← Chapters

အကြိုဗိုလ်လုပွဲ

Vol. 53 Ch. 869

အကြိုဗိုလ်လုပွဲ

Vol. 53 Ch. 869

ထိုပြိုင်ပွဲက နတ်ဆိုးဘုံတစ်ခုလုံးကို တိုက်ရိုက် ထုတ်လွှင့်နေခြင်း ဖြစ်သည်။ ထိပ်တန်းအစွမ်းထက်ပုဂ္ဂိုလ် သွေးရောင်အင်ပါယာလော့ဒ် ရိုင်ဇန် ရှုံးနိမ့်သွားခြင်းက နတ်ဆိုးဘုံတစ်ခုလုံးကို ထိတ်လန့်သွားစေခဲ့သည်။

နတ်ဘုရားတစ်ပိုင်းအဆင့် လာလာရီယာကို ရင်ဆိုင် ရသည့်အခါ ရိုင်ဇန် ရှုံးနိမ့်သွားသည်မှာ အံ့သြစရာ မရှိကြောင်း ချန်လွေ့ကဲ့သို့ လူနည်းစုကသာ သဘောပေါက်ကြသည်။

“ထိပ်တန်းအစွမ်းထက်ပုဂ္ဂိုလ်”က သာမန်အဆင့်၌သာ ဖြစ်သည်။ အထူးအဆင့်သို့ ဝင်ရောက်ပြီးနောက် ထိုဂုဏ်ပုဒ်က ရိုင်ဇန်အတွက် မသင့်တော်တော့ပေ။ ကမ္ဘာ့နံပါတ်(၁) သိုင်းပညာရှင်က ကျင့်ကြံသူတစ်ယောက် ဖြစ်လာပြီး လောကအသစ်တစ်ခုထဲ ရောက်ရှိသွား သလိုမျိုးပင်။ သူက ထိပ်တန်းဂုဏ်ပုဒ်ကို ပြန်ရယူလိုပါက အရာအားလုံးကို အစမှ ပြန်စရပေလိမ့်မည်။

ထိုရှုံးနိမ့်မှုက ရိုင်ဇန်အတွက် မကောင်းသောအရာ မဟုတ်ဘဲ စိတ်အတားအဆီးအချို့ကို ဖယ်ရှားကာ ရှေ့သို့ ပို၍ပင် သွားနိုင်ပေလိမ့်မည်။

ထိုပွဲကြောင့် လာလာရီယာက နာမည်ကြိးသွားခဲ့ပြီး ပြိုင်ပွဲကို အနိုင်ရရှိရန် နာမည်အပြေးဆုံး ဖြစ်လာခဲ့သည်။ သို့သော် “ငါက ယောက်ျားပဲ”ဟူ၍ ပြောနေသော ထူးထူးဆန်းဆန်း လိုလီက ၎င်းကို ဂရုစမိုက်ပေ။ သူ့စိတ်ထဲ၌ ထိုမုန်းတီးစရာ ချန်လွေ့ကို အနိုင်ယူခြင်းထက် မည်သည့် အရာကမှ အရေးမပါပေ။

နောက်ထပ်မှ တတိယပွဲစဉ်ဖြစ်သော ကတ်သရင်းနှင့် ပါ့ဂ်လီအိုတို့ ပွဲစဉ် ဖြစ်၏။

ကွင်းကိုလည်း ကြုံရာကျပမ်း ရွေးချယ်ခဲ့သည်။ ယခု တစ်ခေါက် သူတို့နှစ်ယောက်အတွက် စစ်မြေပြင်က ရေကန် အသေးလေး ဘေးနားရှိ တောင်ကုန်းပေါ်တွင် ဖြစ်လေသည်။

ရှေ့မှ မျက်နှာလွှား ဝတ်ထားသော လျို့ဝှက် ဆန်းကြယ်သည့် မိန်းမလှကို ကြည့်ရင်း ပါ့ဂ်လီအို၏ မျက်လုံးက တိုက်ခိုက်ချင်စိတ် လက်ခနဲ ဖြစ်သွား၏။ နဂါးကျွန်း၌ လေ့ကျင့်ပြီးနောက် အဆိပ်နဂါးက တိုင်းပြည် အဆင့်သို့ ရောက်ရှိသွားခဲ့သည်။ မူလက သူသည် မှော်ဆရာ ခံတပ်၌ ရှုံးနိမ့်ခဲ့သည်ကို လက်စားချေရန် ရိုင်ဇန်ကို ထပ်ပြီး တိုက်ခိုက်ချင်သော်လည်း သူက အောက်အုပ်စုသို့ ရောက်ရှိ နေခဲ့သည်။

အောက်အုပ်စုတွင် အစွမ်းအထက်ဆုံးက ရေဘဝဲဘုရင် ရက်ပီပစ် ဖြစ်လောက်သည်။ ရက်ပီပစ်၏ စွမ်းအား အကြောင်း ချန်လွေ့ပြောသည်ကို ပါ့ဂ်လီအို ကြားခဲ့ဖူးပြီး သူက ပြိုင်ဘက်မဟုတ်ကြောင်း သိသည်။ သို့သော် အရိပ်နက်အင်ပါယာမှ ဧကရီက လွန်ခဲ့သော (၂)နှစ်မှသာ တိုင်းပြည်အဆင့်သို့ ရောက်ရှိခဲ့ခြင်း ဖြစ်သည်။ သူ၏ ဂုဏ်သတင်းက ဒုတိယ အစွမ်းထက်ပုဂ္ဂိုလ်၊ ထိပ်တန်း ပညာရှိ နှင့် ထိပ်တန်း မိန်းမလှတို့ဖြစ်သော်လည်း ဆရာသခင် အဆိပ်နဂါးကို ကြောက်လန့်စေရန် မလုံလောက်သေးပေ။

“ငါက မိန်းမတွေကို တိုက်ခိုက်ရတာ မကြိုက်ဘူး။ မိန်းမလှလေး။ စောစော အရှုံးပေးလိုက်။ ဟုတ်ပြီလား။ စိတ်မရှိဘူးဆိုရင် ဝိုင်သောက်ဖို့ နေရာတစ်ခုရှာပြီးတော့ စကားပြောကြမလား။” ရှေ့မှလူက အရိပ်နက်အင်ပါယာမှ ဧကရီဖြစ်ကြောင်း သိသည့်တိုင် ဆရာသခင် အဆိပ်နဂါးက သူ့ကို စနောက်နေသေးသည်။

ကတ်သရင်း၏ မျက်နှာလွှားနောက်တွင် အပြုံးတစ်ခု ရှိနေဟန်တူသည်။ “တစ်စုံတစ်ယောက်က စိတ်မရှိဘူး ဆိုရင်ပေါ့။”

“သူက ဘယ်သူပဲဖြစ်ဖြစ် စိတ်မရှိအောင် လုပ်လိုက်မယ်။” အဆိပ်နဂါးက ပြုံးဖြီးဖြီးလုပ်ရင်း လက်သီးကို မြှောက်လိုက်၏။

လဗြွတ်ကို စိတ်မရှိတာလား။ တစ်စုံတစ်ယောက်က အံကြိတ်လိုက်သည်။

အမှန်တကယ်၌ ကတ်သရင်းက ရိုးရှင်းသော ပြိုင်ဘက် မဟုတ်ဘဲ သူ ချက်ချင်း အရှုံးပေးရန်က ပို၍ပင် မဖြစ်နိုင်ကြောင်းကို အဆိပ်နဂါး သိလေသည်။ အပေါ်ယံ၌ သူက အီစီကလီ လုပ်နေသော်လည်း ခြေထောက်အောက် မြေကြိးထဲသို့ အင်အားကြီး အဆိပ်တစ်ခုက ကတ်သရင်းထံ တိတ်တိတ်လေး သွားနေခဲ့သည်။

ပြိုင်ဘက်တစ်ယောက် ဖြစ်သည့်အလျောက် အနိုင်ယူရန် ဘာမှမဆို လုပ်တတ်သော ပါ့ဂ်လီအို၏ ပုံစံပင်။ ထိုစဉ်က ချန်လွေ့က အလှအကွက်များကို အသုံးသော လှည့်ကွက်က အတိကျဆုံးနှင့် အပြင်းထန်ဆုံး ဖြစ်သည်ကို ပါ့ဂ်လီအိုထံမှ သင်ယူခဲ့ရသည်။ ထိုအရာက အထိရောက်ဆုံးသော တိုက်ခိုက်မှု နည်းလမ်းလည်း ဖြစ်ပေသည်။

ပါ့ဂ်လီအိုက စကားအနည်းငယ် ပြောပြီးနောက်တွင် ကတ်သရင်း ခြေထောက်အောက်မှ မြေပြင်က ရုတ်တရက် ပြိုလဲသွားခဲ့သည်။ ထိုစက်ဝိုင်းပုံနယ်မြေ၏ အခြေခံ အုတ်မြစ်က ချက်ချင်းပင် မြူစိမ်းများ ပြည့်နေသော ကြောက်မက်ဖွယ်ရာနွံအိုင်အဖြစ် ပြောင်းလဲသွား၏။

ထိုအရာက အပေါ်ယံ၌သာ ဖြစ်ပြီး တကယ့်အဆိပ်က ထိုမတိုင်ခင် ကတ်သရင်းခန္ဓာကိုယ်ထဲ လုံးဝ ကျူးကျော် ဝင်ရောက်ခဲ့ပြီ ဖြစ်သည်။

ကတ်သရင်းက သေစေနိုင်သော အဆိပ်ကြောင့် ခဏကြာ မလှုပ်ရှားနိုင်တော့ပုံရသည်။ သူက အဆိပ်နွံအိုင်ထဲသို့ ကျရောက်သွားခဲ့သည်။ ပရိသတ် အများအပြား အော်ဟစ်လိုက်ကြ၏။

ပါ့ဂ်လီအို၏ အလစ်တိုက်ခိုက်မှု အောင်မြင်သွားခဲ့သည်။ သို့သော်လည်း သူက ရုတ်တရက် ထိတ်လန့်သွား၏။ သူ၏ ခန္ဓာကိုယ်က လက်ခနဲဖြစ်သွားပြီး လေထဲသို့ ရောက်ရှိ သွားခဲ့သည်။ နောက်ထပ် စက္ကန့်ပိုင်း အတွင်းမှာပင် အောက်ဘက်မှ ပုံရိပ်တစ်ခု မြေကြီးထဲမှ ထွက်လာပြီး အပေါက်တစ်ခု ဖြစ်သွားစေခဲ့သည်။

ထိုနည်းလမ်းက ပါ့ဂ်လီအို၏ ခုနက အလစ် တိုက်ခိုက်မှုနှင့် အတူတူပင် ဖြစ်သည်။ အကွက် တစ်ခုတည်းနှင့် ပြန်တိုက်ခိုက်ခံရခြင်းဟု သတ်မှတ်၍ ရနိုင်ပေသည်။

ထိုပုံရိပ်က မျက်လုံးအနီရောင် လက်နေပြီး ၂မီတာခန့် မြင့်မားသော ရွှေရောင် လူပုံစံ ဖြစ်သည်။ မျက်နှာ အသွင်အပြင်က အနည်းငယ် ဝေဝါးနေပြီး တစ်ကိုယ်လုံးတွင် လျို့ဝှက်ဆန်းကြယ်သော ထွင်းစာများ ထွင်းထား၏။

ထိုအရာက အက်စ်မိုဒက်စ် တော်ဝင်မိသားစု၏ အဆင့်အမြင့်ဆုံး စစ်ရုပ်သေး _ ရွှေရုပ်သေး ဖြစ်လေသည်။

မြေပြင်ပေါ်တွင် တစ်ရုပ် ရှိနေရုံသာမက ထပ်တူညီသော ရွှေရုပ်သေး သုံးရုပ်ကလည်း ပါ့ဂ်လီအိုကို ဝိုင်းရံလိုက်သည်။ မျက်နှာချင်းဆိုင် လေထဲ၌ ကတ်သရင်း၏ ပုံရိပ်က အိပ်မက် ဆန်နေသကဲ့သို့ပင် ဘွားခနဲ ပေါ်ထွက်လာခဲ့သည်။

အဆိပ်နဂါးက အနည်းငယ် အံ့အားသင့်သွားသည်။ သူက တကယ့်ကို ထိပ်တန်းပညာရှိ ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ထိုက်တန်တာပဲ။ သူက အလစ်တိုက်ခိုက်မှုကို ကြိုပြီးတော့ မြင်ခဲ့သလို တန်ပြန်တိုက်ခိုက်တာလည်း အောင်မြင်ခဲ့တယ်။

ကတ်သရင်းက ပါ့ဂ်လီအိုကို လက်ညှိုးထိုးလိုက်ရာ ရွှေရောင်ရုပ်သေး (၄)ခုက လျင်မြန်သော ရွှေရောင် အလင်း (၄)ခု ဖြစ်သွားပြီး အဆိပ်နဂါးထံ တစ်ချိန်တည်း ပျံသန်းသွား လိုက်ကြသည်။ ပါ့ဂ်လီအိုက မကြောက်ပေ။ သူက မြူစိမ်းအဖြစ် ပြောင်းလိုက်ပြီး ရွှေရောင်အလင်းကို ရစ်ပတ်လိုက်၏။

မြူစိမ်းတွင် အင်အားကြီး တိုင်းပြည်စွမ်းအားရှိပြီး ရွှေရောင် အလင်း(၄)ခုက ရုတ်တရက် မှိန်သွားခဲ့သည်။ ၎င်းတို့က ငြိမ်းလုနီးပါး ဖြစ်နေချိန်မှာပင် မရေမတွက်နိုင်သော ရွှေရောင်အလင်းများ ရုတ်တရက် ပေါက်ကွဲထွက်သွားပြီး ဧရာမ ရွှေရောင်ပိုက်ကွန် တစ်ခုအဖြစ် ယက်လုပ်ကာ ဆုပ်ကိုင်မရသော မြူစိမ်းမှ ဆုပ်ကိုင်ရသော အစိတ်အပိုင်း ထောင်ပေါင်းများစွာအဖြစ် ပြောင်းလဲသွားစေသည်။

အပိုင်းပိုင်း ဖြစ်သွားသော အစိတ်အပိုင်းများက ပါ့ဂ်လီအို အဖြစ် ပြန်လည်စုစည်းသွားကြသည်။ တစ်ချိန်တည်းမှာပင် ဧရာမ ရွှေရောင်ပိုက်ကွန်က အသစ်စက်စက် ရွှေရောင် တောက်ပနေသော ရုပ်သေးအဖြစ် ပြောင်းလဲသွားပြီး ယခင်ထက် သာလွန်သော အမြန်နှုန်းနှင့် စွမ်းအားတို့ဖြင့် ပါ့ဂ်လီအိုထံသို့ အပြေးသွားလိုက်သည်။

“ဘုန်း...ဘုန်း...ဘုန်း...” ပြင်းထန်ပြီး အလွန် လျင်မြန်သော ရိုက်ခတ်သံများ ထွက်ပေါ်လာပြီး ပုံရိပ်နှစ်ခုက လေထဲ၌ အလျင်အမြန်ပင် လက်သီးချက်များ ဖလှယ်နေ၏။ အနေအထားက မြေပြင်နှင့် အတော်လေး ဝေးနေသော်လည်း အက်ကြောင်းများက ကြီးမားလှသော ဖိအားကြောင့် စတင်၍ ပေါ်ထွက်လာခဲ့သည်။ ရေကန်ငယ်လေးမှ ရေများက အလွန်ကြီးမားသော လှိုင်းတစ်ခု ဖြစ်လာသည့်အခါ ပါ့ဂ်လီအိုက ပို၍ပင် ကြောက်လန့်လာခဲ့သည်။ မှော်ဆရာ ခံတပ်၌ ကတ်သရင်းက [ ထာဝရ အမှောင် ရွှေစစ်ရုပ်သေး ] ကို အသုံးပြုပြီး ရိုင်ဇန်ကို လှုပ်ရှားစေခဲ့သည်။ သို့သော် ယခုတွင် ကတ်သရင်းက ကိုယ်တိုင် မတိုက်ခိုက်သလို အစွမ်းအထက်ဆုံး ဒဏ္ဍာရီလာရုပ်သေးကိုလည်း အသုံးမပြုခဲ့ပေ။ သူက ရွှေရုပ်သေး (၄)ခုကို ပေါင်းစပ်သော လျို့ဝှက်ပညာရပ်တစ်ခုကိုသာ အသုံးပြုခဲ့သည်။ သို့သော် ၎င်းက တိုင်းပြည်အဆင့် ဖြစ်သော သူနှင့် လက်ရည် ညီနေခဲ့လေသည်။

၂နှစ်အတွင်းမှာ အရိပ်နက်အင်ပါယာရဲ့ ဧကရီက အထင်ကြီးလောက်စရာ ပြောင်းလဲမှုတွေ ဖြစ်ခဲ့တာ ဖြစ်ရမယ်။ သူရဲ့ စွမ်းအားက နက်နဲလွန်းတယ်။ သူက သူ့ထက် ၂နှစ် နောက်ကျပြီးမှ တိုင်းပြည်အဆင့် ရောက်ခဲ့တယ်။ ငါ့မှာ နဂါး ပါရမီ ရှိတာတောင် ငါ့စွမ်းအားက နိမ့်ကျနေတုန်းပဲ။

၎င်းကို နားလည်သွားပြီးနောက် ပါ့ဂ်လီအို၏ အမူအရာက ပို၍ပင် အာရုံစိုက်သွားသည်။ သူက နဂါးများ၏ ‌မောက်မာမှုကို လုံးဝ ဘေးဖယ်ထားလိုက်သည်။ လေ့ကျင့်ရေး ခရီးလမ်းမှာ မရှုံးနိမ့်ဖူးတဲ့ အစွမ်းထက်ပုဂ္ဂိုလ်ဆိုတာ မရှိဘူး။ တစ်ခါတလေ အရှုံးဆိုတာက အဖိုးတန်တဲ့ စုဆောင်းမှုပဲ။ လေ့ကျင့်ရေး ရလာဒ်ကို ဒီလိုမျိုး အင်အားကြီးပြိုင်ဘက်အရှေ့မှာ စမ်းသပ် ရတာကိုက ရှားပါးတဲ့ အခွင့်အရေးပဲ။

ထိုသို့ တွေးပြီးနောက် ပါ့ဂ်လီအိုက တည်ငြိမ် သွားခဲ့သည်။ သူက ကျယ်လောင်စွာ‌‌ အော်ဟစ်လိုက်ပြီး ရေကန်ငယ်လေးဆီသို့ ပျံသန်းသွားခဲ့ကာ ငုပ်ဆင်း သွားလိုက်ရသည်။ ရေကန်ထဲရေများ လွင့်စင်ကုန်ပြီး မရေမတွက်နိုင်သော မြူစိမ်းများ အလျင်အမြန် ပျံ့နှံ့သွားကာ စစ်မြေပြင်တစ်ခုလုံးသို့ ဖုံးလွှမ်းသွားခဲ့သည်။ အဆိပ်နဂါး၏ တိုင်းပြည်ထဲ၌ အပင်အားလုံးက ချက်ချင်းပင် ညှိုးနွမ်းပြီး သေဆုံးသွားကြသည်။ မာကြောသော မြေပြင်နှင့် ကျောက်တုံးများကပင် ကြောက်မက်ဖွယ်ရာအဆိပ်ကြောင့် တိုက်စားခံရခြင်း တစ်လွှာချင်း နိမ့်ကျလာတော့သည်။

အရောင်တောက်နေသော ရွှေရောင် ရုပ်သေးက ရေကန်ငယ်လေးကို လက်သီးဖြင့် ထိုးလိုက်သောအခါ ရေထဲ၌ ပြန်မပြည့်နိုင်သော အပေါက်ကြီးတစ်ခု ဖြစ်သွားခဲ့သည်။ ထိုအပေါက်က ဆက်လက်၍ ကျယ်ပြန့်လာခဲ့ပြီး ကန်ရေက အလျင်အမြန်ပင် အဆိပ်ငွေ့အဖြစ် အငွေ့ပျံသွားကြသည်။

မျက်စိတစ်မှိတ် အတွင်းမှာပင် ရေကန်တစ်ခုလုံး ခမ်းခြောက်သွားခဲ့ပြီး ပါ့ဂ်လီအိုကို မည်သည့်နေရာတွင်မှ မမြင်ရတော့ပေ။

ရွှေရောင် ရုပ်သေးက ရန်သူကို ရှာနေစဉ်မှာပင် ကောင်းကင်ကို ပြည့်နှက်နေသော မြူထဲ၌ အလွန်ကြီးမားသော အလင်းရောင်နှစ်ခု ပေါ်ထွက်လာခဲ့သည်။ ၎င်းတို့က အလွန်ကြီးမားသော မျက်လုံးတစ်စုံ ဖြစ်၏။ ထို မျက်လုံးနှင့် အလွန်ကြီးမားသော သားရဲကောင်ကလည်း မြူများဖြင့် ဖွဲ့စည်းထားပြီး ရွှေရုပ်သေးကို ဝါးမျိုလိုက်၏။

ထိုကဲ့သို့ အလွန်ကြီးမားသော သားရဲ နိမိတ်ပုံရိပ်ဖြင့် ဝါးမျိုခံရသောအခါ ရွှေရောင်ရုပ်သေး၏ အပေါ်ယံက အလျင်အမြန် တိုက်စားခံနေရသည်။ အလွန်ကြီးမားသော သားရဲက ရုပ်သေးကို မြေပေါ်သို့ လွှင့်ပစ်လိုက်ရာ ၎င်းက အငွေ့အဖြစ် ကွယ်ပျောက်သွားခဲ့သည်။ ရွှေရုပ်သေးက ကျိုးပဲ့ပြီး မွဲခြောက်နေလေပြီ။ ဝုန်းခနဲ မင်းက ကျိုးပဲ့နေသော ပုံရိပ်လေးခုအဖြစ် ပြန့်ကျသွားကာ ချက်ချင်းပင် အငွေ့အဖြစ် ပြောင်းလဲပြီး ပျောက်ကွယ်သွားတော့သည်။

ရွှေရုပ်သေးကို အကွက်ကြီးတစ်ကွက်ဖြင့် အလဲထိုး ပြီးနောက် ပါ့ဂ်လီအိုက အခြေအနေကို အခွင့်ကောင်းယူကာ ကတ်သရင်းကို တိုက်ခိုက်ရန် ပြင်လိုက်သော်လည်း ရုတ်တရက် အေးခဲပြီး ရပ်တန့်နေခဲ့သည်။

“တိုက်ခိုက်ချင်သေးတာလား။” တည်ငြိမ်သော အသံ တစ်သံက အနောက်မှ ထွက်လာခဲ့သည်။

ပါ့ဂ်လီအိုက အလွန်ကြီးမားသော စွမ်းအားဖြင့် အသေမှတ်ခံထားရကြောင်း သေသေချာချာ ခံစားမိနေပြီး စိတ်ထဲ၌ အနိုင်မရနိုင်သော ခံစားမှုမျိုး ရှိနေ၏။

ထိုအချိန်၌ မြူစိမ်းများ လွှမ်းမိုးနေသော အဆိပ်တုိင်းပြည် ထဲတွင် စိမ်းစိုမှုများ တစ်ခုပြီးတစ်ခု စတင်ပေါ်ထွက် လာတော့သည်။ ညှိုးနွမ်းပြီး သေဆုံးသွားခဲ့သော ထိုအပင်များက ပြန်လည်၍ အသက်ပြန်ရှင်လာခဲ့သည်။ ရေကန်ထဲမှ ရေများလည်း အရည်ပြန်ဖြစ်လာပြီး ကြည်လင် သွားခဲ့သည်။

ထူးဆန်းသော စွမ်းအားအချို့ကြောင့် ထို သေစေနိုင်သော အဆိပ်များက အာဟာရများအဖြစ် ပြောင်းလဲသွားလေသည်။

ထိုမြင်ကွင်းကြောင့် ပါ့ဂ်လီအို ခါးသက်သက် ပြုံးလိုက်၏။ သူက ကတ်သရင်းနှင့် ဆက်လက်၍ မတိုက်ခိုက် ချင်တော့ပေ။ သူ ပြတ်ပြတ်သားသား ခေါင်းခါလိုက်၏။ “ငါ အရှုံးပေးတယ်။”

စွမ်းအားကွာဟချက်က အလွန်ကြီးမားကြောင့် ပါ့ဂ်လီအို အလွန်သေချာနေခဲ့သည်။ ကတ်သရင်းက သက်ညှာပြီး စွမ်းအား အပြည့်အဝ မသုံးခဲ့ပေ။ သို့မဟုတ်က သူက အစကတည်းမှ အဆုံးသတ်တိုက်ကွက်ကို အသုံးပြုခဲ့လျှင် ပါ့ဂ်လီအို လုံးဝ ခုခံနိုင်မည် မဟုတ်ပေ။

တတိယပွဲစဉ်တွင် ကတ်သရင်း အနိုင်ရသွားပြီး နောက်တစ်ဆင့် တက်သွားခဲ့သည်။ ပရိသတ်အများအပြား စိတ်သက်သာရာ ရသွားကြ၏။

ပွဲပြီးနောက်တွင် ချွဲကျိကောင်တစ်ကောင် ပေးသော သတင်းအရ အဆိပ်နဂါး၏ ခုနက ဧကရီအရှင်မနှင့် အီစကလီ လုပ်ခဲ့သော မှတ်တမ်းကို မစ်-မြနဂါးထံ လျို့ဝှက်ဆန်းကြယ်သူ တစ်ယောက်က ပေးခဲ့ပြီး ယခင်က တိတ်တိတ်လေး စည်းကမ်း ဖောက်ဖျက်မှုအချို့ကိုလည်း သတင်းပို့ခဲ့သည်။ နောက်တစ်နေ့တွင် ဆရာသခင် အဆိပ်နဂါး၏ မျက်နှာ၌ လက်သည်းရာများ ရှိနေခဲ့သည်။ တရားဝင် ရှင်းပြချက်က “ငါ မတော်တဆ ကုတ်မိသွားတာ” ဟူ၍ပင်။

စတုတ္ထမြောက်ပွဲက “အက်ဂ်ယော”နှင့် ဇိုလာတို့ ဖြစ်၏။

ထိုအရာက မယုံနိုင်စရာ အကောင်းဆုံး ပွဲစဉ် ဖြစ်ပေသည်။

အပြင်းအထန် တိုက်ခိုက်ကြရမည့်သူ နှစ်ယောက်က အချင်းချင်း အားနည်းချက်များ ရှာနေသကဲ့သို့ပင် စိုက်ကြည့် နေကြသည်။ (အမှန်တကယ်၌ ကြင်နာယုယစွာကြည့်နေ)

နောက်ဆုံး ဇိုလာက “အက်ဂ်ယော”ထံ လမ်းလျှောက် လာခဲ့ပြီး “အက်ဂ်ယော”က စိတ်ကို စိတ်ဝိညာဉ်မှော်ပညာဖြင့် ညှို့ခံလိုက်သလိုမျိုးပင် မလှုပ်ရှားဘဲ ရှိနေခဲ့သည်။ ဇိုလာက အခွင့်ကောင်းယူကာ တိုက်ခိုက်တော့မည်ဟု အားလုံးက ထင်နေကြစဉ်မှာပင် မစ်-နတ်မိမယ်နဂါးက တစ်ခုခု သေချာပေါက် လုပ်လိုက်၏။ သူက ထိုသူ၏ လည်ပင်းကို ပွေ့ဖက်လိုက်ပြီး သူ၏ခန္ဓာကိုယ်က အကွာအဝေး သုည ဖြစ်သွားခဲ့သည်။

[ မရဏပွေ့ဖက်ခြင်း ] လား။ အစွမ်းတွေ သုံးနေတာလား။

ခဏကြာပြီးနောက် မစ်-နတ်မိမယ်နဂါးက ပြိုင်ကွင်းမှ ပျောက်ကွယ်သွားတော့သည်။

ထိုအချိန်မှသာ ပရိသတ်များ တုံ့ပြန်လိုက်ကြသည်။ ဇိုလာ အရှုံးပေလိုက်တယ်။ “အက်ဂ်ယော” နောက်တစ်ဆင့် တက်သွားပြီ။

ဝိုး။ ဒါက အကြိုဗိုလ်လုပွဲအဆင့်နော်။

ပြိးတော့လည်း “အက်ဂ်ယော”က ကြယ်ကြွေတမန် အင်ပါယာက ရှီရာရဲ့ ကြင်ရာတော်မင်းသား။

လျို့ဝှက် ဆန်းကြယ်ပြီးတော့ အင်အားကြီးတဲ့ မှော်ပညာရှင် မစ်-ဇိုလာက တကယ်တမ်း ကြယ်ကြွေတမန် အင်ပါယာ ကြင်ရာတော်မင်းသားရဲ့ ချစ်သူ ဖြစ်နေတယ်။

ထိုဖြစ်ရပ်က အချိန်တစ်ခုအထိ နတ်ဆိုးဘုံ၌ ဆွေးနွေးစရာ ဖြစ်သွားခဲ့သည်။ အထူးသဖြင့် အရိပ်နက် အင်ပါယာနှင့် သွေးရောင်အင်ပါယာ သတင်းစာများ၏ ရှေ့စာမျက်နှာတွင် အတင်းအဖျင်း ခေါင်းစီးများ ပြည့်နှက် နေခဲ့လေသည်။

ကြင်ရာတော်မင်းသား တစ်ယောက်ရဲ့ အစွမ်းအစ တစ်ခုက အထွတ်အထိပ်ကို ရောက်နေပြီးတော့ တိုက်ခိုက် စရာ မလိုဘဲနဲ့ အကြိုဗိုလ်လုပွဲအဆင့်ကို ရောက်ရှိ။

ကြင်ရာတော်မင်းသားက ဖောက်ပြန်နေတယ်။ အရှင်မ ရှီရာရဲ့ ခေါင်းပေါ်က သရဖူက အစိမ်းရောင် ဖြစ်နေပြီ။

လျို့ဝှက်ဆန်းကြယ်တဲ့ မှော်ပညာရှင်က ဧကရီအရှင်မကို လူသိရှင်ကြား စိန်ခေါ်ခဲ့တယ်....

ချန်လွေ့က ခါးသက်သက်သာ ပြုံးနိုင်ခဲ့သည်။ ဇိုလာက နာမည်မကျော်ကြားချင်သော်လည်း ထိုအတင်းအဖျင်းများက မစ်-နတ်မိမယ်နဂါးကို အလွန် ဂုဏ်ယူစေခဲ့သည်။

မည်သို့ပင်ဆိုစေကာမူ ကြင်ရာတော် မင်းသားက အကြိုဗိုလ်လုပွဲအဆင့်သို့ ရောက်ရှိလာခဲ့၏။

အကြိုဗိုလ်လုပွဲအဆင့် ပွဲစဉ်များမှာ ရစ်ပီပစ်နဲ့ ကတ်သရင်း၊ ချန်လွေ့ နှင့် လာလာရီယာတို့ ဖြစ်ကြသည်။

ထိုအရာက တကယ့်တိုက်ပွဲနှင့် စမ်းသပ်ချက် ဖြစ်လာပေမည်။

All Chapters