အားကောင်းတဲ့ နေရောင်ခြည်
Vol. 17 Ch. 162
အမြင့်မှာရှိတဲ့ ပြတင်းပေါက်လေးတွေကနေ တိုးဝင်လာတဲ့ အလင်းရောင် နည်းနည်းကြောင့် မို့စ်ဘုရားရှိခိုးကျောင်းရဲ့ အတွင်းပိုင်းဟာ နည်းနည်းတော့ ထင်သာမြင်သာ ရှိပါတယ်။
ကလိုင်းဟာ သက္ကလပ်ဦးထုပ်ကို ဒူးပေါ်တင်ပြီး လက်ကိုင်တုတ်ကိုတော့ ခြေထောက်မှာ မှီထားပါတယ်။ သူဟာ ဘယ်ဘက်ခြမ်းရဲ့ ပထမဆုံးတန်းမှာထိုင်ပြီး ယဇ်ခုံကို ကြည့်နေပါတယ်။
အဲဒီမှာ အလွန်ကြီးမားတဲ့ အမှောင်ထု တံဆိပ်တော်မြတ်ကလွဲလို့ နတ်ဘုရားမရဲ့ ရုပ်တုတောင် မရှိပါဘူး။ ဒီတံဆိပ်တော်က မည်းနက်ပြီး တောက်ပတဲ့ အလင်းရောင်တွေ ဝန်းရံထားတဲ့ ကြက်သွေးရောင်လခြမ်းပါ။
တံဆိပ်တော်မြတ်နောက်က နံရံမှာတော့ အပြင်ဘက်ကနေ နေရောင်ခြည် ဝင်နိုင်အောင် ဖောက်ထားတဲ့ အပေါက်တချို့ ရှိပါတယ်။ အပေါက်လေးတွေက ကျဉ်းမြောင်းတဲ့အတွက် ဒီကနေ ထွက်လာတဲ့ အလင်းရောင်ဟာ ကြည်လင်သန့်စင်ပြီး သေးသွယ်လှပါတယ်။ ဒီအလင်းရောင်နဲ့ မှောင်မိုက်တဲ့ ပတ်ဝန်းကျင်ကို ပေါင်းစပ်လိုက်တဲ့အခါ ကြယ်တာရာ ကောင်းကောင်ပြင်လိုမျိုး မြင်ကွင်း ဖြစ်သွားပါတယ်။
‘ဘယ်ရိုးရာနတ်ဘုရားမှ သူတို့ရဲ့ တကယ်ပုံရိပ်ကို ချန်မထားခဲ့ဘူး... သူတို့ရဲ့ သင်္ကေတတွေကိုပဲ လူတွေက ရှိခိုး ချီးကျူးကြတာ... ဒါက ဩဇာအာဏာရဲ့ သရုပ်သကန်လိုမျိုးပဲ... နတ်ဘုရားကို တိုက်ရိုက်မကြည့်နဲ့...’
ကလိုင်းဟာ ဟိုဟိုဒီဒီ လျှောက်တွေးနေမိပါတယ်။ သူဟာ ချိပ်ပိတ်လက်နက် ၃-၀၇၈၂ နဲ့ တစ်ယောက်တည်း ရှိနေပေမဲ့ နေမီးတောက် အဆောင်ကို စီရင်ဖို့ အလျင်မလိုပါဘူး။
သူဟာ စိတ်ရှည်ရှည်နဲ့ သတိကြီးကြီးထားပြီး စောင့်ဆိုင်းဖို့ လိုတယ်လို့ ခံစားရပါတယ်။ ပထမ ၁၅ မိနစ်အတွင်းမှာ သူ ဂရုစိုက်ဖို့ လိုတာတွေကို ပြောဖို့ လန်နာ့ဒ်နဲ့ ကင်လီက အချိန်မရွေး ဝင်လာနိုင်ခြေ ရှိပါတယ်။
အလွန်တရာ တိတ်ဆိတ်လွန်းတဲ့ ဒီပတ်ဝန်းကျင်မှာ အချိန်ဟာ လျင်လျင်မြန်မြန် ကုန်ဆုံးသွားပါတယ်။ ကလိုင်းဟာ ဆတ်ခနဲ သတိပြန်ဝင်လာပြီး အိတ်ဆောင်နာရီ ထုတ်ကာ တစ်ချက် ကြည့်လိုက်ပါတယ်။
“မိနစ် ၂၀ ကုန်သွားပြီ...” သူဟာ တစ်ကိုယ်တည်း ရေရွတ်ရင်း သက္ကလပ်ဦးထုပ်နဲ့ လက်ကိုင်တုတ်ကို ဘေးချလိုက်ပါတယ်။ အဲဒီနောက် မတ်တတ်ရပ်ပြီး ယဇ်ခုံနားက ကွယ်ဝှက်တဲ့ ထောင့်တစ်နေရာဆီ လျှောက်သွားပါတယ်။
ပထမတော့ သူဟာ ယဇ်ခုံရဲ့ ဘေးဘက်ကို မျက်နှာမူနေတဲ့အတွက် ကြီးမားတဲ့ အမှောင်ထု တံဆိပ်တော်မြတ်နဲ့ ညကောင်းကင်ယံရဲ့ မြင်ကွင်းလိုမျိုး မြင်ကွင်းကို ထပ်ပြီးတော့ မြင်နေရပါသေးတယ်။ ဒါပေမဲ့ သူဟာ အပြစ်ရှိသလိုမျိုး ခံစားရပြီး မသက်မသာ ဖြစ်လာတဲ့အတွက် ယဇ်ခုံကို ကျောပေးလိုက်ပါတယ်။
အဲဒီနောက် သူဟာ ထက်စီဒို အတွင်းအိတ်ကပ်ထဲကနေ ချိပ်ပိတ်လက်နက် ၃-၀၇၈၂ ကို ထုတ်လိုက်ပါတယ်။ အဲဒီနောက် ခါးကုန်းပြီး ရွှေရောင်တံဆိပ်ကို ကြမ်းပြင်ပေါ် ချလိုက်ပါတယ်။
ကလိုင်းဟာ အယူအဆ အဓိပ္ပာယ်တွေ ပြည့်နှက်နေတဲ့ နေမင်း သင်္ကေတကို တစ်ချက်ကြည့်ပြီးနောက် စန္ဒကူးရနံ့ ဖယောင်းတိုင်လေး တစ်တိုင်ကို ထုတ်ကာ ချိပ်ပိတ်လက်နက် ၃-၀၇၈၂ ရဲ့ ညာဘက် အောက်ခြေမှာ ထားလိုက်ပါတယ်။
ဒါက သူ အနှိုင်းမဲ့တောက်ပတဲ့ နေမင်းဆီကနေ သိခဲ့ရတဲ့ ဒွိအစီအရင်ပါ။ သူဟာ နတ်ဘုရားကို ကိုယ်စားပြုဖို့ နတ်ဘုရားနဲ့ နီးနီးကပ်ကပ်ရှိတဲ့ ပစ္စည်းကို သုံးပြီး သူ့ကိုယ်သူ ကိုယ်စားပြုဖို့ ဖယောင်းတိုင်ကို သုံးပါတယ်။
သူဟာ အသက်အရှည်ကြီး ရှူပြီး တင်းကျပ်နေတဲ့ ခံစားချက်တွေကို ဖြေလျှော့ပါတယ်။ အဲဒီနောက် အစီအရင်အတွက် လိုအပ်တဲ့ ပစ္စည်းတွေကို တစ်ခုပြီး တစ်ခု ထုတ်ယူလိုက်ပါတယ်။ ဒီထဲမှာ ပန်းပုဓား၊ ပါးလွှာတဲ့ ရွှေချပ်နှစ်ချပ်၊ အစွန်းနက် အစွန်းဖြူနဲ့ ရွှေရောင်အစွန်းရှိတဲ့ နေကြာပန်းတွေကနေ ညှစ်ထုတ်ထားတဲ့ အဆီ၊ ရွှေရောင်နတ်ဘုရားလက် ပေါင်ဒါမှုန့်၊ ရို့စ်မယ်ရီ ပေါင်ဒါမှုန်၊ အစရှိတဲ့ ပစ္စည်းတွေ ပါဝင်ပါတယ်။
အဲဒီနောက် သူဟာ ငွေဓားမြှောင် သုံးပြီး စိတ်ဝိညာဉ်စွမ်းအား စီးဆင်းမှုကို ရိုးရှင်းတဲ့ ယဇ်ခုံပတ်လည်မှာ စီးဆင်းအောင် လမ်းညွှန်ကာ သဏ္ဌာန်မဲ့ ချိပ်ပိတ် တံတိုင်းကို ဖန်တီးပါတယ်။ ပြီးတဲ့အခါမှာတော့ ဆောင်ကြောင့်ထိုင်ပြီး ငွေဓားမြှောင်ကို အောက်ချလိုက်ပါတယ်။ အဲဒီနောက် ညာလက်ဆန့်ပြီး ဖယောင်းတိုင် မီးစာကို စိတ်ဝိညာဉ်စွမ်းအားနဲ့ ပွတ်ကာ မီးညှိပါတယ်။
မှိတ်တုတ်မှိတ်တုတ် အလင်းရောင်အောက်မှာ ကလိုင်းဟာ နေကြာဆီကို ကောက်ယူပြီး မီးတောက်ထဲ တစ်စက် ချလိုက်ပါတယ်။ ရှဲခနဲ မြည်သွားပြီး နေရောင် အငွေ့အသက်ရှိတဲ့ အခိုးအငွေ့တွေ ထွက်ပေါ်လာပါတယ်။
နတ်ဘုရားလက်နဲ့ ရို့စ်မယ်ရီ ပေါင်ဒါမှုန့်တွေကို မီးရှို့ပြီးနောက် ကလိုင်းဟာ ပန်းပုဓားနဲ့ ရွှေချပ်တွေကို ကိုင်လိုက်ပါတယ်။ အဲဒီနောက် သူဟာ မတ်တတ်ရပ်ပြီး ခြေတစ်လှမ်း နောက်ဆုတ်ကာ ဟာမီးနဲ့ ရွတ်ဆိုပါတယ်။
“အနှိုင်းမဲ့တောက်ပတဲ့ နေမင်းရဲ့ သွေး”
“သင်ဟာ မငြှိမ်းသတ်နိုင်တဲ့ အလင်းရောင်ပါ... စနစ်ရဲ့ ပြယုဂ်ပါ... စာချုပ် နတ်ဘုရားပါ... စီးပွားရေးရဲ့ အစောင့်အရှောက်ပါ”
...
မငြှိမ်းသတ်နိုင်တဲ့ အလင်းရောင်၊ စနစ်ရဲ့ ပြယုဂ်၊ စာချုပ်နတ်ဘုရားနဲ့ စီးပွားရေး အစောင့်အရှောက် စတဲ့ နာမည်တွေက အနှိုင်းမဲ့တောက်ပတဲ့ နေမင်းရဲ့ ဘွဲ့တော်တွေပါ။ ရှေ့မှာသာ အနှိုင်းမဲ့တောက်ပတဲ့ နေမင်းရဲ့ သွေးဆိုတာကို ခံမထားရင် အစီအရင် ဆက်လုပ်ဖို့ နတ်ဘုရားရဲ့ တုံ့ပြန်မှုကို လိုအပ်ပါတယ်။
အဲဒီလိုသာဆိုရင် အနှိုင်းမဲ့တောက်ပတဲ့ နေမင်းက သူ့ကို စော်ကားတဲ့လူဆိုတာ သိပြီး သူ့ကို တိုက်ရိုက်ကြည့်မှာ သေချာပါတယ်။ အဲဒါဆို လန်နာ့ဒ်နဲ့ ကင်လီ ဘုရားကျောင်းထဲ ဝင်လာတဲ့အခါ သူ့ကို မတွေ့ဘဲ ပြာပုံကိုပဲ တွေ့ရမှာပါ။
ကလိုင်းဟာ ဒီအစီအရင်ကို သဘာဝကနေ မြစ်ဖျားခံလာတဲ့ ရှေးဟောင်း ဟာမီးဘာသာစကားနဲ့ ဆောင်ရွက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီလိုဘာသာစကားကပဲ သူ ရွတ်ဆိုတဲ့ မန္တန်ကို အနှိုင်းမဲ့တောက်ပတဲ့ နေမင်းဆီ ရောက်မသွားစေဘဲ မျိုးပြောင်း နေမင်း တံဆိပ်တော်မြတ်ဆီ ဦးတည်စေမှာမလို့ပါပဲ။
နတ်ဘုရားဆီကနေ စွမ်းအား ခိုးယူတဲ့ ကိစ္စမှာ အောင်မြင်မလားဆိုတာ ကြိုတင် တွက်ချက်လို့ မရပါဘူး။ ဒီလိုတွက်ချက်တာက နတ်ဘုရားကို တိုက်ရိုက် ရင်ဆိုင်တာနဲ့ ဘာမှ မထူးပါဘူး။ အဲဒါကြောင့် ကလိုင်းဟာ ကျန်တဲ့ မန္တန်ကို ရင်လေးလေးနဲ့ပဲ ဆက်ရွတ်ဆိုပါတယ်။
“ကျွန်ုပ် ဆုတောင်းပါတယ်”
“ကျွန်ုပ်ကို ခွန်အား ပေးသနားတော်မူပါ”
“နေမီးတောက်အဆောင်ကို စီရင်ဖို့ အင်အား ပေးသနားတော်မူပါ”
“အနှိုင်းမဲ့တောက်ပတဲ့ နေမင်းရဲ့သွေး... သင့်စွမ်းအားကို ကျွန်ုပ်ရဲ့ အဆောင်ထဲ လွှဲပြောင်းပေးတော်မူပါ...”
“အို နတ်ဘုရားလက်... နေမင်းက ပိုင်ဆိုင်တဲ့ ဆေးပင်... သင့်စွမ်းအားကို ကျွန်ုပ်ရဲ့ အဆောင်ထဲ ပေးသနားတော်မူပါ...”
...
မန္တန်ရွတ်လို့ ဆုံးခါနီးတယ် ဆိုရင်ပဲ သူ့ရှေ့မှာ တစ်ခုခု တောက်ပလာတာကို ကလိုင်းဟာ ရုတ်တရက် ခံစားမိလိုက်ပါတယ်။ ရိုးရှင်းတဲ့ ရွှေတံဆိပ်ကနေ နေမင်းကြီး ဆင်းသက်လာသလိုမျိုး အားကောင်းတဲ့ အလင်းရောင်တွေ ဖြာထွက်လာပါတယ်။
ကလိုင်းဟာ အားကောင်းလွန်းတဲ့ အပူဓာတ်က သူ့တစ်ကိုယ်လုံးကို လွှမ်းခြုံသွားတယ်ဆိုတာ ရုတ်တရက် ခံစားမိလိုက်ပါတယ်။ သူ့ဆံပင်တွေဟာ အလျင်အမြန် ပူလာပြီး မီးထတောက်လုနီး အခြေအနေကို ရောက်သွားပါတယ်။
သူဟာ နေမွန်းတည့်ချိန် သဲကန္တာရမှာ ခြေဗလာနဲ့ လမ်းလျှောက်နေရသလိုမျိုး ခံစားလိုက်ရပါတယ်။ သူ့မျက်နှာနဲ့ ခန္ဓာကိုယ်ဆီ အရပ်ရှစ်မျက်နှာကနေ တိုက်ခိုက်လာတဲ့ လေတွေကလည်း လေပူတွေချည်းပါပဲ။
အဲဒီတစ်ခဏလေးအတွင်းမှာ ဒီပူလောင်တဲ့ စွမ်းအားတွေ ထွက်သွားအောင် တစ်ခုခု လုပ်ရမယ်ဆိုတာ သူ သိလိုက်ပါတယ်။ မဟုတ်ရင် သူ လူသား ဖယောင်းတိုင် ဖြစ်သွားမှာပါ။
ကလိုင်းဟာ နောက်တစ်ချက် မတွေးဘဲ လက်နှစ်ဖက်ကို မြှောက်လိုက်ပါတယ်။ သူ့အတွေးတွေ ပွက်ပွက်ဆူနေချိန်မှာ သူ့စိတ်ဝိညာဉ်၊ အားကောင်းတဲ့ စိတ်ဆန္ဒ၊ ပင်ကိုယ်အသိစိတ်နဲ့ အစီအရင်ရဲ့ လမ်းညွှန်မှုတို့ကို ပေါင်းစပ်ပြီး သင်္ကေတတွေ၊ သက်ဆိုင်တဲ့ လမ်းကြောင်း နံပါတ်တွေ၊ မှော်လက္ခဏာတွေနဲ့ ရှေးဟောင်း မန္တန်တွေကို ရွှေပြားရဲ့ မျက်နှာပြင် နှစ်ဖက်မှာ ပန်းပုဓားနဲ့ စပြီးတော့ ရေးခြစ်ပါတယ်။
ဘုရားကျောင်း အပြင်ဘက်မှာ လန်နာ့ဒ်ဟာ နေရောင်နဲ့ တိုက်ရိုက်မထိအောင် အရိပ်ထဲမှာ ရပ်နေပါတယ်။ ရုတ်တရက်ဆိုသလို နေရောင်ခြည်က နှစ်တစ်နှစ်ရဲ့ အပူဆုံးနေ့လိုမျိုး အားကောင်းသွားတဲ့အတွက် သူဟာ မျက်စိမှေးပြီး ကောင်းကင်ကို မော့ကြည့်လိုက်တဲ့အခါ တိမ်လုံးဝကင်းစင်တဲ့ ကောင်းကင်ပြာကို တွေ့လိုက်ရပါတယ်။
ကောင်းကင်ပြင်က ကြည့်တဲ့လူတွေကို နှစ်ထောင်းအားရဖြစ်ပြီး ပင့်သက်ရှိုက်စေတဲ့အထိ သန့်စင်လွန်းလှပါတယ်။
“ရာသီဥတုက ထူးဆန်းတယ်”
သူ့ဘေးမှာရှိတဲ့ ကင်လီဟာလည်း နေရောင်ခြည် ပြောင်းလဲသွားတာကို သတိထားမိပါတယ်။ လန်နာ့ဒ်ဟာ ရုတ်တရက် ခေါင်းလှည့်ကြည့်တဲ့ သူ့ကို အပြုံးနဲ့ တုံ့ပြန်ပါတယ်။
အဲဒီနောက် သူဟာ မျက်မှောင် မသိမသာ ကြုတ်သွားပြီး ဘုရားရှိခိုးကျောင်းဆီ လှမ်းကြည့်လိုက်ပါတယ်။
“တော်သေးတယ်... ရိုဇန်း ဒီမှာမရှိလို့... မဟုတ်ရင် သူ့အသားအရေ နေလောင်တာကို ပြောလို့ ဆုံးမှာ မဟုတ်ဘူး” လန်နာ့ဒ်ဟာ အဝေးကို ကြည့်ပြီး အပြုံးနဲ့ ပြောပါတယ်။
တောက်ပတဲ့ နေရောင်ခြည်ဟာ မိနစ်အနည်းငယ် ကြာတဲ့အထိ ဆက်ရှိနေပါတယ်။ အဲဒီနောက်မှာတော့ ပုံမှန်အတိုင်း ပြန်ဖြစ်သွားပါတယ်။
ဘုရားရှိခိုးကျောင်းထဲက ကလိုင်းဟာလည်း နောက်ဆုံး အကြောင်းကို ရေးခြစ်လို့ ပြီးသွားပါတယ်။
သူ အလင်းရောင်ကို ရည်ညွှန်းတဲ့ မှော်လက္ခဏာကို ရေးခြစ်လို့ ပြီးတယ်ဆိုရင်ပဲ ရွှေပြားနှစ်ဖက်စလုံးက စိတ်ဝိညာဉ်စွမ်းအားဟာ သတ္တုပြားပေါ်မှာ အလင်းရောင် စုဆုံသလိုမျိုး ရုတ်တရက် ပေါင်းစပ်သွားပါတယ်။
‘ဟင်း... ဒီဟာက နတ်ဘုရား ဂုဏ်တော်နဲ့တောင် ပိုပြီးတော့ နီးစပ်တယ်...’ နောက်ဆုံးမှာတော့ ကလိုင်းဟာ ပူပြင်းမှုနဲ့ ဆူပွက်မှုကနေ သက်သာရာ ရသွားပါတယ်။ သူဟာ သူ့လက်ထဲက နေမီးတောက် အဆောင်နှစ်ခုကို စိတ်ကြည်ကြည်လင်လင်နဲ့ စစ်ဆေးပါတယ်။
အဆောင်မျက်နှာပြင်ပေါ်က ရွှန်းရွှန်းစိုနေတဲ့ ရွှေရောင်ဟာ မှေးမှိန်သွားပါတယ်။ အဆောင်မှာ ရေးခြစ်ထားတာတွေက ရှေးကျပုံပေါ်ပြီး ရှုပ်ထွေးလှပါတယ်။ နွေးထွေးပြီး စိုစွတ်တဲ့ ခံစားချက်ဟာ ကလိုင်းရဲ့ အရေပြားထဲကို ဖြည်းဖြည်းချင်း စိမ့်ဝင်လာပါတယ်။
“မဆိုးဘူး... နောက်ဆုံးတော့ ငါ့ဆီမှာ အားကိုးလို့ရတဲ့ ဝှက်ဖဲတစ်ချပ် ရှိသွားပြီ” ကလိုင်းဟာ ခံစားချက်နဲ့ သက်ပြင်းချပါတယ်။
သူဟာ နေမီးတောက် အဆောင်ရဲ့ အနှိုးမန္တန်ကို ရှေးဟောင်းဟာမီး ဘာသာစကားနဲ့ “အလင်းရောင်” လို့ သတ်မှတ်ပါတယ်။
‘ငါ အလင်းလိုချင်ရင် လင်းလိမ့်မယ်...’ ကလိုင်းဟာ သူ့ဘာသာ အရွှန်းဖောက်ပြီး ပြုံးမိလိုက်ပါတယ်။ အဲဒီနောက် သူဟာ နေမီးတောက် အဆောင်ကို တခြား အိတ်ကပ်တစ်ခုထဲ ထည့်သိမ်းပါတယ်။
သူဟာ နေမီးတောက် အဆောင်ကို အိမ်မွေ့ချအဆောင်၊ ဝိညာဉ်ချော့တေး အဆောင်၊ အိပ်မက်အဆောင်တို့နဲ့ အတူ မထားပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ကို နေမီးတောက် အဆောင်နဲ့ အတူထားရင် သူတို့ရဲ့ သက်တမ်း ယုတ်လျော့သွားမှာမလို့ပါပဲ။
‘ဟုတ်တယ်... နေမီးတောက်အဆောင်ရဲ့ စွမ်းအားက အနည်းဆုံး တစ်နှစ်ခံတယ်... ဒီထက်လည်း ပိုခံရင် ခံနိုင်တယ်’ ကလိုင်းဟာ အတွေးတွေကို ဇက်ကြိုးသတ်ပြီး ကြမ်းပြင်ပေါ်က မျိုးပြောင်းနေမင်း တံဆိပ်တော်မြတ်ကို ကြည့်လိုက်ပါတယ်။
မျိုးပြောင်း နေမင်း တံဆိပ်တော်မြတ်ဟာ ဘာမှ မပြောင်းလဲပါဘူး။ အရင်အတိုင်း နွေးထွေး သန့်စင်တဲ့ ခံစားချက်ကို ပေးနေတုန်းပါ။ ဒီတော့မှာ ကလိုင်းဟာ စိတ်သက်သာရာ ရသွားပြီး အစီအရင်ကို ခပ်သွက်သွက် အဆုံးသတ်ကာ စိတ်ဝိညာဉ် တံတိုင်းကို ဖယ်ရှားလိုက်ပါတယ်။
အဲဒီနောက် သူဟာ သူ့ကိုယ်သူ ပြန်စစ်ဆေးကြည့်တဲ့အခါ သူ့အဝတ်အစားတွေက ချွေးတွေနဲ့ စိုရွှဲနေတာ တွေ့လိုက်ရပါတယ်။ သူ့ဆံပင်တွေရဲ့ အစွန်းနားကလည်း မသိမသာ လိမ်ကောက်နေပါတယ်။
‘တော်သေးတယ်... ဘာမှ မဖြစ်လို့...’ ကလိုင်းဟာ ကျေကျေနပ်နပ် သက်ပြင်းချပါတယ်။ သူဟာ သူ့ပစ္စည်းတွေကို ပြန်သိမ်းပြီး အရင်နေရာမှာ ပြန်ထိုင်ပါတယ်။ သူဟာ ပင်ပန်းနွမ်းနယ်လွန်းလို့ နေရာမှာ ထိုင်မိတယ်ဆိုရင်ပဲ အိပ်ပျော်သွားပါတယ်။ ခြေသံတွေကြားမှပဲ ဆတ်ခနဲ နိုးလာပါတယ်။
သူဟာ မျက်လုံးကို ဆတ်ခနဲ ဖွင့်လိုက်ပြီး မသိစိတ်ရဲ့ စေ့ဆော်မှုကြောင့် နေမီးတောက် အဆောင် ရှိနေသေးလားလို့ စမ်းကြည့်မိလိုက်ပါတယ်။
“မင်းကြည့်ရတာ မဟန်ပါ့လား” ဘုရားရှိခိုးကျောင်းထဲ ဝင်လာတဲ့ လန်နာ့ဒ်က မေးပါတယ်။
ကလိုင်းဟာ နားထင်ကို နှိပ်နယ်ရင်း မတ်တတ်ရပ်ပြီး ပြုံးလိုက်ပါတယ်။
“ငါ ခံနိုင်တဲ့ အခြေအနေကို ကျော်ခါနီးနေပြီ”
သူဟာ အိတ်ဆောင်နာရီ ထုတ်ပြီး တစ်ချက်ကြည့်လိုက်ပါတယ်။
“ကွက်တိပဲ... ချိပ်ပိတ်လက်နက် ၃-၀၇၈၂ ကို မင်း စောင့်ရမဲ့အချိန် ရောက်ပြီ”
စကားမဆုံးခင်မှာဘဲ ကလိုင်းဟာ မျိုးပြောင်း နေမင်းတံဆိပ်တော်မြတ်ကို လန်နာ့ဒ်ဆီ ပေးလိုက်ပါတယ်။
လန်နာ့ဒ်ဟာ ကလိုင်း ဘုရားရှိခိုးကျောင်းထဲကနေ ထွက်သွားတာကို ကြည့်နေပါတယ်။ အဲဒီနောက် သူဟာ ပေါ့ပြက်ပြက် လုပ်နေတာ ရပ်ပြီး ချိပ်ပိတ်လက်နက် ၃-၀၇၈၂ ကို သေချာ ဂရုတစိုက် စစ်ဆေးပါတယ်။ ဒါပေမဲ့ ဘာမှမတွေ့ရတဲ့အတွက် ခေါင်းရှုပ်ပြီး ဇဝေဇဝါ ဖြစ်သွားပါတယ်။
အလှည့်ကျ စောင့်ပြီးတဲ့အခါ ညသိမ်းငှက်သုံးယောက်ဟာ အပြန်ခရီးကို စတင်ပါတယ်။ မပြန်ခင်မှာ သူတို့ဟာ မို့စ်မြို့ရဲ့ အခြေအနေကို ဂရုတစိုက် စောင့်ကြည့်ဖို့၊ သဘာဝလွန်ကိစ္စတွေ ဖြစ်ပေါ်လာရင် သူတော်စင် ဆယ်လီနာ ဘုရားရှိခိုးကျောင်းကို ချက်ချင်း ကြေးနန်းပို့ပြီး အကြောင်းကြားဖို့ ဘုန်းတော်ကြီး စီးယိုအာကို မှာခဲ့ပါသေးတယ်။
အဲဒီနေ့ ည ၇ နာရီနဲ့ မိနစ် ၂၀ မှာ သူတို့သုံးယောက်ဟာ ဇိုးတလန်လမ်းကို ပြန်ရောက်သွားပြီး ချိပ်ပိတ်လက်နက် ၃-၀၇၈၂ ကို ပြန်အပ်လိုက်ပါတယ်။
ကပ္ပတိန်က ဘာမှ သတိမထားမိတာ သေချာပြီဆိုမှ ကလိုင်းဟာ ဆူးနက်လုံခြုံရေး ကုမ္ပဏီကနေ အိမ်ပြန်ပါတယ်။ သူ သော့ထုတ်ပြီး တံခါးဖွင့်လိုက်တဲ့အခါ သူ တစ်ခါမှ မမြင်ဖူးတဲ့ လူတစ်ယောက်ကို တွေ့လိုက်ရပါတယ်။
ဒီလူက အသက် ၂၀ တောင် မကျော်သေးတဲ့ အမျိုးသမီးတစ်ယောက်ပါ။ သူမဟာ ဟောင်းနွမ်းတဲ့ ဖြူမှိုင်းမှိုင်း အဝတ်အစားကို ဝတ်ဆင်ထားပြီး ထမင်းစားခန်းကို သေချာ သန့်ရှင်းနေပါတယ်။
သူမဟာ အနက်ရောင် ဆံပင်နဲ့ အညိုရောင် မျက်လုံးရှိပြီး မျက်လုံးသေးကာ နှာတံကလည်း ဆင်းမနေပါဘူး။ သူမရဲ့ မျက်နှာအသွင်အပြင်က တော်တော်လေး သာမန်ပါပဲ။
‘ဒီလူက ဘယ်သူလဲ’ ကလိုင်းဟာ ပထမတော့ ကြက်သေသေသွားပေမဲ့ အစမ်းလာလုပ်တဲ့ အိမ်ဖော်ဖြစ်နိုင်မှန်း သဘောပေါက်သွားပါတယ်။
အဲဒီအချိန်မှာ ဘန်ဆင်ဟာ သတင်းစာကို အောက်နှိမ့်ပြီး သူ့ညီကို ကြည့်ပါတယ်။ အဲဒီနောက် အပြုံးနဲ့ ပြောပါတယ်။
“ဝန်ထမ်းတွေကို အချိန်မှန် ပြန်မလွှတ်တဲ့ ကုမ္ပဏီက စိတ်ပျက်ဖို့ကောင်းတယ်”
“ဒါပေမဲ့ ဘယ်လို မကျေနပ်မှုမျိုးကိုမဆို ချေဖျက်နိုင်တဲ့ လစာပေးထားတယ်လေ” ကလိုင်းဟာ ရယ်ပြီး ပြန်ဖြေပါတယ်။
‘မစ္စတရားမျှတမှုရဲ့ ပေါင် ၃၀၀ ကို ငါ ရရင် ငါ့တစ်ပတ်လစာက ခြောက်ပေါင်ထိ တိုးသွားတယ်လို့ ဘန်ဆင်နဲ့ မလီဆာကို ပြောရမယ်... ဒီလိုဆို သူတို့တွေ မိသားစုရဲ့ ငွေရေးကြေးရေး အခြေအနေကို အစိုးရိမ် နည်သွားလိမ့်မယ်...’ ကလိုင်းဟာ လက်ကိုင်တုတ်ကို ဘေးချပြီး ဦးထုပ်ချွတ်ရင်းနဲ့ တွေးပါတယ်။ သူဟာ ဧည့်ခန်းထဲ လျှောက်သွားပြီး ခပ်တိုးတိုး မေးပါတယ်။
“ရွေးလိုက်ပြီလား”
သူဟာ အိမ်ဖော်သုံးယောက်ကို တစ်နေ့က တွက်ချက်ခဲ့ပါတယ်။ သုံးယောက်စလုံးက သင့်တော်တယ်လို့ အဖြေထွက်တဲ့အတွက် သူ့အစ်ကိုနဲ့ ညီမကိုပဲ ရွေးချယ်ခိုင်းလိုက်ပါတယ်။
“အင်း... ဗယ်လာ... တစ်ပတ်ကို ငါးဆိုလီ... သူက တော်တော်လေး စိတ်အား ထက်သန်တဲ့အပြင် ဟင်းချက်တာကို သင်ယူလေ့လာနိုင်စွမ်း ရှိတယ်... သူက လုပ်ခနှစ်ဆ တိုးအောင် အိမ်စာဖိုးမှူး ဖြစ်ချင်နေတာ... သူ့အဖေက ထင်းဂန် သံမဏိလုပ်ငန်းများ အသင်း စက်ရုံမှာ အလုပ်လုပ်တဲ့ စက်ရုံအလုပ်သမား... သူ့အမေက အဝတ်လျှော်သမ”
ဘန်ဆင်ဟာ အသံတိတ်ရယ်ပြီး ပြောပါတယ်။
“မလီဆာ သူ့ကို ရွေးလိုက်ရတဲ့ နောက်ထပ် အကြောင်းရင်းလည်း ရှိသေးတယ်... တခြားနှစ်ယောက်က မုန်တိုင်းအရှင်ကို ကိုးကွယ်ပြီး သူက နတ်ဘုရားမကို ကိုးကွယ်လို့ပဲ... ငါက မုန်တိုင်းအရှင် ကိုးကွယ်တဲ့လူတွေကို ဒီလောက်ကြီး စိတ်မရှိပါဘူး... ဒါပေမဲ့ မလီဆာကတော့ တော်တော်လေး မကြိုက်ဘူး”
‘မလီဆာက မကြိုက်တာ မဟုတ်ဘူး... ငါက သူတို့ရဲ့ ကြမ္မာဆိုးကို ကြည့်ပြီး ဝမ်းနည်းရသလို သူတို့ရဲ့ ခုခံလိုစိတ် မရှိတာကိုလည်း ဒေါသထွက်မိတယ် ဆိုတဲ့ စကားလိုမျိုး ဖြစ်နေတာ... အင်း... အဲဒါက လူရွှင်ရဲ့ စကားပဲ’ ကလိုင်းဟာ သူ့ညီမရဲ့ အပြုအမူကို ပြန်တွေးပြီး ပြုံးမိလိုက်ပါတယ်။
ဘန်ဆင်ဟာ အသေးစိတ် ဆက်မပြောတော့ဘဲ သတင်းစာချပြီး မတ်တတ်ရပ်လိုက်ပါတယ်။
“မင်းပြန်လာပြီဆိုတော့ ထမင်း စားကြရအောင်”
...
နောက်တစ်နေ့မှာ ကလိုင်းဟာ ဆူးနက်လုံခြုံရေး ကုမ္ပဏီထဲ တက်တက်ကြွကြွနဲ့ ဝင်သွားပါတယ်။
“မင်္ဂလာ မနက်ခင်းပါ” ရိုဇန်းဟာ ဘယ်ညာကို ကြည့်ပြီးမှ ဆက်ပြောပါတယ် “လူအိုကြီးနီးလ် နေမကောင်းဘူး... နေ့ခင်းကျရင် သွားလည်ရအောင်... ဘယ်လို သဘောရလဲ”
“လူအိုကြီးနီးလ် နေမကောင်းဘူးလား” ကလိုင်းဟာ တအံ့တဩ ပြန်မေးပါတယ်။
‘ဝမ်းသွားတာကို ကုသတဲ့ အစီအရင်က ဆိုးဆိုးရွားရွား ဓာတ်ချုပ်စေလို့လား’
‘အင်း... သူ သရုပ်ဆောင်တဲ့ နည်းလမ်းကို သိပြီး ပြုမူတာကို ကြည့်ရရင် ရုတ်တရက်ကြီး နေမကောင်းဖြစ်ဖို့ဆိုတာ မဖြစ်နိုင်တာတော့ မဟုတ်ဘူး... သူက အသက်ကြီးပြီ... စိတ်ဓာတ်ကျတာနဲ့ ခန္ဓာကိုယ်ကလည်း ကျမှာပဲ’
ရိုဇန်းဟာ ခေါင်းညိတ်ပါတယ်။
“ဟုတ်တယ်... သူ ကပ္ပတိန်ဆီ လူလွှတ်ပြီး အနားယူဖို့ တောင်းဆိုထားတယ်”
ကလိုင်းဟာ ခေါင်းအသာ ညိတ်ပါတယ်။
“အဲဒါဆို နေ့ခင်းကျ သွားလည်ရအောင်... ဟင်း... လူအိုကြီးနီးလ်က တကယ်ကို သနားဖို့ ကောင်းတယ်... သူ့မိန်းမက အစောကြီး ဆုံးပါးသွားတယ်... သူ့သားကလည်း တခြားမြို့မှာ အလုပ်ရှုပ်နေတယ်... အခု သူ နေမကောင်းဖြစ်တော့ အိမ်ထဲမှာ တစ်ယောက်တည်း အထီးကျန်ပြီး အားကိုးရာမဲ့နေမှာ”
ဒါက ကလိုင်း လူအိုကြီးနီးလ်ရဲ့အိမ်ကို သွားလည်တာကနေ ပထမဆုံး တွေးမိတဲ့အရာပါ။
ကလိုင်းရဲ့ သက်ပြင်းချသံကို နားထောင်ပြီး ရိုဇန်းဟာ မျက်လုံးပြူးကာ တအံ့တဩ မေးပါတယ်။
“လူအိုကြီးနီးလ်က ဘယ်တုန်းက လက်ထပ်လိုက်တာလဲ”
မြန်မာပြည် ငြိမ်းချမ်းပါစေ။