ကြေးခရာ
Vol. 17 Ch. 170
ကလိုင်းဟာ ကပ္ပတိန်ရဲ့ ရုံးခန်းဆီ လျှောက်သွားတဲ့အခါ ရုံးခန်းတံခါးက ဟာလာဟင်းလင်း ပွင့်နေတာ တွေ့လိုက်ရပါတယ်။ ဒန်းစမစ်ဟာ ကုလားထိုင်မှာ မှီပြီး ဆေးတံ ရှိုက်နေပါတယ်။
ဒန်းစမစ်ဟာ မီးခိုးရောင် မျက်လုံးတွေနဲ့ သူ့ကို လှမ်းကြည့်ပြီး ပုံစံ ပြောင်းထိုင်ပါတယ်။
“မင်း ကြည့်ရတာ ပုံမှန်ပဲ... ဆေးရည် သောက်ပြီးခါစလူနဲ့ မတူဘူး”
“ဒါက ဆေးရည်ကို ကုန်စင်အောင် ချေဖျက်ပြီးမှ အဆင့်တက်တဲ့ အကျိုးထင်တယ်” ကလိုင်းဟာ တံခါးပိတ်ပြီး ကုလားထိုင်မှာ ဝင်ထိုင်ပါတယ်။
သူနဲ့ ဒန်းစမစ်က နှစ်ယောက်စလုံးက သရုပ်ဆောင်တဲ့ နည်းလမ်းကို သိတဲ့အတွက် သရုပ်ဆောင်တဲ့ နည်းလမ်းကို အချင်းချင်း ပြောလို့ရပါတယ်။ သူတို့နှစ်ယောက်ဟာ သူတို့ရဲ့ အတွေးတွေကို ဖလှယ်လို့ ရပါတယ်။ ဒါပေမဲ့ သူတို့နှစ်ယောက်ဟာ နားလည်မှုနဲ့ ပေါ်တင်ကြီးတော့ ထုတ်မပြောပါဘူး။ အတွေ့အကြုံတွေ ဖလှယ်ပြီးတဲ့အခါ တစ်ချိန်တည်း နှစ်ယောက်စလုံး တိတ်ဆိတ်သွားပါတယ်။
ကလိုင်းက တွေးပြီး မေးပါတယ် “ဘုန်းတော်ကြီး ပြန်သွားပြီလား”
“အင်း... ပြန်သွားပြီ... သူက အဆင့်မြင့် ဂိုဏ်းထောက် ဘုန်းတော်ကြီးဆိုတော့ တခြားလုပ်စရာတွေ ရှိသေးတယ်”
ဒန်းစမစ်ဟာ တစ်ခဏတွေးပြီး ဆက်ပြောပါတယ်။
“အင်း... သူက လူအိုကြီးနီးလ် ဆုံးပါးပြီး ကျန်ခဲ့တဲ့ မျက်လုံးနီတစ်စုံကို ယူသွားတယ်”
ကလိုင်းဟာ တအံ့တဩဖြစ်ပြီး နားမလည်နိုင် ဖြစ်သွားပါတယ်။
“ဘာဖြစ်လို့လဲ”
ဒန်းစမစ်ဟာ ကော်ဖီခွက်ကို ကောက်ယူပြီး တစ်ငုံ သောက်ပါတယ်။ အဲဒီနောက် အတန်ကြာအောင် တိတ်ဆိတ်နေပြီးမှ အဖြေပေးပါတယ်။
“ငါတို့တွေ ကိုယ့်ကိုယ်ကိုယ် မလိမ်သင့်ဘူး... စိတ်လွတ်ပြီး သောင်းကျန်းတဲ့လူက တကယ်တော့ မွန်းစတားပဲ... ငါ မင်းကို အရင်က ပြောဖူးပါတယ်... မွန်းစတားတွေ သေရင် သာလွန်စွမ်းအား ကြွယ်ဝတဲ့ ပစ္စည်းတွေ ချန်ထားခဲ့တယ်ဆိုတာ... ဒီအကြွင်းအကျန် ပစ္စည်းတွေကို ထိန်းချုပ်လို့မရရင် ချိပ်ပိတ်ရတယ်... ဟုတ်တယ်... ဒါက ချိပ်ပိတ်လက်နက်တွေရဲ့ အဓိက ရင်းမြစ်လို့ ပြောလို့ရတယ်... ညသိမ်းငှက်တွေရဲ့ အတွင်းစည်းကမ်းအရ ဒီသောင်းကျန်းသူတွေရဲ့ အကြွင်းအကျန်တွေကို တစ်နေရာရာမှာ ထိန်းသိမ်းထားဖို့ လိုတယ်... အဲဒါမှာ သူတို့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေကို မလွှမ်းမိုးနိုင်မှာ”
“ယုတ္တိရှိတဲ့ စည်းမျဉ်းပဲ” ကလိုင်းဟာ လေးလေးကြီး ခေါင်းညိတ်ပါတယ်။
အဲဒီနောက် သူဟာ ရုတ်တရက်ဆိုသလို ကပ္ပတိန်က တစ်ခု ကျန်နေခဲ့တာကို သတိထားမိလိုက်ပါတယ်။ အဲဒါကြောင့် သိချင်စိတ်နဲ့ ဆက်မေးပါတယ်။
“တကယ်လို့ သောင်းကျန်သူ ချန်ထားခဲ့တဲ့ အကြွင်းအကျန်က ထိန်းချုပ်လို့ရတယ် ဆိုရင်ရော...”
ဒန်းစမစ်ဟာ တိတ်ဆိတ်တဲ့ညလို မှောင်မိုက်နက်နဲတဲ့ မီးခိုးရောင် မျက်လုံးတွေနဲ့ သူ့ကို ကြည့်ပြီး သက်ပြင်းချပါတယ်။
“ဒီအဖြေကို မင်း မသိချင်လောက်ဘူး”
ကလိုင်းဟာ အံ့အားသင့်သွားပြီး ဖြစ်နိုင်ခြေတစ်ခုကို ရုတ်တရက် တွေးမိလိုက်ပါတယ်။
သာမန် မွန်းစတားတွေ ချန်ထားခဲ့တဲ့ သာလွန်ပစ္စည်းတွေကို ဆေးရည် ဖော်စပ်တဲ့ နေရာမှာ သုံးလို့ရပါတယ်။ အဲဒီတော့ မွန်းစတား ပြောင်းသွားတဲ့ သောင်းကျန်းသူ ချန်ထားခဲ့တဲ့ ပစ္စည်းတွေကရော။
သူတို့တွေကို ထိန်းချုပ်လို့ရရင် သာလွန်ပစ္စည်းတွေ အနေနဲ့ သုံးမှာလား။
ဒါကို တွေးမိလိုက်တဲ့ ကလိုင်းဟာ ရုတ်တရက်ဆိုသလို တော်တော်လေး ရွံရှာစက်ဆုပ်သွားပါတယ်။ သူဟာ အော်ဂလီ ဆန်တက်လာတဲ့အတွက် ခေါင်းကို တစ်ဖက်လှည့်လိုက်ပါတယ်။ သူ့မြင်ကွင်းဟာလည်း ဝေဝါးလာပါတယ်။
ဒါက တော်တော် ကြောက်စရာကောင်းတဲ့ သီအိုရီပါ။ ဒါပေမဲ့ ဒီအဖြေက အမှန်တရားနဲ့ အများကြီး နီးစပ်နေနိုင်ပါတယ်။
အဲဒီတစ်ဒင်္ဂအတွင်းမှာပဲ သူဟာ “အသူရာချောက်ကို ရင်ဆိုင် တိုက်ခိုက်ဖို့ ငါတို့တွေ အသူရာချောက်ရဲ့ တိုက်စားမှုဒဏ်ကို ခံနိုင်ရမယ်” “ငါတို့တွေက စောင့်ရှောက်သူတွေ ဆိုပေမဲ့ ရူးသွပ်မှုနဲ့ ခြိမ်းခြောက်မှုတွေကို အဆက်မပြတ် တိုက်ခိုက်နေရတဲ့ သနားစရာကောင်းတဲ့ ကံဆိုးတဲ့ လူတွေလည်း ဟုတ်တယ်” ဆိုတဲ့ စကားတွေကို နက်နက်နဲနဲ နားလည်သွားပါတယ်။
‘ဘုရားကျောင်းက သရုပ်ဆောင်တဲ့ နည်းလမ်းကို လျှို့ဝှက်ထားရတဲ့ အကြောင်းရင်းတွေထဲမှာ ဒီအကြောင်းရင်း ပါနေမလား... အဲဒါမှ သူတို့တွေ သူတို့ရဲ့ အဖွဲ့ဝင်တွေဆီကနေ အပိုအစိတ်အပိုင်းတွေကို ပြန်သုံးနိုင်မှာလေ... ဒါပေမဲ့ ဒီလိုလုပ်ရင် ဘုရားကျောင်းရဲ့ အထက်လူကြီးတွေက ဘုရားကျောင်းကို ငြင်းဆန်မှာပဲ’
ကလိုင်းရဲ့ မျက်နှာဟာ ခံစားချက်နဲ့ အညီ ပြောင်းလဲသွားပါတယ်။
သူ့ တုံ့ပြန်မှုကို ကြည့်ပြီး ဒန်းစမစ်ဟာ ရုတ်တရက် ထရယ်ပါတယ်။ သူ့ရဲ့ မီးခိုးရောင် မျက်လုံးတွေဟာ ညကောင်းကင်ယံက ကြယ်ကလေးတွေလို တလက်လက် တောက်ပနေပါတယ်။
“ကောင်းတဲ့ဘက်က တွေးကြည့်ရင် ငါတို့ရဲ့ အဖွဲ့ဝင်တွေက ငါတို့ကို တခြားပုံစံတစ်မျိုးနဲ့ ပြန်ကြည့်နေတာပဲ... သူတို့တွေက ငါတို့နဲ့ အမြဲထာဝရ ရှိနေလိမ့်မယ်”
စကားဆုံးတဲ့အခါ ဒန်းစမစ်ဟာ ခေါင်းငုံ့ပြီး ကော်ဖီ နောက်တစ်ငုံ သောက်ပါတယ်။
စက္ကန့်နှစ်ဆယ်လောက် ကြာအောင် တိတ်ဆိတ်သွားပြီးမှ သူဟာ ခေါင်းမော့ပြီး...။
“မစိုးရိမ်ပါနဲ့... ငါတို့တွေ သာလွန်ပစ္စည်းတွေရဲ့ ရင်းမြစ်ကို ရှာဖွေနိုင်သမျှ ကာလပတ်လုံး မင်း တွေးနေတာတွေကို ငါတို့ မလုပ်ပါဘူး”
“တော်ပြီ... စည်းကမ်းအရဆိုရင် မင်းက အဆင့်တက်ပြီးခါစ ဆိုတော့ တစ်ရက် ခွင့်ရမယ်... ဒီနေ့လည်းခင်း တိုက်ခိုက်ရေး လေ့ကျင့်မလား မလေ့ကျင့်ဘူးလား ဆိုတာကတော့ မင်းဘာသာ ဆုံးဖြတ်... ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် ဂဝန်းကိုတော့ အသိပေးရလိမ့်မယ်”
ကလိုင်းဟာ ညင်ညင်သာသာ ခေါင်းညိတ်ပါတယ်။ သူဟာ အသက်ပြင်းပြင်း ရှူပြီး ခါးဆန့်လိုက်ပါတယ်။
“ကပ္ပတိန်... ကျွန်တော် ဂမ္ဘီရသင်ခန်းစာတွေကို သင်ယူပြီးပြီဆိုတော့ ကျွန်တော်ရဲ့ မနက်ခင်းကို စောင့်ကြည့်တာတို့ ခြေရာခံတာတို့... အဲဒီလို နည်းလမ်းတွေ သင်ယူချင်တယ်”
သူဟာ ခဏရပ်လိုက်ပြီးမှ လေးနက်တဲ့ မျက်နှာနဲ့ ဖြည့်ပြောပါတယ်။
“ကျွန်တော် မကြာခင်မှာ ညသိမ်းငှက်တစ်ယောက်အနေနဲ့ တာဝန်အပြည့် ထမ်းချင်တယ်”
ဒန်းစမစ်ဟာ သူ့ကို စူးစူးစိုက်စိုက် ကြည့်ပြီး သက်ပြင်းချပါတယ်။
“မင်းက ငါထင်ထားတာထက် ပိုပြီးတော့ မာတာပဲ... မင်းဆန္ဒအတိုင်းပဲ”
“ဟုတ်ကဲ့ပါ ကပ္ပတိန်” ကလိုင်းဟာ ရုတ်တရက် မတ်တတ်ရပ်လိုက်ပြီး ရင်ဘက်မှာ ကြက်သွေးရောင်လပုံ တို့ထိလိုက်ပါတယ်။
...
ဆူးနက် လုံခြုံရေးကုမ္ပဏီကနေ ထွက်လာပြီးနောက် ကလိုင်းဟာ အိမ်ပြန် မနားပါဘူး။ အဲဒီအစား သံလမ်းမဲ့ မြင်းလှည်းစီးပြီး အက်ဇစ်ဆီ သွားပါတယ်။
“ဒင်... ဒေါင်... ဒင်... ဒေါင်...”
လူခေါ် ခေါင်းလောင်းသံက ကြည်လင် ပြတ်သားစွာ ထွက်ပေါ်သွားတဲ့အချိန်မှာ အနက်ရောင် စွပ်ကျယ်နဲ့ ရှပ်အင်္ကျီဖြူ ဝတ်ထားတဲ့ အက်ဇစ်က တံခါးဖွင့်လိုက်ပါတယ်။ ရွှေရောင် နာရီကိုလည်း သူ့စွပ်ကျယ်ရဲ့ အိတ်ကပ်မှာ ချိတ်ထားပါတယ်။
“မင်း အလုပ်မသွားဘူးလား” အက်ဇစ်ဟာ ကောင်းကင်ပြင်ကို တစ်ချက် လှမ်းကြည့်ပြီး မွန်းမတည့်သေးတာ သိလိုက်ပါတယ်။
“အကြောင်းရင်းတချို့ကြောင့် ကျွန်တော် ကျန်တဲ့အချိန်ကို ခွင့်ရထားတယ်” ကလိုင်းဟာ မသဲမကွဲ ရှင်းပြပါတယ်။
အက်ဇစ်ဟာ သူ့ကို ကြည့်ပြီး တစ်စုံတစ်ခုကို သတိထားမိသွားသလို ရှိတာကြောင့် ခေါင်းညိတ်ပြီး ကလိုင်း အိမ်ထဲဝင်နိုင်အောင် လမ်းဖယ်ပေးပါတယ်။
စင်္ကြံမှာ ကလိုင်းဟာ လက်ကိုင်တုတ်ကို ဘေးချပြီး ဦးထုပ်ချွတ်ကာ ဧည့်ခန်းရှိရာကို အက်ဇစ်နောက်ကနေ လိုက်သွားပါတယ်။
ဧည့်ခန်းထဲမှာ မီးလင်းဖို၊ လှုပ်ကုလားထိုင်၊ ဆိုဖာရှည်နဲ့ ကော်ဖီစားပွဲစတဲ့ ပရိဘောဂတွေ အစုံအလင် ရှိနေပါတယ်။ တကယ်ကို သက်သောင့်သက်သာ ရှိလှတဲ့ ဧည့်ခန်းပါ။ ကလိုင်းဟာ ထိုင်နေကျနေရာမှာ ဝင်ထိုင်ပါတယ်။
အက်ဇစ်ဟာ ကလိုင်းနဲ့ မျက်နှာချင်းဆိုင်မှာ ထိုင်ပြီး ကော်ဖီစားပွဲပေါ်က ဆေးပြင်းလိပ်ကို ထိုးပြပါတယ်။
“သောက်မလား”
“ကျွန်တော် မသောက်တတ်ဘူး” ကလိုင်းဟာ အပြတ် ခေါင်းခါပါတယ်။
အက်ဇစ်ဟာ သူ့ကို စည်းရုံးဖို့ မကြိုးစားဘဲ ဆေးပြင်းလိပ် တစ်လိပ်နဲ့ မီးခြစ်ဆံကို ယူလိုက်ပါတယ်။ တစ်ချိန်တည်းမှာ သူဟာ သာမန်ကာလျှံကာ မေးပါတယ်။
“မင်း မို့စ်မြို့က ကိစ္စကို ရှင်းပြီးပြီလား”
“အဲဒီကိစ္စအတွက် ကျွန်တော် မစ္စတာအက်ဇစ်ကို ကျေးဇူးတင်ရမယ်” ကလိုင်းဟာ စိတ်ရင်းနဲ့ ပြန်ပြောပါတယ်။
တစ်ချိန်တည်းမှာ သူဟာ စိတ်ထဲကနေ လှောင်လိုက်ပါတယ်။
‘မစ္စတာအက်ဇစ်... ခင်ဗျားက မှတ်ဉာဏ်တွေ မဆုံးရှုံးခင် ခင်ဗျားအတွက် ဓနဥစ္စာတွေ တော်တော်လေး ချန်ထားခဲ့တယ်နဲ့ တူတယ်... မဟုတ်ရင် တွဲဖက်ပါမောက္ခတောင် မဟုတ်တဲ့ ဆရာတစ်ယောက်က ဘယ်လိုလုပ်ပြီး ဒီလိုမျိုး ဆေးပြင်းလိပ်ကို ခဏခဏ သောက်နိုင်မှာလဲ’
အက်ဇစ်က ဆေးပြင်းလိပ်ကို ကစားနေတုန်းမှာ ကလိုင်းက လာရင်းကိစ္စကို ပြောပါတယ်။
“မစ္စတာအက်ဇစ်... ကျွန်တော် တစ်ခုလောက် မေးချင်လို့”
“ဘာမေးချင်တာလဲ မေးလေ...” အက်ဇစ်ဟာ ခေါင်းမမော့ဘဲ ပြန်ဖြေပါတယ်။
ကလိုင်းဟာ ခဏရပ်ပြီး ဘယ်လို ပြောရမလဲဆိုတာ စဉ်းစားပါတယ်။
“ကျွန်တော်ရဲ့ လုပ်ဖော်ကိုင်ဖက် တစ်ယောက်က စိတ်လွတ်ပြီး မွန်းစတား ဖြစ်သွားတယ်... အဲဒါ သူ့စိတ်ဝိညာဉ်ကရော ညစ်ညမ်းသွားလားဆိုတာ ကျွန်တော် သိချင်တယ်”
သူဟာ မစ္စတာအက်ဇစ်က စိတ်လွတ်တယ်ဆိုတဲ့ အသုံးအနှုန်းကို သိလားဆိုတာ မသေချာပါဘူး။ အဲဒါကြောင့် မွန်းစတား ဖြစ်သွားတယ်ဆိုတဲ့ ရှင်းပြချက်ကိုပါ ထည့်ပြောလိုက်တာပါ။
အက်ဇစ်ဟာ သူ လုပ်နေတာတွေ ရပ်ပြီး ခေါင်းမော့ကာ ကလိုင်းကို ကြည့်ပါတယ်။ သူဟာ လေးလေးကြီး ခေါင်းညိတ်ပြီး ဖြေပါတယ်။
“ညစ်ညမ်းသွားတာပေါ့... အဲဒါ သံသယရှိစရာ မလိုဘူး... မင်း အဲဒီလို အခြေအနေမျိုးနဲ့ ကြုံရရင် ပိုပြီးတော့ ဂရုစိုက်ရလိမ့်မယ်... သူက မကောင်းဆိုးဝါး နတ်ဘုရား ဒါမှမဟုတ် နတ်ဆိုးတွေရဲ့ သွေးဆောင် ဖြားယောင်းမှုကြောင့် စိတ်လွတ်သွားတာဆိုရင် သူ့စိတ်ဝိညာဉ်နဲ့ ဆက်သွယ်တာကို ရှောင်... မဟုတ်ရင် အသက်အန္တရာယ် ကြုံရဖို့ များတယ်”
“ကျွန်တော် နားလည်ပါပြီ” ကလိုင်းဟာ စိတ်ပျက်လက်ပျက် ဖြစ်သွားပါတယ်။
သူဟာ လူအိုကြီးနီးလ် အိမ်မှာတုန်းက ခံစားချက်များပြီး လူအိုကြီးနီးလ်ရဲ့ စိတ်ဝိညာဉ်နဲ့ ဆက်သွယ်ဖို့ မေ့သွားခဲ့ပါတယ်။ ဒန်းစမစ်ကလည်း သူ့ကို သတိမပေးပါဘူး။ အဲဒါကြောင့် သူဟာ အဲဒီအခွင့်အရေးနဲ့ လုံးဝ လွဲချော်သွားပါတယ်။
အခုပြန်စဉ်းစားကြည့်တော့ ကပ္ပတိန်က မေ့တာ မဟုတ်ဘဲ တမင်သက်သက် မပြောတာ ဖြစ်လိမ့်မယ်လို့ သူ တွေးမိလိုက်ပါတယ်။ သူဟာ ဒီအကြောင်းကို ဆက်ပြီးတော့ စဉ်းစားမနေဘဲ မို့စ်မြို့က ကိစ္စကိုပဲ ပြောပါတယ်။
“မစ္စတာအက်ဇစ်... ကျွန်တော် မို့စ်မြို့က သဘာဝလွန် အဖြစ်အပျက်တွေရဲ့ ရင်းမြစ်ကို တွက်ချက်ကြည့်တော့ မြေအောက်ဝင်နေတဲ့ ဇောက်ထိုး ပိရမစ်ကို တွေ့ရတယ်... ကျွန်တော်ရဲ့ အဖွဲ့သားတွေ ပြောတာတော့ အဲဒါက သေခြင်းရဲ့ သင်္ကေတတဲ့... သူ့ရဲ့ မျိုးဆက်တွေပဲ ဒီလိုမျိုး ဂုဏ်ပြုခံရတာတဲ့”
အက်ဇစ်ဟာ မီးခြစ်ဆံကို အောက်ချပြီး ဆေးပြင်းလိပ်ဖြတ်ဓားကို ယူရင်း ရုတ်တရက်ဆိုသလို ငေးကြောင်သွားပါတယ်။ သူဟာ နောက်မှီ ထိုင်လိုက်ပြီး မျက်နှာတစ်ခုလုံး သုန်မှုန်သွားပါတယ်။ အတန်ကြာမှ အသံနက်နဲ့...။
“ငါ အဲဒါကို တော်တော်လေး ရင်းနှီးတယ်လို့ ခံစားရစေတယ်... ဒါပေမဲ့ ငါ ဘာမှ ပြန်မတွေးမိဘူး”
“စိတ်မရှိပါနဲ့” ကလိုင်းဟာ စိတ်ရင်းနဲ့ သက်ပြင်းချလိုက်ပါတယ်။
သူဟာ သူ တွက်ချက်လို့ ရထားတာကို သုံးပြီး မစ္စတာအက်ဇစ်ရဲ့ မှတ်ဉာဏ်တွေကို ဆက်နှိုးလို့ ရလိမ့်မယ်လို့ မျှော်လင့်ထားခဲ့တာပါ။
အက်ဇစ်ဟာ ဆေးပြင်းလိပ်ခေါင်းကို ဖြတ်ပြီး ခေါင်းခါကာ မချိပြုံး ပြုံးပါတယ်။
“အဲဒီလောက် လွယ်လွယ်နဲ့ ပြန်တွေးလို့ရရင် ငါ့ရဲ့ ကံကြမ္မာကနေ လွတ်မြောက်ဖို့ နည်းလမ်း ရှာပြီးတာ ကြာလှပေါ့... ဒီလိုဆိုပေမဲ့ မင်းရဲ့ ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်... ငါ့ကို ဒီတစ်ချိန်လုံး သတိရပေးတဲ့အတွက် ကျေးဇူးပဲ”
သူဟာ တစ်ခဏတွေးပြီးမှ ဖြည့်ပြောပါတယ်။
“အင်း... ငါ မကြာခင်မှာ ထင်းဂန်မြို့ကနေ ထွက်သွားဖို့ ရှိတယ်”
“ဘာဖြစ်လို့လဲ” ကလိုင်းဟာ တအံ့တဩ မေးပါတယ်။
‘ကျွန်တော်တို့တွေ ကျွန်တော်ရဲ့ ကံကြမ္မာကို နှောင့်ယှက်တဲ့ ခင်ဗျားကလေးရဲ့ ဦးခေါင်းခွံကို ခိုးသွားတဲ့ နောက်ကွယ်က ကြိုးကိုင်သူကို ရှာမယ်လို့ သဘောတူထားတယ် မဟုတ်ဘူးလား...’
အက်ဇစ်ဟာ ဆေးပြင်းလိပ် ကိုင်ရင်း သက်ပြင်းချလိုက်ပါတယ်။ အဲဒီနောက် အကြောင်းရင်းကို ရှင်းပြပါတယ်။
“ပစ်မှတ်က ငါ အာရုံစိုက်လာတာနဲ့ စုံစမ်းတာကို သတိထားမိသွားလောက်ပြီ... ဒီလတ်တလောမှာ သူ ဘာမှ မလုပ်ရှားတော့ ငါ ဘာသဲလွန်စမှ မရဘူး... အဲဒါကြောင့် ငါ ထင်းဂန်မြို့ကနေ လောလောဆယ် ထွက်ပြီး ဘက်ကလင်ဆီသွားဖို့ စဉ်းစားမိတယ်... အဲဒီလိုဆို ဒီအခွင့်အရေးကို အသုံးချပြီး ငါ မှတ်ဉာဏ် မဆုံးရှုံးခင်တုန်းက ချန်ထားခဲ့တဲ့ သဲလွန်စတွေကို ရှာလို့ရတယ်... နောက်ပြီး ငါ ထွက်သွားရင် ပစ်မှတ်က သတိလျော့သွားနိုင်တယ်”
‘ဟုတ်သားပဲ... မစ္စတာအက်ဇစ်ရဲ့ နောက်ဆုံးမှတ်ဉာဏ်က ဘက်ကလင် တက္ကသိုလ်နား တစ်ဝိုက်မှာ ဆုံးရှုံးသွားတာ... မစ္စတာအက်ဇစ်သာ ငါ့နေရာဝင်ယူပြီး မီးခိုးခေါင်းတိုင်နီအိမ်ကို ရှာနိုင်ရင် ဘယ်လောက် ကောင်းလိုက်မလဲ...’
ကလိုင်းဟာ လေးလေးနက်နက် ခေါင်းညိတ်လိုက်ပါတယ်။
“ကျွန်တော် ဒီကိစ္စကို သေချာ အာရုံစိုက်လိုက်မယ်... ပစ်မှတ် လှုပ်ရှားလို့ သဲလွန်စ ကျန်တာနဲ့ ကျွန်တော် မစ္စတာအက်ဇစ်ကို ချက်ချင်း သတင်းပေးမယ်”
“အင်း... မစ္စတာအက်ဇစ်... ကျွန်တော် မစ္စတာအက်ဇစ်ကို အချိန်မီ ဘယ်လို သတင်းပေးရမှာလဲ”
ကလိုင်းဟာ မစ္စတာအက်ဇစ်က သေခြင်းရဲ့ မျိုးဆက် ဒါမှမဟုတ် သေခြင်းနဲ့ တစ်နည်းနည်း ဆက်စပ်နေရင် သူ့စွမ်းအားက အလောင်းကောက်သမား ဆုံမှတ်နဲ့ ဆင်တူလိမ့်မယ်လို့ တွေးမိပါတယ်။ အဲဒါဆို ဒေလီလိုမျိုး တမန်ခေါ်နိုင်မှာ သေချာပါတယ်။
တခြားစကားနဲ့ ပြောရရင် မစ္စတာအက်ဇစ်က သေခြင်းနဲ့ ဆက်စပ်နေလား ဒါမှမဟုတ် သေခြင်းရဲ့ မျိုးဆက်လားဆိုတာကို ဒီဟာက အတည်ပြုပေးမှာပါ။
အက်ဇစ်ဟာ ဆေးပြင်းလိပ်ကို တစ်ချက်ဖွာပြီး စက္ကန့်နှစ်ဆယ်လောက် တွေးလိုက်ပါတယ်။ အဲဒီနောက် သူဟာ ဘယ်ဘက်အင်္ကျီလက်စထဲက ပစ္စည်းတစ်ခုကို ထုတ်ယူလိုက်ပါတယ်။
ဒီပစ္စည်းက အနုစိတ်ပြီး ဟောင်းနွမ်းနေတဲ့ ကြေးခရာပါ။ ဒီကြေးခရာမှာ တစ်မူထူးခြားတဲ့ ပုံစံကွက်တွေနဲ့ လျှို့ဝှက် ဆန်းကြယ်တဲ့ ရောင်ဝါတွေ ရှိနေပါတယ်။
“ဒါက ငါ ဘက်ကလင်မှာ နိုးလာတော့ ငါနဲ့ ရှိနေတဲ့ပစ္စည်းပဲ... မင်း ဒီခရာကို မှုတ်လိုက်ရင် ငါပိုင်တဲ့ တမန်ကို ဆင့်ခေါ်နိုင်လိမ့်မယ်” အက်ဇစ်ဟာ ကြေးခရာကို ကိုင်ပြီး အသေးစိတ် ရှင်းပြပါတယ်။
‘ဒီလောက် နှစ်တွေ ကြာတာတောင် ဒီကြေးခရာက သုံးလို့ရသေးတာလား... ဒါက ဆန်းကြယ်ပစ္စည်း ဖြစ်လောက်တယ်’
ကလိုင်းဟာ မစ္စတာအက်ဇစ်က သေခြင်းနဲ့ ဆက်စပ်နေတယ်ဆိုတာ သွယ်ဝိုက်ပြီး အတည်ပြုလိုက်နိုင်တဲ့အတွက် ဝမ်းသာသွားသလို အံ့အားလည်း သင့်သွားပါတယ်။
အက်ဇစ်ဟာ ကလိုင်းကို တစ်ချက်ကြည့်ပြီး ကြေးခရာကို ပါးစပ်နားတေ့ကာ စမ်းသပ်ပြပါတယ်။ သူဟာ ပါးဖောင်းပြီး ကြေးခရာကို အားကုန် မှုတ်လိုက်ပါတယ်။
ဘာအသံမှ မကြားရပေမဲ့ ကလိုင်းဟာ ရုတ်တရက်ဆိုသလို မှောင်မိုက်ပြီး အေးစက်လာတာကို ခံစားမိလိုက်ပါတယ်။ အဲဒါကြောင့် ဘယ်အံသွား နှစ်ချက် ကိုက်ပြီး စိတ်ဝိညာဉ်အာရုံ ဖွင့်ကြည့်လိုက်တဲ့အခါ ဝိုးတိုးဝါးတား အရိုးဖြူတွေဟာ ကြမ်းပြင်အောက်ကနေ ရေပန်းလိုမျိုး အပေါ်ကို ထိုးတက်လာတာ တွေ့လိုက်ပါတယ်။
လေးငါးစက္ကန့် ကြာတဲ့အခါ ဧည့်ခန်းထဲမှာ ပုံရိပ်ယောင် မွန်းစတား တစ်ကောင် ပေါ်လာပါတယ်။
ဒီမွန်းစတားရဲ့ ခန္ဓာကိုယ်က အရိုးဖြူတွေနဲ့ လုပ်ထားပြီး မျက်လုံးပေါက်နေရာမှာ အနက်ရောင် မီးလျှံ တောက်လောင်နေပါတယ်။ သူဟာ လေးမီတာကျော် ရှည်လျားတဲ့အတွက် ၁၇၅ စင်တီမီတာပဲရှိတဲ့ ကလိုင်းကို အသာလေး မိုးနေပါတယ်။
မျက်နှာကြက်ကို ထိုးထွက်လုနီးနီး မွန်းစတားရဲ့ ခေါင်းကို ကြည့်ပြီး ကလိုင်းဟာ အတွေးတစ်ခု ရုတ်တရက် ဝင်လာပါတယ်။
‘မစ္စတာအက်ဇစ်... ခင်ဗျားရဲ့ တမန်က... နည်းနည်းလေး... မကြီးကျယ်လွန်းဘူးလား...’
အက်ဇစ်ဟာ သူ့လိုမျိုး အတွေးရှိဟန် မတူပါဘူး။
“မင်း သူ့ကို စာပေးပြီးတာနဲ့ ကြေးခရာ ထပ်မှုတ်ပြီး ဆင့်ခေါ်တာကို အဆုံးသတ်လို့ရတယ်... အဲဒါဆို သူက စာကို ငါ့ဆီ မြန်မြန်ရောက်အောင် တိတ်တိတ်လေး ပို့ပေးလိမ့်မယ်”
အဲဒီနောက် အက်ဇစ်ဟာ ဟောင်းနွမ်းနေတဲ့ ကြေးခရာကို သူ့ဆီ ပစ်ပေးပါတယ်။ ကလိုင်းဟာ လက်ဆန့်ပြီး အမိဖမ်းလိုက်ပါတယ်။ အဲဒီအခါမှာ ကြေးခရာက အေးစက်ပေမဲ့ ချောမွေ့တာကို ခံစားမိလိုက်ပါတယ်။
‘လူရွှင်ဆေးရည်ရေ ကျေးဇူးပဲ...’ သူဟာ သက်ပြင်းချလိုက်ပြီး ကြေးခရာကို ပွတ်သပ်ကာ အားနဲ့ မှုတ်လိုက်ပါတယ်။
တိတ်တိတ်ဆိတ်ဆိတ်ပဲ ဧရာမစာပို့တမန်ဟာ ပြိုကျပြီး ဝိုးတိုးဝါးတား အရိုးဖြူတွေအဖြစ် ပြောင်းလဲကာ မြေအောက် နှစ်ဝင်သွားပါတယ်။
...
ထာ့ဆစ်မြစ်က ဘက်ကလင်ကို ဖြတ်သန်း စီးဆင်းတဲ့အတွက် ဒီပတ်လည်မှာ ဆိပ်ကမ်းတွေ ပြန့်ကျဲ တည်ရှိနေပါတယ်။
မုန်တိုင်း ဘုရားကျောင်းရဲ့ ဘုန်းတော်ကြီး ဝတ်ရုံရှည်နဲ့ အယ်ဂျာဟာ ခရီးသည်တင် သင်္ဘောကနေ တစ်လှမ်းချင်း ဆင်းလာပါတယ်။
သူဟာ ဆိပ်ကမ်းပတ်လည်မှာ လူမျိုးစုံ ပျားပန်းခတ်မျှ လှုပ်ရှား သွားလာနေပြီး ကုန်ထမ်းသမားတွေ နေရောင်ခြည်အောက်မှာ ချွေးတစ်ပြိုက်ပြိုက်ကျအောင် အလုပ်လုပ်နေတာကို မြင်လိုက်ရပါတယ်။
“ဘက်ကလင်ကို မရောက်ဖြစ်တာတောင် တော်တော် ကြာသွားပြီ” အယ်ဂျာဟာ တစ်ကိုယ်တည်း ရေရွတ်လိုက်ပါတယ်။
မြန်မာပြည် ငြိမ်းချမ်းပါစေ။