အရိပ်လက္ခဏာများ
Vol. 17 Ch. 163
‘ဘာ...’ ကလိုင်းဟာ ရိုဇန်းရဲ့ မေးခွန်းကို ကြားလိုက်ရတဲ့အခါ မှင်တက်သွားပြီး ပြန်စဉ်းစားပါတယ်။
“ပြီးခဲ့တဲ့လက ငါ လူအိုကြီးနီးလ်အိမ်ကို သွားလည်ခဲ့တယ်... ဧည့်ခန်းထဲမှာ စန္ဒရားတစ်လုံး တွေ့လို့ သူ့ကို မေးကြည့်တော့ သူ့ရဲ့ ဆုံးသွားတဲ့ ဇနီးက ဂီတကို မြတ်နိုးတယ်လို့ ဖြေတယ်...”
ကလိုင်းဟာ ပြောရင်းဆိုရင်းနဲ့ ရုတ်တရက် ထိတ်လန့်သွားပြီး မကောင်းတဲ့ အတွေးတွေ ဝင်လာပါတယ်။
ရိုဇန်းဟာ မျက်မှောင်ကြုတ်သွားပြီး မရေမရာ ပြောပါတယ်။
“အဲဒါဆို ကျွန်မ အမှတ်မှားတာ ဖြစ်လိမ့်မယ်... မဟုတ်ဘူး... ဒီနှစ်အစောပိုင်းမှာ ကျွန်မနဲ့ မစ္စအော်ရီယာနာက လူအိုကြီးနီးလ်အိမ်ကို မကြာခဏ သွားလည်ခဲ့တယ်... အဲဒီတုန်းက ဧည့်ခန်းထဲမှာ စန္ဒရားမရှိပါဘူး... ကျွန်မ သေချာ မှတ်မိနေသေးတယ်... သူ့ကို ဘာဖြစ်လို့ တစ်ယောက်တည်း နေတာလဲလို့ မေးတော့ သူ လက်ထပ်ချင်တဲ့ အမျိုးသမီးကို မတွေ့သေးလို့တဲ့...”
‘ဒီနှစ်အစောပိုင်းမှာ စန္ဒရားမရှိဘူး... ဘာဖြစ်လို့ တစ်ယောက်တည်း နေတာလဲဆိုတဲ့ မေးခွန်းကိုလည်း ပြန်ဖြေတယ်...’
ကလိုင်းဟာ ရင်ထဲမှာ တင်းကျပ်သွားပြီး အသံနက်နဲ့ မေးပါတယ်။
“ရိုဇန်း... မင်း လူအိုကြီးနီးလ်အိမ်ကို နောက်ဆုံး သွားလည်ဖြစ်တာ ဘယ်တုန်းကလဲ”
“ကင်လီ ညသိမ်းငှက် ဖြစ်လာပြီး ဗိုင်အိုလာ အလုပ်ထွက်သွားကတည်းကပဲ... တာဝန်ကျလို့ တစ်ညလုံး မအိပ်ရတာ မဟုတ်ရင် အိပ်ရေးဝအောင် အစားပြန်အိပ်နေရတာနဲ့ ကျွန်မမှာ သူ့ဆီ သွားလည်ဖို့ အချိန်ဘယ်လိုလုပ် ရှိမှာလဲ... အင်း... ဇွန်လ အစကတည်းကပဲ”
ရိုဇန်းဟာ ဒီမေးခွန်းကို ကြားရတဲ့အခါ နည်းနည်း ခေါင်းရှုပ်သွားတဲ့အတွက် အမှန်အတိုင်းပဲ ဖြေပါတယ်။
ကလိုင်းဟာ တစ်ခုခု မှားနေပြီဆိုတာ ခံစားမိပြီး ရင်လေးသွားပါတယ်။ သူဟာ အိတ်ကပ်ထဲကနေ ပဲနိဝက်တန် အကြွေစေ့တစ်စေ့ ထုတ်ပြီး လက်မနဲ့ လက်ခလယ်သုံးကာ ကိုင်လိုက်ပါတယ်။
အဲဒီနောက် အသက်ပြင်းပြင်း ရှူသွင်းပြီး ဗေဒင်တွက်မဲ့ စာကြောင်းကို အလျင်အမြန် ဆုံးဖြတ်လိုက်ပါတယ်။
“လူအိုကြီးနီးလ်ရဲ့ လက်ရှိ အခြေအနေက တစ်ခုခု မှားနေတယ်”
“လူအိုကြီးနီးလ်ရဲ့ လက်ရှိ အခြေအနေက တစ်ခုခု မှားနေတယ်”
...
ကလိုင်းဟာ ဗေဒင်တွက်မဲ့ စာကြောင်းကို တိတ်တဆိတ် ရွတ်ဆိုပြီး တွေးခေါ်မှု အခြေအနေထဲ ဝင်လိုက်တဲ့အခါ သူ့မျက်ဆံတွေ မည်းနက်သွားပါတယ်။
“ဒင်...”
သူဟာ လက်မနဲ့ တောက်ပြီး အကြွေစေ့ကို လေထဲမြှောက်လိုက်ပါတယ်။ အကြွေစေ့ဟာ လေထဲမှာ ချာလည် လည်သွားပါတယ်။
“ဖတ်...”
အကြွေစေ့ဟာ ကလိုင်းရဲ့ ဖြန့်ထားတဲ့ လက်ဖဝါးပေါ် ပြန်ကျပါတယ်။
ဒီတစ်ကြိမ်မှာတော့ ဂျော့ချ်သုံးရဲ့ ပုံရိပ် ခေါင်းကျပါတယ်။
ဒါက သူ့အဆို မှန်ကန်တာကို ပြပါတယ်။
အဲဒါကြောင့် လူအိုကြီးနီးလ်ရဲ့ လက်ရှိ အခြေအနေက တကယ်ကို တစ်ခုခု မှားနေတယ်လို့ ဆိုလိုပါတယ်။
ကလိုင်းဟာ အကြွေစေ့ကို ဆုပ်ကိုင်လိုက်ပြီး သူ သာလွန်သူ ဖြစ်လာစတုန်းက စိတ်ဝိညာဉ်အာရုံနဲ့ စမ်းသပ်မှုလုပ်ရင်း လူအိုကြီးနောက်မှာ မြင်ခဲ့ရတဲ့ မျက်ခုံးမရှိတဲ့ သွေးအေး ရက်စက်တဲ့ အကြည်သား မျက်လုံးတစ်စုံကို ရုတ်တရက် သတိရလိုက်ပါတယ်။
အဲဒီတုန်းက လူအိုကြီးနီးလ်ဟာ အဲဒီမျက်လုံးတစ်စုံက အစီအရင်မှော်ရဲ့ ထူးခြား လက္ခဏာတစ်ခုလို့ သူ့ကို ရှင်းပြခဲ့ပါတယ်။
‘ဟုတ်တယ်... ငါ အလင်းရောင် အဖျားပိုင်းက တံခါးနားမှာ ရပ်နေတဲ့ သဏ္ဌာန်မဲ့လုနီး လူသားရုပ်သွင်ကိုလည်း မြင်ခဲ့တယ်... သူ့ရောင်ဝါရဲ့ အရောင်က ဘေးပတ်ဝန်းကျင်က အမှောင်ထုနဲ့ တစ်ထေရာတည်းပဲ... ငါ အမြင်ဆရာ ဆေးရည်ကို အကုန်အစင် ချေဖျက်ပြီးတော့ စိတ်ဝိညာဉ်အာရုံ ဖွင့်တဲ့ နည်းလမ်းကို ပြောင်းလဲခဲ့တယ်... အဲဒီတုန်းက ငါ လူအိုကြီးနီးလ်ကို ကြည့်လိုက်တော့ သူ ရုတ်တရက်ကြီး ချောင်းထဆိုးတာပဲ...’
ကလိုင်းရဲ့ စိတ်ထဲမှာ မြင်ကွင်းတွေ တစ်ခုပြီး တစ်ခု ပေါ်လာပါတယ်။ သူ့မျက်နှာဟာလည်း ပိုပို တင်းမာသွားပါတယ်။
ရိုဇန်းဟာ သူ့ကို ကြည့်ပြီး ကြောက်လန့်တကြား မေးပါတယ်။
“လူအိုကြီးနီးလ် စိတ်လွတ်သွားတာလား... မဖြစ်နိုင်ဘူး... သူက သဘောထား သေးသိမ်ပြီး သူ့အသုံးစရိတ် အကုန်လုံးကို ရင်းစားရငွေ လိုချင်လောက်အောင် ကပ်စေးနှဲတယ် ဆိုပေမဲ့ သူက လူကောင်းတစ်ယောက်ပါ... သူက စိတ်ဆိုးခဲတယ်... မဖြစ်နိုင်ဘူး... သူ စိတ်မလွတ်နိုင်ဘူး...”
“ငါလည်း သေချာတော့ မပြောနိုင်ဘူး... ဒါပေမဲ့ လူအိုကြီးနီးလ်က စိတ်လွတ်ခါနီး အခြေအနေကို ရောက်နေလောက်ပြီ...” ကလိုင်းဟာ ရိုဇန်းကို နှစ်သိမ့်ပေးပါတယ်။ အဲဒီနောက် သူဟာ အခန်းခွဲထားတဲ့အပိုင်းကို ခပ်သွက်သွက် လျှောက်သွားပြီး ကပ္ပတိန်ရဲ့ ရုံးခန်းတံခါးကို ဖွင့်လိုက်ပါတယ်။
ဒန်းစမစ်ဟာ သူ့ရုံးခန်းထဲကို ရုတ်တရက်ကြီး ချင်းနင်း ဝင်ရောက်လာတဲ့ ကလိုင်းကြောင့် ကော်ဖီ သီးလုနီး ဖြစ်သွားပါတယ်။
“ဘာဖြစ်လို့လဲ”
ဒါပေမဲ့ သူဟာ ကလိုင်းကို အပြစ်မတင်ပါဘူး။ မျက်နှာပဲ ခက်ထန်သွားပါတယ်။
ကလိုင်းဟာ ဘာမှ မဖုံးကွယ်ဘဲ ရိုးရိုးရှင်းရှင်း ပြန်ဖြေပါတယ်။
“ကပ္ပတိန်... ကျွန်တော်ရဲ့ တွက်ချက်မှုအရ လူအိုကြီးနီးလ် တစ်ခုခု ဖြစ်နေတယ်”
“ပြီးခဲ့တဲ့လမှာ သူ့ရဲ့ ဆုံးသွားတဲ့ မိန်းမက ဂီတကို မြတ်နိုးတယ်လို့ လူအိုကြီးနီးလ်က ကျွန်တော်ကို ပြောတယ်... ဒါပေမဲ့ ဒီနေ့ ရိုဇန်းက ပြောတော့ လူအိုကြီးနီးလ်က တစ်ကိုယ်တည်းသမားတဲ့”
“နောက်ပြီး ကျွန်တော် သာလွန်သူ ဖြစ်လာတဲ့နေ့က လူအိုကြီးနီးလ်ရဲ့ နောက်မှာ အရာအားလုံးကို စောင့်ကြည့်နေတဲ့ လျှို့ဝှက်ဆန်းကြယ် မျက်လုံးတစ်စုံကို မြင်ခဲ့တယ်... တံခါးနားမှာ လူသားလိုမျိုး အကြည်သား ရုပ်သွင်တစ်ခုကလည်း ကျွန်တော်တို့ကို ထောက်လှမ်းနေတယ်... အဲဒါတွေက အစီအရင်မှော်ရဲ့ ထူးခြားလက္ခဏာတွေလို့ လူအိုကြီးနီးလ်က ကျွန်တော်ကို ပြောခဲ့တယ်”
“အဲဒါနဲ့ ကျွန်တော်လည်း တစ်ခုခု မှားနေတယ်လို့ ခံစားမိပြီး ဗေဒင်တွက်ကြည့်လိုက်တယ်”
ဒန်းစမစ်ဟာ ကလိုင်းရဲ့ စကားကို ဆုံးအောင် စူးစူးစိုက်စိုက် နားထောင်ပြီး ချက်ချင်း မတ်တတ်ရပ်ကာ အဝတ်ချိတ်စင်ဆီ လျှောက်သွားပါတယ်။ အဲဒီနောက် နားမလည်တဲ့ မျက်နှာနဲ့ မေးပါတယ်။
“မင်း ဘာဖြစ်လို့ လူအိုကြီးနီးလ် စိတ်လွတ်သွားလား ဆိုတာကို တန်းမတွက်တာလဲ”
“ပြီးခဲ့တဲ့လမှာ လူအိုကြီးနီးလ်က သာမန် သာလွန်သူတွေနဲ့ ထူးခြားပြီး ပြုမူတာ ဘာမှ မရှိဘူး... ဆွင်း အကူအညီ တောင်းလို့ သူနဲ့ ကျွန်တော် ပေါင်းပြီး စိတ်လွတ်သွားတဲ့ ဒဏ်ခတ်သမားတစ်ဦးကိုတောင် ရင်ဆိုင်ခဲ့သေးတယ်... သူ့ရောင်ဝါကို ကျွန်တော် မကြာမကြာ အကဲခတ်ကြည့်တာလည်း အသက်အရွယ်ကြောင့် အားနည်းတာကလွဲရင် အတော်လေး ကျန်းမာတယ်... အဲဒါကြောင့် သူ စိတ်လွတ်ခါနီးတဲ့ အခြေအနေကို ရောက်နေတယ်လို့ပဲ ကျွန်တော် ယူဆတာ... သူ့ကို ကယ်လို့ ရသေးတယ်”
ကလိုင်းဟာ သူ့အမြင်ကို တစ်ချက်တည်း ရှင်းပြပါတယ်။
ဒန်းစမစ်ဟာ အနက်ရောင် ဦးထုပ်ဆောင်း လေကာအင်္ကျီဝတ်ပြီး ခေါင်းညိတ်ပါတယ်။
“ကျိုးကြောင်းဆီလျော်တဲ့ တွက်ဆမှုပဲ... လူအိုကြီးနီးလ်ဆီ အခုပဲ သွားလည်ရအောင်... အင်း... ဖြစ်နိုင်ရင် သူ့ကို စိတ်လှုပ်ရှားအောင် မဆွနဲ့”
“ပြီးရင် ငါတို့တွေ သူ့ကို ထိန်းချုပ်ဖို့ ကြိုးစားပြီး သူ့အခြေအနေ ဒီထက် ပိုဆိုးမသွားအောင် အစီအရင်မှော်သုံးပြီး ဟန့်တားရမယ်”
‘ထိန်းချုပ်မယ်...’
ကလိုင်းဟာ ဒီစကားလုံးကို ကြားတဲ့အခါ အကြံတစ်ခု ရသွားပါတယ်။
“ကပ္ပတိန်... ကျွန်တော်တို့တွေ ချိပ်ပိတ်လက်နက် ၃-၀၆၁၁ ကို သုံးလို့ရလား”
သူဟာ လူအိုကြီးနီးလ်ရဲ့ ပြဿနာကို ဘယ်လို ဖြေရှင်းပြီး ဘယ်လို ကယ်တင်ရမလဲဆိုတာ စဉ်းစားနေတာပါ။ ဒါပေမဲ့ သူဟာ ပျာယာခတ်ပြီး စိုးရိမ်လွန်ကာ စိတ်မတည်ငြိမ်တဲ့အတွက် အဖြေ မထွက်ပါဘူး။ ဒန်းစမစ်ရဲ့ စကားကို ကြားမှပဲ အသုံးဝင်နိုင်ခြေရှိတဲ့ ချိပ်ပိတ်လက်နက်ကို တွေးမိပါတယ်။
“နံပါတ် - ၀၆၁၁”
“အမည် - အေးချမ်းတဲ့ ဆံခြည်မျှင်”
“အန္တရာယ်အဆင့် - ၃... တော်တော်လေး အန္တရာယ်ရှိတယ်... ဂရုတစိုက် အသုံးပြုဖို့ လိုတယ်... သုံးဦး သို့မဟုတ် သုံးဦးထက်ပိုတဲ့ လှုပ်ရှားမှုတွေမှာပဲ အသုံးပြုဖို့ လျှောက်ထားနိုင်တယ်”
“လုံခြုံရေးအဆင့် - ပုံမှန် ညသိမ်းငှက်အဖွဲ့ဝင်နဲ့ အထက်”
“ချိပ်ပိတ်နည်းလမ်း - သက်ရှိနဲ့ တိုက်ရိုက် မထိတွေ့ရဘူး”
“အကြောင်းအရာ - အနက်ရောင် ဆံခြည်မျှင် အများကြီးကနေ ဖြစ်ပေါ်လာတဲ့ ရိုးရှင်းတဲ့ အဆင်တန်ဆာ”
“ဘာကာကွယ်မှုမှ မရှိတဲ့ သက်ရှိနဲ့ ထိတွေ့မိရင် အဲဒီသက်ရှိက လိုအင်ဆန္ဒနဲ့ ခံစားချက်တွေ အကုန်လုံး ဆုံးရှုံးသွားလိမ့်မယ်... ဆာလောင်မှု၊ ဒေါသ၊ ဝမ်းနည်းပူဆွေးမှု၊ နာကျင်မှု၊ မနာလိုမှု၊ ဝန်တိုမှု၊ မုန်းတီးမှု၊ ပျော်ရွှင်မှု၊ ကျေနပ်မှု၊ လောဘ၊ အစရှိတာတွေကို လုံးဝ ဆုံးရှုံးသွားလိမ့်မယ်”
“၀၆၁၁ ရဲ့ လွှမ်းမိုးမှုအောက် ရောက်သွားတဲ့ သက်ရှိတွေက ရုန်းထွက်ချင်တဲ့ ဆန္ဒတောင် ဆုံးရှုံးပြီး အသက်ဆုံးတဲ့အထိ နေရာမှာ တိတ်တိတ်လေး နေလိမ့်မယ်... ဒီအချက်ကို သေချာအောင် လေ့လာစိစစ်ပြီးပြီ”
“ပြင်ပအားသုံးပြီး သက်ရှိနဲ့ ၀၆၁၁ ရဲ့ ထိတွေ့မှုကို ချိုးဖျက်မယ်ဆိုရင် အဲဒီသက်ရှိက တဖြည်းဖြည်း ပုံမှန်အတိုင်း ပြန်ဖြစ်သွားလိမ့်မယ်... ဒါပေမဲ့ စမ်းသပ်မှု ရလဒ်တွေအရ ဒီလိုဖြစ်ဖို့ဆိုရင် အဲဒီသက်ရှိက ချိပ်ပိတ်လက်နက်နဲ့ ၂ နာရီကျော် ထိတွေ့လို့ မရဘူး”
“ထိတွေ့မှု ၂ နာရီကျော်သွားရင် သားကောင်က ထာဝရ တိတ်ဆိတ်သွားလိမ့်မယ်”
“အမြင့်ဆုံး စမ်းသပ်ထားတဲ့ ဆုံမှတ်က ဆုံမှတ် ၅”
“လက်အိတ်တို့ ဘာတို့ဝတ်ပြီး တိုက်ရိုက်ထိတွေ့တာကို ရှောင်ရှားနိုင်တယ်”
“ဒီဆံခြည်မျှင်တွေက အသက်ရှင်ချင်တဲ့ အစွမ်းအစ မရှိဘူး... ချိပ်ပိတ်စည်းကနေ ထွက်ပြေးဖို့ ကြိုးစားတာ တစ်ခါမှ မရှိဘူး”
“နောက်ဆက်တွဲ - ဒီဆံခြည်မျှင်တွေက အဆင့်တက်လို့ မအောင်မြင်တာကနေ ဖြစ်ပေါ်လာတာ ဖြစ်တယ်... ညသိမ်းငှက် ကပ္ပတိန်တစ်ယောက် ဆုံမှတ် ၆ ကို တက်တာ ကျရှုံးပြီး ချန်ထားခဲ့တဲ့ ပစ္စည်းတစ်ခု ဖြစ်တယ်”
မီးခိုးရောင် မျက်လုံးနဲ့ ဒန်းစမစ်ဟာ ကလိုင်းရဲ့ စကားကို ကြားတဲ့အခါ ခေါင်းညိတ်ပါတယ်။
“အကြံကောင်းပဲ... ငါ ၃-၀၆၁၁ ကို မေ့တေ့တေ့တောင် ဖြစ်နေပြီ... ဖျော်ဖြေရေးခန်းထဲမှာ ရိုင်ရွယ်ကို သွားရှာချည်... ငါ ချိပ်ပိတ်လက်နက်ကို ချန်စီဂိတ်ကနေ သွားယူလိုက်မယ်... လျှောက်လွှာကိုတော့ ငါတို့တွေ ပြန်လာမှ ရေးပြီး တင်ကြတာပေါ့”
‘ဒီလိုဆို အချိန်မကုန်တော့ဘူး’ ကလိုင်းဟာ နှေးတိနှေးကွေး လုပ်မနေပါဘူး။ ချက်ချင်း ဖျော်ဖြေရေးခန်းဆီ သွားပြီး အအိပ်မဲ့ ရိုင်ရွယ်ကို အော်ခေါ်ပါတယ်။
“ဘာတာဝန်လဲ” အမြဲလိုလို ခံစားချက်မဲ့နေတတ်တဲ့ ရိုင်ရွယ်က တည်တည်ငြိမ်ငြိမ် မေးပါတယ်။
ကလိုင်းဟာ အသက်တစ်ချက်ရှူပြီး အလေးအနက် ပြောပါတယ် “လူအိုကြီးနီးလ်ဆီ သွားလည်မှာ”
“လူအိုကြီးနီးလ်ဆီ သွားလည်မှာ... သူ” ရိုင်ရွယ်ဟာ မျက်လုံးပြူးသွားပြီး မကောင်းတဲ့ ခံစားချက် ရလိုက်ပါတယ်။
“အခုထိ အတည်မပြုရသေးပါဘူး” ကလိုင်းဟာ ခေါင်းကို အသာခါလိုက်ပါတယ်။
ရိုင်ရွယ်ဟာ ဘာမှ ထပ်မပြောတော့ပါဘူး။ သူတို့နှစ်ယောက်လုံး တိတ်ဆိတ်သွားပြီး ရင်လေးသွားပါတယ်။
မိနစ်အနည်းငယ် ကြာတဲ့အခါ ဒန်းစမစ်ဟာ မြေအောက်ထပ်ကနေ ပြန်ရောက်လာပါတယ်။ သူဟာ အနက်ရောင် လက်အိတ် စွပ်ထားပြီး ရှုပ်ထွေးနေတဲ့ အနက်ရောင် ဆံခြည်မျှင်တစ်စုကို လက်ထဲမှာ ကိုင်ထားပါတယ်။
မျိုးပြောင်း နေမင်းတံဆိပ်တော်မြတ်နဲ့ နှိုင်းယှဉ်ရင် အေးချမ်းဆံခြည်မျှင်က ဘာမှ ထူးထူးခြားခြား မရှိပါဘူး။ လမ်းပေါ် ပစ်ချထားရင်တောင် ဘယ်သူမှ ဂရုစိုက်မှာ မဟုတ်ပါဘူး။
မြင်းလှည်းမောင်းသမား ဆီဇာကို ခေါ်ပြီးနောက် သူတို့လေးယောက်ဟာ လူအိုကြီးနီးလ်အိမ်ဆီ သွားကြပါတယ်။
မြင်းလှည်းဘီးဟာ မိုးရေကြောင့် စိုစွတ်နေတဲ့ ကတ္တရာလမ်းမှာ စပြီးတော့ ရွှေ့လျားပါတယ်။ မြင်းလှည်းအတွင်းပိုင်းမှာတော့ ညထက်တောင် တိတ်ဆိတ်နေပါတယ်။
အချိန်တစ်ခု ကြာသွားတဲ့အခါမှာတော့ ဒန်းစမစ်ဟာ သက်ပြင်းချလိုက်ပါတယ်။
“လူအိုကြီးနီးလ် ငယ်ငယ်တုန်းက စေ့စပ်တော့မဲ့ ချစ်သူတစ်ယောက် ရှိတယ်... ဒါပေမဲ့ သူ့ချစ်သူက ရုတ်တရက်ကြီး နာတာရှည်ရောဂါ ဖြစ်သွားတယ်... လူအိုကြီးနီးလ်က သာလွန်သူ လျှို့ဝှက်ချက်တွေ ပေါက်ကြားလုနီးအထိ စွန့်စားပြီး အစီအရင်မှော်နဲ့ သူ့ချစ်သူကို ကယ်ဖို့ လုပ်ခဲ့တယ်... ဒါပေမဲ့ မအောင်မြင်ခဲ့ဘူး... အဲဒီတုန်းက လူအိုကြီးနီးလ်က ဂမ္ဘီရနယ်ပယ်ထဲ ဝင်ရုံ ရှိသေးတာ”
“မှတ်တမ်းတွေအရဆိုရင် အဲဒီတုန်းက ညသိမ်းငှက်တွေ အကုန်လုံး ဒီကိစ္စကြောင့် လူအိုကြီးနီးလ် စိတ်လွတ်သွားမှာကို စောင့်ကြည့်ခဲ့ကြတယ်... ဒါပေမဲ့ ကံကောင်းချင်တော့ လူအိုကြီးနီးလ်က အသိစိတ် ပြန်ရပြီး ပုံမှန်အတိုင်း ပြန်ဖြစ်ခဲ့တယ်”
‘ဒီတစ်ခါလည်း မှားတာ ဖြစ်ဖို့ မျှော်လင့်ရတာပဲ...’ ကလိုင်းဟာ ရင်ဘက်မှာ ကြက်သွေးရောင်လပုံ တို့ထိပြီး ဆုတောင်းပါတယ် “အရှင်မက သူ့ကို စောင့်ရှောက်ပါစေ”
ဒန်းစမစ်နဲ့ ရိုင်ရွယ်ကလည်း လိုက်ဆုတောင်းပါတယ်။
...
တိမ်မည်းတွေ ကင်းစင်သွားတဲ့အခါ ကောင်းကင်ပြင်ဟာ တောက်ပလာပါတယ်။ ညသိမ်းငှက်တွေဟာ လူအိုကြီးနီးလ်ရဲ့ တိုက်အိမ်ရှေ့ကို ရောက်သွားပါတယ်။
ဆီဇာကို ခပ်လှမ်းလှမ်းမှာ စောင့်နေဖို့ ပြောပြီးနောက် ဒန်းစမစ်ဟာ လက်ကိုင်တုတ်နဲ့ ချိပ်ပိတ်လက်နက်ကို လက်တစ်ဖက်စီမှာ ကိုင်ကာ ပင်မတံခါးဆီ လျှောက်သွားပါတယ်။
ကလိုင်းဟာ ဦးထုပ်ကို ဖိဆောင်းပြီး ရိုင်ရွယ်နဲ့ အတူ ကပ္ပတိန်နောက်က လိုက်ပါတယ်။ သူတို့တွေဟာ နှင်းဆီနဲ့ ရွှေရောင်ပင်စိမ်း ဥယျာဉ်ကို ဖြတ်ပြီး အိမ်တံခါးရှေ့ ရောက်သွားပါတယ်။ ကလိုင်းဟာ ရှေ့ကို ခြေတစ်လှမ်း တိုးပြီး လူခေါ် ခေါင်းလောင်းကြိုးကို ဆွဲလိုက်ပါတယ်။
“ကလင်... ကလင်...”
သာယာလှတဲ့ ခေါင်းလောင်သံဟာ အိမ်ထဲမှာ ပဲ့တင်ထပ်သွားပြီး တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်ပါတယ်။
“ကလင်... ကလင်... ကလင်... ကလင်...”
ကလိုင်းဟာ လူခေါ် ခေါင်းလောင်းကြိုးကို သုံးလေးခါ ထပ်ဆွဲပြီးနောက် ဆက်မကြိုးစားတော့ဘဲ နောက်ဆုတ်လိုက်ပါတယ်။
ညသိမ်းငှက်သုံးယောက်ဟာ လေးငါးမိနစ်ကြာအောင် စိတ်ရှည်လက်ရှည် စောင့်ဆိုင်းပါတယ်။ ဒါပေမဲ့ သူတို့တွေ တံခါးဆီ လျှောက်လာတဲ့ ခြေသံကို မကြားရပါဘူး။
“ကြည့်ရတာ လူအိုကြီးနီးလ်က ဆေးသွားပြလို့ အိမ်မှာ မရှိဘူးနဲ့ တူတယ်” ကလိုင်းဟာ ဟန်လုပ် ပြုံးပါတယ်။
သူ့စကား မဆုံးခင်မှာဘဲ အိမ်ထဲကနေ သံစဉ်တစ်ခု ထွက်လာပါတယ်။ ဒီသံစဉ်က စန္ဒရားသံပါ။ ဒီဂီတသံဟာ လရောင်ခြည်အောက်က မြူခိုးတွေ ဝေနေတဲ့ အေးချမ်း တိတ်ဆိတ်တဲ့ ရေကန်တစ်ကန်နဲ့ ဆင်ပါတယ်။
ဒန်းစမစ်ရဲ့ အမူအရာဟာ သိသိသာကို တင်းမာ ခက်ထန်သွားပြီး ကလိုင်းလည်း စိတ်လေး သွားပါတယ်။ ကလိုင်းဟာ နောက်ထပ် ဗေဒင်တွက်ဖို့ ပြင်လိုက်စဉ်မှာပဲ တံခါးအောက်ခြေကနေ အရည်တွေ စီးထွက်လာတာကို ရုတ်တရက် တွေ့လိုက်ရပါတယ်။
ပထမတော့ ဒီအရည်တွေက ကြည်လင် သန့်စင်ပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာတော့ သွေးလိုမျိုး ကြက်သွေးရောင် စွန်းထင်းပြီး နက်မှောင်တဲ့ ကြက်သွေးနီရောင် ဖြစ်သွားပါတယ်။
မြန်မာပြည် ငြိမ်းချမ်းပါစေ။