နတ်ဘုရားတစ်ပိုင်း တိုက်ပွဲ ! ကြိုတင်ဗိုလ်လုပွဲ
Vol. 53 Ch. 874
နောက်ဆုံး၌ တုန်ခါနေသော မြေပြင်က ရပ်တန့်သွားပြီး ကွင်းပြင်ငယ်လေးပေါ်တွင် မီတာ၂၀၀ခန့် အချင်းရှိသော စက်ဝိုင်းပုံ တွင်းချိုင့်ကြီးတစ်ခု ပေါ်လာကာ ဥက္ကာပျံတစ်ခု ပြုတ်ကျထားသကဲ့သို့ ဖြစ်နေခဲ့သည်။ အလယ်တွင် အနီရောင် ပုံရိပ်တစ်ခု ရှိနေ၏။
မျက်နှာချင်းဆိုင်မှာ လာလာရီယာ ခြေထောက်အောက်မှ ၁၀မီတာခန့်ရှိသော အကြောင်းရာကြီးကို မယုံနိုင်သော မျက်လုံးများဖြင့် ငုံ့ကြည့်လိုက်သည်။
နတ်ဘုရားတစ်ပိုင်း အဆင့်ဖြစ်တဲ့ နဂါးကျွန်းက နဂါးဧကရာဇ် အလောင်းအလျာ လာလာရီယာ တိုစတန်နိုဖာမီရာ့ထ် က တိုင်းပြည်အဆင့် ထိပ်သီးပိုင်းရှိတဲ့ ဒီကောင်စုတ်ရဲ့ အဟုန်လေးနဲ့ နောက်ကို ဆုတ်သွားရတယ်။
၁၀မီတာ မပြောနဲ့၊ ၁စင်တီမီတာ ဆိုရင်တောင် နောက်ဆုတ်သွားရတာက နောက်ဆုတ်ရတာပဲ။
လာလာရီယာ၏ မျက်လုံးများက ကြယ်အလင်းရောင်များ တောက်ပနေသော အနီရောင်ချပ်ကာနှင့် ပုံရိပ်ကို စိုက်ကြည့် နေလိုက်သည်။ လွန်ခဲ့သော တစ်နှစ်ခန့်က မြင့်မြတ် ကြော့ရှင်းသော ချပ်ကာအပြာနှင့် ယှဉ်လျှင် ထိုချပ်ကာအနီက ပို၍ခန့်ညားပြီး ပုံစံက လိုက်ဖက်မှု ရှိပေသည်။ လက်မောင်းမှ ထိုးထွက်နေသော ဓားသွားကဲ့သို့ အဆင်တန်ဆာများ ကလည်း ရန်လိုပြီး အန္တရာယ်များသော ခံစားချက်မျိုး ပေးစွမ်းနေခဲ့သည်။ နောက်ဘက်မှ တောင်ပံတစ်စုံက ယခုတွင် တောင်ပုံ နှစ်စုံ ဖြစ်သွားခဲ့သည်။ သူ၏ အငွေ့အသက်ကပင် ချစ်ချစ်တောက် ပျက်စီးခြင်း အငွေ့အသက်တစ်ခု ထုတ်လွှတ်နေ၏။
ဒီအငွေ့အသက် အဆင့်က လုံးဝ တိုင်းပြည်အဆင့် မဟုတ်ဘူး။ လာလာရီယာက အနည်းငယ် မျက်မှောင်ကြုတ် လိုက်သည်။ နတ်ဘုရားတစ်ပိုင်းအဆင့်လား။
သူက လွန်ခဲ့တဲ့ (၁)နှစ်တုန်းက စွမ်းအားတွေကို ဖုံးဥွယ် ထားခဲ့တာလား။ ဒါပေမဲ့ အဲဒီတုန်းက ငါမှတ်မိတဲ့ အတိုင်းဆိုရင် အတုအယောင် မဟုတ်လောက်ဘူး။ တကယ် ဘာတွေ ဖြစ်နေတာလဲ။
“ကိစ္စမရှိပါဘူး။” လာလာရီယာက အော်ပြောရင်း သူ၏ လက်သီးပေါ်တွင် အဖြူရောင်အလင်းတစ်ခု ပေါ်ထွက် လာခဲ့သည်။ “ငါ မင်းကို ထပ်ပြီးတော့ ရှုံးမှာ မဟုတ်ဘူး။”
ထိုစကား ဆုံးသွားသည်နှင့် ရင်ပြားလိုလီ၏ ပုံရိပ်က ချန်လွေ့အရှေ့သို့ ချက်ချင်း ရောက်ရှိသွားပြီး ရင်ဘတ်ကို လက်သီးဖြင့် ထိုးလိုက်၏။
ထိုလက်သီးချက်၌ ပါဝင်သော အမြန်နှုန်းနှင့် ကြီးမားသော စွမ်းအားတို့က ယခင် “ပွဲ”များနှင့် လုံးဝ ယှဉ်၍ မရနိုင်ပေ။ ရေဘဝဲဘုရင်သည်ပင် ထိုလက်သီးချင်ကြောင့် ချေမှုန်းခံရပေလိမ့်မည်။
ချန်လွေ့က မရှောင်သလို ခုခံလည်း မခုခံခဲ့ပေ။ လက်သီးက သူ၏ရင်ဘတ်ကို တည့်တည့် ထိသွားခဲ့၏။ သူ၏ ခန္ဓာကိုယ်က အနည်းငယ်သာ ယိမ်းသွားပြီးတော့ သူ့နောက်မှ မြေပြင်က တြိဂံပုံစံ ပြိုလဲသွားတော့သည်။
ခြယ်လှယ်တဲ့စွမ်းအား၊ ဇစ်မြစ်နဲ့ နီးကပ်နေတဲ့ ဥပဒေသ၊ ပိုနက်ရှိုင်းတဲ့ သဘာဝစွမ်းအား။
ထိုအရာများက ထိုလက်သီးချက်က ချန်လွေ့ သဘော ပေါက်ခဲ့သော အရာများ ဖြစ်သည်။ မိမိ၏ လက်သီးချက်က ချန်လွေ့ကို အမှန်တကယ် မတုန်လှုပ်စေနိုင်ခဲ့ကြောင်း မြင်သည့်အခါ လာလာရီယာ တိတ်တိတ်လေး အံ့အားသင့် သွားခဲ့သည်။ သူ၏ လက်သီးက အဖြူရောင်အလင်းများ ပြည့်နှက်နေပြီး စွမ်းအားက ရုတ်တရက် ၈၀% သို့ ရောက်ရှိ သွားခဲ့သည်။ သူက လက်သီးနှစ်ဖက်လုံးဖြင့် ထိုးလိုက်၏။
ထိုအချိန်၌ လက်သီးက ချန်လွေ့၏ ရင်ဘတ်ကို မထိသွားဘဲ အနီရောင်လက်ဝါးပေါ် ရောက်ရှိသွားခဲ့သည်။ နှစ်ဖက်လုံးက တစ်ချိန်တည်းမှာပင် စွမ်းအားထုတ်လိုက်ပြီး မြေပြင်က အပြင်းအထန် စတင် တုန်ခါလာပြန်သည်။ ထိုကဲ့သို့ ကြီးမားလှသော အားစက်ကွင်းအောက်တွင် အနီးအနားရှိ ကျောက်စရစ်ခဲများနှင့် ဖုန်များက မြေဆွဲအားမှ ကင်းလွတ်သွားပြီး ကောင်းကင်သို့ ပျံတက်လာခဲ့လေသည်။
တုန်ခါမှုများ ကြားထဲ၌ သေးငယ်သော ပုံရိပ်တစ်ခုက လျှပ်စီးကဲ့သို့ အမြန်နှုန်းဖြင့် ပျံသန်းနေသည်။ နောက်ဆုတ် သွားခြင်းက ရှေ့တက်ခြင်းထက် အမှန်တကယ် ပိုမြန်နေ၏။ ထိုပုံရိပ်နောက်ကို အနီးကပ် လိုက်နေသော အနီရောင် “ကြယ်”တစ်ခု ရှိနေသည်။ ထိခိုက်မှုက ခဏခဏ မဟုတ်သော်လည်း ထိသွားတိုင်း လွန်ကဲသော ပျက်စီးမှု အကြွင်းအကျန် များက မြေပြင်ပေါ်တွင် ပေါ်ထွက်လာခဲ့သည်။ လမ်းတလျှောက်၌ ထိတ်လန့်ဖွယ်ရာ ပြိုလဲမှုများနှင့် အက်ကြောင်းများ ရှိနေ၏။
နတ်ဘုရားတစ်ပိုင်း အဆင့်၏ စွမ်းအားအောက်တွင် မှော်အစီအရင် ခင်းကျင်းထားသော ပတ်ဝန်းကျင်ကပင် ကြေမွလွယ်နေခဲ့သည်။
ကွင်းပြင်ငယ်လေး၏ အဝေးမှ ကောင်းကင်ပေါ်တွင် ရိုင်ဇန်၊ ကတ်သရင်း၊ ရက်ပီပစ်၊ ဇိုလာ၊ ပါ့ဂ်လီအိုနှင့် အခြားသူများ တစ်ယောက်ပြီးတစ်ယောက် ရောက်ရှိလာကြသည်။
ထိုသူအများစုက တိုင်းပြည်အဆင့် အစွမ်းထက် ပုဂ္ဂိုလ်များ ဖြစ်ကြသော်လည်း ရှေ့မှ အငွေ့အသက်က အင်အားကြီးလွန်းပြီး အန္တရာယ်များသည့်အတွက် မည်သူမှ အနားမကပ်ရဲကြပေ။
“ငါ မယုံနိုင်ဘူး။ အဲဒီကောင်က...” အနီရောင် ပုံရိပ်ကို ကြည့်ပြီး ကြောက်မက်ဖွယ်ရာ ဖိအားကို ခံစားရင်း ရက်ပီပစ်က ခါးသက်သက် ပြုံးလိုက်၏။
သူ ချန်လွေ့ကို ပထမဆုံး တွေ့ခဲ့စဉ်က သူသည် နတ်ဆိုးအရှင်သခင်အဆင့် (အမှန်တကယ်၌ နတ်ဆိုး ဧကရာဇ် အဆင့်) လေး၏ သေရေးရှင်ရေးအား အလွယ်တကူ ထိန်းချုပ်နိုင်သော “ပင်လယ်နက် နတ်ဘုရား” ဖြစ်နေခဲ့ သေးသည်။ နှစ်အနည်းငယ်အတွင်း ထိုနတ်ဆိုးအရှင်သခင် အဆင့်က သူမော့ကြည့်ရမည့် နတ်ဘုရားတစ်ပိုင်းအဆင့် ဖြစ်လာခဲ့လေသည်။
ရိုင်ဇန်ကလည်း ခါးသက်သက်နှင့် ပြုံးလိုက်၏။ သူက လာလာရီယာ၏ စွမ်းအားကို ကိုယ်တိုင် ခံစားခဲ့ရသည်။ ထိုအချိန်က သူ့ကို လာလာရီယာသည် သာမန် လက်သီးချက် တစ်ချက်ဖြင့် အလွယ်တကူ အနိုင်ယူခဲ့သည်။ သို့သော် ယခုတွင် လာလာရီယာက အမှန်တကယ် အစွမ်းကုန် သုံးနေသော်လည်း “အက်ဂ်ယော”၏ ဖိနှိပ်ခြင်းကို ခံနေရသေးသည်။
ဒီအနီရောင်နဲ့လူက လွန်ခဲ့တဲ့ (၂)နှစ်တုန်းက မှော်ဆရာ ခံတပ်မှာ ငါ့ရဲ့ လက်သီးချက်ကြောင့် သွေးအန်ခဲ့တဲ့သူဆိုတာ သေချာရဲ့လား။ သူက ပြိုင်ဘက်ကို ဖိနှိပ်နိုင်ပြီဟု တွေးထင် မိခဲ့စဉ် ထိုသူက သူနှင့် အဝေးကြီး ရောက်သွားလေပြီ။
“ဒါက တကယ့် ဗိုလ်လုပွဲပဲ။” ပါ့ဂ်လ်လီအိုက ဘေးနားမှ ကတ်သရင်းကို လုံးဝ မျက်နှာမထောက်ဘဲ ခံစားချက်ဖြင့် ပြောလိုက်၏။
ကတ်သရင်းက ၎င်းကို ဂရုမစိုက်ပေ။ သူက အနီရောင် ပုံရိပ်ကိုသာ တိတ်တိတ်လေး စိုက်ကြည့် နေခဲ့သည်။ သူ၏ တည်ငြိမ်သော အနက်ရောင်မျက်လုံးထဲ၌ ရှင်းပြ၍ မရသော တောက်ပမှုတစ်ခု လင်းလက်နေလေသည်။
လာလာရီယာက အပြင်းအထန် တိုက်ခိုက်လိုက်ပြီး ခန္ဓာကိုယ်ကို ခုန်ထွက်ကာ ချန်လွေ့နှင့် ခပ်ဝေးဝေးသို့ ရောက်အောင် ပြုလုပ်လိုက်သည်။
“မင်းက ငါ့ကို အကုန်လုံး ပေါ်အောင် အနိုင်ကျင့် နေတာလား။” နှုတ်ခမ်းမွှေးနှင့် ရင်ပြားလိုလီက အနည်းငယ် မောဟိုက်နေပြီး တရားလွန်ဖြစ်သော စကားတစ်ခွန်း လွှတ်ခနဲ ပြောလိုက်၏။ ချန်လွေ့က ရပ်တန့်သွားခဲ့ပြီး အနည်းငယ် ပြောစရာမဲ့သွားခဲ့သည်။ ခင်ဗျားက အဆင်ပြေနေတာပဲ။ ဘာကို အကုန်လုံးပေါ်ရမှာလဲ။
အဖြေက အလျင်အမြန် ပေါ်ထွက်လာ၏။ နှုတ်ခမ်းမွှေးနှင့် ရင်ပြားလိုလီက လက်ကိုမြှောက်လိုက်ရာ နောက်ဘက်တွင် အလွန်ကြီးမားသော ကျွန်းတစ်ခု၏ စိတ်ပုံရိပ် ပေါ်ထွက် လာခဲ့လေသည်။
စိတ်ပုံရိပ်များက အလျင်အမြန် ပျံ့နှံ့သွားပြီးနောက် စစ်မြေပြင်တစ်ခုလုံးက ကျွန်းတစ်ခုကဲ့သို့ ဖြစ်သွားခဲ့ပြီး ကြွယ်ဝသော အမှောင်ဒြပ်စင်များနှင့် အသက်ဓာတ်များကို ထုတ်လွှတ်နေခဲ့သည်။ ထိုအလွန်ကြီးမားသော ကျွန်းက လာလာရီယာ၏ နဂါးကျွန်းမှ “အခြေစိုက်စခန်း” ဖြစ်လောက် ပေသည်။
နတ်ဘုရားတစ်ပိုင်းအဆင့် တိုင်းပြည်က လုံးဝ စွမ်းအင် သက်သက် နေရာလွတ် မဟုတ်တော့ဘဲ တကယ့် လက်တွေ့နှင့် ယုံကြည်မှု၏ စစ်မှန်သော စိတ်ပုံရိပ်တစ်ခု ဖြစ်လေသည်။ အပင်တိုင်း၊ အပင်တိုင်းကပင် လာလာရီယာ အတွက် စွမ်းအားအရင်းအမြစ် ဖြစ်လာနိုင်ပေသည်။
အလွန်ကြီးမားပြီး အန္တရာယ်များသော အငွေ့အသက်က ရိုင်ဇန်ကို အခြားသူများအား ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရန် အတွက် အမျိုးမျိုးသော အကာအကွယ် စွမ်းအားများကို ထုတ်သုံးလိုက်ရစေသည်။
ချန်လွေ့က နှုတ်ခမ်းမွှေးနှင့် ရင်ပြားလိုလီဆီသို့ ယုံကြည်မှု စွမ်းအားများ ရောနှောနေသော အသက်ဓာတ် အငွေ့ အသက်များ စုစည်းလာနေသည်ကို သေသေချာချာ ခံစားမိသည်။ လိုလီ၏ ခန္ဓာကိုယ်က အားကောင်းသော အဖြူရောင် မီးတောက်များ တောက်ပလာခဲ့သည်။ မီးတောက်များက ဖဲကြိုးများအဖြစ်သို့ ပြောင်းလဲသွားကာ ခန္ဓာကိုယ်ကို ရစ်ပတ်သွားခဲ့ပြီး အလျင်အမြန်ပင် ငွေချပ်ကာ တစ်ခုအဖြစ် သိပ်သည်းသွားတော့သည်။
ထိုချပ်ကာက [ ဓူဝံကြယ်အသွင်ပြောင်းခြင်း ] ကဲ့သို့ ခန္ဓာကိုယ် တစ်ခုလုံးကို မဖုံးကွယ်ပေးဘဲ ခေါင်းစွပ် မပါသော ချပ်ကာ တဝက် ဖြစ်လေသည်။ အဓိက ခန္ဓာကိုယ်အပြင် ဖိနပ်နှင့် လက်အိတ်များလည်း ပါရှိသည်။
[ ယုံကြည်မှုချပ်ကာ ] ။ ချန်လွေ့ ရုတ်တရက် သဘောပေါက် သွားခဲ့သည်။ နတ်ဘုရားတစ်ပိုင်းအဆင့်နှင့် တိုင်းပြည်အဆင့်ကြားမှ ကွာခြားချက်က နတ်ဘုရားတစ်ပိုင်း အစွမ်းပုဂ္ဂိုလ်များတွင် စစ်မှန်သော ယုံကြည်သူများနှင့် ယုံကြည်မှုရှိသော တိုင်းပြည်တို့ ရှိကြသည်။ သူတို့က ယုံကြည်မှုစွမ်းအားကို စုပ်ယူကာ အသုံးချပြီး [ ယုံကြည်မှု ချပ်ကာ ] ဖန်တီးနိုင်၏။ ထိုအရာကို သူတို့ကိုယ်တို်င အတွက်သာမက အကိုင်းရှိုင်းဆုံး ယုံကြည်သူကိုလည်း အပ်နှင်း၍ ရနိုင်ပေသည်။
[ ဓူဝံကြယ်အသွင်ပြောင်းခြင်း ] ကြယ်ချပ်ကာနှင့် ယှဉ်လျှင် လာလာရီယာ ယခုဝတ်ထားသည်က စစ်မှန်သော နတ်ဘုရားတစ်ပိုင်းအဆင့် [ ယုံကြည်မှုချပ်ကာ ] ဖြစ်ပေ၏။
[ ယုံကြည်မှုချပ်ကာ ] ကို ဝတ်ဆင်ပြီးနောက် လာလာရီယာ၏ လက်ထဲတွင် ရွှေရောင်ဖျော့ဖျော့ လက်အိတ် တစ်စုံ ရှိလာခဲ့သည်။ သူက ပြန်မွေးဖွားလာသကဲ့သို့ ဖြစ်သွားပြီး အဟုန်ကလည်း ကြီးကြီးမားမား ထိုးတက် သွားလေသည်။
မျက်စိတစ်မှိတ် အတွင်းမှာပင် လာလာရီယာက ချန်လွေ့ အပေါ်သို့ ရောက်လာခဲ့ပြီး အဖြူရောင်မီးတောက်များ ရှိနေသော လက်သီးဖြင့် လေထဲမှ ရိုက်ချလိုက်သည်။ အဖြူရောင် အလင်းတစ်ခုက ချန်လွေ့ထံ ဥက္ကာပျံကဲ့သို့ ရောက်ရှိသွားခဲ့သည်။ ချန်လွေ့က ၎င်းကို လက်တစ်ဖက်ဖြင့် ခံလိုက်ရာ ကြီးမားလှသော စွမ်းအားက သူ့ကို ထိသွား၏။ သူ၏ ပုံရိပ်က ရုတ်တရက် မထိန်းထားနိုင်တော့ဘဲ တောင် တစ်တောင်ဖြင့် အဖိခံရသကဲ့သို့ပင် လဲကျလုမတတ် ဖြစ်သွားခဲ့သည်။
လာလာရီယာက အလျင်အမြန်ပင် လက်သီးနှစ်ဖက်ဖြင့် ထိုးလိုက်ရာ ဥက္ကာပျံ အများအပြားကို ဖြစ်သွားစေသည်။ ချန်လွေ့၏ပုံရိပ်က ပြောင်းလဲသွားပြီး တစ်ဖက်သို့အချိန်မီ ရွှေ့ပြောင်းလိုက်နိုင်သော်လည်း ထိုဥက္ကာပျံများက သူ့ကို အသေမှတ်ထားနေခဲ့သည်။ တစ်ကွေ့ကြီး ကွေ့ပြီးနောက် ၎င်းတို့က သူ့နားသို့ ရောက်လာကြပြန်သည်။
ထိုကဲ့သို့ လက်ရည်ညီသော အလှမ်းဝေး စွမ်းအင် တိုက်ခိုက်မှုက သာမန်လူနှစ်ယောက် အချင်းချင်း သေနတ်ဖြင့် ပစ်နေသလို ဖြစ်နေကာ ဆက်တိုက် ရှောင်တိမ်းရန် ခက်ခဲ ပေသည်။ ရှောင်မရကြောင်း မြင်သည့်အခါ ချန်လွေ့က လက်မောင်းကို ခုခံသော ပုံစံ ပြုလုပ်ထားလိုက်၏။
“ဝုန်း ဝုန်း ဝုန်း....” ကြောက်မက်ဖွယ်ရာ ပေါက်ကွဲမှုနှင့် ဖိအားအောက်တွင် ချန်လွေ့၏ ပုံရိပ်က မြေကြိးပေါ် လဲကျ သွားပြန်သည်။
တစ်ချက်စီ၏ နောက်ကျန်ထိခိုက်မှုက အဝေးမှ ကြည့်နေသော တိုင်းပြည်အဆင့် အစွမ်းထက်ပုဂ္ဂိုလ်များ၏ အကာအကွယ် စွမ်းအားများကို ထိတ်လန့်ဖွယ်ရာ အရာများ ဖြစ်သွားစေခဲ့သည်။
သို့သော်လည်း တိုင်းပြည် ကျွန်း ဖုံးလွှမ်းထားသော ပတ်ဝန်းကျင် မြေပြင်က စိတ်ကူး၍မရအောင် ခိုင်မာနေခဲ့ပြီး ယခင်ကဲ့သို့ ကြီးကြီးမားမား မထိခိုက်ခဲ့ပေ။
“ဟာ့ !” လာလာရီယာက အခွင့်အရေးကို အသုံးချ လိုက်သည်။ သူ၏လက်သီးက မြန်သထက် မြန်လာ၏။ ရိုင်ဇန်နှင့် အခြားသူများကပင် အမြင်ကို အဆုံးစွန်အထိ အသုံးပြုသည့်တိုင် အရိပ် ဝေဝါးဝါးကိုသာ မြင်နိုင်ခဲ့သည်။ ချန်လွေ့က မရေမတွက်နိုင်သော ဥက္ကာပျံများဖြင့် တိုက်ခိုက် ခံနေရပြီး ပြန်မတိုက်ခိုက်နိုင်ဘဲ ခုခံရုံသာ တတ်နိုင်လေသည်။
ထိုအချိန် အနီရောင် ကြယ်အလင်းများက အလွန်ပင် ကြီးမားသောကျွန်းကြီး၏ ကောင်းကင်ပေါ်တွင် ပေါ်ထွက် လာခဲ့ပြီး ကောင်းကင်ထဲတွင်လည်း နမိတ်ပုံရိပ်များနှင့် မရေမတွက်နိုင်သော ဂြိုဟ်များ ပေါ်ထွက်လာခဲ့သည်။ ပူလောင်ပြီး တလက်လက်ဖြစ်နေသော နေကလည်း လူသားလောကမှ နေကဲ့သို့ ဖြစ်နေပြီး “နေ”တစ်စင်း ထက်လည်း ပိုရှိနေခဲ့သည်။ ကောင်းကင်တစ်ခုလုံးကို [ ကြယ်စင်စု တိုင်းပြည် ] က အုပ်မိုးလိုက်တော့သည်။
လာလာရီယာက မတုံ့ပြင်နိုင်ခင်မှာပင် ရှေ့မှ ရာချီသော “ဥက္ကာပျံများ”က အင်အားကြီး စွမ်းအားကြီးတစ်ခုဖြင့် ဆွဲယူခြင်း ခံလိုက်ရသကဲ့သို့ပင် ရုတ်တရက် ရပ်တန့်သွား၏။ အလယ်တွင် အနီရောင်ပုံရိပ်က ခန္ဓာကိုယ်ကို ရစ်ပတ် ထားသော တောင်ပံများကို ဖြည်းဖြည်းချင်း ဖြန့်ထုတ်လိုက်ု သည်ကို ရေးရေးလေး မြင်နိုင်ပေသည်။
“ဖုန်း!!”
တောင်ပံဖြန့်သော အမြန်နှုန်းက အချိန်စီးကြောင်းကို ထိန်းချုပ်နိုင်သကဲ့သို့ ဖြစ်နေပြီး “နှေးကွေး”ရာမှ ရုတ်တရက် “လျင်မြန်”သွားခဲ့သည်။ လာလာရီယာက ကြောက်မက်ဖွယ်ရာ စွမ်းအားတစ်ခု ပေါက်ကွဲထွက်သည်ကိုသာ ခံစားလိုက်ရပြီး ဥက္ကာပျံများအားလုံး နောက်သို့ ပြန်သွားခဲ့သည်။
ထိုအရာက [ ဓူဝံကြယ်အသွင်ပြောင်းခြင်း ] ၏ ခုခံရေး အဆုံးသတ်တိုက်ကွက် [ ကြယ်အစောင့်အရှောက်တောင်ပံ ] ဖြစ်လေသည်။
လာလာရီယာ၏ လက်နှစ်ဖက်လုံးက ကြီးမားလှသော တုန်ခါမှုဖြင့် အလျင်အမြန် ခုခံလိုက်ရပြီး ပတ်ပတ်လည်၌ အကာအကွယ် အဖြူရောင် သလင်းကျောက် လိုက်ကာတစ်ခု ပေါ်ထွက်လာခဲ့သည်။ ထို့နောက် စက္ကန့်ပိုင်းအတွင်းမှာပင် သူ၏အမြင်က ပေါက်ကွဲထွက်သွားသော ဥက္ကာပျံများကြောင့် တုန်ခါသွားခဲ့၏။ မရေတွက်နိုင်သော အက်ကြောင်းများက အကာအကွယ် သလင်းကျောက် လိုက်ကာပေါ်တွင် ပေါ်ထွက် လာခဲ့သော်လည်း တိုင်းပြည်၏ ယုံကြည်မှုနှင့် အသက်ဓာတ် တို့ကြောင့် အလိုလို အဆက်မပြတ် ပြန်ကောင်းသွားသည်။
ခဏကြာပြီးနောက် တုန်ခါမှုက နောက်ဆုံးတွင် ရပ်တန့် သွားခဲ့သည်။ လာလာရီယာက ပြိုလဲလုမတတ် ဖြစ်နေသည့် သလင်းကျောက် လိုက်ကာကို ဘေးဖယ်ထားလိုက်ပြီး အန္တရာယ်ကင်းကင်း ရှိနေသော ချန်လွေ့ကို ကြည့်ကာ အံကြိတ်လိုက်၏။ ဒီကောင့်ရဲ့ စွမ်းအားနဲ့ နည်းလမ်းတွေက ခန့်မှန်းလို့မရဘူး။ သူက တကယ်ပဲ ငါ့ရဲ့ အနှိုင်းမဲ့ တိုက်ကွက်ကို တန်ပြန်အောင် လုပ်ပြီးတော့ ငါ့ကို ဒဏ်ရာ အပြင်းအထန်ရအောင် လုပ်ခဲ့တယ်။ “ခွေးကောင်။ မင်းမှာ နောက်ထပ် အကွက်တွေ ရှိသေးရင် သုံးလိုက်စမ်း။”
“တွေ့ရမှာပါ။ လာလာရီယာ။” ချန်လွေ့က မျက်နှာကာ နောက်ဘက်မှ ပြုံးပြလိုက်သည်။ တကယ့် တိုက်ခိုက်ရေးနဲ့ ငါကိုယ်တိုင် လေ့ကျင့်တာက ကွဲပြားတဲ့ အရာတွေပဲ။ လက်ဖက်ဆီပြန် နဂါးနဲ့ တိုက်ပွဲရလာဒ်ကို မဆုံးဖြန်နိုင် သေးပေမဲ့ တကယ့် အကျိုးရလာဒ်တွေကတော့ အများကြီးပဲ။
ချန်လွေ့က လက်ကို မြှောက်လိုက်ရာ ကောင်းကင်မှ ကြယ်များ၏ လှုပ်ရှားမှုက အလွန်ကြီးမားသော စွမ်းအား တစ်ခုကို စုစည်းနေသကဲ့သို့ပင် ပို၍ပင် လျို့ဝှက်ဆန်းကြယ် လာခဲ့လေသည်။
နှုတ်ခမ်းမွှေးနှင့် ရင်ပြားလိုလီက ကောင်းကင်မှ ကြယ်များ၏ နိမိတ်ပုံရိပ်များကို လက်ညှိုးထိုးပြပြီး သရော်ပြုံး ပြုံးလိုက်သည်။ “ငါ့ကို ပုံရိပ်ယောင်နဲ့ အရူးလုပ်လို့ရမယ်လို့ ထင်မနေနဲ့။ နတ်ဘုရားတစ်ပိုင်းအဆင့်ရဲ့ တိုင်းပြည်က တကယ့် ယုံကြည်မှုနဲ့ အသက်နဲ့ ဖန်တီးထားတဲ့ တိုင်းပြည်ပဲ။ အဲဒါက တိုက်ပွဲကို ထောက်ပံ့ဖို့အတွက် ယုံကြည်မှု စွမ်းအားကို အဆက်မပြတ် ပေးနိုင်တယ်။ တိုင်းပြည်အဆင့် ပုံရိပ်ယောင်လှည့်ကွက်တွေက ဘာမှယှဉ်လို့ မရဘူး။ မင်းက ငါ့ကို တကယ့် နတ်ဘုရားတစ်ပိုင်း တိုင်းပြည်နဲ့ မဖိနှိပ် နိုင်ဘူးဆိုရင် ဒီကျွန်းတိုင်းပြည်ထဲမှာ ငါက ပြိုင်ဘက်ကင်း ဖြစ်နေမှာပဲ။”
“နတ်ဘုရား တစ်ပိုင်း တိုင်းပြည်။ ယုံကြည်မှု အထောက်အပံ့နဲ့ အသုံးချမှုတွေ....။ ဒီလိုကိုး။” ချန်လွေ့က ရုတ်တရက် အထင်လွှဲနေမှုကို သဘောပေါက် သွားခဲ့သည်။ အတွေးတစ်ချက်ဖြင့် [ ကြယ်နီတိုင်းပြည် ] က တောက်ပစွာ လင်းလက်သွားခဲ့ပြီး ကြယ်အလင်းရောင်များက ကျွန်းပေါ်တွင် ထွန်းလင်းလာခဲ့သည်။ ရုတ်တရက် ကျွန်း၏ စိတ်ပုံရိပ်ထဲရှိ နေရာအများအပြား၌လည်း ပြိုလဲလာတော့သည်။
ကြယ်အလင်းရောင်က မိမိ၏တိုင်းပြည်ကို ကျူးကျော် နေသော ကြီးမား သန့်စင်ပြီး များပြားလှသည့် ယုံကြည်မှု စွမ်းအားများ ပါဝင်နေကြောင်း လာလာရီယာ ခံစားလိုက်ရ၏။ သူ၏ တိုင်းပြည်စွမ်းအားက ရုတ်တရက် ဖရိုဖရဲ ဖြစ်သွားပြီး သူ့အတွက် စွမ်းအားထုတ်သုံးရန် အသင့်တော်ဆုံးသော အမှောင်ဒြပ်စင် ပတ်ဝန်းကျင်ကလည်း အလျင်အမြန် အားနည်းလာခဲ့သည်။
“မဖြစ်နိုင်ဘူး။” နှုတ်ခမ်းမွှေးနှင့် ရင်ပြားလိုလီက [ ကြယ်နီ တိုင်းပြည် ] ကို မော့ကြည့်လိုက်ပြီး မျက်လုံးများက မယုံနိုင်စရာ အလင်းရောင်များ လင်းလက်နေတော့သည်။ “ဒီတိုင်းပြည်က တကယ် အစစ်အမှန်လား။”
နတ်ဘုရားတစ်ပိုင်းအဆင့် တိုင်းပြည်က တကယ့် စိတ်ပုံရိပ်ကို အခြေခံထားတာ။ ချန်လွေ့က... ကောင်းကင်က ကြယ်တွေကို ပိုင်တာများလား။
ဒီလိုမျိုး ယှဉ်ပြိုင်လို့မရတဲ့ ယုံကြည်မှုစွမ်းအားနဲ့ ကျယ်ပြောလှတဲ့ အသက်ဓာတ် အငွေ့အသက်က သေချာပေါက် ပုံရိပ်ယောင် မဟုတ်ဘူး။
ဒါက လုံးဝကို မယုံနိုင်စရာပဲ။ ဒဏ္ဍာရီထဲက နတ်ဘုရားတွေပဲ......