← Chapters

ကံသတ်မှတ်ပြီးသား တိုက်ပွဲ

Vol. 53 Ch. 865

ကံသတ်မှတ်ပြီးသား တိုက်ပွဲ

Vol. 53 Ch. 865

ထိပ်ဆံုး(၁၆)ယောက်၏ အခြားတစ်ပွဲမှာ ကတ်သရင်းနှင့် မည်သည့်အင်ပါယာမှ မဟုတ်သော သီးဇာလိုနီတို့ ဖြစ်၏။ သီးဇာလိုနီက ထိုပြိုင်ပွဲ၌ ဖျက်မြင်းတစ်ကောင် ဖြစ်လေသည်။ ဘယ်ဖီဂေါ မိသားစုဝင်တစ်ယောက်ဖြစ်ပြီး အစ်ဇဘယ်လာပင် သူ့ကို မသိပေ။ အရိပ်လေပြည် အင်ပါယာ ဖျက်ဆီးခံရခဲ့စဉ်က တစ်ယောက်တည်း ရှောင်ထွက်သွားသော လေ့ကျင့်သူ တစ်ယောက် ဖြစ်လောက်ပေသည်။

သီးဇာလိုနီ၏ စွမ်းအားက တိုင်းပြည်အဆင့်သို့ ရောက်ရှိရန် ခြေတစ်လှမ်းသာ လိုတော့သည်။ အသေအချာပင်သူက ထိုပြိုင်ပွဲမှတဆင့် တိုင်းပြည်ဖန်တီးခြင်း အကန့်အသတ်ကို စူးစမ်းရှာဖွေချင်လေသည်။ သူက ကတ်သရင်းနှင့် ဆုံတွေ့ရသည်မှာ အတော်လေး ကံကောင်းသည်ဟု ပြော၍ရနိုင်ပေ၏။

ကတ်သရင်းက ရိုင်ဇန်ကဲ့သို့ မကြမ်းတမ်းသလို သက်ကြွေအကြင်သူ ကဲ့သို့လည်း မရက်စက်ပေ။ သို့သော် သူ့တွင် ကိုယ်ပိုင် အစီအစဉ်များ ရှိလေသည်။ ယခုတစ်ခေါက် သူက သီးဇာလာနီအား လွှမ်းမိုးသော အဟုန်ဖြင့် စစချင်း သတ်မိလုမတတ် ဖြစ်သွားခဲ့သည်။ ကြီးမားလှသော စွမ်းအားကို ပြသပြီးနောက် ဧကရီအရှင်မက သီးဇာလာနီအား တိုင်းပြည်အဆင့်သို့ ရောက်ရှိနိုင်ရန်အတွက် ကူညီလမ်းပြ ပေးမည်ဟု ငါးစာချခဲ့သည်။ သီးဇာလာနီက အခေါက်ခေါက် အခါခါ စဉ်းစားပြီးနောက် အရိပ်နက်အင်ပါယာသို့ ဝင်ရောက်ရန် သဘောတူခဲ့လေသည်။

ထိုကဲ့သို့ နောက်လိုက်တစ်ယောက်ကို လက်ခံပြီး တိုက်ခိုက်နေစဉ်အတွင်း လေးစားမှု ရရှိနိုင်ခြင်းက အဓိက ဇာတ်လိုက်သာ ပြသနိုင်သော အရှိန်အဝါ ဖြစ်၏။ ချန်လွေ့က လေးစားအားကျရုံသာ တတ်နိုင်လေသည်။

အလျင်အမြန် အဆုံးသတ် သွားခဲ့သော ထိပ်တန်းမိန်းမလှ ကတ်သရင်းနှင့် ပွဲစဉ်ထက် လူတိုင်းက ထိပ်တန်း အစွမ်းထက်ပုဂ္ဂိုလ် ရိုင်ဇန်နှင့် သက်ကြွေအကြင်သူတို့ အကြားမှ တိုက်ပွဲကို ပိုမို၍ အာရုံစိုက်နေကြသည်။

တိုက်ရိုက် ထုတ်လွှင့်ခြင်း၏ အဆင့်မြင့် နည်းပညာကြောင့် ပရိသတ်များက ထိုကဲ့သို့ သည်းထိတ်ရင်ဖို ပွဲစဉ်ကို ပြိုင်ကွင်းထဲ၌ ကြည့်ရှုနိုင်လေသည်။

ရိုင်ဇန် _ နတ်ဆိုးဘုံ၏ နံပါတ်(၁) အစွမ်းထက်ပုဂ္ဂိုလ်။ ထိုနံပါတ်(၁)က သာမန်အစွမ်းထက်ပုဂ္ဂိုလ် အမျိုးအစား အတွက်သာ ဖြစ်သော်လည်း ယခုတွင် ရိုင်ဇန်က အထူး အစွမ်းထက်ပုဂ္ဂိုလ်စာရင်းထဲ ရောက်ရှိသွားသည်မှာ သေချာပေသည်။

သက်ကြွေအကြင်သူ _ ဇစ်မြစ်မသိရသော ရက်စက်သည့် နည်းလမ်းများရှိသော လျို့ဝှက်ဆန်းကြယ်သူ။ ပဏာမ အကျော့တွင် သူက ကွင်းထဲမှ ပြိုင်ပွဲဝင် ၁၉၉ယောက်ကို ချက်ချင်း သတ်ပစ်ခဲ့သည်။ ပထမဆုံး ဗိုလ်လုပွဲအကြို မတိုင်မီ အဆင့်နှစ်ခုတွင် သူက နတ်ဆိုးအရှင်သခင်အဆင့် ထိပ်သီးပိုင်း နှစ်ယောက်ကို သတ်ပစ်ခဲ့သည်။ သူလည်း အထူး အစွမ်းထက်ပုဂ္ဂိုလ် ဖြစ်လောက်သည်။

နတ်ဆိုးဘုံ၏ အဆင့်သတ်မှတ်ချက် အရဆိုလျှင် နတ်ဆိုး အရှင်သခင်အဆင့်ကို ကျော်လွန်သွားသူက နတ်ဆိုးဒိဗ် ဖြစ်လေသည်။ ထို့ကြောင့် ယခု နတ်ဆိုးဒိဗ် နှင့် နတ်ဆိုးဒိပ် ပွဲစဉ်တို့က ပြိုင်ပွဲအစမှစ၍ အကြမ်းတမ်းဆုံး ရိုက်ခတ်မှု တစ်ခု ဖြစ်လာပေလိမ့်မည်။

“အဆင့်တူချင်းချင်းမှာ ပြိုင်ကင်ကင်း” ဂုဏ်ပုဒ်ကို ရထားတဲ့ သွေးရောင်အင်ပါယာ လော့ဒ်က လျို့ဝှက် ဆန်းကြယ်တဲ့ “သက်ကြွေအကြင်သူ”ကို အနိုင်ယူ နိုင်မှာလား။

လူတိုင်း၏ နှလုံးသားက မျှော်လင့်ချက်များ ပြည့်နှက် နေခဲ့သည်။

ရှေးစစ်မြေပြင်၌ -

အနီရင့်ရောင် ဝတ်ရုံကို ဝတ်ထားသော သက်ကြွေ အကြင်သူက မျက်နှာချင်းဆိုင်မှ ရိုင်ဇန်ကိုကြည့်ပြီး ထူးဆန်သော အသံတစ်သံ ထွက်လာခဲ့သည်။ “ဒီတိုက်ပွဲက မင်း အချိန်အကြာကြီး စောင့်နေခဲ့တာ ဖြစ်လောက်တယ်။”

“မင်းက ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းနေပြီ။” ရိုင်ဇန်က အေးစက်စက်နှင့် ပြောလိုက်သည်။ “မင်းရဲ့စွမ်းအားက ငါ့အ‌ရှေ့မှာ ရပ်နေရုံပဲ ရနိုင်တယ်။ ဒါပေမဲ့ ငါ့မျက်လုံးထဲမှာတော့ မင်းက ဘယ်တော့မှ တကယ့်ပြိုင်ဘက် မဟုတ်ခဲ့ဘူး။”

“ဒါဆို မင်းရဲ့ တကယ့်ပြိုင်ဘက်က ဘယ်သူလဲ။”

“မင်းမှာ သိခွင့် မရှိဘူး။” ရိုင်ဇန်က လက်သီးကို ဖြည်းဖြည်းချင်း မြှောက်လိုက်ပြီးနောက် ခရမ်းရောင် အလင်း ဖျော့ဖျော့များ တောက်ပလာခဲ့သည်။ “မင်းနဲ့ စကားပြောဖို့ ငါ့မှာ အချိန် မရှိဘူး။”

“တကယ်လား။” သက်ကြွေအကြင်သူက မျက်နှာ တဝက်ကိုသာ ပြသနေပြီး ထူးဆန်းသော အပြုံးတစ်ခု ရှိနေဟန်တူသည်။ “တချို့ကိစ္စတွေကိုလည်း အဆုံးသတ်ချိန် ရောက်ပြီပဲ။”

ရိုင်ဇန်က ဆက်မပြောတော့ပေ။ သူ၏ ခန္ဓာကိုယ် ပတ်ပတ်လည်တွင် ခရမ်းရောင်အလင်း လက်ခနဲ ဖြစ်သွားပြီး သက်ကြွေအကြင်သူ၏ ပုံရိပ်က တစ်ချိန်တည်းမှာပင် ဝေဝါးသွားကာ ခရမ်းရောင်အလင်းကို ခန္ဓာကိုယ်ထဲ ဖြတ်သန်းစေလိုက်သည်။ သို့သော်လည်း ပရိသတ် အများစုက သေသေချာချာ မမြင်လိုက်ရပေ။

ချန်လွေ့၊ ဇိုလာနှင့် အချို့ကသာ သေသေချာချာ မြင်ခဲ့သည်။ ခုနက ရိုင်ဇန်သည် လက်သီးချက်ပေါင်း ဒါဇင်ခန့် ထိုးခဲ့သော်လည်း သက်ကြွေအကြင်သူ၏ လှုပ်ရှားမှုများက အလွန်အမင်း ထူးဆန်းလှသည်။ ဥပဒေသစွမ်းအား ပါဝင်သော သူ့ကို အမှန်တကယ် ထိနိုင်သော လက်သီးချက်များ အားလုံး ရှောင်တိမ်းသွားကြပြီး အဝေးသို့ လမ်းကြောင်း ပြောင်းသွားခဲ့လေသည်။ သက်ကြွေ အကြင်သူ၏ တန်ပြန်တိုက်ခိုက်မှုက လက်သီးတစ်ချက်သာ ဖြစ်သည်။ သို့သော်လည်း ရိုင်ဇန်က ရှောင်နိုင်ပုံ မရသည့် အတွက်ကြောင့် တည့်တည့် ခုခံလိုက်ရသည်။ သူ၏ လက်မောင်း ပတ်ပတ်လည်တွင် အနီရောင်သလင်းကျောက် အလွှာတစ်ခု ဖြစ်လာခဲ့သော်လည်း နောက်စက္ကန့်ပိုင်း အတွင်းမှာပင် ရိုင်ဇန်၏ လက်သီးချက်ဖြင့် ကြေမွသွား၏။

သက်ကြွေအကြင်သူ လှုပ်ရှားသောပုံစံက ချန်လွေ့အား အနည်းငယ် ရင်းနှီးသလို ခံစားသွားရစေသည်။ ကြည့်ရတာ ဒါက အရင်က ဆာရန်ဒီလည်း သုံးခဲ့သလိုပဲ။ ငါ ဒါကို တစ်နေနေရာမှာ တွေ့ဖူးတယ်။ သက်ကြွေအကြင်သူက တခြားသူတွေရဲ့ စွမ်းရည်တွေကို အတုခိုးနိုင်တာလား။ ဒါမှမဟုတ် တစ်ခါတည်း စုပ်ယူနိုင်တာလား။

ဆာရန်ဒီနှင့်ယှဉ်လျှင် သက်ကြွေအကြင်သူ၏ လှုပ်ရှားမှုက ပို၍ အသေးစိတ်ပြီး ခန့်မှန်းမရနိုင်ဖြစ်ကာ ဆာရန်ဒီထက် များစွာ သာလွန်ပေသည်။ ရိုင်ဇန်ကဲ့သို့ အစွမ်းထက် ပုဂ္ဂိုလ်နှင့် ရင်ဆိုင်‌နေရစဉ်မှာပင် သူက စိတ်ကြိုက်အသုံးပြုနိုင်နေသည်။

နှစ်ဖက်လုံး၏ လှုပ်ရှားမှုများက မြန်ဆန်လွန်းလှသည့် အတွက်ကြောင့် ပရိသတ်များက ပြိုင်ကွင်း ဘေးဖက်ရှိ မှော်ရုပ်မြင်သံကြား မျက်နှာပြင်ကြီးမှ အနှေးပြန်ပြကွက်မှ တဆင့်သာ သေသေချာချာ မြင်နိုင်ကြလေသည်။ ပုံရိပ်ထဲမှ လူနှစ်ယောက်က ပို၍ ပြင်းထန်စွာ တိုက်ခိုက်နေကြသည့် အခါ သူတို့အားလုံး မယုံကြည်နိုင်စွာဖြင့် အော်ဟစ်လိုက်ကြသည်။

ခုနက စုံစမ်းစစ်ဆေးမှုတွင် သက်ကြွေအကြင်သူ၏ စွမ်းအားက တိုင်းပြည်အဆင့် ကနဦးပိုင်းဖြစ်ပြီး သူကိုယ်တိုင်က တိုင်းပြည်အဆင့် အလတ်ပိုင်းသို့ ရောက်နေပြီ ဖြစ်ကြောင်း ရိုင်ဇန် အကဲဖြတ်နိုင်ခဲ့သည်။ ထိုအရာက အမှန်တကယ်၌ ချန်လွေ့၏ “ကျေးဇူး”ကြောင့်ပင်။

ရိုင်ဇန်က တဲရစ်၏ အလင်းအမှောင်ကျိန်စာကြောင့် ခန္ဓာကိုယ် တိုက်စားခံရပြီး အန္တရာယ် ကျရောက်နေခဲ့သည်။ နောက်ပိုင်းတွင် ချန်လွေ့က နှင်းဒဲလက်ပန်းကို အသုံးပြုပြီး အလင်းဒြပ်စင်စွမ်းအားကို ပယ်ဖျက်ပေးခဲ့သည်။ သို့သော် နှင်းဒဲလက်ပန်း၏ စွမ်းအားက အလွန်အားကောင်းပြီး ရိုင်ဇန်၏ ခန္ဓာကိုယ်ထဲ၌ စုစည်းနေခဲ့သည်။ ထို့နောက် အမှောင်ဒြပ်စင်ဘုရင် ဟီဂယ်က စံပြုလောက်ဆုံးသော အမှောင်ဒြပ်စင်စွမ်းအားဖြင့် ရိုင်ဇန်၏ အမှောင်ဒြပ်စင် မှော်စွမ်းအား ကျိန်စာကို ပယ်ဖျက်ပေးခဲးသည်။ ရိုင်ဇန်က ဟီဂယ်၏ အမှောင်ဒြပ်စင်စွမ်းအားကို အကိုးအကား အနေဖြင့် သွေးရောင်လက်စွပ်စွမ်းအားကို အသုံးချခဲ့သည်။ ထို့နောက် သူက တိုင်းပြည်စွမ်းအားကို အသံုးပြုကာ နှင်းဒဲလက်ပန်းကို တစ်နေရာထဲသို့ သန့်စင်လိုက်သည်။ သွေးရောင်လက်စွပ်၏ အထူးစုပ်ယူမှု အောက်တွင် အလင်းအမှောင် ပေါင်းစပ်ခြင်းနှင့် ဆင်တူသော သန္ဓေပြောင်းလဲခြင်းတစ်ခု ဖြစ်လာခဲ့ကာ ထိုအရာက ရိုင်ဇန်အတွက် ရုပ်ဖျက်ထားသော ကောင်းချီးတစ်ခုပင်။ သိပ်မကြာသေးခင်က သူသည် တိုင်းပြည်အဆင့် အလတ်ပိုင်းသို့ ရောက်ရှိသွားခဲ့လေသည်။

ရိုင်ဇန်က ခြေထောက်ကို လှုပ်ရှားလိုက်ပြီး ချက်ချင်းပင် သက်ကြွေအကြင်သူနားသို့ ပြောင်းရွှေ့ကာ လက်သီးဖြင့် ထိုးလိုက်သည်။ ထိုလက်သီးချက်က မမြန်လှသော်လည်း ရိုးရှင်းပြီး သန့်စင်လှကာ စွမ်းအားက ယခင်က လက်သီးချက် ဒါဇင်ခန့်ပေါင်းခြင်းထက် ပိုသာလွန်နေသည်။ သက်ကြွေ အကြင်သူက မရှောင်နိုင်တော့ကြောင်း ခံစားလိုက်မိသည်။ သူ၏ ပုံရိပ်က အကြိမ်များစွာ လှုပ်ရှားသွားသော်လည်း မရှောင်နိုင်သေးပေ။ ထို့ကြောင့် လက်ကို ဆန့်တန်း၍သာ ခုခံလိုက်ရသည်။

“ဝုန်း....” သက်ကြွေအကြင်သူ၏ ခြေထောက်အောက်မှ မြေပြင်က အက်ကွဲသွားခဲ့ပြီး ခန္ဓာကိုယ်တွင်လည်း များပြား လှသော တုန်လှုပ်နေသော ပုံရိပ်ထပ်များ ပေါ်ထွက်လာကာ သူက လူသုံးလေးယောက်အဖြစ် ကွဲထွက်တော့မလို ဖြစ်နေသည်။ ထပ်နေသော ပုံရိပ်များက တဖန် ပြန်လည်၍ ပေါင်းစပ်သွားပြန်ပြီး ရိုင်ဇန်က အမှန်တကယ်ပင် အားတစ်မျိုးဖြင့် ထိသွားကာ နောက်သို့ ခြေ(၃)လှမ်း ဆုတ်သွားခဲ့ရသည်။

အနှေးပြကွက်က သက်ကြွေအကြင်သူ၏ ပုံရိပ်ထပ်များက သူ၏ခြေထောက်အောက်မှ ထူးဆန်းသော ခြေလှမ်းကြောင့် ဖြစ်ကြောင်း ပြသနေသည်။ ရိုင်ဇန်၏ လက်သီးချက်က အမှန်တကယ်ပင် သက်ကြွေအကြင်သူ၏ ဘယ်လက်ကို ထိသွားခဲ့သော်လည်း သက်ကြွေအကြင်သူ၏ ခြေထောက်က မမူမှန်သော ပုံစံဖြင့် အလျင်အမြန် လှုပ်ရှားလိုက်ရာ လက်သီးချက်ကို ခုခံနိုင်ခဲ့ရုံသာမက ရိုင်ဇန်ကိုလည်း ညာလက်ဖြင့် တပြိုင်နက်တည်း ပြန်ထိုးနိုင်ခဲ့လေသည်။

သို့ရာတွင် ချန်လွေ့က ကိစ္စအများအပြားကို မြင်ခဲ့ရသည်။ သက်ကြွေအကြင်သူ ထိုးလိုက်သော လက်သီးချက်က ရိုင်ဇန်၏ စွမ်းအားကို ငှားယူထားခြင်း ဖြစ်နေသည်။ ပြိုင်ဘက်ရဲ့ စွမ်းအားကိုသုံးပြီးတော့ တိုက်ခိုက်တာပဲ။

ထိုပညာရပ်က ချန်လွေ့၏ [ရေမှော်ပညာ လေးနက် ကျွမ်းကျင်မှု] နှင့် ဆင်တူပြီး ခြေလှမ်းများအပါအဝင် အနှစ်သာရလည်း ဆင်တူနေ၏။ သို့ရာတွင် သက်ကြွေ အကြင်သူ၏ အဟုန်ပိုကြီးမားသည့် ရန်သူစွမ်းအားကို ပြန်သုံးသော နည်လမ်းက အသုံးပြုရ လွယ်ကူပေသည်။ ပြောရမည်ဆိုလျှင် ချန်လွေ့ကိုယ်တိုင်က ရိုင်ဇန်၏ လက်သီးကို အသုံးပြုပြီး တိုက်ခိုက်မည်ဆိုလျှင် သက်ကြွေအကြင်သူ အပါအဝင် လုံးဝ အလုပ်ဖြစ်မည် မဟုတ်ပေ။

အကြောင်းရင်းတချို့ကြောင့် သူ၏ စိတ်ထဲမှ ရင်းနှီးသော ခံစားချက်က ပိုမို၍ ထင်ရှားလာခဲ့သည်။

ရိုင်ဇန်၏ အကြည့်က လေးနက်သွားခဲ့သည်။ ရိုးရိုးရှင်းရှင်း နှစ်ကြိမ်သာ တိုက်ခိုက်ပြီးသော်လည်း သူ၏ အတွေ့အကြုံနှင့် အလိုလိုသိစိတ်တို့က ထိုပြိုင်ဘက်မှာ အလွယ်တကူ အနိုင်ယူ၍မရနိုင်ကြောင်း ပြောပြနေလေသည်။

ရိုင်ဇန်၏ ခန္ဓာကိုယ်က ရင်သပ်ရှုမောဖွယ် အရှိန်အဝါကို ပြသလိုက်ပြီး သူတို့နှစ်ယောက် ရှိနေသော ပြိုင်ကွင်းက ချက်ချင်းပင် သွေးမြူများနှင့် ပြည့်နှက်ပြီး သက်ကြွေ အကြင်သူကို တိုင်းပြည်နေရာလွတ်ထဲသို့ ဝိုင်းရံလိုက်သည်။ သက်ကြွေအကြင်သူက လက်ကို ဝှေ့ရမ်းလိုက်ရာ သွေးမြူက သလင်းကျောက်များမှ စုစည်းလာသော ကြယ်များ ကဲ့သို့ပင် အနီရောင် အလင်းများ ပြည့်သွားခဲ့သည်။

ကြယ်အလင်းရောင်များက ထူးဆန်းသော ဝါးမျိုခြင်း စွမ်းအား သယ်ဆောင်ထားပြီး တိုင်းပြည်ထဲမှ သွေးမြူကို အဆက်မပြတ် စုပ်ယူနေကြောင်းကို ရိုင်ဇန် အာရုံခံမိသည်။ သို့သော်လည်း ရိုင်ဇန်က မကြောက်လန့်သလို စွမ်းအားကို မရုတ်သိမ်းခဲ့ပေ။ သူ၏ခန္ဓာကိုယ် လက်ခနဲ ပျောက်သွားပြီး မရေမတွက်နိုင်သော လက်သီးချက်များက သက်ကြွေ အကြင်သူကို နေရာအနှံ့မှ ဝန်းရံသွားတော့သည်။

သက်ကြွေအကြင်သူက အကွက်ဟောင်းကို ပြန်သုံးပြီး ပုံရိပ်ထပ်အဖြစ် ပြောင်းလဲကာ ရှောင်ထွက်သွားရန်၊ စွမ်းအားကို ငှားယူရန် ကြိုးစားသော်လည်း သွေးမြူ၏ သက်ရောက်မှုအောက်၌ လှုပ်ရှားမှုက တန့်နေခဲ့သည်။ ရိုင်ဇန်၏ မျက်လုံးထဲ၌ အလင်းရောင် လက်ခနဲ ဖြစ်သွားပြီး လက်သီးအရိပ်များက ရုတ်တရက် ဦးတည်ဘက်ကို ချိန်ညှိလိုက်ပြီး ပုံရိပ်ထပ်၏ လှုပ်ရှားမှုကို ထောင့်ပေါင်းစုံမှ ချိပ်ပိတ်လိုက်တော့သည်။

ပြိုင်ဘက်ကို အသေမှတ်ပြီးနောက် တိုင်းပြည်စွမ်းအား ပါဝင်သော လက်သီးအရိပ်များကိ ချက်ချင်းပင် ပေါက်ကွဲ ထွက်သွားတော့သည်။ “ဘုန်း...ဘုန်း....ဘုန်း....”

ရိုင်ဇန်က ထိုတိုက်ခိုက်မှုတွင် စွမ်းအား ၇၀% သုံးခဲ့သည်။ သက်ကြွေအကြင်သူက အနည်းဆုံး အပြင်းအထန် ဒဏ်ရာ ရသွားလောက်ပေသည်။

ထိုအချိန် ပေါက်ကွဲသွားသော လက်သီးချက်များက ထူးဆန်းသော နည်းလမ်းဖြင့် ရှုံ့တွသွားခဲ့လေသည်။ ၎င်းက ချက်ချင်းပင် ကွယ်ပျောက်ကာ လမ်းကြောင်း ပြောင်းသွားပြီး သက်ကြွေအကြင်သူက အမှန်တကယ် ဘာမှမဖြစ်ခဲ့ပေ။

ထိုအရာအားလုံးကို ဖြစ်စေခဲ့သည်က သက်ကြွေ အကြင်သူ၏ ပတ်ပတ်လည်ရှိ မရေမတွက်နိုင်သော သလင်းကျောက်နီများကြောင့်ဖြစ်ပြီး ထိုအရာကများက ရေစီးကြောင်း တစ်ခုအဖြစ် ပေါင်းစည်းသွားကာ သက်ကြွေ အကြင်သူ၏ ခေါင်းပေါ်တွင် အိပ်မက်ဆန်သော ကောင်းကင် မြစ်တစ်စင်းကဲ့သို့ပင် အထက်အောက် ချိတ်ဆွဲနေလေ၏။

ချန်လွေ့က ထိတ်လန့်ပြီး မတ်တပ်ရပ်လိုက်မိသည်။ နောက်ဆုံး၌ သူက မည်သည်ကြောင့် သက်ကြွေအကြင်သူကို ရင်းနှီးနေရကြောင်း သဘောပေါက် သွားခဲ့သည်။ ဆာရန်ဒီ မည်သည်ကြောင့် အသက်ရှင်ခဲ့ရကြောင်းကိုလည်း သူ နားလည်သွားလေသည်။

တိုက်ပွဲပြီးနောက် နားနေရာသို့ ပြန်ရောက်လာရုံသာ ရှိသေးသော ကတ်သရင်းက ထိုမြင်ကွင်းကို မြင်လိုက်ရပြီး မျက်နှာလွှားနောက်မှ တည်ငြိမ်သော အနက်ရောင် မျက်လုံးများက ပြင်းပြသော ထိတ်လန့်မှုကို ပြသလိုက်၏။

အထိတ်လန့်ဆုံးက စစ်မြေပြင်ထဲမှ ရိုင်ဇန်ပင်။ သူ့မျက်နှာက တဟုန်ထိုး ပြောင်းလဲသွားခဲ့ပြီး လွှတ်ခနဲ ပြောလိုက်သည်။ “မင်းပဲ...”

ရှေ့တွင် ရှိနေသည်က ဝေဝါးဝါး ရင်းနှီးမှုသာဆိုလျှင် တလက်လက် တောက်ပနေသော ကောင်းကင်မြစ်က “သက်ကြွေအကြင်သူ”၏ လျို့ဝှက်ဆန်းကြယ်မှုကို နောက်ဆုံး ထုတ်ဖော်ပြသလိုက်လေပြီ။

[ အိပ်မက် ကြယ်စင်စု ပိုင်နက် ]

အတိတ်က နတ်ဆိုးဘုံတလျှောက် နာမည်ကျော်ကြား ခဲ့သော မဟာဧကရာဇ်၏ အစွမ်းအထက်ဆုံး ပိုင်နက်။

ထိုစဉ်က ရိုင်ဇန်ကဲ့သို့ မောက်မာသောသူသည်ပင် ထိုသူ၏ တည်ရှိမှုကို မော့ကြည့်ရုံသာ တတ်နိုင်ခဲ့သည်။

ထိုသူက ရိုင်ဇန်ဘဝလုံး လိုက်ချင်ခဲ့သော ပန်းတိုင်ဖြစ်ပြီး သူ့ကို ကံသတ်မှတ်ထားသော ရန်သူအဖြစ်လည်း သတ်မှတ် ထားခဲ့သည်။

ထိုသူက လူသားလောကနှင့် စစ်ပွဲအတွင်း ကျရှုံးသွား သောအခါ ရိုင်ဇန်က မပျော်ရွှင်ခဲ့ပေ။ ထိုအစားက သူက အိမ်ထဲ၌ ၃ရက်ကြာ ပိတ်နေခဲ့ပြီး သူ အချစ်ရဆုံးသော မိန်းမကိုပင် အနားကပ် မခံခဲ့ပေ။

နှစ်(၂၀၀) ကြာပြိးနောက် ထိုသူက မမျှော်လင့်ဘဲနှင့် သူ့ရှေ့တွင် မမျှော်လင့်ထားသော သရုပ်ဖြင့် ပြန်လာခဲ့သည်။ မမျှော်လင့်ထားသော တိုက်ပွဲတစ်ခုမှာပင် တိုင်းပြည်အဆင့် ရောက်ရှိခဲ့သော ရိုင်ဇန်နှင့် ကတ်သရင်းတို့က နတ်ဆိုး အရှင်သခင် အဆင့်သာ ရှိသောသူ၏ လက်ထဲ၌ သေဆုံးလုနီးပါး ဖြစ်ခဲ့ရသည်။

အဆုံးသတ်၌ ထိုသူနှင့် သူ့သား၏ အသက်က သူ၏ မျက်လုံးအရှေ့မှာပင် ပျောက်ကွယ်သွားခဲ့သည်။

မမျှော်လင့်ဘဲနှင့် ယနေ့တွင် ထိုသူ့ကို သူ ပြန်တွေ့လိုက်ရ ပြန်သည်။

ယခုတွင် သူ၏ ပြိုင်ဘက် အနေဖြင့်ပင်။

ယခင် နတ်ဆိုးဘုံး၏ အုပ်စိုးသူနှင့် နတ်ဆိုးဘုံ၏ ထိပ်တန်း အစွမ်းထက်ပုဂ္ဂိုလ်။

သန်းခေါင်နေအရှင်....

ထိုသူ ပြန်မွေးဖွားလာရခြင်းက မည်သည်ကြောင့် ဖြစ်ပါစေ၊ ရိုင်ဇန်က တစ်ခုတည်းသာ သိသည်။ ထိုသူက ယခုတွင် သူ့မျက်လုံးအရှေ့၌ ရှိနေ၏။

ဒါကြောင့် သူက ငါ့ရဲ့ တိုင်းပြည်အဆင့် အလတ်ပိုင်း စွမ်းအားက တိုင်းပြည်အဆင့် ကနဦးပိုင်းတည်းနဲ့ ယှဉ်နိုင် တာကိုး။

“ဟားဟားဟား...” ရိုင်ဇန် ရယ်လိုက်သည်။ ၎င်းက လှောင်ပြောင်သရော်ခြင်း ခနဲ့ခြင်းမျိုး မဟုတ်ဘဲ အမှန်တကယ် ရယ်လိုက်ခြင်း ဖြစ်ပေသည်။

သက်ကြွေ အကြင်သူက အခွင့်ကောင်းယူပြီး မတိုက်ခိုက်ဘဲ ရိုင်ဇန်ကို တိတ်တိတ်လေး ကြည့်နေခဲ့သည်။

သိုင်းပြိုင်ပွဲတွင် ပရိသတ်အများစုက သွေးရောင် အင်ပါယာမှ ဖြစ်ကြသည်။ အင်ပါယာဗိုလ်ချုပ်နှင့် ဝန်ကြီးများ အပါအဝင် သူတို့က ရယ်နေသော ရိုင်ဇန်ကို မြင်သောအခါ အံ့အားသင့်သော အမူအရာများ ပြသလိုက်သည်။ သူတို့၏ မှတ်ဉာဏ်ထဲ၌ ထိပ်တန်း အစွမ်းထက်ပုဂ္ဂိုလ်က ထိုကဲ့သို့ တစ်ခါမှ ရယ်ခဲ့ဖူးဟန် မတူပေ။

သုံးလေးခေါက် ရယ်ပြီးနောက် ရိုင်ဇန်က သက်ကြွေ အကြင်သူကို ဖော်ပြ၍မရအောင် တောက်ပနေသော မျက်လုံးများဖြင့် စိုက်ကြည့်လိုက်၏။ သူ၏ တကိုယ်လုံးက ပြန်လည်မွေးဖွားလာသကဲ့သို့ပင် အစွမ်းထက် တိုက်ခိုက် ချင်စိတ်များဖြင့် လှိမ့်တက်လာခဲ့လေသည်။

“မင်းပြောတာ မှန်တယ်။ ငါက ဒီတိုက်ပွဲကို အချိန်အကြာကြီး စောင့်နေခဲ့တာ။” ရိုင်ဇန်၏သွေးများ ဆူပွက်သွားခဲ့သည်။ “ဒီနေ့ အဆုံးသတ်ကြတာပေါ့။”

သက်ကြွေအကြင်သူ၏ လက်က တဖြည်းဖြည်း ပြန့်သွား ပြီးနောက်တွင် ခေါင်းပေါ်မှ ကြယ်မြစ်စီးဆင်းမှုက ပို၍ပို၍ ပြင်းထန်လာခဲ့ပြီး အိပ်မက်ကဲ့သို့ တောက်ပကာ လင်းလက် နေတော့သည်။

All Chapters