးစုတွေက အတော်လေး နာခံမှုရှိနေပါပြီလို့ ကျွန်တော်ထင်ပါတယ်" ဟု ဂါရက်က ရိုးသားစွာ ပြန်ဖြေသည်။
သူသည် ထိုရွှေရောင်အရိုးစုကို လေ့လာနေခဲ့သည်။ ၎င်းသည် ရောက်လာကတည်းက အလုပ်များနေပြီး စားစရာစောင့်နေသော ကြောင်နက်ကြီးလို ပျင်းရိစွာ ထိုင်နေခြင်းမျိုးမဟုတ်ပေ။ ၎င်းသည် ပစ္စည်းများ သွားယူပေးသည်၊ ဗန်းများ၊ လက်ဖက်ရည်ပန်းကန်များ၊ ရေငှဲ့ပေးသည်၊ အစားအစာများ ချပေးသည်...
ကျောက်ပြားတစ်ချပ်ကိုပင် ခလောက်ခလောက် မြည်အောင် မကာ၊ မီးတောက်များ လောင်မြိုက်ကာ မာဖင်မုန့်များကို ဖုတ်ပေးနေသည်။
သာမန်အရိုးစုတစ်ခုသာ မဟုတ်ပါက ၎င်းသည် စက်ရုပ်တစ်ရုပ်ဟုပင် သူယုံကြည်မိမည်ဖြစ်သည်။
ထင်ရှားသည်မှာ နက်ခရိုမန်ဆာ အင်ဒရူးသည် ထိုအဖြေကို ကျေနပ်ခြင်းမရှိပေ။ သူသည် သူ၏ အရိုးစုများ တိုက်ပွဲတွင် မည်မျှ အားနည်းကြောင်းကို (ဂါရက်: သူတို့က ကျွန်တော့်ထက်တောင် သန်မာသေးတယ်) လှုပ်လှုပ်ရှားရှား ပြောပြပြီး ဂါရက်၏ တုံ့ပြန်မှုကို စိတ်အားထက်သန်စွာ စောင့်ဆိုင်းနေခဲ့သည်။
"...ကျွန်တော် မသိဘူး" ဟု ဂါရက် အားတင်းကာ ပြောလိုက်သည်။ ဒီမေးခွန်းက တကယ်ကို ခက်ခဲလွန်းသည်။
သောက်ကျိုးနည်း……မင်းက ငါ့ကိုမေးနေတော့ ငါက မင်းရဲ့အရိုးစုကို ပြန်မေးရမလို ဖြစ်နေပြီ။
သူ ပြုံးကြည့်ဖို့ ကြိုးစားလိုက်သည်။
"အရိုးစုတွေက ဘယ်အရိုးက ဘယ်သူ့အရိုးလဲဆိုတာ သိမှာမဟုတ်ဘူးလို့ ကျွန်တော်ထင်တယ်"
"ဟုတ်တယ်"
အင်ဒရူးက အားတက်သရော ခေါင်းညိတ်လိုက်သည်။
"ဒီအရိုးတွေက သူတို့ပိုင်ဆိုင်တာဖြစ်သင့်တယ်၊ ဒါပေမဲ့ မယုံကြည်ရဘူး။ ဒါဆို ဘယ်အရိုးက ဘယ်သူ့ဟာလဲဆိုတာ ဘယ်လိုဆုံးဖြတ်မလဲ"
ဂါရက်: "..."
ဒီဖိတ်ခေါ်မှုကို ငြင်းသင့်တာလား။ ဒီနက်ခရိုမန်ဆာက အန္တရာယ်ကင်းပုံရပေမဲ့ စိတ်ပိုင်းဆိုင်ရာ အနည်းငယ် မမှန်ဘူးနဲ့တူတယ်။
ပတ်ပတ်လည်ကို စိုးရိမ်တကြီး ကြည့်လိုက်တော့ ဂါရက် အနည်းငယ် စိတ်လှုပ်ရှားသွားသည်။
ဘယ်အရိုးက ဘယ်သူ့အရိုးလဲဆိုတာ ဘယ်လိုခွဲခြားမလဲ။
သူမှာ နည်းလမ်းအချို့တော့ ရှိသည်။ ဥပမာ DNA စစ်ဆေးမှုများ ပြုလုပ်ခြင်း။ အရိုးတစ်ခုချင်းစီကို စစ်ဆေးပြီး ရလဒ်များအရ ခွဲခြားခြင်းသည် မြန်ဆန်ကာ တိကျပြီး ကုန်ကျစရိတ်သက်သာသည်။
ဒါပေမဲ့ ဒါက တခြားကမ္ဘာတစ်ခုလေ။ သူလိုချင်ရင်တောင် ဒီလိုစစ်ဆေးမှုတွေ လုပ်ဆောင်ဖို့ အခြေအနေတွေ လိုအပ်တယ်။
တိကျမှုနည်းတဲ့ နည်းလမ်းတွေလည်း ရှိသေးတယ်။ ဥပမာ၊ အရိုးတွယ်ဆက်မှုအချိန်တွေကို အခြေခံပြီး ပိုင်ရှင်ရဲ့အသက်ကို ခန့်မှန်းတာ။ အရိုးရဲ့ ကြီးထွားမှုက လူတစ်ယောက်ရဲ့ အသက်အပိုင်းအခြားကို ညွှန်ပြနိုင်တယ်။
ဥပမာ လက်မောင်းရိုးတစ်ချောင်းမှာ အက်ပီဖိုင်ဆစ် (epiphysis) က အသက် ၁၅-၁၇ နှစ်ကြားမှာ ပေါင်းစပ်ပြီး အောက်ခြေစွန်းက အသက် ၁၆-၁၈ နှစ်ကြားမှာ ပေါင်းစပ်တယ်။ နှစ်ခုလုံးကို ထည့်တွက်ရင် ပိုင်ရှင်က အသက် ၁၆-၁၇ နှစ်ကြား ဖြစ်နိုင်တယ်။ တခြားတစ်ဖက်မှာတော့ တင်ပဆုံရိုးရဲ့ ပေါင်းစပ်မှုက အသက် ၂၀-၂၅ နှစ်ကြားမှာ ဖြစ်ပြီး လုံးဝပေါင်းစပ်နေပြီဆိုရင် အနည်းဆုံး အသက် ၂၀ ရှိပြီဆိုတာ ညွှန်ပြနေတယ်။
ဒီအရိုးနှစ်ချောင်းက မတူညီတဲ့လူတွေဆီကဆိုတာ မေးစရာတောင်မလိုဘူး။
ဒါပေမဲ့ အရိုးတွယ်ဆက်မှုတွေကို လေ့လာဖို့ X-ray ဓါတ်မှန် လိုအပ်တယ်။
ဒီကမ္ဘာမှာက X-ray လည်းမရှိဘူး။
အရင်ဘဝက အရေးပေါ်ဌာန ဆရာဝန်ဟောင်းဖြစ်သူ ဂါရက်သည် ရင်ထဲမှနေ၍ ထပ်မံ ငိုချင်စိတ် ပေါက်လာပြန်သည်။
ဘယ်သူကများ သူ့ကို X-ray စက်တစ်လုံး ရှာပေးနိုင်မလဲ။
မရရင်တောင် ရေဒီယမ်သတ္တုရိုင်းလေး ရရင် ကိုယ့်ဘာသာကိုယ် ပွတ်ပြီး ကြည့်လိုက်ချင်တယ်။
နက်ခရိုမန်ဆာ အင်ဒရူးသည် သူ့ကို စိတ်အားထက်သန်စွာ ကြည့်နေဆဲပင်။ သူ၏ ဖြူဖျော့သော မျက်နှာနှင့် စေးကပ်သော ဆံပင်တို့က သူ၏ တစ်ကိုယ်ရေသန့်ရှင်းမှုကို ဦးစားမပေးကြောင်း ထင်ရှားစေသည်။ သူ၏ ကိုယ်လုံးကိုယ်ထည်မှာ တိုင်တစ်တိုင်နှင့်တူပြီး လေတိုက်စရာမလိုဘဲ ယိမ်းထိုးနေသကဲ့သို့ပင်။
အနည်းငယ် ထပ်ပိန်သွားပါက သူ၏ အရိုးစုများနှင့် လုံးဝလိုက်ဖက်သွားပေလိမ့်မည်။
ဪ ဟုတ်သားပဲ။
ရွှေရောင်အရိုးစုသည် လက်ထဲတွင် ဗန်းတစ်ခုကို ကိုင်ထားသည်။ ထိုဗန်းထဲတွင် ရေနွေးအိုး၊ ကြွေပန်းကန်၊ ဖန်ခွက်အပြင် ပူစီနံရည်၊ ပေါင်မုန့်၊ ပျားရည်စသော ပစ္စည်းအမျိုးမျိုးကိုလည်း တွေ့ရသည်။ ကောင်တာဘေးတွင် ရင်ကိုကော့၊ လက်များကို ဖြောင့်တန်းထားပြီး ရိုးရိုးရှင်းရှင်း ပုံစံမျိုးဖြင့် ရပ်နေသော်လည်း ဘေးသို့မူ တိုးမလာပေ။
ဒီပုံစံနဲ့ဆိုရင် အချိုပွဲတောင် ကောင်းကောင်းစားရမှာ မဟုတ်ဘူးလား။
ဂါရက်က သူ့ရှေ့က နက်ခရိုမန်ဆာကို တိတ်တဆိတ် ဝေဖန်နေသည်။ အခြေအနေက လူထက် ပိုအရေးကြီးနေသည့် အခြေအနေမျိုးတွင် သူသည် မှတ်ဉာဏ်ထဲမှ…..
သူ့စိတ်ထဲတွင် သိမ်းဆည်းထားသော မှုခင်းဆိုင်ရာ စာအုပ်များ မှ အရေးပါသော အချက်အလက်များကို ရှာဖွေကာ ပြန်လည်ပြောပြရန် ကြိုးစားနေသည်။
"တကယ်တော့... အရိုးအသက်ကိုလည်း ကျွန်တော်တို့ ခွဲခြားသိနိုင်ပါတယ်။ ဥပမာ၊ ဦးခေါင်းခွံထဲမှာဆိုရင် သွားတွေက ပြောပြနိုင်တဲ့ လက္ခဏာတွေ အများကြီးပါပဲ..."
ဂါရက် ခဏရပ်လိုက်ပြီး ပတ်ပတ်လည်ကို ကြည့်လိုက်သည်။ လက်တွေ့ သင်ကြားပေးရန်အတွက် ဦးခေါင်းခွံတစ်ခုကို ရှာဖွေရန် ကြိုးစားနေသည်။ ကံမကောင်းစွာဖြင့် ဤနေရာသည် နက်ခရိုမန်ဆာ၏ နေအိမ်ဖြစ်သော်လည်း အရိုးများက ဟိုတစ်စ ဒီတစ်စ ပြန့်ကျဲနေခြင်းမရှိပေ။
အနည်းဆုံးတော့ ဂါရက် စစ်ဆေးကြည့်လိုက်ရာ တစ်ခုတည်းသာ တွေ့ရသည်။
ရွှေရောင်အရိုးစု၏ ခေါင်းပေါ်က တစ်ခုပင်။
ထို့ကြောင့် စူးစူးစိုက်စိုက် ကြည့်ခံနေရသော ဦးခေါင်းခွံသည် ခလောက်ခလောက် မြည်ရင်း ပို၍ နီးကပ်လာသည်။
ပထမဆုံးအနေဖြင့် ဗန်းကိုချလိုက်သည်။ ပူစီနံရည်ကို ငှဲ့ပေးသည်။ မုန့်များကို စီစဉ်ပေးသည်။ ထို့နောက် သူ့ခေါင်းကို ဖြုတ်လိုက်ပြီး လက်နှစ်ဖက်ဖြင့် ပိုက်ကာ ဂါရက်အား ကမ်းပေးလိုက်သည်။
မှောင်မည်းနေသော မျက်ခွံပေါက်များက အပေါ်သို့ စောင်းနေပြီး အတွင်းမှ ဝိညာဉ်မီးနှစ်ခုက ဂါရက်၏ မျက်လုံးပြူးပြူးဖြင့် စိုက်ကြည့်နေခြင်းကို ရင်ဆိုင်နေရသည်။
ဂါရက်: "..."
သောက်ကျိုးနည်း…..ဒါ ဘာကြီးလဲ။
ဘာကို ဆိုလိုချင်တာလဲ။
ငါက မာဖင်မုန့်ကို တစ်ဖက်က ကိုင်၊ ပျားရည်ထဲတို့ပြီး စားနေရင်း မင်းရဲ့ ဦးခေါင်းခွံကို ထိုးဆွပြီး စာသင်ပြရမှာလား။
ခွဲစိတ်ဆရာဝန်များသည် ပုံမှန်အားဖြင့် အသေးအမွှာကိစ္စများကို သိပ်ဂရုမစိုက်ကြသော်လည်း၊ သွေးများ စီးကျနေသည်ကို ရင်ဆိုင်ရခြင်း၊ ဘဝ၏ ကြမ်းတမ်းသော အဖြစ်မှန်များကို ရင်ဆိုင်ရခြင်းမျိုးတွင်ပင် ဤမျှ ရိုင်းစိုင်းခြင်းမျိုးတော့ မရှိပေ။
သူနောက်သို့ ယိမ်းလိုက်ပြီး သူ့မျက်တောင်အောက်မှ ဦးခေါင်းခွံကို ရှောင်လိုက်သည်။ စားပွဲတစ်ဖက်သို့ လက်လှမ်းလိုက်ပြီး နက်ခရိုမန်ဆာရှေ့မှ ခရင်းတစ်ချောင်းကို ဆွဲယူလိုက်ကာ ဦးခေါင်းခွံကို တင်းတင်းကျပ်ကျပ် တို့လိုက်သည်။
"ဟလိုက်"
ရွှေရောင်အရိုးစု၏ အပေါ်မေးရိုးနှင့် အောက်မေးရိုးတို့က နာခံစွာ ပွင့်ဟသွားသည်။ ဂါရက်သည် နက်ခရိုမန်ဆာ၏ ခရင်းကို မြှောက်ကိုင်လိုက်ပြီး မည်းနက်ကာ မညီညာစွာ ပဲ့နေသော သွားများကို တစ်ချောင်းချင်းညွှန်ပြကာ ရှင်းပြသည်။
"အသက်ကြီးလေ သွားပဲ့လေပဲ။ ကြည့်ပါဦး၊ သွားထိပ်တွေ ပဲ့ကုန်ပြီ၊ နောက်ဖက်အံသွားတွေကလည်း သိသိသာသာ ပဲ့နေပြီး သွားအတွင်းသားတွေတောင် ပေါ်နေပြီ...
ချီး... သူ အသက်ရှင်စဉ်က အများကြီး ဒုက္ခရောက်ခဲ့ရမှာပဲ။
သွားထိပ်မှာ နည်းနည်းလေးပဲ ပဲ့တာ ဒါမှမဟုတ် ပြားသွားတာမျိုးမရှိဘူးဆိုရင် အဲဒီလူက အတော်လေးငယ်သေးတယ်လို့ ဆိုလိုတာပဲ..."
သူပြောနေစဉ် အင်ဒရူး နက်ခရိုမန်ဆာက သူ့လည်ပင်းကို ဆန့်တန်းကာ သွားတစ်ချောင်းချင်းစီကို ကြည့်နေသည်။ သူ ပို၍ကုန်းလိုက်ပြီး ကိုယ်လုံးကို ရှေ့သို့ ငိုက်စိုက်ကာ သူ့ဦးခေါင်းကို နှိမ့်ချလိုက်သည်။ ဦးခေါင်းခွံ၏ ပြဲဟနေသော ပါးစပ်ထဲသို့ ငုပ်ဆင်းတော့မလိုပင်။ တစ်ဝက်တစ်ပျက်ရောက်မှ သူရုတ်တရက် သတိဝင်လာကာ စားပွဲပေါ်သို့ လက်ဝါးကပ်တိုင် ရမ်းပြလိုက်သည်။
"စားပါဦး"
ဂါရက်လည်း ရှက်မနေတော့ဘဲ အရေးပေါ်ဌာန ဆရာဝန်တစ်ဦး၏ ညစာစားချိန် အရှိန်အဟုန်ဖြင့် ဘယ်ဘက်လက်ဖြင့် မာဖင်မုန့်ကို လှမ်းယူ၊ ညာဘက်လက်ဖြင့် ပျားရည်ကို လောင်းထည့်ကာ ညှပ်ပြီး သူ့ပါးစပ်ထဲသို့ ထိုးထည့်လိုက်သည်။ ပထမဆုံး အကိုက်တွင် သူ့လျှာက အာခေါင်ကို ရိုက်ခတ်သွားပြီး သိမ်မွေ့သော ကလစ် သံကို မထိန်းနိုင်တော့။
အင်း၊ မာဖင်က နူးညံ့ပြီး ပြည့်ပြည့်၀၀ရှိတယ်၊ ပျားရည်က ချိုမြိန်တယ်၊ ပူစီနံရည်က လန်းဆန်းစေတယ်။ ရွှေရောင်အရိုးစုရဲ့ မာဖင်ဖုတ်နည်းက သူ့ရဲ့အရင်ဘဝက မာစတာစားဖိုမှူး တွေရဲ့ လက်ရာကို မမီဘူးဆိုပေမဲ့ ညလယ်စာအတွက်တော့ ကောင်းလောက်အောင် ကောင်းပါတယ်။
ဒါမှ လူတွေ စားသင့်တဲ့ အစားအစာပဲ။
ငါ နေ့တိုင်း မည်းနက်တဲ့ ပေါင်မုန့်တွေကို မစားချင်ဘူး။
ပျော်ရွှင်သော စိတ်ဓာတ်ဖြင့် သူ၏ ပို့ချချက်က ပိုမိုပြည့်စုံလာသည်။
"ဪ၊ သွားတွေပဲ့တာက အသက်နဲ့တင်မဆိုင်ဘူး၊ အစားအသောက်အလေ့အထနဲ့ စီးပွားရေးအခြေအနေနဲ့လည်း ဆိုင်တယ်။ မည်းနက်တဲ့ပေါင်မုန့်တွေ အများကြီးစားတဲ့လူတွေက အဖြူရောင်ပေါင်မုန့်စားတဲ့သူတွေထက် သွားတွေပိုပဲ့လိမ့်မယ်။ သွားတွေအပြင် တင်ပဆုံရိုးကိုလည်း အသက်ခန့်မှန်းဖို့ သုံးနိုင်တယ်... တင်ပဆုံရိုး..."