← Chapters

အစားပုပ်ရဲ့ တန်ပြန်တိုက်ခိုက်မှု

Vol. 53 Ch. 867

အစားပုပ်ရဲ့ တန်ပြန်တိုက်ခိုက်မှု

Vol. 53 Ch. 867

ပြိုင်ကွင်းထဲ၌ ပြင်းထန်သော တုန်ခါမှုကြောင့် ပုံရိပ်များ ဝေဝါးသွားသော်လည်း ပြန်ပြသော မျက်နှာပြင်ကြီးပေါ်တွင် “သက်ကြွေအကြင်သူ”နောက်ဆုံး ချေမှုန်းခံလိုက်ရသော မြင်ကွင်းကို ပရိသတ်များ မြင်ခဲ့ရသည်။ ထိုပြိုင်ပွဲ၏ အနိုင်၊ အရှုံးက လူတိုင်းကို မအံ့သြစေခဲ့သော်လည်း ဖျက်မြင်း “သက်ကြွေအကြင်သူ”က ထိပ်တန်းအစွမ်းထက်ပုဂ္ဂိုလ် ရိုင်ဇန်ကို ထိုမျှ အကြာကြီး တိုက်ခိုက်နိုင်ခဲ့ခြင်းက လူတိုင်း မျှော်လင့်ထားကြသည်ထက် ကျော်လွန်နေခဲ့သည်။

ရိုင်ဇန် ကံကောင်း၍သာ အနိုင်ရသွားကြောင်း ချန်လွေ့သာ သိလေသည်။ သန်းခေါင်နေအရှင်က လူကောင်းဖြစ်စေ၊ လူဆိုးဖြစ်စေ၊ ရာစုနှစ်ချီ မည်သည့်အရာက ပြုလုပ်ခဲ့သည် ဖြစ်စေ၊ သွေးမြေကျစက်လုံး၏ သက်ရောက်မှု ခံရမရ ဖြစ်စေ၊ ထိုနောက်ဆုံး အခိုက်အတန့်၌ ထို “မောက်မာ”သောသူက ဒူးထောက်ခြင်းသက် သေဆုံးပျောက်ကွယ်ခြင်းကိုသာ ရွေးချယ်မည့် တကယ့် သန်းခေါင်နေ ဖြစ်လေသည်။

ထိုအခိုက်အတန့်အတွက်သာ သန်းခေါင်နေက ထို သိုင်းပြိုင်ပွဲသို့ ရောက်လာခြင်း ဖြစ်နိုင်ပေသည်။ သွေးမြေကျ စက်လုံးက သူ့အသက်ကို ထိန်းချုပ်ခဲ့သော်လည်း သူ့မာနကို မထိန်းချုပ်နိုင်ခဲ့ပေ။

ချန်လွေ့က နက်နက်ရှိုင်းရှိုင်း ရင်ထဲထိသွားပြီး သက်ပြင်း ချလိုက်သည်။ “နာမည်ကျော် ဗိုလ်ချုပ်တွေက ရှေးအချိန် ကတည်းကတည်း မိန်းမလှတွေ လိုမျိုးပဲ။ သူတို့ ဆံပင် ဖြူသွားတာ ကမ္ဘာကြီးကို မမြင်စေချင်ကြဘူး။”

နာမည်ကျော် ဗိုလ်ချုပ်ကတော့ သေသွားပြီ။ မိန်းမလှကရော။

ကတ်သရင်းလည်း သက်ပြင်းချလိုက်၏။ နောက်ဆုံးတော့ သန်းခေါင်းနေက ရိုင်ဇန်လက်ထဲမှာ သေသွားခဲ့တာပဲ။

အထီးကျန်ပုံရိပ်ကို ကြည့်နေရင်း အရိပ်နက်အင်ပါယာ၏ ဧကရီက စိတ်ထဲ၌ မတူညီသော ခံစားချက်တစ်ခု ရှိနေသည်။ သူက အဝေးမှ ချန်လွေ့ကို ဖျတ်ခနဲ ကြည့်လိုက်ရာ မျက်လုံးချင်း ဆုံးသွားခဲ့လေသည်။

ထိုအချိန်တွင် ခံစားချက်က ယခင်က စာရင်းသွင်းစဉ်က လိုမျိုး ပြိုင်ဆိုင်မှု ပြင်းထန်ခြင်းများမဟုတ်ဘဲ လုံးဝ ကွဲပြား နေခဲ့သည်။

ကတ်သရင်း၏ တုံ့ပြန်မှုက မြန်ဆန်လှသည်။ သူက အကြည့်က ချက်ချင်းပင် အေးစက်သွားသော်လည်း ထိုသူက ရွှတ်နောက်နောက်နှင့် မျက်လုံးမှိတ်ပြလိုက်သည်။ ထိုသူက မျက်နှာဖုံး ဝတ်ထားသော်လည်း ကတ်သရင်းက ထိုအမူအရာကို စိတ်ကူးကြည့်၍ ရနိုင်ပေသည်။ ထို့ကြောင့် သူက ရှင်းပြ၍ မရအောင် စိတ်ရှုပ်သွားခဲ့ပြီး အကြည့်လွှဲကာ လျစ်လျူရှုထားလိုက်၏။

ချန်လွေ့က အသာလေး ပြုံးပြပြီး ရုတ်တရက် စိတ်သက်သာရာ ရသွားခဲ့သည်။

ရိုင်ဇန်နှင့် ကတ်သရင်းတို့ နှစ်ယောက်လုံး အဆင့်တက် သွားပြီးနောက်တွင် လာလာရီယာ၊ ချန်လွေ့၊ ဇိုလာ၊ ပါ့ဂ်လီအိုနှင့် ရက်ပီပစ်တို့လည်း နောက်အဆင့်သို့ ရောက်သွားကြသည်။

အထင်ကြီးစရာ အကောင်းဆုံးမှာ ဇိုလာနှင့် လာလာရီယာတို့ ဖြစ်ကြသည်။ ဇိုလာ၏ ပြိုင်ဘက်က သာ့ဇ်ဖီး အမည်ရသော မှော်ပညာရှင်တစ်ယောက် ဖြစ်သည်။ ထိုမှော်ပညာရှင်က သိုသိုသိပ်သိပ်နေသော အစွမ်းထက် ပုဂ္ဂိုလ်တစ်ယောက်ဖြစ်ပြီး ဥပဒေသ အစွန်းအဖျားကို ထိနေပြီ ဖြစ်သည်။ သူက တိုင်းပြည်အဆင့်သို့ ရောက်ရှိနိုင်ရန် ခြေတစ်လှမ်းသာ လိုတော့သည်။ ထို့အပြင် သူက မှော်စက်ဝိုင်းများကိုလည်း ကျွမ်းကျင်ပေသည်။ သူ၏ ကျက်သရေရှိသော မှော်ပညာနှင့် ခန့်မှန်း၍ မရနိုင်သော နည်းလမ်းများက ယခင်ပြိုင်ပွဲများတွင် အတော်လေး အာရုံဖမ်းစားနိုင်ခဲ့သည်။

ဝမ်းနည်းစရာက သူ ဇိုလာနှင့် ဆုံတွေ့လိုက်ရခြင်းပင်။ ဇိုလာက သူ့ကို အဆင့်ဖြင့် မလွှမ်းမိုးခဲ့ပေ။ ထို့ကြောင့် ဇိုလာက စွမ်းအားကို နတ်ဆိုးအရှင်သခင်အဆင့်၌သာ ထိန်းချုပ်ထားပြီး မှော်စက်ဝိုင်းများကို ကိုင်တွယ်ရန်အတွက် မှော်ပညာနှင့် မှော်စက်ဝိုင်းတို့ကို အသုံးပြုပြီး သာ့ဇ်ဖီးအား သူအကျွမ်းဆုံး နည်းလမ်းဖြင့် အနိုင်ယူခဲ့လေသည်။

သာ့ဇ်ဖီး ရှုံးနိမ့်သွားပြီးနောက် သူက မစ်-နတ်မိမယ် နဂါးကို လေးစားမှုပြသပြီး လူအများကို အံ့အားသင့် စေခဲ့သည်။ ရလာဒ်အနေဖြင့် မစ်-နတ်မိမယ်နဂါးက ငေးငိုင် ဟန်ဆောင်နေလိုက်ပြီး လုံးဝ ရှုံးနိမ့်မှုက လုံးဝ အနိုင်ကျင့်ခြင်း အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ အဆုံး၌ သူက ကြယ်ကြွေ သကဲ့သို့ ပျောက်ကွယ်သွားတော့သည်။

ဇိုလာနှင့်ယှဉ်လျှင် လာလာရီယာ၏ တိုက်ပွဲက ပို၍ပင် ဆန်းကြယ်လှသည်။ လာလာရီယာ၏ပြိုင်ဘက် ရူသီရာက သွယ်လျပြီး အေးစက်စက်ဖြစ်သော နတ်ဆိုးအရှင်သခင် အဆင့် ထိပ်သီးပိုင်း အမှောင်နတ်သူငယ် မိန်းမလှ ဖြစ်၏။ ထို့ပြင် သူက ပြင်းထန်သော အဆုံးသတ် တိုက်ကွက်များနှင့် ပုန်းကွယ်သော လှုပ်ရှားမှုများရှိသည့် ရှားရှားပါးပါး လုပ်ကြံသူ အမျိုးအစား ဖြစ်ပေသည်။ မိန်းမလှကို မြင်လိုက်သည်နှင့် နှုတ်ခမ်‌မွှေးနှင့် ရင်ပြား လိုလီက မျက်လုံးပြူးသွားခဲ့ပြီး ဖြားယောင်းမှု မျိုးစံု အသုံးပြုတော့သည်။

အေးစက်စက် မိန်းမလှက ဂရုမစိုက်ပေ။ သူက ညှာတာမှု မရှိဘဲ တိုက်ခိုက်သော်လည်း မည်သည့် တိုက်ခိုက်မှုမဆိုက ထိုထူးဆန်းသော လိုလီအတွက် ယားရုံသာ ဖြစ်စေခဲ့သည်။ ထိုအစား သူက အရိုက်ခံရခြင်းမှ ချစ်မြတ်နိုးသော အမူအရာ ပြသနေခဲ့လေသည်။

အဆုံး၌ ရက်စက်သော မိန်းမလှလေးက လာလာ လိုလီ၏ နှောင့်ယှက်မှုကို သည်းမခံနိုင်တော့ဘဲ နံပါတ်ပြားကို ဖိခြေကာ စစ်မြေပြင်မှ ကြောက်လန့်တကြား ထွက်ပြေးသွား တော့သည်။ ထွက်သွားစဉ် ကမန်းကတန်းအော်သံအရ မိန်းမလှက အနာဂတ်တွင် လိင်တူချင်း စိတ်ဒဏ်ရာ ရသွားလောက်ပေသည်။

ပြိုင်ပွဲအတွင်း ထူးဆန်းသောအရာများစွာ ရှိသော်လည်း ထိုသိုင်းပြိုင်ပွဲက ချန်လွေ့အား နတ်ဆိုးဘုံ၏ လျို့ဝှက် စွမ်းအားကို သတိထားမိသွားစေသည်။ အထူး အစွမ်းထက် ပုဂ္ဂိုလ်များကို မပြောနှင့်၊ အမြင့်လွှာ အစွမ်းထက် ပုဂ္ဂိုလ်များ အကြောင်း ပြောရမည်ဆိုလျှင် အင်ပါယာသုံးခုမှ အမြင့်လွှာ အစွမ်းထက်ပုဂ္ဂိုလ်များက နတ်ဆိုးဘုံတစ်ခုကို ကိုယ်စား မပြုပေ။

မူလက နတ်ဆိုးဘုံတွင် အင်ပါယာ(၇)ခု ရှိခဲ့သည်။ အင်ပါယာ(၃)သို့ မပူးပေါင်းသော သက်ဆိုင်ရာ အဖွဲ့များမှ လက်တစ်ဆုပ်စာ အစွမ်းထက်ပုဂ္ဂိုလ်များ ရှိကြပေသည်။ သူတို့က အင်ပါယာ အပြင်ဘက်၌ သီးသန့်နေနိုင်ကြပြီး “သီးသန့် လေကျင့်သူများ” ဖြစ်ကြသည်။ နတ်ဆိုးများ၏ သက်တမ်းက လူသားများထက် ပိုရှည်သည့်အတွက် လေ့ကျင့်ရေးကို အာရုံစိုက်ရန် ပိုအချိန်ရသည်။ နတ်ဆိုးဘုံ တစ်ခုလုံးအတွက် ထိုသိုင်းပြိုင်ပွဲတွင် တကယ့်တိုက်ခိုက်မှု လေ့ကျင့်ရေးနှင့် တစ်ဆို့မှု ချိုးဖောက်ရန် ရောက်လာကြသော “သီးသန့်လေ့ကျင့်သူ”များစွာ ရှိကြလေသည်။

အကြိုဗိုလ်လုပွဲ မတိုင်ခင် ပွဲစဉ်များအတွက် နောက်ဆုံးပွဲမှာ ရိုမန်နှင့် ဒိုဒိုတို့ ဖြစ်ကြ၏။

ချန်လွေ့ထက်ပို၍ သူတို့နှစ်ယောက်နှင့် ရင်းနှီးသူ မရှိပေ။ ရိုမန်ဘက်၌ ဒေလီယာနှင့် မယ်ဒီလူတို့ နှစ်ယောက်က အားပေးနေကြသည်။ ဒိုဒိုဘက်တွင် စိတ်နှလုံး မကောင်းသော သခင်အပါအဝင် ဆွေမျိုးများနှင့် မိတ်ဆွေများအားလုံးက အေးအေးဆေးဆေး နေနေကြပြီး စိတ်လှုပ်ရှားစရာကို စောင့်ကြည့်ရန်အတွက် သခွားမသီး အစေ့ ဝါးစားနေကြလေသည်။

စစ်မြေပြင်၌ ရိုမန်နှင့် ဒိုဒိုတို့က အဝေးမှေနေ၍ အချင်းချင်း ကြည့်နေကြသည်။

သူတို့နှစ်ယောက်၏ အကြည့်က အတော်လေး သတိထား နေကြပြီး တစ်ယောက်ချင်းစီ၏ အားနည်းချက်များကို သေသေချာချာ ရှာနေသကဲ့သို့ပင် ပေါ့ပေါ့တန်တန် မလှုပ်ရှားကြပေ။

အေးစက်စက်လေ တိုက်ခတ်သွားခဲ့ပြီး ရင်းနှီးသော ငရုတ်ကောင်း အမှုန့်က ဒိုဒိုကို နှာချေသွားစေခဲ့သည်။ ရိုမန်၏ မျက်နှာက အကြံရှိသော အပြုံးမျိုး ပြသလိုက်ပြီး ဒိုဒိုရှေ့သို့ လျှပ်စီးသဖွယ် ရောက်လာခဲ့သည်။ မြန်နှုန်းမြင့် အပြာရောင် အလင်းဓားက သိပ်သည်းသော အလင်းပိုက်ကွန် တစ်ခုအဖြစ် ယက်လုပ်သွားပြီး ဒိုဒိုကို ရစ်ပတ်လိုက်၏။

ကျောင်းသားတူလေး၏ ထိုတိုက်ကွဲမှုက အစွမ်းထက်ဆုံး အနှိုင်းမဲ့တိုက်ကွက်ဖြစ်သည့် [ ပြန်လမ်းမဲ့ ] ဖြစ်လေသည်။

ထိုဓားနှစ်လက်က ချန်လွေ့ကိုယ်တိုင် ရိုမန်အတွက် သီးသန့် ပြုလုပ်ထားသော ဒဏ္ဍရီလာအဆင့် လက်နက် ဖြစ်လေသည်။ ၎င်းတို့က အလွန်အမင်း ထက်မြက်ပြီး မြန်ဆန်းခြင်းနှင့် ခုခံမှု ဖောက်ထွင်းခြင်းဟူသော အထူး ဂုဏ်သတ္တိများ ရှိကြသည်။ ဒိုဒိုက ရှောင်ရန်ပင် အချိန်မရခဲ့ဘဲ ဓားအလင်းကြောင့် ချက်ချင်းပင် မရေမတွက်နိုင်အောင် အပိုင်းပိုင်း ဖြစ်သွားခဲ့သည်။

ရိုမန်က ဒိုဒိုကို စက္ကန့်ပိုင်းအတွင်း အလွယ်တကူ သတ်လိုက်နိုင်သည်ဟု ပရိသတ်များ ထင်မိကြစဉ်မှာပင် ရိုမန်က လုံးဝ စိတ်မအေးနေပေ။ ဓားအလင်းရောင်က ထိုအပိုင်းအစများကို နောက်ထပ် ထောင်နှင့်ချီသော အပိုင်းအစများ အဖြစ်သို့ ခုတ်ပိုင်းလိုက်ပြန်ပြီး အသက်ရှင်ရန် လုံးဝ မဖြစ်နိုင်အောင် ပြုလုပ်လိုက်သည်။

အပိုင်းအစများ ဖြစ်သွားပြန်၏။ ထိုအချိန်၌ လျှပ်စီး အလွှာတစ်ခုက ဓားအလင်းထဲ၌ ရှိပြီး အပိုင်းအစများက အမှုန်အဖြစ် ပြောင်းလဲသွားကြသည်။

ရိုမန်က လက်မလျှော့သေးပေ။ သူက လေပွေအဖြစ် ပြောင်းလဲလိုက်ပြီး အမှုန်အားလုံးကို နေရာအနှံ့သို့ လွင့်သွားစေလိုက်သည်။ ထိုသူက နင်းခြေရသည်ကို ထူးထူးခြားခြား နှစ်သက်ကြောင်း ပရိသတ်များ ထင်နေကြစဉ် အဖြေက ပေါ်ထွက်လာတော့သည်။

ပြန့်ကျဲသွားသော အမှုန်များက အလျင်အမြန် အလိုလို ပျံသန်းလာပြီး အတူတူ စုစည်းသွားကာ ကြက်သွန်နီကောင် ပုံစံအဖြစ် ဆင်တူလာခဲ့သည်။

ပရိသတ်များ အုတ်အော်သောင်းတင်း ဖြစ်သွားကြသည်။ မသေနိုင်တဲ့ကောင်!!

ရိုမန်နှင့် ဒိုဒိုတို့က အကြိမ် မ‌ရေမတွက်နိုင်အောင် တိုက်ခိုက်ခဲ့ဖူးသည်။ ထိုမျှတိုက်ခိုက်မှုက ချွဲကျိကောင်ကို သတ်ရန် မဖြစ်နိုင်ကြောင်း သိသည့်အတွက် သူက အတားအဆီးမရှိဘဲ အစွမ်းအထက်ဆုံး အကွက်များကို အသုံးပြုနေခြင်း ဖြစ်သည်။

ဒိုဒို၏ မသေမျိုးခန္ဓာကိုယ်က အတော်လေး အစွမ်းထက် သော်လည်း အဆုံးမဲ့ မဟုတ်ကြောင်း ရိုမန် ကောင်းကောင်းသိသည်။ သူ၏ သက်လုံ ကုန်သွားသည်နှင့် ပြန်လည်ပေါင်းစည်း နိုင်တော့မည် မဟုတ်ပေ။ အရေးအကြီးဆုံးမှာ ဆရာသခင် ချွဲကျိကောင်က အင်အားကြီးသူ အရှေ့တွင် ဦးညွှတ်သော သူရဲကောင်း ဖြစ်နေခြင်းပင်။ သူက သက်လုံကုန်သွားသည်ဖြစ်စေ၊ ကြောက်သွားသည်ဖြစ်စေ၊ ချက်ချင်း အညံ့ခံလိုက်မည် ဖြစ်သည်။

သို့ရာတွင် ဒိုဒို၏ ခွန်အား၊ တိုက်ခိုက်ရေး စွမ်းအားနှင့် သက်လုံတို့က ရိုမန်ထက် များစွာ သာလွန်နေသည်။ အထူးသဖြင့် ယခု ပြသသော အသက်ဓာတ်က ပို၍ပင် တိုးတက်လာပုံရသည်။ သူ့ကို အရှုံးပေးအောင် ပြုလုပ်ရန် မလွယ်ကူလှပေ။

ဒိုဒို ခန္ဓာကိုယ် ပြန်ဖွဲ့စည်းပြီးသည်ကို မစောင့်ဘဲ ရိုမန်က [ပြန်လမ်းမဲ့]ကို အသုံးပြုလိုက်ပြန်သည်။ သို့သော် ယခု တစ်ခေါက်တွင် ဒိုဒို၏ ပြန်ကောင်းသော အမြန်နှုန်းက ယခင်ထက် များစွာ ပိုမြန်နေသည်။ ထပ်ကာထပ်ကာ ပြုလုပ်ပြီးနောက် ဒိုဒို၏ ပြန်ကောင်းနှုန်းက မြန်သထက် မြန်လာပြီး ရိုမန်၏နဖူးတွင် ချွေးများစို့လာခဲ့သည်။

ဓားပိုက်ကွန်တစ်ခု ပစ်လွှတ်ပြီးနောက် အပိုင်းပိုင်း ဖြစ်သွားသော အစိတ်အပိုင်းများသော “ပြတ်သွားသော ခြေလက်များ” မဟုတ်တော့ဘဲ မရေမတွက်နိုင်သော ကြက်သွန်နီကောင်များ ဖြစ်ကြကုန်သည်။ ထိုကြက်သွန်နီ ကောင်များက ရိုမန်ထံ အဘက်ဘက်မှ ပျံသန်းလာပြီး ဝိုင်းရံလိုက်၏။ ရိုမန်က ကြက်သီးထသွားပြီး အစားခံရကာ မစင်စွန့်ခံရမည့် အဖြစ်ဆိုးကို တွေးမိသွားခဲ့ကာ ချက်ချင်းပင် ဘယ်ဖီဂေါမိသားစု၏ [လျှပ်တပြက်] ပါရမီကို အသက်သွင်း လိုက်ကာ ဒိုဒို တစ်ခုတည်း ပေါင်းစည်းတော့မည့် အခိုက်အတန့်ကို လက်မတင်လေး ရှောင်တိမ်းနိုင်ခဲ့သည်။

ဒိုဒိုက အလျှော့မပေးပေ။ မရေမတွက်နိုင်သော ကြက်သွန်နီကောင်များက ခုန်ဆွခုန်ခွနှင့် သွားနေကြပြီး ရိုမန်နောက်သို့ လိုက်ဒုံးပျံကဲ့သို့ လိုက်နေကြသည်။ ရိုမန်က မျက်လုံးလှန်လိုက်ပြီး လက်ထဲမှ တစ်စုံတစ်ယောက်ကို ထုတ်လိုက်ကာ မြေကြီးပေါ် စိုက်လိုက်၏။ ထိုအရာက အမှန် တကယ်၌ အသားကင်တစ်ခု ဖြစ်နေသည်။

ကြက်သွန်နီကောင် အသေးလေးများက ရိုမန်ကို ချက်ချင်း စွန့်ခွာပြီး အကင်ထံ ခုန်အုပ်ကာ ချက်ချင်းပင် ဝါးရိုးသာ ကျန်တော့သည်။ ဒိုဒိုထံမှ လွတ်မြောက်ပြီးနောက် ရိုမန်က အကင်ကဲ့သို့ စားစရာ အများအပြားကို ပစ်လွှတ်ပြီး ဒိုဒိုက စားနေရင်း လိုက်ဖမ်းနေတော့သည်။

ရိုမန်က ဝိုင်တစ်ပုလင်း ထုတ်လိုက်သည်။ သူက ပစ်တော့မည့် အချိန်၌ ဗိုက်က ရုတ်တရက် အော်လာခဲ့သည်။ စားစရာ အများအပြား ပစ်ပြီးနောက် သူလည်း ဗိုက်ဆာ လာခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် နှစ်ဖက်လုံးက စားသောက်၊ ပစ်ခတ်၊ စားသောက်၊ ပစ်ခတ် အခြေအနေသို့ ရောက်ရှိ သွားခဲ့ပြီး ခဏတာ “တိုးမရဆုတ်မရ” ဖြစ်နေခဲ့သည်။

ဆွေမျိုးများနှင့် မိတ်ဆွေများ ဆွံ့အသွားကြသည်။ ထိုကဲ့သို့ သိုင်းပြိုင်ပွဲက မည်သို့နည်း။ ထိုအရာက အသေအချာပင် စားစရာညီလာခံ ဖြစ်နေ၏။

ကြက်သွန်နီကြီး အဖြစ်သို့ ပြန်လည်ပေါင်းစည်း သွားသော ဒိုဒိုက ပေါင်မုန့်အကွင်းကို ခုန်အုပ်လိုက်ပြန်သည်။ ထို့နောက် သူ့အမြင်က ရုတ်တရက် ဝေဝါးသွားပြီး မြေပေါ်တွင် ထူးဆန်းသော ပုံစံကွက်များ ပေါ်ထွက်လာကာ ချွဲကျိကောင်အား အန္တရာယ်တစ်ခု ခံစားမိစေခဲ့သည်။ ထိုအရာက ဝုန်းခနဲ အမှန်တကယ် ပေါက်ကွဲသွား၏။

ပေါက်ကွဲမှုအားက ပြင်းထန်လွန်းလှသည့်အတွက် ဒိုဒို၏ ကြက်သွန်နီကိုယ်က နှစ်ပိုင်းဖြစ်သွားသော်လည်း ချက်ချင်းပင် မူလပုံစံ ပြန်ဖြစ်သွားလေသည်။ ထို့နောက် မြင်ကွင်းများ ရုတ်ချည်း ပြောင်းလဲသွားပြီးနောက် ၎င်းတို့က မကောင်းသော နိမိတ်များဖြင့် ပြုလုပ်ထားသည့် မျဉ်းကြောင်းများဖြင့် ဝိုင်းရံထားသော ထူးဆန်းသည့် နေရာလွတ်တစ်ခုကို ရောက်ရှိသွားတော့သည်။

ဒိုဒိုက မျက်လုံးကို ပွတ်သပ်လိုက်ရာ မနီးမဝေး၌ ရိုမန် ရပ်နေကြောင်း မြင်လိုက်ရသည်။ ထိုအရာက ပုံရိပ်ယောင်ဟု ထင်ခဲ့သော်လည်း သူ‌ ခြေတစ်လှမ်း လှမ်းလိုက်ရာ မရေမတွက်နိုင်သော အလင်းရောင်များ လက်ခနဲ ဖြစ်သွား၏။ ချွဲကျိကောင်က ဒါဇင်ခန့် အတုံးအထစ်များအဖြစ် ခုတ်ပိုင်း ခံလိုက်ရသည်။ ပြန်ကောင်းရန် အတော်ကြာခဲ့ပြီး အတော်လေး ဝေးနေသော နေရာတစ်ခုမှ သေစေနိုင်သော မရေမတွက်နိုင်သည့် အန္တရာယ်များ ရှိနေကြောင်း သဘောပေါက်သွား၏။

ထိုမြင်ကွင်းက ပရိသတ်ထဲမှ ကတ်သရင်းကို အနည်းငယ် ကြက်သေသေသွားစေခဲ့သည်။ သူက ဘေးနားမှ ဖရန့်ဇ်အား ကြည့်လိုက်သည်။

ဖရန့်ဇ်က လိပ်ပြာမသန့်ဘဲ ခေါင်းငုံ့လိုက်သည်။ သူက တစ်ခုခု ရှင်းပြရန် ကြိုးစားခဲ့သော်လည်း နောက်ဆုံး၌ ဘာမှ မပြောခဲ့ပေ။

မိသားစုနှင့် မိတ်ဆွေများဘက်၌ ဒေလီယာက မျက်မှောင် ကြုတ်ပြီး ဘေးနားမှ မယ်ဒီလူကို မေးလိုက်၏။ “အဲဒါက.... အရင်တစ်ခေါက်တုန်းက “နိဗ္ဗာန်သဲခုံ”လား။ နင် သူ့ကို ပေးလိုက်တာလား။”

မယ်ဒီလူ ခေါင်းညိတ်လိုက်သည်။ “အင်း။ ငါ သူ့ကို ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့အတွက် ပေးခဲ့တာ...”

နိဗ္ဗာန်သဲခုံက သိပ်မကြာခင်က ဦးရီး‌တော် ဖရန့်ဇ်အား ကတ်သရင်း ပေးခဲ့သော ခုခံရေး ပစ္စည်းတစ်ခု ဖြစ်သည်။ ကတ်သရင်းကို ထိုပစ္စည်းကို တိုင်းပြည်အဆင့် နိဗ္ဗာန် စွမ်းအားဖြင့် ‌ပေါင်းစပ်ခဲ့ပြီး အင်အားကြီး မှော်စက်ဝိုင်း တစ်ခုနှင့် ညီမျှပေသည်။ တိုင်းပြည်အဆင့်အောက်မှ မည်သူ မဆိုက ထိုနေရာလွတ်မှ ထွက်‌မြောက်နိုင်မည် မဟုတ်ပေ။ တစ်စုံတစ်ယောက်က အလောတကြီး လှုပ်ရှားလျှင် မှော်စက်ဝိုင်း၏ ကြောက်မက်ဖွယ်ရာ တိုက်ခိုက်မှုကို ခံစားရပေလိမ့်မည်။

သို့သော်လည်း ထိုပစ္စည်းကို (၃)ကြိမ်သာ အသုံးပြု၍ ရပြီး တစ်ခါလျှင် တစ်နာရီသာ အသုံးပြုနိုင်သည်။ ဖရန့်ဇ်က ထိုလက်ဆောင်ကို ဧကရီထံမှ လက်ခံခဲ့ပြီး သမီးဖြစ်သူ မယ်ဒီလူထံ ပေးလိုက်ကာ သမီးဖြစ်သူက ရိုမန်ကို ပေးခဲ့လေသည်။

ရိုမန်က နိဗ္ဗာန်သဲခုံ၏ အချိန်အကန့်အသတ်ကို ကောင်းကောင်း သိသည်။ သူက ထိုင်နေကာ ပြုံးဖြီးဖြီး လုပ်လိုက်ပြီး နေရာလွတ်လက်စွပ်ထဲမှ အရသာရှိသော စားစရာများနှင့် ဝိုင်ပုလင်းအချို့ ထုတ်လိုက်သည်။

“အရှုံးပေးလိုက်တော့။ ဒိုဒို။ မင်း နံပါတ်ပြားကို ဖိခြေ လိုက်မယ်ဆိုရင် ဒီမှာရှိတဲ့ စားစရာတွေအားလုံးက မင်းအပိုင်ပဲ။ ဒီမှာ ဘာလဲကြည့်။ ဒါက မင်းအကြိုက်ဆုံး ဘဲကင်ပဲ။ ပြီးတော့ အပြုတ်တွေ။ အရသာ ရှိနေတာပဲ။ ဝိုး။ အကောင်းဆုံး ရနံ့မွှေး ဝိုင်ပုလင်းတောင် ရှိနေတယ်။ ငါ ဒါကို ခေါင်းဆောင်ဆီကနေ အထူးအနေနဲ့ ရထားတာ....”

ရိုမန်၏ အသံက ပြင်းထန်သော ဖြားယောင်းမှုများ ပါဝင်နေသည်။ အမှန်ကယ်တွင် ခုနက အသားကင်များက ဗိုက်ပိုဆာစေသော အထူး ငရုတ်ကောင်းမှုန့်များဖြင့် ဖြူးထားခြင်း ဖြစ်သည်။ ထိုအရာက ယခု အခိုက်အတန့် အတွက် အထူးတလည် ပြင်ဆင်ထားခြင်း ဖြစ်သည်။ ငါ သွေးထွက်သံယို မဖြစ်ဘဲ သေချာပေါက် အနိုင်ရနိုင်တယ်။ ငါ တကယ် တော်တာပဲ။ ခေါင်းဆောင်တောင် ငါ့ကို မော့ကြည့်ရုံပဲ တတ်နိုင်မယ်။

ဒိုဒို၏ ဝမ်းဗိုက် အော်လာပြီး သွားရည်များလည်း ကျလာ သော်လည်း သူက အပြင်းအထန် ခေါင်းခါလိုက်သည်။ သူက မစ်-နဂါးနက်ကဲ့သို့ လျင်မြန်သော တွက်ချက်စွမ်းရည် မရှိသော်လည်း သူ့တွင် မရေမတွက်နိုင်သော လက်‌ချောင်းများ ရှိသည့်အတွက် သီဝရီအရ လက်ချောင်းများဖြင့် အဆုံးမရှိ ရေတွက်နိုင်လေသည်။ ထို့ကြောင့် သူက သေသေချာချာ တွက်ချက်ခဲ့သည်။ “မဒမ်” အိုလီဖီးရက်စ်က သူ့ရှေ့တွင် ဆုကြေးငွေကို သေသေချာချာ တွက်ချက်ခဲ့ဖူးသည်။ သူ အနိုင်ရခဲ့လျှင် ပိုများသော စားစရာများကို ဝယ်နိုင်ရန် လုံလောက်သည့် သလင်းကျောက်နက် ဒင်္ဂါးများကို ရရှိပေလိမ့်မည်။

သို့သော်လည်း ဆရာသခင် ချွဲကျိကောင်က ရှေ့မှ စားစရာကိုလည်း အလွန့်အလွန် စားချင်နေ၏။ ငါ ဘာလုပ် ရမလဲ။

ဒိုဒို သွားရည်ကျနေသည်ကို မြင်သောအခါ ရိုမန်က သက်ပြင်းချလိုက်သည်။ “မင်း ငြင်းမယ်ဆိုရင် အခုပဲ ငါ ဒါတွေ အားလုံးကို စားလိုက်တော့မယ်။ ဒီဘဲကင်က အတော်လေး အရသာ ရှိတာ။ အနံ့နဲ့တင်.....”

ချွဲကျိကောင်က ဝေခွဲရ ခက်နေခဲ့သည်။ သူက ဆွဲဆောင်မှုကို မလွန်ဆန်နိုင် လုနီးပါး ဖြစ်ခဲ့သည်။ သူက အရသာရှိသော စားစရာများကို စိုက်ကြည့်နေရင်း အသည်းအသန် တံတွေး မျိုချနေ၏။

ရိုမန်၏ အသံကို မကြားနိုင်သည့်တိုင် ဆွေမျိုးများနှင့် မိတ်ဆွေများက သူလုပ်နေသည့်အရာကို သိကြပေသည်။ သေချာတယ်။ ထူးထူးဆန်းဆန်းကောင်တွေက မရှားဘူး။ သူတို့နှစ်ယောက်က တကယ် အရှက်ရစရာပဲ။

ဆရာသခင် ရိုမန်က ထိုအရသာရှိသော စားစရာများ စားနေသည်ကို ကြည့်နေရင်း အစာချေရည်များနှင့် သွားရည်တို့ အရူးအမူးဖြစ်နေသော ဆရာသခင် ဒိုဒိုက ရိုမန်ထံ တည့်တည့် ပြေးဝင်လာခဲ့သည်။ ရိုမန် သိမ့်သိမ့် တုန်သွား၏။ နိဗ္ဗာန်သဲခုံက ချက်ချင်းပင် လှုပ်ရှားမှုကို အာရုံခံမိလိုက်ပြီး မ‌ရေမတွက်နိုင်သော ကြောက်မက်ဖွယ်ရာ တိုက်ခိုက်မှုများက ဒိုဒိုထံ ရောက်လာတော့သည်။

မရေမတွက်နိုင်သော အန္တရာယ်ရှိသည့် အလင်း ရောင်ခြည်များက ပေါက်ကွဲမှုထဲ၌ ဆက်လက်၍ လင်းလက် နေခဲ့ပြီး စားချင်စိတ် ပေါက်ကွဲထွက်နေသော အစားပုပ်က ထိုတိုက်ခိုက်မှုများကို အသည်းအသန် ဝါးမျိုလိုက်သည်။ ၎င်း၏ ခန္ဓာကိုယ်က ပို၍ပို၍ ရောင်ကိုင်းလာခဲ့ပြီး အလင်း ရောင်ခြည်များ၏ ခန္ဓာကိုယ်မှ ဆက်လက်၍ စိမ့်ထွက် လာခဲ့သည်။

ထိုစဉ် ချွဲကျိကောင် ခန္ဓာကိုယ်က ပြောင်းလဲမှု တစ်ခုခု ဖြစ်သွားဟန်တူသည်။ ထိုပြောင်းလဲမှုက အစပိုင်းတွင် အနည်းငယ်သာ ဖြစ်သော်လည်း နောက်ပိုင်းတွင် ပို၍ပို၍ ထင်ရှားလာခဲ့သည်။ ဒိုဒို၏ မျက်လုံးများက အဖြူအမည်း ဖြစ်သွားပြီး ကြက်သွန်နီခန္ဓာကိုယ်က ပိုမို၍ ဖောက်ထွင်း မြင်လာရသည်။

ထိုမြင်ကွင်းက ချန်လွေ့ကို ကျက်သရေမျှော်စင်ထဲ၌ ပျောက်ကွယ် သွားခဲ့သော နတ်ဘုရားတစ်ပိုင်းအဆင့် လက်ကျန် ဝိညာဉ်အကြောင်း တွေးမိသွားစေပြီး အံ့အားသင့် သွားခဲ့သည်။ သိဒ္ဓိနဂါးက လုံးဝ ပျောက်ကွယ်သွားပြီ။ ဒါကြောင့် ပြန်ရှင်လာမှာကို မစိုးရိမ်ဘူး။ ဒါပေမဲ့ ဒိုဒိုရဲ့ လက်ရှိ အခြေအနေကို ကြည့်ရတာ သူက အရင်က မဝါးမျိုရသေးတဲ့ ရိုဒရီဂူးဇ်ရဲ့ ဝိညာဉ်စွမ်းအားနဲ့ မသိလိုက်ဘဲ ပေါင်းစည်း သွားတာ ဖြစ်လောက်တယ်။

အဲဒါကြောင့် ရိုဒရီဂူးဇ်ရဲ့ မရေမတွက်နိုင်တဲ့ စုဆောင်းမှုတွေက အရည်အသွေး ပြောင်းလဲမှု ဖြစ်သွား ခဲ့တယ်။

ပေါက်ကွဲသံများ တဖြည်းဖြည်း တိုးလာပြီး အလင်းရောင်က ပိုမြန်သော အရှိန်ဖြင့် မှိန်လာသည်။ သို့သော် ချွှဲကျိကောင်က သတိမထားမိပေ။ သူက ထိုတိုက်ခိုက်မှု၏ အရသာ တိုးတက်သွားပြီး ထိခိုက်မှု ကြီးကြီးမားမား လျော့ကျသွား သည်ကိုသာ ခံစားလိုက်မိသည်။ ထို့ကြောင့် သူက ဆက်လက်၍ ဝါးမျိုတော့သည်။

“ဝုန်း....” ရိုမန်အတွက် အံ့အားသင့်စရာပင် နိဗ္ဗာန် သဲခုံ နေရာလွတ်က အမှန်တကယ်ပင် ရုတ်တရက် ကွဲသွားခဲ့သည်။ ရင်းနှီးသော ကြက်သွန်နီရောင်က ဖော်ပြ၍မရအောင် ကြီးမားလှသော အငွေ့အသက်ဖြင့် အလျင်အမြန် ရောက်ရှိ လာခဲ့သည်။ ကျောင်းသား တူလေး မတုံ့ပြန်နိုင်ခင်မှာပင် မျက်လုံးများ နက်မှောင်သွားခဲ့ပြီး သတိလစ်သွားတော့သည်။

မှော်ရုပ်မြင်သံကြား မျက်နှာပြင်ပေါ်တွင် ဆရာသခင် ကြက်သွန်နီကောင်က ရိုမန်၏ ခေါင်းပေါ်တွင် ထိုင်နေ၏။ ကံဆိုးသူ တူလေး၏ နေရာလွတ်လက်စွပ်ထဲမှ စားစရာ အားလုံးက မြေပေါ်သို့ ပြုတ်ကျသွားခဲ့ပြီး ဆရာသခင် ကြက်သွန်နီကောင်က လက်(၄)ဖက် ပြောင်းလိုက်ကာ မျက်နှာပေါ် အလွန်အူမြူးသော ပုံစံဖြင့် စားသောက် လိုက်တော့သည်။

အကြိုဗိုလ်လုပွဲ မတိုင်မီအဆင့်အတွက် နောက်ဆုံး နေရာ ပေါ်ထွက်လာခဲ့လေပြီ။ ဒိုဒိုက ရိုမန်က အနိုင်ယူပြီး နောက် တစ်ဆင့်သို့ ရောက်ရှိသွားခဲ့၏။

All Chapters