အနိုင်လား အရှုံးလား
Vol. 53 Ch. 866
အနက်ရောင်တိမ်တိုက်များက ကောင်းကင်ကို ဖုံးလွှမ်း သွားပြီး မိုးခြိမ်းသံများများလည်း ထွက်ပေါ်လာကာ အက်စစ်မိုးများ ရွာလာတော့သည်။
ထိုအရာက နတ်ဆိုးဘုံ၏ အထူးမိုး ဖြစ်လေသည်။ အက်စစ်မိုးက အမြဲတမ်း မရွာသော်လည်း တစ်နှစ်လျှင် အနည်းဆုံး ၁၀ကြိမ်ခန့် ရွာတတ်ကာ အပင်များကို အတော်လေး ထိခိုက်စေပြီး သေစေနိုင်သည်အထိပင် ဖြစ်တတ်လေသည်။ နတ်ဆိုးဘုံ၌ အသက်ရှင်ကျန်ခဲ့သော အပင်များက လူသားလောကထက် အသက်ဓာတ်နှင့် ခံနိုင်ရည် ပိုများ မြင့်မားလှပေသည်။
အပင်များသာမက နတ်ဆိုးများလည်း အတူတူပင်။ ပြိုင်ကွင်းက ကွင်းပြင်ကြီးဖြစ်ပြီး မိုးခိုရန် နေရာ အများအပြား မရှိပေ။ သို့သော်လည်း ထိုအရာက မိုးသည်းထဲ၌ ပြိုင်ကွင်းမှ တိုက်ရိုက်ထုတ်လွှင့်သော ပုံရိပ်များကို ကြည့်နေသည့် ပရိသတ်များ၏ စိတ်အားထက်သန်မှုကို မရပ်တန့်နိုင်ခဲ့ပေ။
သွေးရောင်အင်ပါယာမှ ပရိသတ်များက သူတို့၏ အသံများ ရှေးစစ်မြေပြင်ထံ မရောက်နိုင်ကြသော်လည်း၊ သူတို့က အမြန်လှုပ်ရှားနေသော ပုံရိပ်နှစ်ခုကို သေသေချာချာ မမြင်နိုင်သော်လည်း ရိုင်ဇန်၏ နာမည်ကို သံပြိုင်အော်ဟစ် နေကြ၏။
ရိုင်ဇန် နှင့် “သက်ကြွေအကြင်သူ” - သန်းခေါင်နေအရှင်။
နှစ်ဖက်လုံးက အမှန်တကယ် စတင် တိုက်ခိုက်သည်နှင့် ရံဖန်ရံခါ ရပ်သွားသော ပုံရိပ်များကိုသာ ပရိသတ်များ မြင်နိုင်ခဲ့သည်။ အချိန်အများစု၌ အမြင်က သွေးမြူနှင့် အိပ်မက်ဆန်သော ကြယ်စင်စုဖြင့်သာ ပြည့်နှက်နေ၏။
ပရိသတ်အများစုက အနှေးပြန်ပြကွက်များကို အာရုံစိုက် နေကြသော်လည်း အနှေးပြန်ပြကွက်မှာပင် အလွန်အမင်း မြန်ဆန်နေသေးသည်။ ချန်လွေ့ကဲ့သို့ လူနည်းစုကသာ ရိုင်ဇန်နှင့် သန်းခေါင်နေအရှင်တို့၏ လုပ်ရပ်များကို အချိန်မီ လိုက်နိုင်လေသည်။
သူတို့နှစ်ယောက်အကြားမှ တိုက်ပွဲမှာ ပြင်းထန်ပုံ ရကြောင်း ချန်လွေ့ မြင်နိုင်သော်လည်း ယခုအထိ အကဲစမ်း နေသော တိုက်ကွက်များသာ ဖြစ်နေပြီး အပြီးသတ် တိုက်ခိုက်ရန် အကောင်းဆုံး အချိန်ကို ရှာဖွေရန် ကြိုးစားနေပုံ ရသည်။
သန်းခေါင်နေ၏ စွမ်းအားအဆင့်က သိပ်ပြီး မကောင်းလှ သော်လည်း ချန်လွေ့က သန်းခေါင်နေကို ယခင်က တိုက်ခိုက် ခဲ့ဖူးသည်။ အရာအားလုံးက သန်းခေါင်နေ၏ ထိန်းချုပ်မှု အတွင်း ရှိနေသလိုမျိုး ခံစားချက်ဖြစ်လေသည်။ ထို့အပြင် သန်းခေါင်နေက ချန်လွေ့နှင့် ယခင်က တိုက်ခိုက်စဉ် [ရေမှော်ပညာ လေးနက်ကျွမ်းကျင်မှု] အတွေးအမြင်များကို စုပ်ယူခဲ့ပြီး သူ၏လှုပ်ရှားမှုများနှင့် ပေါင်းစပ်ကာ [ အိပ်မက် ကြယ်စင်စု ပိုင်နက် ] တိုင်းပြည်စွမ်းအားထဲသို့ ပြောင်းလဲ လိုက်ဟန်တူသည်။ ငှားယူသော လေးနက်သည့် လျို့ဝှက် ဆန်းကြယ်မှုကလည်း ပို၍ပင် သန့်စင်သွားခဲ့သည်။
ပြောရမည်ဆိုလျှင် ထိုထိပ်တန်း အစွမ်းထက်ပုဂ္ဂိုလ် “ဟောင်း”က အမှန်တကယ်ပင် မယုံနိုင်စရာ ပါရမီရှိသော ပြိုင်စံရှားတစ်ယောက် ဖြစ်ပေသည်။
ရိုင်ဇန်က အသေအချာပင် နည်းဗျူဟာအရ အရေးနိမ့်နေသော်လည်း သူ့တွင် ဖိနှိပ်နိုင်သော စွမ်းအား ရှိလေသည်။ သူက လွှမ်းမိုးသေ စွမ်းအားကို အသုံးချပြီး စွမ်းရည်အားလုံးကို ချိုးဖျက်နိုင်သည့် အတွက်ကြောင့် အချိန်အများစုတွင် အသာစီး ရနိုင်လေသည်။
အဆင့်သေးကြားမှ ခြားနားချက်က အဆင့်ကြီးကဲ့သို့ မဟုတ်လှသော်လည်း စွမ်းအားအဆင့် မြင့်လေလေ၊ ခြားနားချက် ပိုသိသာလေလေပင် ဖြစ်သည်။ သို့သော်လည်း တိုင်းပြည်အဆင့် အလတ်ပိုင်းဖြစ်သော ရိုင်ဇန်ကို ရင်ဆိုင်ရသည့်အခါ သန်းခေါင်နေက အေးအေးဆေးဆေး ကိုင်တွယ်နိုင်နေပုံရသည်။
အခြားပြိုင်ဘက်သာဆိုလျှင် ရိုင်ဇန်က ခွန်အားကို အားပြုနိုင်သော်လည်း သန်းခေါင်နေနှင့် ရင်ဆိုင်ရသည့်အခါ သူက အချုပ်အနှောင်များ၊ ထိမ်ချန်မှုများ မရှိခဲ့ပေ။ ယခုတွင် သူက သွေးရောင်အင်ပါယာ လော့ဒ်၊ ထိပ်တန်း အစွမ်းထက် ပုဂ္ဂိုလ် မဟုတ်တော့ဘဲ တိုက်ပွဲထဲ ပစ်ဝင်လိုက်သော စစ်သည်စစ်စစ်တစ်ယောက်သာ ဖြစ်လေသည်။
နိုင်နိုင် ရှုံးရှုံး နောင်တရမှာ မဟုတ်ဘူး။
ဒါက တိုက်ပွဲ တစ်ခုပဲ။
“ဝုန်း....”
လက်သီးများ ဝင်တိုက်သွားသည်နှင့် ရိုင်ဇန်၏ ခန္ဓာကိုယ်က လက်ခနဲ ဖြစ်သွားပြီး သန်းခေါင်နေ အရှင်က နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားရသည်။
အသာစီးရနေသော ရိုင်ဇန်က အနိုင်ရရှိရန် မကြိုးစားဘဲ နောက်သို့ ပြန်ဆုတ်လိုက်သည်။ ကြယ်စင်စုက ကောင်းကင်၌ စီးဆင်းနေသည်။ ရိုင်ဇန် ဆုတ်ခွာနေသော လမ်းကြောင်းက ယိမ်းထိုးသွားခဲ့ပြီး ဘယ်ကမှန်းမသိ ပေါ်ထွက်လာသည့် နားလည်ရခက်သော ပုံရိပ်များ၏ ဖောက်ထွင်းခြင်းကို ခံလိုက်ရ၏။ ထိုအရာက သန်းခေါင်နေ၏ မယုံနိုင်စရာ နည်းလမ်းတစ်ခု ဖြစ်ပေသည်။
ရိုင်ဇန်က ထိုအကွက်ကြောင့် ယခင်က ဒဏ်ရာ အပြင်းအထန် ရလုနီးပါး ဖြစ်ခဲ့သော်လည်း ယခုတစ်ခေါက် သူ၏ နောက်ဆုတ်မှုက ယခင်တစ်ခေါက် အလောတကြီး နောက်ဆုတ်ခြင်းနှင့် မတူညီပေ။ သူက နောက်ဆုတ်နေစဉ် တိုင်းပြည်စွမ်းအားက နိမိတ်ပုံရိပ်ကို တိတ်တိတ်လေး သွေးမြူအလွှာတစ်ခုဖြင့် ဖုံးလွှမ်းထားခဲ့သည်။ ထို စိတ်ပုံရိပ်များက သွေးမြူဖြင့် ဖိတ်စင်နေသောအခါ အပေါ်ယံ၌ ကွာဟချက် မရှိသော်လည်း ရိုင်ဇန်၏ မျက်လုံးထဲ၌ ထူးဆန်းကာ ခန့်မှန်း၍မရ မဟုတ်တော့ပေ။
ရိုင်ဇန်၏ လျင်မြန်သော နောက်ဆုတ်မှုက ရုတ်ချည်း ရပ်တန့်သွားခဲ့၏။ သူက နိမိတ်ပုံရိပ်ကိုတစ်ခုကို အနက်ရောင် အလင်းများဖြင့် ရစ်ပတ်လိုက်လေသည်။
ထိုအရာက မန်မွန်တော်ဝင်မိသားစု၏ သွေးမျိုးဆက် ပါရမီဖြစ်သော [ ဒုစရိုက်အလင်း ] ပင်။
[ဒုစရိုက်အလင်း]က ပြိုင်ဘက်များကို အားနည်းစေသော အင်အားကြီး ပါရမီတစ်ခုဖြစ်လေသည်။ ၎င်းက အက်စ်မိုဒက်စ် တော်ဝင်မိသားစု၏ [ စစ်ရုပ်သေး ] ကိုပင် အတိုင်းအတာ တစ်ခုအထိ ချုပ်ထိန်းနိုင်၏။ [ ဒုစရိုက်အလင်း] ထိုးခံရသော ရန်သူများက အချိန်တိုအတွင် အမျိုးမျိုးသော အားလျော့မှုများ ဖြစ်သွားပေလိမ့်မည်။ ၎င်းကို ပယ်ဖျက်၍မရပေ။ တိုးမြှင့် မှော်ပညာဖြင့်လည်း ခုနှိမ်၍ မရ။
[ ဒုစရိုက်အလင်း ]က ရန်သူကို တစ်ခါတည်း သတ်နိုင်သော စွမ်းရည် မဟုတ်သော်လည်း လက်ရည်တူသော တိုက်ပွဲတစ်ခုတွင် ခြေလှမ်းတစ်လှမ်း မှားခြင်းကပင် လုံးဝ ရှုံးနိမ့်သွားစေနိုင်သည်။ ရိုင်ဇန်၏ တိုင်းပြည်အဆင့် စွမ်းအားဖြင့် သူက အမှောင်ဒြပ်စင်ကို တိုးမြှင့်နိုင်သော သွေးရောင်လက်စွပ် အဆောင်ပစ္စည်းသုံးကာ ထိုပါရမီကို အသက်သွင်းလိုက်ရာ ထိုပါရမီစွမ်းအားကို စိတ်ကူးကြည့်၍ ရနိုင်ပေသည်။ ထိုတိုက်ခိုက်မှုက တိုက်ပွဲ တစ်ခုလုံး၏ အဓိကသော့ချက် ဖြစ်လာနိုင်လောက်ပေသည်။
ယခုတစ်ခေါက် ခန္ဓာကိုယ်အစစ်မှန်က သွေးမြူဖြင့် မြင်သွားသောအခါ သန်းခေါင်နေက သတိလက်လွတ် ဖြစ်သွားခဲ့လေသည်။ သူက [ ဒုစရိုက်အလင်း ] ဖြင့် ရစ်ပတ် ခံလိုက်ရ၏။ ရိုင်ဇန်က ထိုအခိုက်အတန့်ကို အချိန်အကြာကြီး စောင့်ဆိုင်းနေခဲ့သည်။ သူက မစဉ်းစားဘဲ အစွမ်းထက်ဆုံး တိုက်ခိုက်မှုကို အင်အားအကုန် အသုံးပြုလိုက်တော့သည်။
“[ မိုးကြိုးဧကရာဇ်ချိပ်ပိတ် ]”
ရိုးရှင်းပြီး ဟိတ်ဟန်မရှိသော လက်သီးချက်က လှပသေ အသွင်အပြင်နှင့် အဟုန်တို့ မရှိ၊ အရှိန်လည်း သိပ်ပြီး မမြန် သော်လည်း စိတ်ဝိညာဉ်နှင့် စွမ်းအင်အားလုံးကို တစ်နေရာ တည်း၌ ဖိသိပ်ထားလေသည်။ ထိုလက်သီးချက်ဖြင့် ထိသွားသည်နှင့် သန်းခေါင်နေအရှင်၏ စွမ်းအားဖြင့်ပင် လုံးဝ အစိတ်စိတ် အမွှာမွှာ ဖြစ်သွားရပေမည်။
ရုတ်တရက် ရိုင်ဇန်က [မိုးကြိုးဧကရာဇ်ချိပ်ပိတ်] လက်သီးချက်က ထူးထူးခြားခြား နှေးကွေးသွားသလို ခံစားလိုက်ရပြီး သန်းခေါင်နေ၏ နိမိတ်ပုံရိပ်က ယခင်ကထက် နှစ်ဆခန့် စတင်လှုပ်ခါလာသည်။ သန်းခေါင်နေက ပို၍ မြန်လာသည် မဟုတ်ဘဲ မိမိက နှေးကွေးသွားကြောင်း ရိုင်ဇန် ရုတ်တရက် သဘောပေါက်လိုက်သည်။
နှေးကွေးလေးကန်ခြင်း။
နှေးကွေးလေးကန်ခြင်း သာမက အားနည်းခြင်းနှင့် အားကုန်ခမ်းခြင်း ကဲ့သို့သော အားလျော့ အခြေအနေ အမျိုးမျိုး ဖြစ်လာခဲ့သည်။
ရိုင်ဇန်က ထိတ်လန့်သွားခဲ့သည်။ [ ဒုစရိုက်အလင်း ] က တကယ်ကြီး တန်ပြန်လာခဲ့တာပဲ။
သွေးရောင်အလင်းရဲ့ ထောက်ပံ့မှုကြောင့်သာ မဟုတ်ရင် ငါ့အခြေအနေက အခုထက် ပိုဆိုးနေလောက်တယ်။
အမျိုးမျိုးသော အားနည်းမှုများဖြင့် သက်ရောက် သွားသော [မိုးကြိုးဧကရာဇ်ချိပ်ပိတ်]က အလျင်အမြန်ပင် သလင်းကျောက် အလွှာတစ်ခုဖြင့် ဖံုးလွှမ်းသွားခဲ့သည်။ သလင်းကျောက်က လက်သီးချက်ကြောင့် ချက်ချင်း အမှုန့်အဖြစ် ပြောင်းလဲသွားသော်လည်း သလင်းကျောက်က ပျောက်ကွယ်နေစဉ်မှာပင် အဆက်မပြတ် အားကောင်း လာခဲ့သည်။ အဆုံးသတ်၌ အားနည်းနေသော [ မိုးကြိုးဧကရာဇ် ချိပ်ပိတ် ] က သလင်းကျောက် လက်သီးအဖြစ် ပြောင်းလဲသွားပြီး သန်းခေါင်နေ၏ လက်ညှိုးဖြင့်ပင် မထိရဘဲ ကြေမွသွားတော့သည်။
သန်းခေါင်နေအရှင်၏ အနီရင့်ရောင် ဝတ်ရုံကလည်း [ ဒုစရိုက်အလင်း ] စွမ်းအားဖြင့် တိုက်စားခံလိုက်ရပြီး မျက်နှာ အစစ်အမှန် ပေါ်လာခဲ့သည်။
ထိုအရာက အသွေးအသားဖြင့် ပြုလုပ်ထားခြင်း မဟုတ်ဘဲ သလင်းကျောက်နီများဖြင့် ပြုလုပ်ထားသော ထူးထူးဆန်းဆန်း ခန္ဓာကိုယ်တစ်ခုပင်။ ရင်ဘတ်ထဲ၌ နှလုံးသားနှင့်တူသော ထူးဆန်းသည့် ပုတီးနီမှလွဲ၍ အတွင်း အင်္ဂါများ ရှိမနေပေ။
ရိုင်ဇန်က ပုတီးကို မှတ်မိလိုက်သည်။ ၎င်းက သူနှင့် ကတ်သရင်းကို သေစေလုနီးပါး ဖြစ်ခဲ့သော သွေးမြေကျ စက်လုံးပင်။
ရိုင်ဇန်က ရုတ်တရက် အန္တရာယ်သတိပေးချက် တစ်ခုကို ခံစားလိုက်ရပြီး နေရာပြောင်းရွှေ့ချင်နေသော်လည်း [ ဒုစရိုက် အလင်း ] ကြောင့် အနည်းငယ် နှေးကွေးနေခဲ့သည်။ သူက မရေမတွက်နိုင်သော ပျက်စီးခြင်း ကြယ်အလင်းနီများဖြင့် ဝိုင်းရံခံလိုက်ရပြီး ကြောက်မက်ဖွယ်ရာ အင်အားတစ်ခုက သူ့ကို အသေမှတ်ထားနေလေသည်။
“မင်း အံ့သြသွားလား။” သန်းခေါင်နေက ပုံမှန်ပင် ပြောလိုက်သည်။ “ငါက ဒီခန္ဓာကိုယ်ကြောင့် အသက်ရှင် သွားချင်တာ။ ဒါက ထူးဆန်းတဲ့ နဂါးတစ်ကောင်ရဲ့ ခန္ဓာကိုယ်ပဲ။ ဒါပေမဲ့ ကံဆိုးချင်တော့ သူ့ကို သွေးမြေကျ စက်လုံးက ငါ့ခန္ဓာကိုယ် အနေနဲ့ ရွေးချယ်ခဲ့တယ်။”
သူတို့နှစ်ယောက် ပြောနေသည်ကို ကြားနိုင်သည့် တစ်ဦးတည်းသော ချန်လွေ့က “ထူးဆန်းသောနဂါး” ဆိုသည်မှာ သလင်းကျောက်နဂါး ယာကော့ဘ်ဖြစ်ကြောင်း ရုတ်တရက် သဘောပေါက်သွားခဲ့သည်။
သန်းခေါင်နေ ဝင်စီးထားသော တဲရစ် သေသွားသောအခါ သန်းခေါင်နေ သေသွားလောက်သော်လည်း သူက သွေးမြေကျ စက်လုံးကြောင့် ဝိညာဉ် ကျန်နေခဲ့ပြီး ထွက်ပြေး လွတ်မြောက်ကာ ပျောက်ကွယ်သွားခဲ့သည်။ နောက်ပိုင်းတွင် သူက သလင်းကျောက်နဂါး ယာကော့ဘ်နှင့် တွေ့ခဲ့ပြီး သန္ဓေပြောင်းလဲမှုအချို့ ပြီးနောက်တွင် ယာကော့ဘ်၏ ခန္ဓာကိုယ်ကို အပိုင်စီးကာ ပြန်လည်မွေးဖွားလာခဲ့သည်။
သလင်းကျောက်နဂါး၏ ခန္ဓာကိုယ်က ရိုးရိုး [ မှော်ဆန့်ကျင် ] မဟုတ်တော့ဘဲ မှော်လုံးဝပြီးနေခဲ့သည်။ [ဒုစရိုက်အလင်း]က သလင်းကျောက် ခန္ဓာကိုယ်ကို ထိသွားသောအခါ လုံးဝ အလုပ်မဖြစ်ခဲ့ပေ။ ထို့အပြင် သန်းခေါင်နေ၏ ခန္ဓာကိုယ်က သူ တစ်ခါ ကြုံတွေ့ခဲ့ဖူးသော ချန်လွေ့၏ သလင်းကျောက် ကြေးမုံ စွမ်းအားဖြင့် ပေါင်းစပ်နေပြီး ရိုင်ဇန်ထံသို့ [ဒုစရိုက်အလင်း]ကို တန်ပြန် ခဲ့လေသည်။
ထို့ကြောင့် သန်းခေါင်နေ တမင် ဟာကွက်ကို ပြသလိုက်ပြီး ရိုင်ဇန်အား [ ဒုစရိုက်အလင်း ] ကို အသုံးပြုရန် ဦးတည်သွားစေသည်။ ထို့နောက် သူက ပြန်လာရန်အတွက် အံ့အားသင့်စရာ အကွက်တစ်ခုကို သုံးခဲ့လေသည်။ ထိုအရာက တိုက်ပွဲကို ထိန်းချုပ်ရာ၌ ကြောက်မက်ဖွယ်ရာ စွမ်းရည် ဖြစ်လေ၏။
ပိုမြင့်သော အဆင့်ကို စိန်ခေါ်နိုင်သော စွမ်းရည်ရှိသည့် ပြိုင်ဘက်ကင်း ပါရမီရှင်တစ်ယောက် ဆိုသည့် အတိုင်းပင်။
“[ကြယ်စုစည်းပေါက်ကွဲမှု]” သန်းခေါင်နေအရှင်က ရိုင်ဇန်ကို တုံ့ပြန်ရန် အချိန်အများကြီး မပေးခဲ့ပေ။ သူက လက်ကို ဝှေ့ရမ်းလိုက်ရာ အဘက်ဘက်မှ ကြယ်အလင်းများက ခန့်မှန်း၍မရသော လမ်းကြောင်းများဖြင့် ရိုင်ဇန်ထံ ပျံသန်းသွားကြသည်။ အရှိန်နှင့်လမ်းကြောင်းက အတော်လေး ထူးခြားလှပြီး သန်းခေါင်နေက စစ်တုရင်ခုံ တစ်ခုလုံးကို ထိန်းချုပ်နေသော ကစားသမားတစ်ယောက်လို ဖြစ်နေသည်။ သူလည်း ရိုင်ဇန်ကို တိုက်ခိုက်ရန်အတွက် အစွမ်းအထက်ဆုံး တန်ပြန်တိုက်ခိုက်မှုကို သုံးလိုက်၏။
ရိုင်ဇန်က နေရာ မပြောင်းရွှေ့နိုင်တော့ပေ။ အကယ်၍ သူက ၎င်းကို အတင်းခုခံမည်ဆိုလျှင် သေလျှင်သေ၊ မသေလျှင် ဒဏ်ရာအပြင်းအထန် ရသွားပေလိမ့်မည်။
ထိုအကွက်ကို ရင်ဆိုင်ဖူးသည်မှာ ရိုင်ဇန်အတွက် ပထမဆုံး မဟုတ်ပေ။ ထိုအကွက်က သူ့ကို မထနိုင်အောင် လုပ်ခဲ့ဖူးသည်။ ထိုအချိန်မှစ၍ ယနေ့ တိုင်းပြည်အဆင့် ရောက်သည်အထိ သူက “အဖြေမရှိသော” ခံစားချက် ရနေဆဲ ဖြစ်သည်။
သို့ရာတွင် ရိုင်ဇန်က ယခင်ကဲ့သို့ မဟုတ်တော့ပေ။
မရေမတွက်နိုင်သော သေစေနိုင်သည့် ကြယ်အလင်းကို ရင်ဆိုင်နေရစဉ် ရိုင်ဇန်က ရုတ်တရက် မျက်လုံးများကို မှိတ်လိုက်၏။ သန်းခေါင်နေ၏ သလင်းကျောက်မျက်လုံးက အနည်းငယ် ကျုံ့သွားပြီး စိတ်ထဲ၌ အန္တရာယ်တစ်ခု လှိမ့်တက် လာခဲ့သည်။ [ကြယ်စုစည်းပေါက်ကွဲမှု]က ချက်ချင်းပင် ထိန်းချူပ်မှု မရအောင် တွန့်လိမ်သွားခဲ့ပြီး ထူးဆန်းသော သင်္ကေတစ်ခု ပေါ်လာခဲ့သည်။ အနီးကပ်ကြည့်လိုက်ရာ ထိုအရာက လက်အမူအရာတစ်ခု ဖြစ်နေ၏။
လက်သီးတွင် လက်ညှိုးနှင့် လက်ခလယ်တို့ မြှောက်နေပြီး သားရဲတစ်ကောင်က အစွယ်ပြနေသကဲ့သို့ပင် လက်မက အနည်းငယ် အတွင်းထဲသို့ ကွေးနေသည်။
ထိုထူးဆန်းသော လက်အမူအရာက ကြီးမားလှသော ဖိအားကို သက်ဆောင်းထားခဲ့သည်။ တွန့်လိမ်နေသော ကြယ်အလင်းများက တစ်ခုချင်း နောက်သို့ လိမ့်သွားခဲ့ပြီး လက်အမူအရာက သန်းခေါင်နေအရှေ့သို့ ရောက်လာကာ မျက်စိတစ်မှိတ် အတွင်းမှာပင် အကြီးချဲ့သွားခဲ့သည်။ ဒီတိုက်ခိုက်မှု စွမ်းအားက [မိုးကြိုးဧကရာဇ်ချပ်ပိတ်]ထက် အများကြီး သာလွန်တယ်။ ဒါကို ရိုင်ဇန်သုံးတာ ငါ တစ်ခါမှ မတွေ့ဖူးဘူး။ အဲဒါကြောင့် ဒါက အသစ်နားလည်ထားတဲ့ အဆုံးသတ်တိုက်ကွက်ပဲ ဖြစ်မယ်။ ထွက်ပြေးဖို့ နောက်ကျ သွားမယ်။ ငါလည်း ဒါကို မခံနိုင်ဘူး။ ငါ့ကို ထိတာနဲ့ သလင်းကျောက်ခန္ဓာကိုယ်တောင် ချေမှုန်းခံရမှာပဲ။
သန်းခေါင်နေအရှင်၏ ရင်ဘတ်ကို လက်အမူအရာက ထိတော့မည့်အချိန်၌ ရိုင်ဇန်က ပုတီးနီ တုန်လှုပ်နေသည်ကို ရုတ်တရက် မြင်လိုက်ရသည်။
ထိုအခိုက်၌ သူ့အရှေ့တွင် ရှိနေသည်မှာ သန်းခေါင်နေ မဟုတ်တော့ဘဲ အလွန်ကြီးမားသော လှိုင်းများ ရှိနေသည့် သွေးပင်လယ်တစ်ခု ကဲ့သို့ပင် ရိုင်ဇန် စိတ်ထင်သွားခဲ့သည်။
သွေးပင်လယ်က ကြောက်မက်ဖွယ်ရာ ပျက်စီးခြင်း အငွေ့အသက်များနှင့် ပြည့်နှက်နေပြီး ရိုင်ဇန်က သွေးပင်လယ်နှင့် အနည်းငယ် ညစ်ညမ်းမိရုံဖြင့် တိုင်းပြည်အဆင့် ဝိညာဉ်နှင့် ခန္ဓာကိုယ်တို့ပင် ချက်ချင်း အစိတ်စိတ်အမွှာမွှာ ဖြစ်သွားမည်ဟု ခံစားမိနေသည်။
ကောင်းကင်မှ သွေးပင်လယ်၌ ရိုင်ဇန်ကို ရစ်ပတ်နေပြီး ထွက်ပြေးရန် မဖြစ်နိုင်ပေ။ ရိုင်ဇန်က ထိုကဲ့သို့ အလှည့် အပြောင်းကို မထင်ထားခဲ့ပေ။ သူက အံကြိတ်ပြီး စွမ်းအား အကုန်ဖြင့် ထိုလက်အမူအရာကိုသာ အသုံးပြုလိုက်သည်။
ထိုအခိုက်အတွင် သွေးပင်လယ်ပုံရိပ်က တုန်လှုပ်ပြီး အလျင်အမြန် မှိန်ကျသွားကာ ရှေ့တွင် သန်းခေါင်နေ၏ ပုံရိပ် ပြန်ပေါ်လာခဲ့သည်။
“ဘေးဖယ်...” ရိုင်ဇန်က တစ်ခုခု လွဲနေကြောင်း သေသေချာချာ ခံစားမိသည့်အတွက် အော်ပြောလိုက်၏။
သို့သော်လည်း နောက်ကျသွားလေပြီ။ ရိုင်ဇန်က သန်းခေါင်နေ၏ အကြည့်ကိုသာ မြင်နိုင်ရန် အချိန်ရခဲ့သည်။
တည်ငြိမ်ပြီး ဂုဏ်ယူနေ၏။
တိုက်ရိုက်ထုတ်လွှတ်နေသော ပုံရိပ်က တုန်လှုပ် သွားခဲ့ပြီး သေသေချာချာ မမြင်နိုင်တော့ပေ။ မြေပြင်က အက်သွားသော အပိုင်းများက အမှုန်ဖြစ်သွားကြပြီး မာကြောသော မြေပြင် ကလည်း ကြောက်မက်ဖွယ်ရာ အားတစ်မျိုးအောက်တွင် ပြားချပ်သွားလေသည်။
“ဒီအကွက်ကို ဘာလို့ခေါ်လဲ။” ထပ်နေသော ထူးထူးဆန်းဆန်း အသံများ မရှိတော့ဘဲ တက်ကြွနေသော အသံတစ်ခုသာ ရှိနေခဲ့သည်။
“[ ငါမရှိချိပ်ပိတ် ]”
“မဆိုးဘူး။ တကယ်လို့ ရန်သူက ရှိနေဦးမယ်ဆိုရင် ငါဆိုတာ ရှိမှာ မဟုတ်ဘူး။ ဒီတစ်ခေါက် မင်းပဲ၊ ငါ မဟုတ်ဘူး။ မင်းနိုင်တယ်။”
“ချေမှုန်းခံလိုက်ရသင့်တာက ငါပါ။” ရိုင်ဇန်၏ အသံက တိုးနေခဲ့သည်။ “ခုနက ဘာဖြစ်သွားတာလဲ။”
“သွေးမြေကျစက်လုံးက ငါ့ဝိညာဉ်ကို လုံးဝ ထိန်းချုပ် နေချင်တယ်။ ဒါပေမဲ့ ကံဆိုးချင်တော့ သူက အစကတည်းက လူရွေးမှားခဲ့တာ။” တိုးတိုးလေး ပြောလိုက်သော်လည်း အထင်သေးသော မာနကို ပြသနေ၏။
ငါ့အသက်ကို ငါပိုင်တယ်။
သေရင်တောင် ငါပိုင်နေသေးတယ်။
“မင်းက ငါ့ကို တိုက်ခိုက်နေတုန်း ဒီလို ရန်သူ တစ်ယောက်ကို တိုက်ခိုက်နေခဲ့တာလား။” ရိုင်ဇန်က ပင့်သက်ရှိုက်ပြီး ဖြည်းဖြည်းချင်း ခေါင်းခါလိုက်သည်။ “ငါမင်းကို အနိုင်မယူခဲ့ဘူး။ ဘယ်တော့မှ မနိုင်ခဲ့ဘူး။ မင်းက ကိုယ့်ကိုယ်ကိုယ် အနိုင်ယူခဲ့တာ။”
“မင်းက အဲဒီစွဲလမ်းတဲ့ စစ်သည်တော် ဖြစ်နေတုန်းပဲ။ ငါ့ရဲ့ မာနလိုမျိုးပေါ့။ မင်းက ငါ့ထက် ပိုပြီးတော့ ဝေးဝေးကို ရောက်နိုင်မှာပါ။”
သူ့နှုတ်ခမ်းထောင့်နားတွင် အပြုံးတစ်ခု ပေါ်လာခဲ့ပြီး ရင်ဘတ်မှ ပုတီးနီတွင် အက်ကြောင်းတစ်ခု ပေါ်ထွက် လာခဲ့သည်။ ထို့နောက် အက်ကြောင်းအများပြား ဖြစ်လာခဲ့ပြီး လုံးဝ တစစီ ဖြစ်သွားတော့သည်။
ရိုင်ဇန်က ပျောက်ကွယ်သွားသော အပြုံးကို စိုက်ကြည့် နေရင်း အားကုန်သွားသလို ခံစားလိုက်ရသည်။ မျက်နှာနှင့် ခန္ဓာကိုယ်ပေါ်သို့ မိုးများ ရွာကျနေသော်လည်း သူ၏ ညှိုးငယ်နေသော နောက်ကျောက ထူးထူးခြားခြား ကိုင်းညွတ်နေခဲ့လေသည်။