ဇောက်ထိုး ဂူဗိမာန်
Vol. 17 Ch. 161
မို့စ်မြို့က အဆောက်အဦး အများစုဟာ လွန်ခဲ့တဲ့ နှစ်တစ်ရာက ခေတ်စားခဲ့တဲ့ ဗိသုကာလက်ရာပါ။ အထင်ရှားဆုံးကတော့ အနက်ရောင် ဘုရားရှိခိုးကျောင်းရဲ့ မိုးပေါ်ကို ထိုးထွက်နေတဲ့ ပြသာဒ်ပါ။
မြင်းလှည်းကို သင့်တော်ရာမှာ ထားပြီးနောက် ကလိုင်းတို့ဟာ နေ့လည်စာ မြန်မြန်စားပါတယ်။ သူတို့ရဲ့ နေ့လည်စာက ပေါင်မုန့်၊ ပေါင်မုန့်ကင်၊ ဝက်ဆားနယ်ခြောက်၊ ထောပတ်နဲ့ ကော်ဖီပါ။
“ငါတို့တွေ ချိပ်ပိတ်လက်နက် ၃-၀၇၈၂ ရဲ့ သန့်စင်မှုကို ၂ နာရီခွဲလောက် ခံနိုင်သေးတယ်” ကင်လီဟာ ဘုရားကျောင်း တံခါးဝမှာ မတ်တတ်ရပ်ပြီး အိတ်ဆောင်နာရီ ထုတ်ကြည့်ကာ ပြောပါတယ်။
“အခြေအနေ ပိုပြီးတော့ ဆိုးရွားမသွားအောင် သရဲခြောက်တယ်လို့ သံသယရှိထားတဲ့ ကိစ္စတွေကို ပထမဆုံး ဖြေရှင်းသင့်တယ်လို့ ငါ ထင်တယ်... ပြီးတော့မှ ငါတို့တွေ ဘုရားကျောင်းကို ပြန်လာပြီး ချိပ်ပိတ်လက်နက်ကို အလှည့်ကျ စောင့်ရင်း အနားယူကြတာပေါ့”
ပုံမှန် အခြေအနေမှာ ဆုံမှတ် ၉၊ ၈၊ ၇ သာလွန်သူတွေက အကောင်းပကတိ ပြန်ဖြစ်ဖို့ဆိုရင် မျိုးပြောင်းနေမင်း တံဆိပ်တော်မြတ်နဲ့ ၂ နာရီ အဝေးမှာနေပြီး အနားယူရပါတယ်။ အချိန်မရှိဘူးဆိုရင်လည်း နာလန်ပြန်ထအောင် အနည်းဆုံး တစ်နာရီ အနားယူလို့ ရပါတယ်။
“ရတယ်”
“သဘောတူတယ်”
ကင်လီနဲ့ လန်နာ့ဒ်ဟာ တစ်ပြိုင်တည်း ပြောပါတယ်။
“အဲဒါဆို ငါတို့တွေ ဘယ်ကိစ္စကို အရင်ဆုံး ရှင်းမလဲ” ကင်လီက မေးပါတယ်။
လန်နာ့ဒ်ဟာ ပေါ့ပြက်ပြက် မျက်နှာထားကို ဘေးဖယ်ပြီး...။
“အိမ်ထဲမှာ ခြေသံတွေကြားရတဲ့ တစ်ယောက်တည်းနေတဲ့ အဘိုးအိုကိစ္စကို အရင်ရှင်းရအောင်”
“ဘာဖြစ်လို့လဲ” ကင်လီဟာ ဓာတ်ခံအရ မေးလိုက်ပါတယ်။
ကလိုင်းကလည်း လန်နာ့ဒ်ရဲ့ ရှင်းပြချက်ကို ကြားချင်သွားပါတယ်။
‘ဒါက ကဗျာဆရာ တစ်ယောက်ရဲ့ အလိုလို သိစိတ်လား...’ သူဟာ စိတ်ထဲမှာ လန်နာ့ဒ်ကို လှောင်လိုက်ပါတယ်။
လန်နာ့ဒ်ဟာ ကင်လီကို ကြည့်နေရာကနေ ကလိုင်းကို ကြည့်လိုက်ပါတယ်။ အဲဒီနောက် ကင်လီကို ပြန်ကြည့်ပြီး ပြုံးလိုက်ပါတယ်။
“ဘာဖြစ်လို့လဲဆိုတော့ ဘုရားကျောင်းနဲ့ အနီးဆုံးမလို့”
“မင်းက အဲဒါကို ဘယ်လိုလုပ်ပြီး သိတာလဲ... မှတ်တမ်းထဲမှာ အဲဒါ ရေးမထားပါဘူး...” ကလိုင်းက မေးပါတယ်။
လန်နာ့ဒ်ဟာ ကျိတ်ရယ်ပါတယ်။
“ခုနကတုန်းက ငါ သန့်စင်ခန်း သွားတယ်လေ... သန့်စင်ခန်းက အပြန်မှာ ဘုန်းတော်ကြီးလောင်း တစ်ပါးနဲ့ တွေ့လို့ စကားပြောဖြစ်ခဲ့တယ်... နောဧအိမ်က ဘုရားကျောင်းနဲ့ နီးတယ်လို့ သူ ပြောတာ... အင်း... အဲဒီအဘိုးအိုရဲ့ နာမည်က နောဧပဲ”
‘တာဝန်ထမ်းဆောင်တဲ့ နေရာမှာ အတွေ့အကြုံရှိတဲ့ ညသိမ်းငှက်လို့ မပြောရဘူး... နာမည်နဲ့ ထိုက်တန်ပါပေတယ်...’ ကလိုင်းဟာ ခြောက်ခြောက်ကပ်ကပ် ရယ်ပြီး ကင်လီကို လှည့်ကြည့်ကာ...။
“အဲဒါဆို နောဧရဲ့ အိမ်ကို အရင်ဆုံး သွားကြတာပေါ့”
“အင်း...” ကင်လီကလည်း သဘောတူပါတယ်။
မိနစ် အနည်းငယ် အကြာမှာတော့ သူတို့တွေဟာ နောဧရဲ့အိမ်ကို ရောက်သွားပါတယ်။
နောဧက ဆံပင်ပါးပြီး တစ်ခေါင်းလုံး ဖြူဖွေးနေတဲ့ အဘိုးအိုပါ။ သူ ငယ်ငယ်တုန်းက စစ်ပွဲမှာ ညာလက်ကို စွန့်လွှတ်ခဲ့ရတဲ့အတွက် ရွေးချယ်စရာ မရှိဘဲ စစ်တပ်ထဲကနေ ထွက်ခဲ့ရပါတယ်။ အဲဒီနောက် သူဟာ လျော်ကြေးယူပြီး မွေးရပ်မြေကို ပြန်လာခဲ့ပါတယ်။
အဲဒီအချိန်မှာ သူဟာ တံခါးဖွင့်ပြီး သူ့ရှေ့က သူစိမ်းသုံးယောက်ကို ကြည့်နေပါတယ်။ ပြီးတော့မှ ဘုရားရှိခိုးကျောင်းကနေ မပြေးရုံတမယ် လာနေတဲ့ စီးယိုအာဆီ အကြည့်ရောက်သွားပါတယ်။ အဲဒီနောက် သူဟာ အက်ကွဲတဲ့ လေသံနဲ့...။
“အထဲဝင်ကြပါ... အဘိုးရဲ့ ပြဿနာကို ဖြေရှင်းပေးနိုင်ဖို့ မျှော်လင့်ပါတယ်... ဒီက လူကြီးမင်းတို့က သိဒ္ဓိဝင်ရေစင်၊ တံဆိပ်တော်မြတ်၊ ငွေဓားမြှောင်နဲ့ ကြက်သွန်ဖြူတွေ ယူလာတယ်လို့ ကြားတယ်... အဲဒါတွေသာပါရင် စိတ်ချရပြီ... အဘိုး စကားများတာကို စိတ်မရှိပါနဲ့... နှစ်ညလုံး ကောင်းကောင်း မအိပ်ရသေးတဲ့ အဘိုးရဲ့ အခြေအနေကို နားလည်ပေးကြပါ... အို အရှင်မ... အဘိုးက တစ်ချိန်လုံး ကြောက်လန့်ပြီး ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်နေတာ”
လန်နာ့ဒ်ဟာ အိမ်ထဲကို ရောက်တဲ့အခါ ခါးဆန့်ပြီး ပတ်ဝန်းကျင်ကို မျက်စိဒေါက်ထောက် လိုက်ကြည့်ပါတယ်။
အဲဒီနောက် ကလိုင်းဟာ အခန်းထဲမှာ အေးစက်တဲ့ အငွေ့အသက်ကို ခံစားလိုက်ရပါတယ်။ ဒါက သရဲတစ်ကောင် ချန်ထားခဲ့တဲ့ အငွေ့အသက်ပါ။
“ဒီနေရာမှာ တကယ်ကို မသန့်စင်တဲ့ တည်ရှိမှု ရှိတယ်” နောက်ဆုံးမှ သတိထားမိတဲ့ ကင်လီဟာ ခပ်တိုးတိုး ပြောပါတယ်။
“အားတော်တော် နည်းတယ်” လန်နာ့ဒ်ဟာ အကြည့်ကို ပြန်ရုပ်သိမ်းပြီး လေသံအေးနဲ့ ပြောပါတယ်။
သန်းခေါင်ယံ ကဗျာဆရာက ဘုရားကျောင်း မှတ်တမ်းတင်ထားတဲ့ တခြားဆုံမှတ် ၈ တွေနဲ့ ယှဉ်ရင် စိတ်ဝိညာဉ် ခံစားမှု အပိုင်းမှာ ပိုပြီးတော့ စူးရှပါတယ်။
“ဟုတ်တယ်” ကလိုင်းဟာ ချိပ်ပိတ်လက်နက် ၃-၀၇၈၂ ရဲ့ နွေးထွေးသန့်စင်တဲ့ စွမ်းအားက အခန်းထဲမှာရှိတဲ့ အေးစက်တဲ့ အငွေ့အသက်ကို အခက်အခဲမရှိ သန့်စင်နေတာကို ခံစားနိုင်ပါတယ်။
အဲဒီအချိန်မှာ မြို့သူမြို့သားတွေဟာ နောဧရဲ့ အိမ်မှာ စုဝေးပြီး ကလိုင်း၊ လန်နာ့ဒ်နဲ့ ကင်လီတို့ကို စိတ်ဝင်တစား ကြည့်နေကြပါတယ်။
“အဟွတ်...” လန်နာ့ဒ်ဟာ လည်ချောင်းရှင်းလိုက်ပါတယ် “ကျွန်တော်တို့မှာ နတ်ဘုရားမရဲ့ ကောင်းချီးပေးမှု ရှိတယ်... အဲဒါကြောင့် ဒီမသန့်စင်တဲ့ တည်ရှိမှုတွေ အကုန်လုံး လွှင့်စဉ်ပပျောက်သွားလိမ့်မယ်... ကျွန်တော်တို့ကို ထပ်ပြီးတော့ ဒုက္ခပေးနိုင်မှာ မဟုတ်ဘူး”
အဲဒီနောက် သူဟာ ကလိုင်းကို တစ်ချက် ကြည့်ပါတယ်။ ဒီအကြည့်က လူတိုင်းယုံကြည်အောင် ကလိုင်းကို သန့်စင်တဲ့အစီအရင် ဟန်ပြ ဆောင်ရွက်ခိုင်းတာပါ။
‘ဘာဖြစ်လို့ ငါလဲ...’ ကလိုင်းဟာ တစ်ချက် ပြန်ကြည့်ပါတယ်။
ဒီလိုဆိုပေမဲ့ သူ့အကြည့်ကို လန်နာ့ဒ် နားလည်လားဆိုတာ ကလိုင်း မသိပါဘူး။ ဒါပေမဲ့ လန်နာ့ဒ်က သူ့အကြည့်ကို ကောင်းကောင်းကြီး နားလည်တာကြောင့် ခပ်တိုးတိုး ပြောပါတယ်။
“မင်းက အစီအရင် ကျွမ်းတယ်လေ”
‘ဟုတ်ပါပြီ... ငါ့ကိုယ်က အကြောရှည်တာပါ’ ကလိုင်းဟာ အဝတ်အစားကို သပ်ရပ်အောင် ပြုပြင်ပြီး သိဒ္ဓိရေစင်၊ တံဆိပ်တော်မြတ်၊ ငွေဓားမြှောင်နဲ့ ကြက်သွန်ဖြူတွေကို လန်နာ့ဒ်ဆီက ယူလိုက်ပါတယ်။
သူဟာ ပထမဆုံး အမှောင်ထု တံဆိပ်တော်မြတ်ကို ရင်ဘက်ရှေ့မှာ ထားလိုက်ပါတယ်။ အဲဒီနောက် ကြက်သွန်ဖြူကို အခွံခွာပြီး အိမ်ထောင့်တွေကို တစ်မွှာချင်းစီ လှမ်းပစ်ပါတယ်။
“ဟမ်... သရဲတွေကို ကြက်သွန်ဖြူနဲ့ ဒီလို မောင်းထုတ်ရတာလား”
“သတင်းစာထဲမှာ ပါတာနဲ့ မတူဘူးနော်”
“ဒါက အလုပ်ဖြစ်ပါ့မလား”
...
မြို့သူမြို့သားတွေဟာ ကလိုင်းလုပ်တာကို ကြည့်ပြီး တစ်ယောက်တစ်ပေါက် ဆွေးနွေးကြပါတယ်။ သူတို့တွေဟာ ဆက်ကပ် ကြည့်နေသလိုမျိုး စိတ်လှုပ်ရှားပြီး စပ်စုချင်နေကြပါတယ်။
‘သုံးစားမရဘူး... ငါက ဟန်ဆောင်နေတာ’ ကလိုင်းဟာ ရုတ်တရက်ဆိုသလို လူပြက်လို့ ခံစားလိုက်ရပါတယ်။ သူဟာ မျက်လုံးမှိတ်ပြီး ငွေဓားမြှောင်နဲ့ သိဒ္ဓိရေစင်ကို ကြမ်းပြင်ပေါ် ပက်ဖြန်းပါတယ်။
အဲဒီနောက် သူဟာ အိမ်အနှံ့ လျှောက်သွားပြီး ရေစင်ကို လျှောက်ပတ်ပါတယ်။ ပါးစပ်ကလည်း တတွတ်တွတ် ရွတ်ဆိုပါတယ်။
“ထာဝရည နတ်ဘုရားမ...”
“လျှို့ဝှက်ချက်တို့ရဲ့ မယ်တော်... ကြက်သွေးရောင် မိန်းမပျို...”
“ကပ်ဘေးနဲ့ ချောက်ချားမှုတို့ရဲ့ ဧကရီ...”
“တိတ်ဆိတ်မှုနဲ့ ငြိမ်သက်အေးချမ်းမှုတို့ရဲ့ သခင်မ...”
...
ဒီဆရာယောင်ယောင် သမားယောင်ယောင် ဟန်ဆောင်တာက ဒီနေရာမှာရှိနေတဲ့ မြို့သူမြို့သားတွေကို အံ့ဩပြီး တိတ်ဆိတ်သွားစေပါတယ်။ သူတို့တွေ တိတ်ဆိတ်သွားတာနဲ့ တစ်ခုခု ထူးခြားနေတာကို သူတို့တွေ စပြီးတော့ သတိထားမိလာပါတယ်။
“နွေးထွေးလိုက်တာ”
“နေပူဆာလှုံနေသလိုပဲ”
“မဟုတ်ဘူး... ကောင်းကင်ပြာကြီးကို ကြည့်နေရသလိုပဲ”
“ထူးခြားလိုက်တာ... ဒါက သိဒ္ဓိရေစင်ရဲ့ အစွမ်းလား”
“သူတော်စင် ဆယ်လီနာ ဘုရားရှိခိုးကျောင်းက လွှတ်လိုက်တဲ့ ဘုန်းတော်ကြီးတွေလို့ မပြောရဘူး”
“အရှင်မကို ချီးကျူးကြလော့”
...
မြို့သူမြို့သားတွေဟာ တိုးတိုး တိုးတိုးနဲ့ ဆွေးနွေးကြပါတယ်။ သူတို့တွေ ကလိုင်း၊ လန်နာ့ဒ်နဲ့ ကင်လီကို ကြည့်တဲ့ အကြည့်တွေဟာ တဖြည်းဖြည်းနဲ့ လေးစားတဲ့ အကြည့်တွေ အဖြစ် ပြောင်းလဲသွားပါတယ်။ နောဧဟာလည်း သိသိသာသာကို စိတ်ချသွားပြီး ပြဿနာ ဖြေရှင်းပြီးသွားပြီ ဆိုတာကို ယုံမှား သံသယ မရှိတော့ပါဘူး။
‘တကယ် အလုပ်လုပ်နေတာက ချိပ်ပိတ်လက်နက် ၃-၀၇၈၂... သရဲတွေကို မောင်းထုတ်ဖို့ ငါတို့တွေ ဘာမှလုပ်စရာ မလိုဘူး... ငါတို့ လုပ်စရာဆိုလို့ ဒီနေရာမှာ လေးငါးမိနစ် နေတာပဲ ရှိတယ်... ပင်လည်း မပင်ပန်းဘူး... ဒုက္ခလည်း မများဘူး...’
ကလိုင်းဟာ အိမ်ရဲ့ နေရာတိုင်းက အေးစက် မှောင်မိုက်တဲ့ အငွေ့အသက်ကို သန့်စင်ပြီးနောက် မျက်လုံးဖွင့်ကာ ငွေဓားမြှောင်ကို သိမ်းလိုက်ပါတယ်။ အဲဒီနောက် လေးနက်တဲ့ မျက်နှာနဲ့ ရင်ဘက်မှာ ကြက်သွေးရောင်လပုံ တို့ထိပြီး...။
“အရှင်မကို ချီးကျူးကြလော့”
“အရှင်မကို ချီးကျူးကြလော့” မြို့သူမြို့သားတွေဟာလည်း တစ်ပြိုင်တည်း ရွတ်ဆိုကြပါတယ်။
“ကျွန်တော်တို့ လုပ်စရာတွေ ရှိသေးတယ်... ဒါပေမဲ့ လုံးဝ တိတ်ဆိတ်နေဖို့ လိုတယ်” လန်နာ့ဒ်ဟာ ပြုံးပြီး ဘေးဘီကို ကြည့်လိုက်ပါတယ်။
မြို့သူမြို့သားတွေဟာ ဒီလောက် ပရော်ဖက်ရှင်နယ် ဆန်တာကို ကြည့်ပြီးပြီ ဖြစ်တဲ့အတွက် ဆက်မနေတော့ပါဘူး။ ဘုန်းတော်ကြီး စီးယိုအာရဲ့ ဦးဆောင်မှုအောက်မှာ နောဧရဲ့ အိမ်ကနေ ဒီရေကျသလိုမျိုး ထွက်ခွာသွားပါတယ်။ အိမ်ပိုင်ရှင်ဖြစ်တဲ့ နောဧတောင် အိမ်ထဲကနေ ခဏ ထွက်သွားပါတယ်။
“ငါ တကယ်ကို တစ်ရေး အိပ်ချင်နေပြီ” နောဧဟာ ဘုရားရှိခိုးကျောင်းဆီ လျှောက်ရင်း မကျေမချမ်း ပြောပါတယ်။
လန်နာ့ဒ်ဟာ တံခါးဆီ လျှောက်သွားပြီး တံခါးပိတ်ကာ ကလိုင်းကို လှည့်ကြည့်ပါတယ်။
“ဒီကိစ္စရဲ့ အကြောင်းရင်းကို ဗေဒင်တွက်ကြည့်ချည်”
“အင်း...” ကလိုင်းဟာလည်း သူ တွက်ချက်လို့ ရ၊ မရ ဆိုတာကို သိချင်နေပါတယ်။
‘ဒီဟာက မစ္စတာအက်ဇစ်ရဲ့ လက်ချက်ဆိုတာ ငါ သိတယ်... ဒါပေမဲ့ သူက သာမန်လူ မဟုတ်ဘူး... ဟီးဟီး... နှစ်ပေါင်း ၁,၃၀၀ ကျော် အသက်ရှင်နိုင်တဲ့လူက သေချာပေါက် ထူးကဲတဲ့လူပဲ ဖြစ်ရမယ်... အဲဒီတော့ ငါ့တွက်ချက်မှုကို ပြင်ပအားက သေချာပေါက် လွှမ်းမိုးမှာပဲ... ဒီလိုအခြေအနေမှာ မီးခိုးရောင် မြူခိုးထက်က ဆန်းကြယ်လောကရဲ့ အကူအညီမပါဘဲ နိမိတ်ရဖို့ဆိုတာ မသေချာဘူး...’
ကလိုင်းဟာ အမြဲတမ်း ဆောင်ထားလေ့ရှိတဲ့ စာရွက်နဲ့ ဖော့ပင်ထုတ်ပြီး ဗေဒင်တွက်မဲ့ စာကြောင်းကို ချရေးလိုက်ပါတယ်။
“နောဧအိမ်ရဲ့ သရဲခြောက်ခံရတဲ့ အကြောင်းအရင်း”
သူဟာ စာရွက်ကို ကိုင်ပြီး စားပွဲဝိုင်းဆီ လျှောက်သွားပါတယ်။ အဲဒီနောက် ထိုင်ခုံမှာ ထိုင်ပြီး မျက်လုံးမှိတ်ကာ နောက်မီလိုက်ပါတယ်။
ကလိုင်းဟာ ရုတ်တရက်ဆိုသလို ဝေဝါးတဲ့ အိပ်မက်ကမ္ဘာမှာ အနက်ရောင် ဂူဗိမာန်ကို တွေ့လိုက်ရပါတယ်။ ဒီဂူဗိမာန်က ပိရမစ်နဲ့ တူပါတယ်။ ဒါပေမဲ့ ဇောက်ထိုးပုံစံ ဖြစ်ပြီး မြေကြီးထဲမှာ အကုန်လုံးနီးပါး မြှုပ်နှံထားပါတယ်။
ရှေးဟောင်း ဂူဗိမာန်ထဲမှာတော့ မြူခိုးနက်က အကုန်လုံးကို ကာဆီးထားပါတယ်။
ကလိုင်းဟာ ဆတ်ခနဲ နိုးသွားပြီး မျက်လုံးဖွင့်လိုက်ပါတယ်။
“တစ်ခုခု ရလား” ကင်လီက အလေးတထား မေးပါတယ်။
ကလိုင်းဟာ တစ်ခဏတွေးပြီး သူ့အိပ်မက်ထဲမှာ မြင်တွေ့ခဲ့ရတာတွေကို တစ်ခုမှ မဖုံးကွယ်ဘဲ အမှန်အတိုင်း ပြောပြပါတယ်။ ပြီးတဲ့အခါမှာတော့ အခုလို နိဂုံးချုပ်ပါတယ်။
“ဒီဂူဗိမာန်က သေချာပေါက် မြောက်ပိုင်းတိုက်ရဲ့ ဗိသုကာလက်ရာ မဟုတ်ဘူး... ပဥ္စမယုဂ်အတွင်းမှာပေါ့... ကျွန်တော်က ဒီနယ်ပယ်မှာ နည်းနည်း ကျွမ်းတယ်”
လန်နာ့ဒ်ဟာ ခေါင်းညိတ်ပြီး စဉ်းစားသွားပါတယ်။
“အဲဒါ တောင်ပိုင်းတိုက်က ဇောက်ထိုး ပိရမစ်ပဲ... သက်ရှိလောက,ကနေ ငရဲပြည် ဝင်တာကို ရည်ညွှန်းတယ်... အတိတ်က ဘာလမ်အင်ပါယာမှာပဲ ဖြစ်ဖြစ်၊ သူ ဩဇာလွှမ်းမိုးတဲ့ ဟိုက်လန်ပြည်လိုမျိုး နိုင်ငံတွေမှာပဲ ဖြစ်ဖြစ် သေခြင်းရဲ့ မျိုးဆက်တွေပဲ ဒီလိုဂူဗိမာန်မျိုးကို သူတို့အတွက်သူတို့ တည်ဆောက်ကြတာ”
“တစ်နည်းအားဖြင့် ဒါက သေခြင်းရဲ့ သင်္ကေတပဲ”
“အင်း... သရဲတွေက သေချာပေါက် သေခြင်းနဲ့ ပတ်သက်တယ်... အဲဒီတော့ တွက်ချက်မှု ရလဒ်ကို သံသယဝင်စရာ မလိုဘူး”
လန်နာ့ဒ်ရဲ့ သရော်စကားကို ဥပေက္ခာပြုရင်း ကလိုင်းဟာ စိတ်ဝင်စားစရာကောင်းတဲ့ အတွေးတစ်ခုကို ရုတ်တရက် တွေးမိလိုက်ပါတယ်။
‘မစ္စတာအက်ဇစ်က သေခြင်းရဲ့ မျိုးဆက်လား... ဒါမှမဟုတ် ဒီလိုမျိုး အသက်ရှည်ရှည် နေနိုင်အောင် သေခြင်းနဲ့ အပေးအယူ လုပ်ခဲ့တာလား’
‘ထာဝရညရဲ့ ဗျာဒိတ်တော်ကျမ်းထဲက အခန်းတစ်ခန်းနဲ့ ညသိမ်းငှက်တွေရဲ့ လျှို့ဝှက် မှတ်တမ်းတွေအရဆိုရင် သေခြင်းက ကောက်ကျစ်ယုတ်မာတဲ့ နတ်ဘုရားတစ်ပါးပဲ... စတုတ္ထယုဂ်နှောင်းတုန်းက မြောက်ပိုင်းတိုက်မှာ ကပ်ဘေးကြီးတစ်ခု ပေါ်အောင် လုပ်ခဲ့ဖူးတယ်... အဲဒီတုန်းက အချိန်ကို အခု သွေးဆုတ်ခေတ်လို့ ခေါ်ကြတယ်’
‘အင်း... သေခြင်းက နတ်ဘုရား ၇ ပါးရဲ့ ပူပေါင်း တိုက်ခိုက်မှုအောက်မှာ ကျဆုံးသွားတယ်လို့ ပြောတယ်... လမိုဒ်ရဲတိုက် တည်ဆောက်ခဲ့တဲ့ အချိန်ကလည်း သေချာသိရတာ မဟုတ်ဘူး... ဒါပေမဲ့ သွေးဆုတ်ခေတ် မတိုင်ခင်ကတည်းက တည်ဆောက်ခဲ့တာတော့ မဖြစ်နိုင်လောက်ဘူး’
‘ဒီကြားထဲမှာသာ ဆက်သွယ်မှုရှိရင် မီးခိုးခေါင်းတိုင်နီအိမ်မှာ နေပြီး မစ္စတာအက်ဇစ် ကလေးရဲ့ ဦးခေါင်းခွံကို ခိုးသွားတဲ့ နောက်ကွယ်ကလူကို စုံစမ်းဖို့ အချက်အလက် တစ်ခု ရသွားပြီ’
‘ဒီလိုဆိုပေမဲ့ ဒီဟာက တောင်ပိုင်းတိုက်ကို နယ်ချဲ့ချင်လို့ မြောက်ပိုင်းတိုက်က ဆင်ခြေပေးတာလည်း ဖြစ်နိုင်တယ်... တောင်ပိုင်းတိုက်မှာရှိတဲ့ လူအများစုက သေခြင်းကို ကိုးကွယ် ယုံကြည်ကြတာမလား...’
ညသိမ်းငှက် သုံးယောက်ဟာ ဘာမှ ရှာမတွေ့တဲ့အတွက် နောဧရဲ့အိမ်မှာ ကြာကြာ မနေပါဘူး။ မကြာခင်မှာပဲ နောဧရဲ့ အိမ်ကနေ ထွက်ပြီး တခြားသရဲခြောက်ခံရတဲ့ ကိစ္စတွေကို ရှင်းလင်းပါတယ်။
လုပ်ငန်းစဉ်က တူသလို ရလဒ်ကလည်း အတူတူပါပဲ။ သူတို့တွေဟာ မြို့ထဲမှာရှိတဲ့ သေခြင်း စိတ်ဝိညာဉ်တွေရဲ့ ရောင်ဝါတွေကို ခပ်မြန်မြန်ပဲ ရှင်းလင်းနိုင်လိုက်ပါတယ်။ ဒါပေမဲ့ သူတို့တွေဟာ ပြဿနာ ဖြစ်စေတဲ့ အကြောင်းရင်းကိုတော့ ရှာမတွေ့ပါဘူး။
လမ်းတစ်လျှောက် လန်နာ့ဒ်ဟာ မြို့သူမြို့သားတွေကို ဒီရက်ထဲ သူစိမ်းတစ်ယောက်ယောက် မြို့ထဲ ဝင်လာသေးလားလို့ မေးမြန်းပါတယ်။ ဒါပေမဲ့ အဖြေက ဝင်မလာဘူးချည်းပါပဲ။
‘မစ္စတာအက်ဇစ် မလာဘူးလား... မဟုတ်ဘူး... သူ လာပြီး ပြန်ထွက်သွားတာက လျှို့ဝှက်လွန်းလို့ ဘယ်သူမှ သတိထားမိတာ ဖြစ်မယ်... သူက တော်တော်ကို သတိကြီးတာပဲ... သူ ထင်းဂန်ကို ဗုဒ္ဓဟူးနေ့ ပြန်လာမယ် ပြောတာက ငါတို့တွေ လာမရှင်းရင်တောင် ဒီစိတ်ဝိညာဉ်တွေက ဒီနေ့ကုန်ရင် သူ့အလိုလို ပျောက်ကွယ်သွားမယ်လို့ ဆိုလိုတာလား’
ကလိုင်းဟာ စဉ်းစားရင်းနဲ့ မို့စ် ဘုရားရှိခိုးကျောင်းဝကို လန်နာ့ဒ်၊ ကင်လီတို့နဲ့အတူ ပြန်ရောက်သွားပါတယ်။
သူတို့တွေ မျိုးပြောင်း နေမင်း တံဆိပ်တော်မြတ်နဲ့ နေနိုင်တာက နောက်ထပ် တစ်နာရီနဲ့ ၄၅ မိနစ် ကျန်ပါသေးတယ်။
“ငါတို့တွေ ချိပ်ပိတ်လက်နက်ကို တစ်နာရီ အလှည့်ကျ စောင့်ကြမယ်” ကလိုင်းဟာ စိတ်လှုပ်ရှားမှုကို နှိပ်ကွပ်ပြီး ပြောပါတယ်။ အဲဒီနောက် သူဟာ ကောင်းကင်ကို မော့ကြည့်ပြီး...။
“ထင်းဂန်ကို ညနေစာအမီ ပြန်ကြတာပေါ့”
“အင်း...” လန်နာ့ဒ်ဟာ ကလိုင်းကို တစ်ချက်ကြည့်ပြီး ရယ်ပါတယ် “ဒါပေမဲ့ လုံခြုံရေးအတွက် ချိပ်ပိတ်လက်နက်ကို နှစ်ယောက် စောင့်ပြီး တစ်ယောက်ပဲ နားသင့်တယ်လို့ ငါ ထင်တယ်”
ကလိုင်းဟာ တစ်ခဏ ခဲသွားပြီး ခေါင်းပူသွားပါတယ်။ အဲဒီနောက် သူဟာ အပြုံးနဲ့ ပြန်ပြောပါတယ်။
“ရတယ်လေ... ဒါပေမဲ့ ငါတို့တွေ ဒီနည်းလမ်းကို သုံးရင်း အကောင်းဆုံး အလှည့်ကျအောင် တွက်ချက်ဖို့ လိုတယ်... ဘယ်သူက အရင်ဆုံး နားမှာလဲ... ဘယ်သူက ဆက်တိုက် စောင့်မှာလဲ... ဘယ်သူက နောက်ဆုံး စောင့်မှာလဲ... ငါတို့တွေ နာလန်ပြန်ထူဖို့ အချိန်ဘယ်လောက် ကြာမှာလဲ... အဲဒီအချိန်ရဖို့ ဘယ်နှခါ စောင့်ရမှာလဲ... အင်း... ငါတို့တွေ အကောင်းဆုံး နည်းလမ်းကို တွက်ချက်ဖို့ မသိကိန်း ထားပြီး တွက်ချက်သင့်တယ်... ပြီးရင် တစ်ယောက်တည်း စောင့်ကြပ်တာနဲ့ ဘယ်ဟာကို ပိုပြီးတော့ အကျိုးရှိလဲဆိုတာ နှိုင်းယှဉ်သင့်တယ်... ဘယ်ဟာက ပိုပြီးတော့ အလုပ်ဖြစ်လဲဆိုတာပါ နှိုင်းယှဉ်နိုင်ရင် ပိုကောင်းတယ်... အဲဒီတော့ ဒီမသိကိန်းရဲ့ တန်ဖိုးကို...”
“နေဦး...” လန်နာ့ဒ်ရဲ့ မျက်လုံးစိမ်းတွေဟာ လန့်ပြီး ငေးကြောင်ကြောင် ဖြစ်သွားပါတယ်။
“အဲဒီလိုဆို တစ်ယောက်ချင်းပဲ စောင့်ကြမယ်... စောင့်ဖို့ အလှည့်ကျတဲ့လူက တာဝန်ချိန်အတွင်း ဘုရားရှိခိုးကျောင်းထဲမှာ နေရမယ်... ဒီမှာက နေရာ ကျယ်ကျယ်ဝန်းဝန်း ရှိတယ်... ဘုန်းတော်ကြီး စီးယိုအာနဲ့ ကျန်တဲ့လူတွေကိုတော့ တခြားနေရာ ခဏရွှေ့ခိုင်းလိုက်မယ်... တခြားနှစ်ယောက်ကတော့ တစ်ခြားလူတွေ အနားမကပ်နိုင်အောင် ဘုရားကျောင်းအပြင်မှာ စောင့်ရမယ်”
“ငါလည်း ဒီအကြံကို ထောက်ခံတယ်” ကလိုင်းရဲ့ သင်္ချာပုစ္ဆာကို ကြားပြီး ခေါင်းကိုက်ချင်သလိုလို ဖြစ်သွားတဲ့ ကင်လီက ပြောပါတယ်။
“ကောင်းပြီလေ” ကလိုင်းဟာ ဘာမှမတတ်နိုင်တဲ့ မျက်နှာမျိုးနဲ့ ခေါင်းညိတ်ပါတယ်။
ကလိုင်းဟာ သူ့လုပ်ဖော်ကိုင်ဖက် နှစ်ယောက်ကို မဖျောင်းဖျနိုင်ခဲ့ရင် လန်နာ့ဒ်နဲ့ လျှို့ဝှက် အပေးအယူလုပ်ပြီး လန်နာ့ဒ် ထွက်သွားအောင် လုပ်ရမှာပါ။ ဒါပေမဲ့ အခုတော့ ဒီပြဿနာက ပြေလည်သွားပါပြီ။
မြန်မာပြည် ငြိမ်းချမ်းပါစေ။