လောင်ကျွမ်းခြင်း၊ အမျက်ဘုရင်၏ စိတ်စွမ်းအင်
Vol. 53 Ch. 863
အဆောင်ပစ္စည်း(၇)မျိုးထဲမှ တစ်ခုဖြစ်သော ဆမ်မြူရယ် တော်ဝင်မိသားစု၏ အမြင့်မြတ်ဆုံး အဆောင်ပစ္စည်း အမျက်ဘုရင် ချပ်ကာ။
ထိုချပ်ကာက ရုပ်ပိုင်းဆိုင်ရာထိခိုက်မှုနှင့် မှော်ထိခိုက်မှု တို့ကို ကြီးကြီးမားမား ထိခိုက်စေနိုင်သည်။ ဝိညာဉ်ကို ကာကွယ်ပေးနိုင်၊ စိတ်ဝိညာဉ်ကျူးကျော်မှုပြီးစေနိုင်ပြီး ထိခိုက်မှု အလိုလို ပြန်ကောင်းနိုင်သည်။ ထို့ပြင် တစ်စုံ တစ်ယောက်အား အမျက်ဘုရင်ချပ်ကာ၏ ဂုဏ်သတ္တိ တဝက်ကို အချိန်အကန့်အသတ် တစ်ခုအတွင်း ချီးမြှင့်ပေး နိုင်သော “ဝိညာဉ်ချပ်ကာ”လည်း ရှိလေသည်။ ထိုအရာက စွမ်းအားလွန်ကဲနေသော အဆင်တန်ဆာတစ်ခုဟု ယူဆ၍ ရနိုင်ပေသည်။ တဲရစ်က အသူရာ(၃)ယောက် အသုံးပြု ခဲ့သော [ စူပါနိုဗာပေါက်ကွဲခြင်း ] မှ “ဝိညာဉ်ချပ်ကာ”ကို အသုံးပြုပြီး လွတ်မြောက်ခဲ့ခြင်း ဖြစ်လေသည်။
ရိုင်ဇန်၏ စွမ်းအားက ကြီးမားသော်လည်း စွမ်းအား ဖိနှိပ်ထားခြင်းနှင့် အကွာအဝေး အကန့်အသတ်တို့ကြောင့် အမျက်ဘုရင်ချပ်ကာ၏ ခုခံမှုကို ဖောက်ထွင်းပြီး ဘရေ့ဂက်ကို ပြတ်ပြတ်သာသား ထိခိုက်စေရန် ခက်ခဲလောက်ပေသည်။
သို့သော်လည်း ဘရေ့ဂက်က လိုအပ်သည်က ခံစစ် မဟုတ်ဘဲ တိုက်စစ်ပင်။ ထိုသိုင်းပြိုင်ပွဲ ရလာဒ်တွင် သည်းထိတ် ရင်ဖိုဖြစ်စရာ မရှိဘဲ သူ့အတွက်လည်း အရေး မကြီးလှပေ။ သူလုပ်ရမည်က ရိုင်ဇန်ကို ထိုစက်ဝိုင်းထဲမှ အပြင်သို့ရောက်အောင်ပင်။
ထိုအရာက ထောင်ပေါင်းများစွာသော မိသားစုဝင်များ၏ သေရေးရှင်ရေးနှင့် သက်ဆိုင်နေပေသည်။
ရိုင်ဇန်၏ စွမ်းအားနှင့် အတွေ့အကြုံတို့ဖြင့်ဆိုလျှင် အလှကွက်များ၊ သာမန်ပိုင်နက်များက လုံးဝ အလုပ်ဖြစ်မည် မဟုတ်ပေ။ တိုက်ရိုက် လုံးဝ တိုက်ခိုက်သော နည်းလမ်းသာ အထိရောက်ဆုံး ဖြစ်ပေသည်။
ဘရေ့ဂက်က ညည်းတွားရင်း ထူထဲသော သွေးများကို ထုတ်လွှတ်လိုက်ကာ ၈မီတာခန့်မြင့်မားသော ဧရာမ နိမိတ်ပုံရိပ် အဖြစ်သို့ စုစည်းသွားခဲ့သည်။ ဧရာမကောင်ကြီး ဖြစ်သွားသောအခါ ဘရေ့ဂက်၏ မျက်နှာပေါ်တွင် ဒေါသ ထွက်နေသော အမူအရာရှိနေပြီး မျက်နှာကလည်း ရောင်ကိုင်း လာပြန်သည်။ သူက ခြေထောက်ကို ဆောင့်နင်းလိုက်ရာ ခန္ဓာကိုယ်က ထက်မြက်သော မြားတစ်စင်း ကဲ့သို့ပင် ရိုင်ဇန်ထံ အမြန်ရောက်ရှိသွားခဲ့သည်။ မှော်အစီအရင်ဖြင့် အားဖြည့်ထားသော မြေပြင်က ထိုခြေဆောင့်နင်းခြင်းကြောင့် အမှန်တကယ် အက်ကွဲသွားခဲ့သည်။ ထိုအရာက ပြင်းထန်လှသော အားအင်ကို ပြသနေ၏။
[ ဒေါသသွေး ] - သွေး ၃ပုံ ၁ပုံ ဆုံးရှုံးသွားသည့်အခါ [သွေးအမျက်] ပါရမီရှိသူအချို့က [ ဒေါသသွေး ] အခြေအနေ ရောက်ရှိနိုင်ပြီး တိုက်ခိုက်ရေး စွမ်းအားက အရည်အသွေး အရ တဟုန်ထိုး တိုးတက်သွားပေလိမ့်မည်။
ထိုလက်သီးချက်က [ ဒေါသသွေး ]၏ စွမ်းအားနှင့် ဧရာမ နိမိတ်ပုံရိပ်၏ ပိုင်နက်စွမ်းအားတို့ စုစည်းထားခြင်း ဖြစ်သည်။ ပရိတ်သတ်များအားလုံးက ဧရာမနိမိတ်ပုံရိပ်သည် ရိုင်ဇန် ထံသို့ လှုပ်ရှားလိုက်ခြင်း ထင်ယောင်ထင်မှား ဖြစ်သွားခဲ့ ကြသည်။ ထိုတိုက်ကွက်က ချက်ချင်းပင် ထောင်ပေါင်း များစွာသော လက်သီးချက်များကို ဖြစ်စေခဲ့လေသည်။
သူတို့ ပြန်ကြည့်လိုက်သောအခါ အဘက်ဘက်မှ လက်သီးစွမ်းအား အားလုံးက ချက်ချင်းပင် လက်သီး တစ်ခုအဖြစ် စုစည်းသွားပြီး ရိုင်ဇန်၏ ရင်ဘတ်ကို ထိသွား၏။ ထိုလက်သီးချက်က ယခင်နှင့် မတူညီသော အလွန်ပင် ကြီးမားလှသော အဟုန်ကို သယ်ဆောင်ထားခဲ့သည်။ ထိုအရာက ဥပဒေသစွမ်းအား အရင်းခံ ရေးရေးလေးပင် ရှိနေလေပြီ။ ရိုင်ဇန်က အတင်းသာ ခုခံ၍ ရနိုင်လေသည်။
ရိုင်ဇန်၏ ပုံမှန် အမူအရာက လက်သီးချက်ကို မလှုပ်ရှားဘဲ စိုက်ကြည့်နေရင်း လေးနက်သွားခဲ့သည်။ ဘရေ့ဂက်၏ လက်သီးချက်က ချဉ်းကပ်လာသည်နှင့် သူက အလျင်အမြန် လက်သီးတစ်ချက် ပစ်သွင်းလိုက်၏။
ပရိသတ်များ၏ မျက်လုံးထဲ၌ ရိုင်ဇန်၏ လက်သီးချက်က ထပ်နေသော ပုံရိပ်များ ဖြစ်စေခဲ့ပြီး အလွန်ပင် လျင်မြန် လှသည့် အတွက်ကြောင့် ဝေဝါးသွားပုံရသည်။
ချန်လွေ့ကဲ့သို့ လူနည်းစုကသာ ၎င်းကို သေသေချာချာ မြင်နိုင်ခဲ့သည်။ ရိုင်ဇန်က စုစုပေါင်း လက်သီးချက် ၃ချက် ထိုးခဲ့သည်။ ပထမတစ်ချက်က ဘရေ့ဂက်၏ ပျော့ပျောင်းသော နေရာဖြစ်သည့် လက်ကောက်ဝတ်ကို ဘေးဖက်မှ ထိသွားခဲ့သည်။ ဒုတိယတစ်ချက်က ဘရေ့ဂက်၏ ကျန်ရှိနေသော လက်သီးအဟုန်ကို လမ်းကြောင်းပြောင်းပြီး “ပြန်လည်အသုံးချသော” လုပ်ငန်းစဉ်နှင့် ဆင်တူပေသည်။ ဘရေ့ဂက်၏ လက်သီးစွမ်းအားက လုံးဝ ကွယ်ပျောက် သွားခဲ့သည်။ တတိယ လက်သီးချက်က အားကုန်သွားပြီ ဖြစ်သော လက်သီးကို ထိုးလိုက်ပြီး ဘရေ့ဂက်ကို သတ်ပစ်ရန် အတွက် သူ့အားနည်းချက်ကို အခွင့်ကောင်း ယူလိုက်ခြင်း ဖြစ်ပေသည်။
ထိန်းချုပ်၊ လမ်းကြောင်းလွှဲ နှင့် ထိုးနှက် လက်သီးချက် (၃)ချက်ကို တစ်ခါတည်း ပြုလုပ်ခဲ့ပေသည်။ အချိန်ကိုက်မှုက ကျွမ်းကျင်ပြီး တိကျလှကာ ရိုင်ဇန် လက်သီးတစ်ချက်တည်း ထိုးခဲ့သလိုမျိုးပင် ထင်ရလေသည်။
“ဘုန်း...” ရိုင်ဇန်၏ပုံရိပ် ယိမ်းထိုးသွားခဲ့သည်။ သို့သော် သူ၏ ခြေထောက်က မလှုပ်ရှားသွားသေးပေ။ ဘရေ့ဂက် နောက်မှ ဧရာမနိမိတ်ပုံရိပ်က ရုတ်တရက် မှိန်လာသည်။ သူက နောက်သို့ ခြေလှမ်း ၅လှမ်း ၆လှမ်း ဆုတ်သွားလိုက်ပြီး တစ်လှမ်းစီက မာကြောလှသော မြေပြင်ကို အက်ကွဲသော ခြေရာများ ကျန်ရစ်သွားစေသည်။
ဘရေ့ဂက်၏ နှုတ်ခမ်းထောင့်မှလည်း သွေးများ စီးကျ လာခဲ့သည်။ ထိုအရာက [ သွေးအမျက် ] ၏ စွမ်းရည် မဟုတ်တော့ဘဲ ရိုင်ဇန် လက်သီးချက်ဒဏ်ကြောင့် ဖြစ်လာသော ဒဏ်ရာ ဖြစ်လေသည်။ အမျက်ဘုရင် ချပ်ကာ၏ အကာအကွယ် ကြောင့်သာ မဟုတ်လျှင် ထိုလက်သီးချက်က သူ၏ရင်ညွန့်ရိုးကို အစိတ်စိတ်အမွှာမွှာ ဖြစ်သွားစေရန် လုံလောက်ပေသည်။
“အမျက်ဘုရင်က ဘာမှ မဟုတ်ပါလား။” ရိုင်ဇန်က ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်သည်။ “မင်းက လုံးဝ “အားအင်” လမ်းကြောင်းကို ရွေးနေတာပဲ။ တကယ်လို့ မင်းက အဆုံးစွန် အထိကို ရောက်သွားမယ်ဆိုရင် ဘယ်“စွမ်းရည်”ကိုမဆို နင်းခြေနိုင်လိမ့်မယ်။ ကံဆိုးချင်တော့ မင်းက တကယ့် ခြားနားချက်ကို နားမလည်သေးဘူး။ မင်းရဲ့ “အားအင်”က ငါ့အတွက် ဘာမှ မပြောပလောက်ဘူး။”
စွမ်းအားအတူတူ၌ မိမိဂုဏ်ယူရသော တော်ဝင် ပါရမီ [သွေးအမျက်]ကို ရိုင်ဇန်က အမှန်တကယ် ဖိနှိပ်နိုင်မည်ဟု ဘရေ့ဂက် မထင်ထားခဲ့ပေ။ သူက ဒေါသတကြီး အော်ဟစ် လိုက်ပြီးနောက် [ဒေါသသွေး] စွမ်းအားကို အဆုံးစွန်အထိ ထုတ်လွှတ်လိုက်တော့သည်။ ဧရာမ နိမိတ်ပုံရိပ်က တဖန် ပြန်လည်၍ ထင်ရှားလာခဲ့ပြီး ရိုင်ဇန်ထံသို့ အင်အားအကုန်ဖြင့် ပြေးဝင်သွားလေသည်။
ချန်လွေ့က တိတ်တိတ်လေး ခေါင်းခါလိုက်သည်။ ရိုင်ဇန်ပြောတာ မှန်တယ်။ ဘရေ့ဂက်က “အားအင်” လမ်းကြောင်းကို ရွေးချယ်ခဲ့ပေမဲ့ သူ့ရဲ့ စွမ်းအားက လုံးဝ တဲ့တိုးအားအင်မျိုး မဟုတ်ဘူး။ အသိစိတ်၊ တိကျမှုနဲ့ ဖိနှိပ်မှုတွေနဲ့ ဖွဲ့စည်းထားတ။
ရိုင်ဇန်ရဲ့ ပုံစံက ဘရေ့ဂက်နဲ့ တကယ်ပဲ တစ်နည်းတစ်ဖုံ ဆင်တူပေမဲ့ ရိုင်ဇန်ရဲ့စွမ်းအားက “အားအင်” နဲ့ “စွမ်းရည်”ကို သဘာဝကျကျ ပေါင်းစည်းထားတာ။ အထူးသဖြင့် တိုင်းပြည်အဆင့် ရောက်ပြီးတော့ စွမ်းအားအပေါ် သူ့နားလည်မှုက အရည်အသွေးအရ ပြောင်းလဲသွားပြီးတော့ အဲဒီနှစ်ခု ပေါင်းစပ်မှုက ပြီးပြည့်စုံတဲ့ အခြေအနေကို နီးစပ်သွားခဲ့တယ်။ ခုနက တိုက်ခိုက်မှုမှာ ရိုင်ဇန်ရဲ့ စွမ်းရည်က တကယ်ပဲ [ ဒေါသသွေး ] အသက်သွင်းထားတဲ့ ဘရေ့ဂက်ထက် နိမ့်ကျတယ်။ ဒါပေမဲ့ သူက ပြိုင်ဘက်ကို လုံးဝ အနိုင်ယူခဲ့တယ်။ အဲဒါက အကောင်းဆုံး ဥပမာပဲ။
နှစ်ဖက်အကြားက လက်ရှိစွမ်းအား အရတော့ ဘရေ့ဂက်က ပြိုင်ဘက်ကို လုံးဝ ဖိနှိပ်နိုင်တဲ့ အဆင့်အထိ စွမ်းအားကို မမြှင်တင်နိုင်ဘူးဆိုရင် သူ ဘယ်လောက်ပဲ ကြိုးစားကြိုးစား ရိုင်ဇန်ကို စက်ဝိုင်းအပြင်ရောက်အောင် လုပ်နိုင်မှာ မဟုတ်ဘူး။
အရေးကြီးဆုံးကတော့ [ သွေးအမျက် ] စွမ်းအားက အဆုံးမဲ့ မဟုတ်တာပဲ။ သွေးစီးဆင်းမှုက အကန့်အသတ်ကို ကျော်လွန်သွာတာနှင့် အထူးသဖြင့် [ဒေါသသွေး] အခြေအနေက ကြာကြာမခံနိုင်တဲ့အခါ တိုက်ခိုက်မှုက လုံးဝ လျော့ကျသွားမှာပဲ။ အဲဒါဆိုရင် အသက်အန္တရာယ် စိုးရိမ်ရနိုင်တယ်။
ထင်ထားသည့်အတိုင်းပင် ဘရေ့ဂက်က ထိုကဲ့သို့ အရူးအမူး တိုက်ခိုက်မှုဖြင့် ရန်သူကို မလှုပ်ခါနိုင်ခဲ့ဘဲ ရိုင်ဇန်၏ ထပ်ကာထပ်ကာ ထိုးနှက်ခြင်းကို ခံနေရလေသည်။
“ဘုန်း....”
ဘရေ့ဂက် လွင့်ထွက်သွားပြန်ပြီး မြေပေါ်သို့ ပြုတ်ကျကာ မျက်နှာပေါ်တွင် သွေးများ ပြည့်နေတော့သည်။ သူ၏ ညာပုခုံးကလည်း အပြင်းအထန် ပုံပျက်နေ၏။ ခုနက ရိုင်ဇန်၏ ထိုးချက်က သူ၏ ပုခုံးအဆစ်ကို နေရာလွဲစေခဲ့ပြီး ဧရာမ နိမိတ်ပုံရိပ်ကလည်း ပိုမို၍ မှိန်လာခဲ့သည်။ ၎င်း၏အဟုန်က တဟုန်ထိုး စတင်၍ နိမ့်ကျလာခဲ့ကာ အကန့်အသတ်သို့ ရောက်ရှိပေတော့သည်။
“မင်းမှာ နိုင်ဖို့ အခွင့်အရေး မရှိဘူး။ ငါလည်း ဒီလိုမျိုး အချိန်ဆွဲရတာကို စိတ်မဝင်စားဘူး။” ရိုင်ဇန်က ဘရေ့ဂက်ကို အထင်သေးစွာဖြင့် ကြည့်လိုက်သည်။ “ကံကောင်းချင်တော့ အမျက်ဘုရင်ချပ်ကာက မင်းအသက်ကို ကယ်တင်ပေးဖို့ ရှိနေတယ်။”
ငါ့အသက်ကို ကယ်မှာလား။
ဘရေ့ဂက်က ခနဲ့သော အမူအရာ ပြုလုပ်လိုက်ပြီး သွေးတစ်လုပ် အန်လိုက်ကာ တဖြည်းဖြည်း ထလိုက်ပြန်၏။ သူက အပြင်းအထန် အသက်ရှူနေရင်း ဘယ်လက်က အဆစ်လွဲနေသော ညာဘက်ကို ညှပ်ပြီး တန်းလိုက်ရာ နဂိုနေရာသို့ ပြန်ရောက်သွားခဲ့သည်။ ထိုသို့ ပြုလုပ်ရာ၌ နာကျင်မှုက အတော်လေး ပြင်းထန်လှသည်။ သူ၏ နဖူးပေါ်တွင် ချွေးစေးများ ရှိနေသော်လည်း သူ၏ စိတ်စွမ်းအင်က သံမဏိပမာ ဖြစ်သည်။ သူက မျက်မှောင်ပင် မကျုံ့ခဲ့ပေ။
ထို့နောက် ဘရေ့ဂက်က ထိတ်လန့်ဖွယ်ရာ တစ်ခုကို ပြုလုပ်ခဲ့သည်။ အားလုံးက အလင်းရောင်တစ်ခုကို လက်ခနဲ မြင်လိုက်ရပြီးနောက် သူ့ခန္ဓာကိုယ်ပေါ်မှ အနက်ရောင် ချပ်ကာကို ဘေးသို့ လွင့်ပစ်လိုက်ကာ အပြင်းအထန် ဒဏ်ရာရရှိနေသော ခန္ဓာကိုယ် ပေါ်လွင်လာခဲ့သည်။
ဘရေ့ဂက်၏ ခန္ဓာကိုယ်က ဒဏ်ရာများနှင့် ပြည့်နေ၏။ ရိုင်ဇန်၏ လက်သီးချက်များက ပြင်းထန်လွန်းလှပေသည်။ အမျက်ဘုရင်ချပ်ကာကြောင့်သာ မဟုတ်လျှင် သူ့တကိုယ်လုံး အရိုးများအားလုံး ကျိုးကြေသွားပေမည်။ ထိုသို့ ဆိုသည့်တိုင် သူ၏ အတွင်းအင်္ဂါများက အဆက်မပြတ် ထိုးနှက်ချက် များကြောင့် အပြင်းအထန် ထိခိုက်နေခဲ့သည်။ ဘရေ့ဂက်က သူ၏ခန္ဓာကိုယ် မဟုတ်သကဲ့သို့ပင် ဂရုစိုက်ဟန် မတူပေ။
ဘရေ့ဂက်၏ ထိုလုပ်ရပ်က ရိုင်ဇန်နှင့် ပရိတ်သတ် အားလုံး မျှော်လင့်ထားသည်ကို ကျော်လွန်နေခဲ့သည်။ အမျက်ဘုရင် ချပ်ကာက အခုထိ ရိုင်ဇန်ကို ဘရေ့ဂက် တိုက်ခိုက်နိုင်အောင် လုပ်ပေးနေတဲ့ အရေးအပါဆုံး အချက်တစ်ခုပဲ။ အမျက်ဘုရင် ချပ်ကာရဲ့ အကာအကွယ်ကို လက်လျှော့လိုက်တာက ကိုယ့်ကိုယ်ကိုယ် သတ်သေတာနဲ့ အတူတူပဲ။
ဘရေ့ဂက်က ရိုင်ဇန်ကို ထက်မြက်သော ဓားတစ်လက် ကဲသို့ စိုက်ကြည့်လိုက်ရာ ရိုင်ဇန်က မျက်လုံးထဲ၌ တရွရွ ခံစားလိုက်ရပြီး “[သွေးလောင်ကျွမ်းခြင်း]” ဟူသော စကားလုံးကို ကြားလိုက်ရ၏။
“ဝုန်း..ဝုန်း...ဝုန်း....!!”
အလွန်ကြီးမားသော နိမိတ်ပုံရိပ်ကို ဘရေ့ဂက်၏ ခန္ဓာကိုယ်ထဲ ပြန်လည်စုပ်ယူလိုက်သည်နှင့် ပေါက်ကွဲသံကြီး ထွက်ပေါ်လာခဲ့သည်။ သူ၏ သွေးများက အမှန်တကယ်ပင် ခန္ဓာကိုယ်ထဲ၌ ပေါက်ကွဲနေလေသည်။
ထိုကဲ့သို့ ပေါက်ကွဲမှုအောက်တွင် ဘရေ့ဂက်က ချက်ချင်းပင် သွေးလူသားအဖြစ် ပြောင်းလဲသွားခဲ့သည်။ စီးကျလာသော သွေးများက အလျင်အမြန်ပင် လောင်ကျွမ်းနေသော မီးတောက်တစ်ခုသဖွယ် အငွေ့ပျံပြီး ယခင်ကထက်ပင် ပိုမိုတောက်ပသွားခဲ့လေသည်။
[ သွေးလောင်ကျွမ်းခြင်း ] – သန္ဓေပြောင်း[သွေးအမျက်] ပါရမီတစ်ခုဖြစ်ပြီး [ဒေါသသွေး]ထက် တစ်ဆင့်ပိုသည်။ ဝိညာဉ်ကို မီးစအနေဖြင့် အသုံးပြုပြီး သွေးကို အဆုံးစွန်အထိ လောင်ကျွမ်းစေကာ အကန့်အသတ်ကို ကျော်လွန်သည် အထိ အကြီးမားဆုံး စွမ်းအားကို ပေါက်ကွဲထွက်စေသည်။
ထိုအရာက အသက်နှင့် ဝိညာဉ်ကို လောင်ကျွမ်းစေသော တားမြစ်စွမ်းအားလည်း ဖြစ်ပေသည်။ သွေးများ ကုန်ခမ်း သွားသည်နှင့် ဝိညာဉ်လည်း ပျောက်ကွယ်သွားမည် ဖြစ်၏။ အမျက်ဘုရင်ချပ်ကာ၏ အကာအကွယ်ကြောင့် ဘရေ့ဂက်က ထိုကဲ့သို့ ကြံရာမသည့်အဆုံး တားမြစ်စွမ်းအားကို အသက် မသွင်းနိုင်ခဲ့ပေ။
ရိုင်ဇန် ပြောသည်မှာ မှန်ပေသည်။ အမျက်ဘုရင် ချပ်ကာ၏ ခုခံမှု အဆောင်ပစ္စည်းနှင့်ဆိုလျှင် သူက အသက် မသေအောင် လုပ်နိုင်ပြီး သွေးရောင်အင်ပါယာမှ တစ်ယောက်တည်း ထွက်သွားနိုင်ပေသည်။ သို့သော်လည်း သူက မထွက်ပြေးနိုင်၊ နောက်မဆုတ်နိုင်၊ မရှုံးနိုင်ပေ။
အကြောင်းမှာ သူ၏မိသားစုက ရိုင်ဇန်၏ လက်ထဲ၌ ရှိနေသေး၍ပင်။ အကြောင်းမှာ သူက ဆမ်မြူရယ် တော်ဝင် မိသားစု၏ ခေါင်းဆောင် ဖြစ်၍ပင်။
ထို့ကြောင့် ဘရေ့ဂက်က မစဉ်းစားဘဲ အမျက်ဘုရင် ချပ်ကာကို လက်လျှော့ကာ [ သွေးလောင်ကျွမ်းခြင်း ] ကို အပြည့်အဝ အသက်သွင်းရန် ရွေးချယ်ခဲ့ခြင်း ဖြစ်၏။
တစ်ချက်တည်း အတွက်သာ စွမ်းအားရှိကြောင်း ဘရေ့ဂက်က ကောင်းကောင်း သိသည်။ ထိုတစ်ချက် တိုက်ခိုက်ပြီးနောက် နိုင်နိုင်ရှုံးရှုံး သူ့တွင် ရလာဒ်တစ်ခုသာ ရှိပေသည်။
သို့သော်လည်း တုံ့ဆိုင်းမနေဘဲ သူက ပြိုင်ဘက်ကင်း ပုဂ္ဂိုလ်ကို တိုက်ခိုက်ရန်အတွက် အရာအားလုံးကို လောင်ကျွမ်းရန် ရွေးချယ်ခဲ့လေ၏။
“ငါတို့သွေးထဲမှာ၊ ငါတို့ အသက်ရှူလိုက်တိုင်းမှာ မွေးကတည်းက ရှိနေတဲ့ အရာတွေ ရှိတယ်။ အဲဒါတွေက သေခြင်းတရားနဲ့ ရင်ဆိုင်ရတောင် မှေးမှိန် ပျောက်ကွယ် သွားမှာ မဟုတ်ဘူး။”
ပြိုင်ကွင်းရှိ ပရိသတ်များ၏ မျက်လုံးထဲ၌ ဘရေ့ဂက်က သွေးရောင်မီးတောက် တစ်ခုအဖြစ် ပြောင်းလဲသွားကာ ရိုင်ဇန်ထံ ပျံသန်းသွားခဲ့သည်။ သူ၏ ခန္ဓာကိုယ်နှင့် မျက်နှာ ပံုစံတို့ကို မမြင်နိုင်တော့ပေ။ တစ်ခုတည်းသော သေသေချာချာ မြင်နိုင်သည့်အရာ သူ၏ လုံးဝ လက်မလျှော့သော အကြည့်တစ်ခုပင်။
အလွန်အမင်း အန္တရာယ်များသော သတိပေးချက် တစ်ခုက ပထမဆုံးအကြိမ်အဖြစ် ရိုင်ဇန်၏ စိတ်ထဲ၌ လှိမ့်တက်လာခဲ့သည်။ သူ၏ အမူအရာက ရုတ်တရက် လေးနက်သွားခဲ့ပြီး လက်သီးက ခရမ်းရောင်အလင်း တောက်ပ လာခဲ့သည်။
“[မိုးကြိုးဧကရာဇ်ချပ်ပိတ်]”
ရိုင်ဇန်က နတ်ဆိုးအရှင်သခင်အဆင့် စွမ်းအား အကန့်အသတ်ကို မပယ်ဖျက်ခဲ့ဘဲ သူ၏ အစွမ်းအထက်ဆုံး တိုက်ခိုက်မှုကို အသုံးပြုလိုက်၏။
စွမ်းအားနှစ်ခုက မျက်စိတ်တစ်မှိတ် အတွင်းမှာပင် ဝင်တိုက်သွားခဲ့သည်။ ထိုအချိန်၌ နေရာလွတ်၏ ပြင်းထန်သော တုန်ခါမှုကြောင့် ပြိုင်ကွင်းထဲမှ ပုံရိပ်လွှင့်ခြင်း ဝေဝါးသွားတော့သည်။
အချိန်အတော်ကြာပြီးနောက် ပုံရိပ်က တဖြည်းဖြည်း ကြည်လင်လာခဲ့သည်။
လူရိပ်နှစ်ခု ရှိနေ၏။
ရိုင်ဇန်နှင့် ဘရေ့ဂက်တို့က ညာလက်ကို တစ်ချိန်တည်း မြှောက်ထားကြပြီး လက်သီးပစ်ထိုးလိုက်သော အမူအရာများ ရှိနေကြသည်။ သူတို့နှစ်ဦး ပတ်ပတ်လည်တွင် အလွန် ကြီးမားသော အက်ကြောင်းများ ရှိနေသည်။ အစွန်အဖျားမှ သစ်တောစက်ဝိုင်းတစ်ခုကလည်း အမှုန်အဖြစ် ပျောက်ကွယ် သွားလေပြီ။
သစ်တောများ ကွယ်ပျောက်သွားသလို ဘရေ့ဂက်၏ မျက်လုံးထဲမှ အလင်းရောင်လည်း အလျင်အမြန်ပင် စတင်၍ မှိန်ပျလာခဲ့သည်။
အေးစက်စက်ညအချိန်မှာ ဓားတစ်လက် ဖြစ်လာမယ်....
(အက်စီဒေါ သီချင်း)
နီရဲရဲသွေးတွေ လှုပ်ရှားရင်းနဲ့.....
အမှောင်ထုကို လောင်ကျွမ်းစေမယ်....
နောက်မှာ ကြည့်နေကြတဲ့ ဆွေမျိုးတွေအတွက်....
အကြောက်တရားကို စွန့်လွှတ်မယ်....
လွမ်းဆွတ်မှုကို စွန့်လွှတ်....
ဂုဏ်သိက္ခာတွေ၊ အရှက်ရမှုတွေကို စွန့်လွှတ်....
ပြီးတော့...ဒီနေရာကို စောင့်ကြပ်နေမယ်....
တကယ် နောက်ထပ် ကြားချင်မိတယ်...
အဲဒီအမျိုးသမီးရဲ့ သီချင်းသံကို....
.......
ရိုင်ဇန်၏ ရုတ်တရက် မျက်မှောင်ကြုတ်လိုက်၏။ သူက နောက်သို့ ခြေလှမ်း တစ်လှမ်း နှစ်လမ်း ဆုတ်လိုက်သည်။ သူ နောက်ဆုတ်လိုက်တိုင်း မြေပြင်က အက်ကွဲသွားရသည်။ တတိယခြေလှမ်း၌ သူက မြဲမြဲမြံမြံ ရပ်နိုင်ခဲ့သော်လည်း ထိုခြေလှမ်းက စက်ဝိုင်းအပြင်ဘက်သို့ ရောက်နေလေပြီ။
ဘရေ့ဂက်ရဲ့ [ သွေးလောင်ကျွမ်းခြင်း ] ပါဝင်တဲ့ ဒီလက်သီးချက်က အကန့်အသတ်ကို ကျော်လွန်သွားတယ်။ ဒါက [ မိုးကြိုးဧကရာဇ်ချိပ်ပိတ် ] ရဲ့ တိုက်ခိုက်မှုကိုတောင် ကျော်လွန်နိုင်ခဲ့တယ်။
ထိုမြင်ကွင်းကို မြင်သောအခါ ပြိုလဲလုမတတ် ဖြစ်နေသော ဘရေ့ဂက်၏ အကြည့်က လက်ခနဲ ဖြစ်သွားကာ နောက်ဆုံး လုံးဝ ငြိမ်းသွားတော့သည်။
ရိုင်ဇန်က နှုတ်ခမ်းထောင့်နားမှ သွေးစက်များကို မသုတ်ခဲ့ပေ။ သူက ထပ်မံ၍လည်း မတိုက်ခိုက်ဘဲ အသက် လုံးဝ မရှိတော့ဘဲ တောင့်တောင့်ကြီး ရပ်နေသေးသော ဘရေ့ဂက်ကိုသာ ကြည့်လိုက်၏။ ဧကရာဇ်၏ အကြည့်က အေးစက်နေဆဲ ဖြစ်သော်လည်း ဂရုမစိုက်သည့်ဟန် မဟုတ်တော့ပေ။
ခဏကြာပြီးနောက် ရိုင်ဇန်က မြေပေါ်မှ အမျက်ဘုရင် ချပ်ကာကိုပင် မကြည့်ဘဲ တိတ်တိတ်လေး လှည့်ထွက် သွားလိုက်လေသည်။