အခန်း (၂၄)
Vol. 2 Ch. 24
နက်ခရိုမန်ဆာတစ်ဦးနှင့် အရေးပေါ်ဌာန ဒုတိယဌာနမှူးဟောင်းတစ်ဦးတို့သည် ကာလကြာရှည်စွာ ပျောက်ဆုံးနေသော မိတ်ဆွေတစ်ဦးကို ပြန်လည်တွေ့ရှိရသကဲ့သို့ အရိုးများအကြောင်းကို နက်နက်ရှိုင်းရှိုင်း ဆွေးနွေးနေကြသည်။ တစ်ညလုံးနီးပါး စကားပြောအပြီးတွင် နက်ခရိုမန်ဆာ အင်ဒရူးလင်းသည် စိတ်လှုပ်ရှားလွန်းကာ စားပွဲတစ်ဖက်မှနေ၍ ဂါရက်၏ လက်ကောက်ဝတ်ကို လှမ်းဆွဲလိုက်သည်။
"မိတ်ဆွေ မင်းက နက်ခရိုမန်ဆာ ဖြစ်ဖို့ အရမ်းသင့်တော်တယ်။ ငါတို့နဲ့ ကျီးကန်းနက်မှာ ပူးပေါင်းမလား။ ငါ မိတ်ဆက်ပေးနိုင်တယ်..."
"ဪ ငါ့ဆရာကို တောင်းဆိုပေးမယ်။ သူက အဆင့် ၁၁ မှော်ဆရာ။ သူ အဆင့်တက်တာနဲ့ မင်းကို လစ်ခ်ျဖြစ်အောင် ကူညီနိုင်လိမ့်မယ်"
ဂါရက်: "..."
"ကျေးဇူးတင်ပါတယ်၊ ဒါပေမဲ့ ကျွန်တော် သိပ်တော့ စိတ်မဝင်စားပါဘူး။ ကျွန်တော် အသက်အလုံအလောက် မရှင်ရသေးဘူးလို့ ခံစားရတယ်။ ဒါပေမဲ့ ခင်ဗျားရဲ့ အကြံပြုချက်ကတော့ နက်ခရိုမန်ဆာတစ်ယောက်အနေနဲ့ ဆွဲဆောင်မှုရှိပါတယ်" ဟု ဂါရက်က သူ့လက်ကောက်ဝတ်ကို လှန်လိုက်ပြီး နက်ခရိုမန်ဆာ၏ လက်ကို တင်းတင်းဆုပ်ကာ နှုတ်ဆက်သည်။
"ကျွန်တော်က သဘာဝမှော်ပညာ ကို ပိုစိတ်ဝင်စားပါတယ်။ မစ္စတာ လင်း ခင်ဗျား ခုနက မှော်ဆရာမျှော်စင်နဲ့ မှော်ပညာကောင်စီအကြောင်း ပြောခဲ့သေးတယ်။ ကျွန်တော့်ကို မိတ်ဆက်ပေးနိုင်မလားခင်ဗျာ။"
"အာ သဘာဝမှော်ပညာ"
နက်ခရိုမန်ဆာသည် သူ့လက်များကို ချဲ့ကားစွာ ဖြန့်ကားလိုက်သည်။ ခမ်းနားသော လေသံနှင့် အမူအရာများဖြင့် သူက ကြေညာသည်။
"လူတိုင်းက သဘာဝမှော်ပညာကို ကြိုက်ကြတယ်။ ဒါမှမဟုတ် အဂ္ဂိရတ် ဒါမှမဟုတ် ဆင့်ခေါ်တာကို ရွေးကြတယ်။ ဒါပေမဲ့ သနားစရာကောင်းတဲ့ နက်ခရိုမန်ဆာတွေအတွက်တော့ ဘယ်သူ့ကိုဖိတ်ခေါ်ဖိတ်ခေါ် တူညီတဲ့အဖြေပဲ ကြားရတယ်”
'လေးစားရပါသော မစ္စတာ လင်း ကျွန်တော်က သဘာဝမှော်ပညာကို ပိုနှစ်သက်ပါတယ်' 'လေးစားရပါသော မစ္စတာ လင်း ကျွန်တော်က အဂ္ဂိရတ်ကို ပိုနှစ်သက်ပါတယ်'
“အချစ်ဆုံးသူတွေကို ပြန်လည်ရှင်သန်စေလိုတဲ့ အနက်ရှိုင်းဆုံးသော ဝမ်းနည်းမှုရှိသူတွေကလွဲလို့ ဘယ်လူကြီးမှ ကြီးမြတ်တဲ့ နက်ခရိုမှန်ဆာပညာရပ်ကို မရွေးချယ်ကြဘူး”
ဂါရက် စိတ်ရှုပ်ထွေးသွားသည်။ ဝေးကွာသော နေရာမှ ပြုလုပ်သော ပြဇာတ်ဆန်သည့် အပြုအမူများသည် ရယ်မောစရာကောင်းသော်လည်း အနီးကပ် မြင်ရသောအခါ ပြင်းထန်သည်။ နက်ခရိုမန်ဆာ၏ တံတွေးများကို ရှောင်ရင်း ဂါရက်၏ စိတ်ထဲတွင် အတွေးများ လျင်မြန်စွာ ပေါ်လာသည်။
ဒီလူက ပြဇာတ်ဆန်နေတာလား။ ဒါမှမဟုတ် ဆိုက်ကို ဖြစ်နေတာလား။
သူ၏ ပုံမှန်မဟုတ်သော အတွေးအခေါ်ကို အစောပိုင်းက သတိပြုမိခဲ့သည်။ အခြားလက္ခဏာများ ရှိသေးသလော။ နက်ခရိုမှန်ဆာပညာရပ်သည် ဟော်မုန်းထုတ်လုပ်မှုကို ထိခိုက်ပြီး စိတ်အခြေအနေကို လွှမ်းမိုးနိုင်သလား။ သို့သော် ဤကမ္ဘာတွင် EEG (ဦးနှောက်လျှပ်စစ်လှိုင်းမှတ်တမ်း) သို့မဟုတ် ပုံမှန် ဇီဝဓာတုစမ်းသပ်မှုများပင် လုပ်ဆောင်စရာနေရာမရှိပေ။
"အင်း... အဆင်မပြေဘူးဆိုရင်..."
"အဆင်မပြေဘူးလား။ လုံးဝမဟုတ်ဘူး"
စိတ်အားထက်သန်စွာဖြင့် မှော်ဆရာ လင်းသည် တစ်လှမ်းရှေ့တိုးလိုက်သည်။ ဂါရက် မရှောင်တိမ်းနိုင်ခင် သူ့လက်မောင်းများကို ဆွဲကိုင်လိုက်ပြီး တံတွေးများ စင်ထွက်အောင်ပင် ပြောသည်။
"မှော်ဆရာမျှော်စင်ရဲ့ အကြီးအကဲက ဝပြီး စိတ်တိုတတ်တဲ့ အရက်သမားဖြစ်ပေမဲ့ သူနဲ့ ငါ ရေလက်ကြားကို အတူတူ စူးစမ်းခဲ့ကြပြီး တောက်ပသောဘုရားကျောင်းက သံခွံတွေနဲ့အတူ ဘေးချင်းယှဉ် တိုက်ခိုက်ခဲ့ကြတယ်။ မိတ်ဆွေ စိတ်ချပါ၊ ငါ့ရဲ့ အကြံပြုချက်နဲ့ သူက မင်းကို သေချာပေါက် လက်ခံလိမ့်မယ်"
နက်ခရိုမန်ဆာသည် စားပွဲပေါ်တွင် စက္ကူလိပ်ကို လျင်မြန်စွာ ဖြန့်ချပြီး ကရကုတ် ရေးချလိုက်သည်။
"ယူသွား"
"ဪ ကျေးဇူးအများကြီးတင်ပါတယ်"
"သေးသေးလေးပါဗျာ"
လင်းက အားပါးတရ လက်ဝှေ့ယမ်းပြပြီးနောက် အပြင်ဘက်ကို တစ်ချက်ကြည့်လိုက်ကာ ရုတ်တရက် ပရိယာယ်ဆန်စွာ ပြုံးလိုက်ပြီး ဂါရက်နားသို့ ကပ်ပြောသည်။
"ဒါနဲ့ ဟိုသူရဲကောင်းလက်က ပြင်လို့မရတော့ဘူးလား။ ပြင်လို့မရဘူးလား"
"သူက အရွတ်တွေကို မချုပ်ခဲ့ဘူး"
ဂါရက်က ပခုံးတွန့်ပြသည်။
"မင်း ပြင်လို့ရလား"
ဂါရက် တွန့်ဆုတ်နေပြီး ခေါင်းညိတ်ခြင်း၊ ခါလိုက်ခြင်း မရှိပေ။ သူသည် အရွတ်ချုပ်ခြင်း ကို လုပ်ဆောင်နိုင်သော်လည်း ၎င်းသည် အဓိကအားဖြင့် လက်ခွဲစိတ်မှု ဖြစ်ပြီး သေးငယ်သော အရာများကို အနီးကပ်ကြည့်နိုင်သည့် မှန်ဘီလူးလိုအပ်သည့် အလွန်အရေးကြီးသော လုပ်ငန်းစဉ်ဖြစ်သည်။ မှန်ဘီလူးအောက်တွင် နာရီပေါင်းများစွာ လုပ်ဆောင်ရခြင်းက လူကို စိတ်ရှုပ်ထွေးစေသည်။
ထို့အပြင် ဤနေရာတွင် မှန်ဘီလူး သို့မဟုတ် အထူးပြုချုပ်ရိုးပစ္စည်းများလည်း မရှိပေ။ သူ ကုသပေးခဲ့လျှင်ပင် ရလဒ်သည် အကောင်းဆုံးဖြစ်မည်မဟုတ်ပေ။ သူသည် ထိုကိစ္စတွင် အထူးကျွမ်းကျင်ခြင်းမရှိပေ။ သူ၏ အရင်ဘဝက သင်တန်းတစ်ခုတွင် ကြွက်အမြီး လေးငါးချောင်းသာ ချုပ်နိုင်ခဲ့သည်ကို သူ အတိအကျ မှတ်မိနေသည်။ ကြွက်အမြီးများသည် လူ့လက်ရှိ သွေးကြောများနှင့် ဆင်တူသဖြင့် လေ့ကျင့်ရန်အတွက် အကောင်းဆုံးဖြစ်သည်။
သို့သော် နက်ခရိုမန်ဆာ လင်းအတွက်မူ ဂါရက်၏ ငြင်းဆိုခြင်းမရှိခြင်းက အတည်ပြုခြင်းနှင့် တူနေသည်။ နက်ခရိုမန်ဆာ၏ မျက်လုံးများ လင်းလက်သွားသည်။
"ဒါဆို ဘယ်လိုကုသမလဲ။ ဒါမှမဟုတ် သူ့ကို ဆွဲခေါ်လာပြီး မင်း ချက်ချင်းကုသပေးရမလား"
မေ့ဆေးမရှိ၊ ပိုးသတ်ခြင်းမရှိ၊ သွေးတိတ်စေခြင်းမရှိဘဲ ခွဲစိတ်တာလား။ ဒါက အရမ်းကြမ်းတမ်းပြီး လုံးဝလက်ခံနိုင်စရာမရှိဘူး။
ဂါရက် ပါးစပ်ဟလိုက်သော်လည်း မည်သို့တုံ့ပြန်ရမည် သို့မဟုတ် မည်သည့်နေရာမှ စတင်ဝေဖန်ရမည်ကို မသိပေ။ သို့သော် သူတုံ့ပြန်နိုင်ခြင်းမရှိမီ ခန်းမနှင့် အတွင်းခန်းကို ပိုင်းခြားထားသည့် ကျောက်တံခါး ပြန်လည်ပွင့်လာသည်။ ကြောင်နက်ကြီးတစ်ကောင် ခုန်ဝင်လာပြီး လေထဲတွင်ပင် အသွင်ပြောင်းလဲသွားသည်။ ဂါရက်သည် အနက်ရောင်အရောင်အသွေးတစ်ခု လင်းလက်သွားသည်ကို မြင်လိုက်ရသည်။ မစ္စတာ တရိုကာ ဟုခေါ်သော ထိုကြောင်သည် ခုန်လိုက်စဉ်တွင် ပုံမှန်အရွယ်အစားရှိသော ကြောင်တစ်ကောင်အဖြစ် စတင်ခဲ့သော်လည်း မြေပြင်သို့ ဆင်းသက်သောအခါ လင့်စ်ကြောင်အဖြစ် ပြောင်းလဲသွားပြီး ကျားသစ်တစ်ကောင်နီးပါး အရွယ်အစားကြီးမားကာ တံခါးဘက်သို့ ပြေးဝင်သွားသည်။
သားရဲ၏ တိုးတိုးလေးဟိန်းသံများကြားတွင် အရိုးကြေကွဲသံများ ဆက်တိုက်ထွက်ပေါ်လာသည်။ ထို့နောက် သူရဲကောင်း ရိုမန်၏ ဝေဒနာနှင့် ပြည့်နေသော အော်ဟစ်သံများ ထွက်ပေါ်လာသည်။
"လွှတ်ပေးပါ... လွှတ်ပေးပါ"
သူရဲကောင်းက ရုန်းကန်နေပြီး ထိုအသံက ပို၍နီးကပ်လာသည်။ ခန်းမထဲတွင် ထိတ်လန့်မှုများ ဖြစ်ပေါ်လာပြီး ဘုန်းတော်ကြီး ဒေါ်နယ်လ်၏ အသံမှာ အထူးပင် ကျယ်လောင်နေသည်။
"လွှတ်လိုက် မှော်ဆရာ ကျေးဇူးပြုပြီး လွှတ်လိုက် ဂါရက် ဂါရက်"
ဂါရက် အေးခဲသွားသည်။
ဤကမ္ဘာသို့ရောက်ပြီး နှစ်ရက်အတွင်းတွင် သူသည် ဖိထားခံရခြင်း၊ လည်ပင်းတွင် ဓားဖြင့် ခြိမ်းခြောက်ခံရခြင်း၊ အတင်းအဓမ္မ စစ်မှုထမ်းခိုင်းခံရခြင်း၊ သူ့အတိတ်ဘဝ၏ တစ်လ သို့မဟုတ် တစ်နှစ်အတွင်း ကြုံတွေ့ရသော အန္တရာယ်များထက် ပိုမိုပြင်းထန်သော သတ္တဝါများ၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။
သို့သော် ယခုကဲ့သို့ သူ့အရိုးအဆစ်များအထိ အေးစက်သွားစေသည့် အချိန်မျိုးကို သူတစ်ခါမျှ မကြုံဖူးသေးပေ။
လွန်ခဲ့သော နာရီအနည်းငယ်က သူ့အသက်ကို ခြိမ်းခြောက်နိုင်ခဲ့သူတစ်ဦးကို မှော်သတ္တဝါတစ်ကောင်က အတွင်းသို့ ဆွဲခေါ်လာခဲ့သည်။ အကြောင်းရင်းမှာ နက်ခရိုမန်ဆာက ထူးခြားသော ခွဲစိတ်မှုတစ်ခုကို မြင်လိုစိတ်ပြင်းပြနေ၍သာ ဖြစ်သည်။
"လူသည် မိမိကံကြမ္မာ၏ သခင်ဖြစ်သည်" ဟူသော စကားစုက ပဲ့တင်ထပ်နေသည်။ သို့သော် ဤကဲ့သို့ ကမ္ဘာတွင် မည်သူကများ သေချာသည်ဟု ဆိုနိုင်မည်နည်း။
"ဒါ မမှန်ဘူး"
ဂါရက်၏ ခေါင်းသည် လေရဟတ်တစ်လုံးကဲ့သို့ ခါရမ်းနေသည်။ သို့သော် နက်ခရိုမန်ဆာက သူသည် သူရဲကောင်းနှင့် ရန်ငြိုးရှိနေပြီး ကုသပေးလိုခြင်းမရှိဟု ယူဆကာ ဆွဲဆောင်ရန် ကြိုးစားသည်။
"ကြည့်ရအောင် ကုသပေးလိုက်ပါ။ မသတ်ချင်ဘူးဆိုရင်တော့ အရင်ကုပြီးမှ အရွတ်တွေကို ဖြတ်လိုက်မလား"
ခဏအကြာတွင် အသွင်ပြောင်းလဲထားသော ကြောင်နက်ကြီးသည် သူရဲကောင်းကို ကျောက်တံခါးအထိ ဆွဲခေါ်လာခဲ့သည်။ ဤအရေးကြီးသည့် အခြေအနေတွင် ပြင်းထန်စွာ ဒဏ်ရာရနေသော သူရဲကောင်းသည် အစွမ်းကုန် အားထုတ်ကာ တံခါးအစွန်းကို ကုတ်ခြစ်နေသည်။ သူက ဂါရက်ကို မကျေမနပ်နှင့် စိတ်ပျက်အားငယ်စွာ ရောပြွမ်းသော မျက်လုံးများဖြင့် မော့ကြည့်သည်။
သူရဲကောင်း၏ လက်ချောင်းများ တံခါးအစွန်းတွင် ပြတ်ထွက်သွားသည်။ ဂါရက် တုန်လှုပ်သွားသည်။
"မလုပ်နဲ့"
သူလှည့်ကာ ရှေ့သို့တိုးလိုက်ပြီး နက်ခရိုမန်ဆာရှေ့တွင် ရပ်လိုက်သည်။ သူ့မျက်လုံးများကို တည့်တည့်စိုက်ကြည့်ရင်း ခိုင်မာစွာပြောသည်။
"ကျွန်တော် ဒီလိုမျိုး မလုပ်ဘူး။ ကုသတဲ့ပညာက လူတွေကို ထိခိုက်အောင် ဘယ်တော့မှ မသုံးဘူးလို့ ကျိန်ဆိုထားတယ်"