← Chapters

တကယ့်တိုက်ပွဲ စပြီ ပဏာမအဆင့်၊ အဖွဲ့(၂၄) –

Vol. 53 Ch. 861

တကယ့်တိုက်ပွဲ စပြီ ပဏာမအဆင့်၊ အဖွဲ့(၂၄) –

Vol. 53 Ch. 861

ထိုပွဲစဉ်က သည်းထိတ်ရင်ဖိုစရာ မရှိသော ပွဲတစ်ပွဲ ဖြစ်လောက်ပေသည်။ ရက်ပီပစ်၊ ဇိုလာ၊ ဆာရန်ဒီနှင့် အခြား ဆန်ကာတင် ပြိုင်ပွဲဝင်များရှိသော ယခင်ပွဲစဉ်များကဲ့သို့ပင် ထိုကစားပွဲအတွက် အဆင့်တက်နိုင်ရန် ရေပန်းအစားဆုံးမှာ စစ်ဆေးခြင်းအကျော့ ပထမအဖွဲ့တွင် အဆင့်(၄) ရခဲ့သော နံပါတ်(၁၃၀၅) ၊ အရိပ်နက်အင်ပါယာမှ တံခါးပိတ် လေ့ကျင့်နေခဲ့သော အစွမ်းထက်ပုဂ္ဂိုလ် ဒါရက်စ် ဖြစ်၏။

ဒါရက်စ်က သတ္တိမြေက ထွက်သွားနိုင်ရန် ၂၆မိနစ်သာ ကြာမြင့်ခဲ့ပြီး သွေးရောင်အင်ပါယာမှ ပထမဗိုလ်ချုပ် ဂူစတက်ဗ်ထက်ပင် ပိုမြန်လေသည်။ ထိုသူက သိုသိုသိပ်သိပ် နေသည်ဟု ပြောကြ၏။ သူ၏ စွမ်းအားက နတ်ဆိုး အရှင်သခင်အဆင့် ထိပ်သီးပိုင်းသို့ ဝင်ရောက်လောက်ပြီ ဖြစ်သည်။

ဒါရက်စ်က ပတ်ပတ်လည်မှ ပြိုင်ပွဲဝင် ၁၉၉ယောက်ကို ပုံမှန်ပင် ကြည့်လိုက်ပြီး လှုပ်ရှားရန် အလျင်မလိုခဲ့ပေ။ သူက သေသေချာချာ တွက်ချက်နေ၏။ ပြိုင်ပွဲဝင်တွေထဲမှာ နတ်ဆိုး အရှင်သခင်အဆင့် ကနဦးပိုင်းဖြစ်တဲ့ မှော်ဆရာ ဂါယဲက အစွမ်းအထက်ဆုံး ဖြစ်လောက်တယ်။ မှော်ပညာရှင်က အနီးကပ် တိုက်ခိုက်ရေးမှာ အားနည်းပေမဲ့ သူ့မှာ ကာကွယ်လို့ ရနိုင်မယ့် နည်းလမ်းတွေ အများကြီး ရှိလောက်တယ်။ ပြီးတော့ ပဏာမအဆင့်ပြီးနောက် နောက်အဆင့်တွေက တစ်ယောက်ချင်းပြိုင်ရတဲ့ ရှုံးထွက် ပွဲတွေပဲ။ သူ့ကို ရှင်းပစ်ဖို့အတွက် အကောင်းဆုံး ကြိုးစား ပြီးတော့ အားအင်တွေ သိမ်းထားရမယ်။

ဒါရက်စ် ထင်ထားသည့်အတိုင် ကျန်ရှိသော ပြိုင်ပွဲဝင် များက သူ့ကို တိုက်ခိုက်ရန် မပူးပေါင်းခဲ့ကြဘဲ အချင်းချင်း တိုက်ခိုက်နေကြလေသည်။ အချို့က ဖရိုဖရဲဖြစ်နေသည်ကို အခွင့်ကောင်းယူပြီး အလစ်တိုက်ခိုက်ချင်သော်လည်း အားလုံးကို ဒါရက်စ်က အနိုင်ယူခဲ့လေသည်။

အလစ်တိုက်ခိုက်သူများကို သတ်ပစ်ပြီးနောက် ဂါယဲက မိမိ စိတ်ဖြင့် အသေမှတ်ထားရာမှ ရုတ်တရက် ပျောက်သွား သည်ကို ခံစားလိုက်မိသည်။ တဖက်လူက အထူးမှော်တစ်မျိုး အသက်သွင်းလိုက်ပြီဟု ထင်မိသွားသည်။ သူ အာရုံစိုက် လိုက်မိသောအခါ ပို၍ပင် အံ့သြသွားရသည်။ ဖောက်ထွင်း မြင်နေရသော ကြက်သွန်နီကောင်က သူ၏ အစွမ်းထက်ဆုံး ပြိုင်ဘက်၏ခေါင်းကို သတိလစ်အောင် ရိုက်နှက်ခဲ့လေသည်။

ဒါရက်စ်က ထိုကြက်သွန်နီကောင်အပေါ် အမြင် အနည်းငယ် ရှိသည်။ ဒါက ပဏာမအဆင့်မှာ တတိယမြောက် အနိမ့်ဆုံးဖြစ်တဲ့ ကြက်သွန်နီကောင် ဒိုဒိုပဲ။ ဒီအားအနည်းဆုံး ကောင်က အရင်ဆုံး ထွက်ရသင့်တာ။ ဒါပေမဲ့ သူက ဂါယဲကို သတိလစ်အောင် လုပ်ခဲ့တယ်။

ဒါက သေချာပေါက် ကံကောင်းတာ မဟုတ်ဘူး။ အားနည်းဟန်ဆောင်နေတာပဲ။ ဒါရက်စ်က လက်ထဲမှ အစိမ်းရောင် အလင်းစက်လုံးကို စုစည်းပြီး ဒိုဒို၏ ခေါင်း အနောက်ဘက်ကို ပစ်လိုက်၏။ ထိုတိုက်ခိုက်မှုက သာမန်သာ ထင်ရသော်လည်း အတော်လေး အင်အားကြီးသော ပိုင်နက် စွမ်းအား ပါဝင်ပေသည်။ သူက ဒိုဒို သတိလက်လွတ် ဖြစ်နေစဉ် အပြတ်ရှင်းချင်သည့်အတွက် အစွမ်းကုန်နီးပါး အသုံးပြုထားခဲ့လေသည်။

မမျှော်လင့်ထားစွာဖြင့် ဖောက်ထွင်းမြင်ရသောကောင်က ခေါင်းကို လက်နှစ်ဖက်ဖြင့် ဆွဲလှည့်လိုက်ရာ မျက်နှာက ခေါင်းနောက်ဘက်သို့ ရောက်လာခဲ့သည်။ သူ့တွင် နောက်ထပ် လက်နှစ်ဖက် ပေါ်ထွက်လာခဲ့ပြီး အလင်းစက်လုံး ဆီသို့ ပါးစပ်ကို ကျယ်ကျယ် ဟလိုက်တော့သည်။

အင်အားကြီး ဖျက်ဆီးစွမ်းအား ပါဝင်သော စက်လုံးက ပါးစပ်ကြီးထဲသို့ အမြန်ရောက်သွားသောအခါ နှင်းလုံးက ချော်ရည်ထဲ ကျသွားသကဲ့သို့ ဖြစ်နေပြီး အငွေ့အနည်းငယ် ပျံကာ အစအနမကျန် ပျောက်ကွယ်သွားလေသည်။

ဘာတွေ ဖြစ်ကုန်တာလဲ။ အဲဒါက ငါ့ရဲ့ စွမ်းအား အပြည့်နီးပါး ပါတဲ့ တိုက်ခိုက်မှုကို စားလိုက်တာလား။ ဒါရက်စ်၏ မျက်လုံးများ ပြုတ်ထွက်လုမတတ် ဖြစ်သွား၏။ သူက သတိလက်လွတ် ဖြစ်နေစဉ်မှာပင် ကြက်သွန်နီကောင်က ကောင်းကင်ပေါ်တွင် ချက်ချင်းပေါ်ထွက်လာပြီး တူကြီး တစ်လက်အဖြစ် ပြောင်းလိုက်ကာ လျှပ်စီးလက်သကဲ့သို့ ရိုက်ချလိုက်၏။ ဒါရက်စ်က ကြောက်မက်ဖွယ်ရာဖိအားကို အာရုံခံမိသည့်အတွက် ၎င်းကို မခုခံရဲပေ။ သူက ပြေးရန် ပြင်လိုက်စဉ် ဆန့်တန်းလာသော အရည်လဲ့လက်တံများက ခြေထောက်ကို အတင်းအကြပ် ရစ်ပတ်ထားသည်ကို တွေ့လိုက်ရ၏။ ပစ်မှတ်ကို လွဲချော်သွားသော တူက အလွန်ကြီးမားသော ပါးစပ်တစ်ခုအဖြစ် ပြောင်းလဲသွားကာ သူ့ကို ကိုက်လိုက်တော့သည်။

“ဆရာသခင် ဒိုဒိုရဲ့ အဆုံးသတ်တိုက်ကွက်ကို ကြည့်ထား - ကမ္ဘာဝါးမျို.....”

ဒါရက်စ်က အလွန်ထိတ်လန့်နေပြီး ဂရုမစိုက်နိုင်တော့ပေ။ သူက နံပါတ်ပြားကို ဖိခြေပြီး ထွက်ပြေးတော့မည့်အချိန်တွင် ခြေတစ်လှမ်းနောက်ကျသွားခဲ့ပြီး လျှပ်စီးကဲ့သို့ မြန်လှသော ပါးစပ်၏ ဝါးမျိုခြင်းကို ခံလိုက်ရတော့သည်။

ထိုမြင်ကွင်းက မျက်နှာပြင်ကြီး အရှေ့မှ ပရိသတ်များ အပါအဝင် အဖွဲ့(၂၄)မှ ကျန်ရှိသော ပြိုင်ပွဲဝင်များကို ကြက်သေသေသွားစေခဲ့သည်။

အကောင်ကြီးသွားသော ဒိုဒိုက ဒါရက်စ်ကို ဝါးမျိုပြီးနောက် ရုတ်တရက် ခန္ဓာကိုယ်က တွန့်လိမ့်လာသည်။ နတ်ဆိုးအရှင်သခင်အဆင့် ထိပ်သီးပိုင်းဖြစ်သော ဒါရက်စ်က ထိုခန္ဓာကိုယ်က ဖောက်ထွက်ပြီး အခြေအနေကို ပြောင်းပြန် လှန်တော့မည်ဟု လူတိုင်း ထင်နေကြစဉ်မှာပင် ဆရာသခင် ဒိုဒို တွန့်လိမ်နေခြင်း ရပ်တန့်သွားပြီး ကြက်သွန်နီကောင်၏ နောက်ဘက်က လုံးဝန်းတော့.....တင်ပါးနှစ်ခု ဖြစ်သွား တော့သည်။

ထို့နောက် ချက်ချင်းပင် အသံကျယ်ကြီးတစ်ခု ထွက်လာပြီး ပတ်ပတ်လည်မှ လူတိုင်း နှာခေါင်းပိတ်လိုက် ကြသည်။ ဒါရက်စ်၏ ခန္ဓာကိုယ်က ဆိုးဝါး‌သော အနံ့ တစ်မျိုးနှင့်အတူ ထွက်လာခဲ့ပြီး ခန္ဓာကိုယ်က မစင်နဲ့တူသော အချွဲများဖြင့် ဖုံးလွှမ်းနေလေသည်။ သူက ဆယ်မီတာခန့် လွင့်ထွက်သွားပြီးနောက် မြေပေါ်သို့ ပြုတ်ကျသွား၏။ မသေသော်လည်း လုံးဝ သတိလစ်သွားခဲ့လေပြီ။

ဖောက်ထွင်းမြင်ရသော အစိမ်းရောင် ကြက်သွန်နီကောင် ဆရာသခင်က ဆိုးဝါးသော အရသာကြောင့် ရွံသွားသလိုပင် တံတွေးထွေးလိုက်၏။ ထိုအချိန် အဖွဲ့(၂၄)မှ ပြိုင်ပွဲဝင်များက ကြက်သေသေသွားကြရုံသာမက သေးပေါက်ချသည်အထိပင် ကြောက်လန့်သွားခဲ့ကြသည်။ နတ်ဆိုးအရှင်သခင်အဆင့် ထိပ်သီးပိုင်းက အစားခံရပြီးတော့ မစင်စွန့်ထုတ်ခံခဲ့ရတယ်။

ထို့နောက် ချက်ချင်းပင် အသက်ရှင်ကျန်နေသော ပြိုင်ပွဲဝင်တိုင်းက တစ်ချိန်တည်းမှာပင် နံပါတ်ပြားများကို ဖိခြေလိုက်ကြပြီး အလင်းရောင်ခြည်များအဖြစ် စစ်မြေပြင်မှ ပျောက်ကွယ်သွားတော့သည်။

အဖွဲ့(၂၄)တွင် ဖျက်မြင်းဖြစ်သော နံပါတ် (၉၇၈၀) ဒိုဒိုက အဆင့်တက်သွား၏။

ထိုပြိုင်ပွဲ၌ နာမည်ကြီးသွားသော ဆရာသခင် ကြက်သွန်နီကောင်က အခြားနေရာများသို့ သွားလာနေပြီး လူအများ၏ အာရုံကို ဆွဲဆောင်နိုင်ခဲ့သည်။ သူတို့ အားလုံးက ဒိုဒိုကို လက်ညိုးထိုးကာ တီးတိုးပြောနေကြပြီး ပါ့ဂ်လီအို၊ ရိုမန်နှင့် အခြားသူများက “ဒီကြက်သွန်ကောင်ကို မသိဘူး” ဟူသော အမူအရာများ ပြသနေခဲ့သည်။ ဒိုဒို၏ “ကမ္ဘာဝါးမျို” က (အမှန်တကယ်၌ စားခြင်း၊ သောက်ခြင်း၊ မစင်စွန့်ခြင်း) အတော်လေး အရုပ်ဆိုးလှပေသည်။

ဆရာသခင် ဒိုဒိုသာ ဖျက်မြင်း မဟုတ်ကြပေ။ စစ်ဆေးခြင်းပွဲစဉ်တွင် နောက်ဆုံး ဖြစ်ခဲ့သော မစ်-နဂါးနက် ကလည်း အလွယ်တကူ အနိုင်ရရှိလာခဲ့သည်။ သို့သော်လည်း အဖွဲ့(၆၅)တွင် အံ့သြလောက်စရာ ဖြစ်ရပ်တစ်ခု ဖြစ်သွား၏။ မျက်စိတစ်မှိတ် အတွင်းမှာပင် အားလုံးက အနီရင့်ရောင် သလင်းကျောက်များ ရစ်ပတ်ထားသော ရုပ်ထုများ ဖြစ်ကုန်သည်။ အနီရင့်ရောင် ဝတ်ရုံကို ဝတ်ထားသော လျို့ဝှက်ဆန်းကြယ်သူ တစ်ယောက်က ဖြည်းဖြည်းချင်း လမ်းလျှောက်လာခဲ့သည်။ သူဖြတ်သွားလိုက်တိုင်း ရုပ်ထု အားလုံးက အမှုန်ဖြစ်သွားကာ အစအနမကျန် ပျောက်ကွယ် သွားတော့သည်။

နံပါတ်(၁၇၅၇၁) သက်ကြွေအကြင်သူက နောက်တစ်ဆင့် တက်သွားလေသည်။

ပြိုင်ဘက် ၁၉၉ယောက်တွင် တစ်ယောက်မှ အသက်မရှင် ခဲ့ကြပေ။

သိုင်းပြိုင်ပွဲတွင် အသေအကြေက ရှောင်လွှဲ၍ မရနိုင် သော်လည်း ထို “သက်ကြွေအကြင်သူ”၏ ရက်စက်မှုနှင့် ကြမ်တမ်းမှုတို့က ပရိသတ်များကို တုန်လှုပ်နေစေသည်။ ထိုတိုက်ခိုက်ရေးနည်းလမ်းကို ရင်းနှီးသလို ချန်လွေ့ ခံစားမိသော်လည်း ထိုအချိန်၌ မမှတ်မိခဲ့ပေ။

ပဏာမအဆင့် (၃)ရက် ပြီးနောက်တွင် စစ်ဆေးခြင်း ပြိုင်ပွဲကို ဖြတ်ကျော်နိုင်ခဲ့သော ပြိုင်ပွဲဝင် (၁၀၀၀၀)တွင် နောက်ဆုံး ၆၃ယောက်သာ ကျန်ရှိပြီး ဗိုလ်လုပွဲ အကြို မတိုင်မီအဆင့်သို့ ရောက်ရှိသွားကြသည်။ သူတို့က တစ်ဦးချင်း ယှဉ်ပြိုင်ရမည် ဖြစ်သည်။ အနိုင်ရရှိသူက နောက်တစ်ဆင့် တက်ပြီး ရှုံးနိမ့်သူက ထွက်ရပေမည်။

ပြိုင်ပွဲဝင် ၆၃ယောက်ကို အုပ်စု(၂)စု ခွဲလိုက်ပြီး နတ်ဆိုးဘုံ၌ နံပါတ်(၁) အမှန်တကယ် ဖြစ်လာစေရန် တစ်ဖွဲ့စီတွင် နောက်ဆုံး အနိုင်ရရှိသူက ထိုပြိုင်ပွဲ၌ ပထမနေရာအတွက် ယှဉ်ပြိုင်ရမည်ဖြစ်သည်။

မဲနှိုက်ပြီးနောက် ချန်လွေ့၊ ဇိုလာ၊ ရိုင်ဇန်၊ လာလာရီယာ၊ အိုလီဖီးရက်စ်နှင့် လျို့ဝှက်ဆန်းကြယ်သော “သက်ကြွေ အကြင်သူ”တို့အပါအဝင် ၃၁ယောက်က အထက် အုပ်စုသို့ ရောက်ရှိသွားကြသည်။ ကတ်သရင်း၊ ပါ့ဂ်လီအို၊ ဒိုဒို၊ ရိုမန် နှင့် ရက်ပီပစ်တို့ ပါဝင်သော ၃၂ယောက်က အောက် အုပ်စုအဖြစ် ပိုင်းခြားခဲ့လေသည်။

အထက် အောက် အုပ်စုများကို ဆုံးဖြတ်ပြီးနောက် ပြိုင်ဘက်များကို မဲနှိုက်ကာ ရွေးချယ်ရလေသည်။ ရိုင်ဇန်၊ ကတ်သရင်း၊ ချန်လွေ့၊ လာလာရီယာနှင့် အခြားသူများက ဆန်ကာတင်ပြိုင်ပွဲဝင်များအဖြစ် သတ်မှတ်ထားကြသည်။ ထို့ကြောင့် သူတို့က သီးခြား မဲနှိုက်ကြရသည်။

ထိုသိုင်းပြိုင်ပွဲ၏ စုစုပေါင်းအဆင့်က အလွန်အမင်း မြင့်မားလှသည်။ အကြိုဗိုလ်လုပွဲ မတိုင်မီအဆင့်သို့ ရောက်ရှိနိုင်သူများ အားလုံးက ထူးခြားသော စွမ်းအားများ ရှိကြသူများ ဖြစ်ပေသည်။ အမှန်တကယ်၌ စွမ်းအားတူသော အစွမ်းထက်ပုဂ္ဂိုလ်များစွာ ရှိသော်လည်း ကံတရားနှင့် အဖွဲ့ ပြဿနာကြောင့် ပဏာမအဆင့်၌ ထွက်သွားခဲ့ရသည်။ ကံတရားက စွမ်းအားတစ်မျိုး ဆိုသည်မှာ အသေအချာပင်။

ရှုံးထွက်ပွဲစဉ်များက တကယ့် ပြိုင်ပွဲ ဖြစ်ပေသည်။ အခြေခံအားဖြင့် ညစ်ရန် အခွင့်အရေး မရှိပေ။ တစ်ယောက်လျှင် တစ်ပွဲစီသာ တိုက်ခိုက်၍ ရနိုင်သည်။ အကယ်၍ ယှဉ်မနိုင်သော ပြိုင်ဘက်နှင့် ကြုံတွေ့ရမည်ဆိုလျှင် သူက ကံကြမ္မာကိုသာ လက်ခံရပေလိမ့်မည်။

မဲနှိုက်ပြီးနောက်တွင် တိုက်ပွဲစာရင်း ထွက်လာ၏။ စိတ်လှုပ်ရှားစရာ ပွဲစဉ်များ စတင်လေပြီ။ ချန်လွေ့က နံပါတ် အလွတ်ကို နှိုက်မိသွားသည့်အတွက် ကံကောင်းသွားပြီး နောက်တစ်ဆင့်ကို တစ်ခါတည်း တက်သွားခဲ့သည်။

အထက်၊ အောက် အုပ်စု တစ်ခုစီတွင် ပွဲစဉ် နှစ်ပွဲကို ကွင်း(၄)ကွင်း၌ တစ်ချိန်တည်း စတင်မည် ဖြစ်သည်။

အထက်အုပ်စု ပွဲစဉ်နှစ်ခုမှာ စတေလာ နှင့် အိုလီဖီးရက်စ်၊ ဖန်တာ နှင့် သက်ကြွေအကြင်သူ တို့ ဖြစ်ကြ၏။

အောက်အုပ်စု ပွဲစဉ်နှစ်ခုမှာ ကတ်သရင်း နှင့် ဗာစတန်၊ ရက်ပီပစ် နှင့် ဖာမာတို့ ဖြစ်ကြ၏။

ကတ်သရင်း၏ ပြိုင်ဘက်က အရိပ်နက်အင်ပါယာ အသစ် ခန့်အပ်ထားသော တတိယဗိုလ်ချုပ် ဗာစတန် ဖြစ်၏။ ဗာစတန်က စစ်တပ်ထဲ၌ အင်အားအကြီးဆုံးထဲမှ တစ်ယောက် ဖြစ်သည်။ သူက ဂျာဂယ်ခံတပ်တွင် ဘရော့ခ်၏ ဖိနှိပ်ခြင်းကို ခံခဲ့ရလေသည်။ ဘရော့ခ် သေသွားပြီးနောက် သူက ဂျာဂယ်ခံတပ်ကို စောင့်ကြပ်ရသော တတိယဗိုလ်ချုပ် အဖြစ် ရာထူးတိုးသွားခဲ့သည်။ သူက ကျေးဇူးတင်သော်လည်း ပထမအကျော့မှာပင် သူ၏ အုပ်ချုပ်သူကို မမျှော်လင့်ဘဲ ရင်ဆိုင်ခဲ့ရလေသည်။

“ကျုပ်ရဲ့ ရိုင်းပျမှုကို ခွင့်လွှတ်ပေးပါ။ အရှင်မ။” ဗာစတန်က ရောက်လာသည်နှင့် ကတ်သရင်းကို အလေးအနက် ဦးညွှတ်လိုက်၏။

ကတ်သရင်းက ပုံမှန်ပင် ပြုံးလိုက်သည်။ “ဗာစတန်။ ငါ ယုံကြည်ရတဲ့ အင်ပါယာဗိုလ်ချုပ် တကယ့် အစွမ်းအစကို အားလုံးမြင်အောင် ပြလိုက်။”

“အမိန့်အတိုင်းပါ။” ဗာစတန်၏ ကြွက်သားများ ကြီးထွားလာပြီး ခန္ဓာကိုယ်မှ အင်အားကြီး အငွေ့အသက် တစ်ခု လှိမ့်တက်လာခဲ့သည်။ သူက လက်ကို ဝှေ့ရမ်းလိုက်ရာ မရေမတွက်နိုင်သော ဥက္ကာပျံကဲ့သို့ မီးတောက်များက ကတ်သရင်းထံ ပျံသန်းသွားတော့သည်။

ထိုမီးတောက်များက ကတ်သရင်းထံသို့ မချဉ်းကပ် နိုင်ခင်မှာပင် ရုတ်တရက် နှေးကွေးသွားကြသည်။ မျက်စိ တစ်မှိတ် အတွင်းမှာပင် ဆုပ်ကိုင်မရသော စွမ်းအားက အစအနမကျန် ပျောက်ကွယ်သွားပြီး ဗာစတန်၏ နောက်ဘက်မှ ကတ်သရင်း၏အသံ ပေါ်ထွက်လာခဲ့သည်။

“အစွမ်းကုန်ထုတ်။ ငါ့ကို စိတ်ပျက်အောင် မလုပ်နဲ့။”

ဗာစတန် သိမ့်သိမ့်တုန်သွားခဲ့သည်။ သူ၏ပုံရိပ် ရုတ်တရက် ပျောက်ကွယ်သွားပြီးနောက် နေရာတွင် ရွှေရုပ်သေး တစ်ခု ပေါ်ထွက်လာပြီး ကတ်သရင်းထံ အမြန် ပြေးသွားလေသည်။ ကတ်သရင်းက ခြေထောက်ကို တော့ပြီး လေထဲသို့ ပျံသန်းသွားခဲ့သည်။ အရှေ့မှ ရွှေရုပ်သေးက ရုတ်တရက် ဗာစတန် ပြန်ဖြစ်သွားသည်။ ကတ်သရင်းက နဂိုက ရှိခဲ့သော နေရာပေါ်တွင် ရွှေရောင်ရုပ်သေးက မြေပြင်ကို ကွဲကြေသွားစေခဲ့ပြီး တိုက်ခိုက်မှု လွဲချော်သွား၏။

တိုက်ခိုက်မှု လွဲချော်သွားသော်လည်း ဗာစတန်၏ နည်းဗျူဟာနှင့် ရွှေရုပ်သေး ထိန်းချုပ်မှုတို့က အမှန်ပင် အထင်ကြီးစရာ ကောင်းပေသည်။ မြင်တတ်သူတိုင်းက အေးဆေးဖြစ်နေသော ကတ်သရင်းက အင်ပါယာ ဗိုလ်ချုပ်ကို လေ့ကျင့်ပေးနေခြင်းဖြစ်ကြောင်း မြင်နိုင်ကြပေသည်။ မည်သို့ ဆိုစေကာမူ ပြိုင်ပွဲ စည်းမျဉ်းက စစ်မြေပြင်မှ ထွက်သွားလျှင်၊ တိုက်ခိုက်ရန် စွမ်းရည် မရှိတော့လျှင်၊ အရှံးပေးလျှင် အရှုံးဟု သတ်မှတ်မည် ဖြစ်လေသည်။ ဧကရီက ထိုအခွင့်အရေးကို အသုံးချကာ ဗိုလ်ချုပ်ကို လေ့ကျင့်ပေးနေ၏။ သူတို့က မီးတောက်များဖြင့် အကွက်ဖြင့် ဖလှယ်နေကြပြီး အတော်လေး စိတ်လှုပ်ရှားစရာ ကောင်းလှသည်။

မစ်-နဂါးနက် ဘက်တွင်လည်း သည်းထိတ်ရင်ဖိုစရာ ဖြစ်နေသည်။ စတေလာက ကြယ်ကြွေတမန် အင်ပါယာမှ ထိပ်တန်း မှော်ပညာရှင် ဖြစ်၏။ သူက နတ်ဆိုးအရှင်သခင် အဆင့် ထိပ်သီးပိုင်းဖြစ်ပြီး တကယ့်တိုက်ခိုက်ရေး အတွေ့အကြုံ အလွန်အမင်း များပြားပေသည်။ မစ်-နဂါးနက်က စေတန်၏ စိတ်ဝိညာဉ်အမှတ်အသားကို ပယ်ဖျက်ခဲ့ပြီး အဖေဖြစ်သူပေးထးသော “အင်ပါယာ နတ်ဆိုး လက်သည်း”ကို အသုံးပြုနေသော်လည်း အတွေ့အကြုံရှိ နတ်ဆိုးအရှင်သခင်အဆင့် ထိပ်သီးပိုင်းကို အနိုင်ရရှိရန်က မလွယ်ကူလှပေ။

ပြောရမည်ဆိုလျှင် စတယ်လာက ဇိုလာ၏တပည့် ဖြစ်လာပြီးနောက် အမှန်တကယ်ပင် ကြီးကြီးမားမား တိုးတက်မှုများ ဖြစ်လာခဲ့သည်။ ကံဆိုးစွာပင် သူက မှော်ပညာရှင်တစ်ယောက်ဖြစ်ပြီး မှော်ပညာပြီးသော နဂါးနက် တစ်ကောင်ကို ရင်ဆိုင်ရသည့်အခါ ဒူးသာ ထောက်နိုင် လေသည်။ မှော်ပညာရှင်တိုင်းက မစ်-နတ်မိမယ်နဂါးလောက် မကြမ်းနိုင်ကြပေ။

စတေလာက မစ်-နဂါးနက်၏ အသိအကျွမ်းဟောင်း ဖြစ်သည်။ မှော်စွမ်းအား အကုန်လုံးကို တစ်ခါတည်း အသုံးးပြုပြီးနောက် သူက ချက်ချင်းပင် အရှုံးပေးလိုက်သည်။ ထိုအင်အားကြီးသော မန္တန်များက အရောင်စုံပြီး ကျက်သရေ ရှိလှပေသည်။

အနိုင်ရရှိသွားသော မစ်-နဂါးနက်က ပြုံးနေခဲ့သည်။ ပြိုင်ပွဲ အတွက် စာရင်းသွင်းခက သလင်းကျောက်နက်ဒင်္ဂါးတစ်ပြား (သူဌေးကနေရ) ဖြစ်ပြီး သူက စမ်းသပ်ခြင်းပြိုင်ပွဲတွင် သလင်းကျောက်ဒင်္ဂါး ၅၀ ရရှိခဲ့ပြီး ပဏာမအဆင့်ကို ဖြတ်ကျော်သွားရာ သလင်းကျောက်နက်ဒင်္ဂါး ၁၀၀၀ ရရှိခဲ့သည်။ ယခုတွင်သူက ပထမပွဲကို အနိုင်ရရှိပြီး ဒုတိယ အကျော့ကို ရောက်လာပြီဖြစ်ရာ ဆုလာဒ် စည်းမျဉ်းအတိုင်း ဆိုလျှင် သလင်းကျောက်နက်ဒင်္ဂါး ၂၀၀၀ ရရှိမည်ဖြစ်သည်။ စုစုပေါင်းအနေဖြင့် အသားတင်အမြတ် သလင်းကျောက်နက် ဒင်္ဂါး ၃၀၅၀ ဖြစ်လေသည်။

စတေလာနှင့် မစ်-နဂါးနက်တို့၏ပွဲက အစောဆုံး ပြီးသွားခြင်း မဟုတ်ပေ။ ရက်ပီပစ်နှင့် လျို့ဝှက်ဆန်းကြယ်သူ “သက်ကြွေအကြင်သူ” တို့၏ တိုက်ပွဲက ပို၍ပင် ခပ်စောစော ပြီးသွားလေ၏။

ဖာမာက အမြန်နှုန်း အမျိုးအစား လေ့ကျင့်သူ ဖြစ်သည်။ နတ်ဆိုးအရှင်သခင်အဆင့် အလတ်ပိုင်းစွမ်းအားက သာမန် အစွမ်းထက်ပုဂ္ဂိုလ်များ မော်ကြည့်ရသော တည်ရှိမှုတစ်ခု ဖြစ်လေသည်။ ကံဆိုးစွာပင် သူက သူကိုယ်တိုင် မော့ကြည့်ရသော ရေဘဝဲဘုရင်နှင့် ဆုံသွားသောအခါ ပြိုင်ဘက်က မည်သို့ လှုပ်ရှားလိုက်သည်ကို မမြင်ခင်မှာပင် မြေပေါ်သုိ့ လဲကျသွားပြီး စွမ်းအား လုံးဝ ဆုံးရှုံးသွား တော့သည်။

“သက်ကြွေအကြင်သူ”က အရိပ်နက် အင်ပါယာမှ ထိပ်တန်း မှော်ပညာရှင် ဖန်တာကို ရင်ဆိုင်နေရ၏။

အနီရင့်ရောင် ဝတ်ရုံကို ဝတ်ထားသော လျို့ဝှက် ဆန်းကြယ်သူက ဖန်တာကို ဖျတ်ခနဲ ကြည့်လိုက်ရာ နတ်ဆိုး အရှင်သခင်အဆင့် ထိပ်သီးပိုင်းဖြစ်သော ဖန်တာက သိမ့်သိမ့် တုန်သွားလေသည်။ ထို့နောက် သူက ကြောက်စရာတစ်ခုခုကို မြင်လိုက်ရသကဲ့သို့ပင် မြေပြင်ပေါ်တွင် ငေးငိုင်နေပြီး မလှုပ်ရှားနိုင်တော့ပေ။ သူက မည်သည့်နည်းလမ်း၊ မည်သည့် မှော်အစွမ်းကိုမှ အသုံးမပြုနိုင်ခဲ့ပေ။

ကြောက်မက်ဖွယ်ရာ အငွေ့အသက် လွှမ်းမိုခံနေရသော ဖန်တာက ဧကရီအရှင်မ ညွှန်ကြားခဲ့သည်ကို လိုက်နာ ရမည်ဟု ကိုယ့်ကိုယ်ကိုယ် သတိပေးနေခဲ့သည်။ သူက လုံးဝ မတောင့်ခံနိုင်တော့ကြောင်း သိလိုက်ရသည့်အခါ ချက်ချင်းပင် စစ်မြေပြင်မှ ထွက်သွားနိုင်ရန်အတွက် နံပါတ်ပြားကို ဖိခြေလိုက်၏။ သို့သော်လည်း သူ၏ခန္ဓာကိုယ် မတုံ့ပြန်ဘဲ ခဲတောင့်သော ခံစားချက်တစ်ခု ပျံ့နှံ့လာခဲ့သည်။

ထို့နောက် ချက်ချင်းမှာပင် အရိပ်နက်အင်ပါယာမှ ထိပ်တန်း မှော်ပညာရှင်က အလျင်အမြန်ပင် သလင်းကျောက် ရုပ်ထုအဖြစ် ပြောင်းလဲသွားတော့သည်။ သက်ကြွေ အကြင်သူက လက်ကို ဝှေ့ရမ်းလိုက်ရာ အနီရောင်ဖျော့ဖျော့ ရုပ်ထုက အပြင်းအထန် ပေါက်ကွဲထွက်သွား၏။

အရိပ်နက်အင်ပါယာမှ ထိပ်တန်း မှော်ပညာရှင်က မန္တန်တစ်ခု အသုံးမပြုနိုင်ခင်မှာပင် ချေမှုန်းခံလိုက်ရသည်။

ထိုစစ်မြေပြင်ကို အာရုံစိုက်နေခဲ့သော ချန်လွေ့က ရုတ်တရက် မျက်မှောင်ကြုတ်လိုက်ပြီး ထိုတိုက်ခိုက်မှုအား မြင်တွေ့ခဲ့ဖူးသည့်နေရာကို နောက်ဆုံး မှတ်မိသွား၏။ ပျောက်နေတဲ့ သလင်းကျောက်နဂါး ယာကော့ဘ် .....

All Chapters