← Chapters

သနားစရာကောင်းတဲ့ ကံဆိုးတဲ့လူ

Vol. 17 Ch. 164

သနားစရာကောင်းတဲ့ ကံဆိုးတဲ့လူ

Vol. 17 Ch. 164

လတ်ဆတ်တဲ့ သွေးရောင်က ကလိုင်းရဲ့ မျက်လုံးထဲမှာ ထင်ဟပ်သွားသလို ကျန်တဲ့လူတွေကလည်း တံခါးအောက်ခြေကနေ စီးထွက်လာတဲ့ အရည်တွေကို မျက်တောင် မခတ်တမ်း ကြည့်မိလိုက်ပါတယ်။

အဲဒီအချိန်မှာပဲ အိမ်ထဲကနေ ချောင်းဟန့်သံ ထွက်ပေါ်လာပြီး လူအိုကြီးနီးလ်က အသံဩဩနဲ့ မေးပါတယ်။

“ဒန်း... ဘာကိစ္စရှိလို့လဲ”

ဒန်းစမစ်ရဲ့ မျက်လုံးတွေဟာ တော်တော်လေးကိုမှ နက်နဲသွားပါတယ်။ သူဟာ လေသံ အေးအေးကလေးနဲ့ တည်တည်ငြိမ်ငြိမ် ပြန်ဖြေပါတယ်။

“ခင်‌ဗျား နေမကောင်းဘူးဆိုလို့ ကျွန်တော်တို့တွေ လာကြည့်တာ”

အိမ်ထဲမှာ ရုတ်တရက် တိတ်ဆိတ်သွားပါတယ်။ စက္ကန့်အနည်းငယ် အကြာမှာတော့ လူအိုကြီးနီးလ်ဟာ ဒေါသတကြီး အော်ပြောပါတယ်။

“မဟုတ်ဘူး... မင်း လိမ်နေတာ”

အဲဒီနောက် ကလိုင်းတို့တွေ ဘာမှ ပြန်မပြောနိုင်ခင်မှာဘဲ သူ့လေသံဟာ အားပျော့သွားပါတယ်။

“အင်း... ငါ့အခြေအနေက ပုံမှန်မဟုတ်ဘူးဆိုတာ ငါ သိတယ်”

‘လူအိုကြီးနီးလ်...’ ကလိုင်းဟာ မျက်လုံး မှိတ်လိုက်ပါတယ်။ ဒါပေမဲ့ တံခါးအောက်ခြေကနေ စီးထွက်လာတဲ့ အရည်တွေက ရပ်မသွားပါဘူး။

အဲဒီနောက် လူအိုကြီးနီးလ်ဟာ အသံမြှင့်ပြီး ပြောပါတယ်။

“ငါ အမြဲတမ်း ဘယ်သူကိုမှ ဒုက္ခမပေးခဲ့ဘူး... သူများတွေကို ထိခိုက်အောင် လုပ်ချင်တဲ့ အတွေးလည်း မရှိခဲ့ဘူး... ငါ ဘယ်တော့မှ... ဘယ်တော့မှ ညသိမ်းငှက်တွေကို သစ္စာဖောက်မှာ မဟုတ်ဘူး... တစ်ခါတောင် မဖောက်ဘူး... အများဆုံး... အများဆုံး ငါ ရင်းစားရငွေ တောင်းခဲ့ရုံပဲ... ငါ တကယ်ကို မကောင်းတာ ဘာတစ်ခုမှ လုပ်မထားဘူး”

“ကလိုင်း” လူအိုကြီးနီးလ်ဟာ သူ အော်ခေါ်နေကျအတိုင်း ရုတ်တရက် အော်ခေါ်ပါတယ်။

“ငါ မင်းကို လျှို့ဝှက်ဆန်းကြယ် စပ်စုသမားတွေရဲ့ ဆောင်ပုဒ်ကို ပြောခဲ့တယ်လေ... လုပ်ချင်တာလုပ်၊ သူများကို ဒုက္ခမပေးနဲ့ ဆိုတာလေ... ငါက အဲဒီဆောင်ပုဒ်အတိုင်း နေတာ... သူများတွေကို ထိခိုက်အောင် လုပ်မဲ့အစား စိတ်ရှည်ရှည်ထားပြီးတော့ သည်းခံတယ်...”

ဒီအရောက်မှာ သူဟာ စိတ်ရင်းနဲ့ ကြောက်လန့်တကြား အသနားခံပါတယ်။

“ဒန်း... ရိုင်ရွယ်... ကလိုင်း... မင်းတို့တွေ ပြန်သွားကြပါ... ပြန်သွားကြပါကွာ... ငါ့ကို မနက်ဖြန်ထိပဲ စောင့်ပေး... မနက်ဖြန်ထိပဲ စောင့်ပေးပါကွာ... ငါ ပုံမှန်အတိုင်း ပြန်ဖြစ်သွားလိမ့်မယ်... ငါ ကျိန်ရဲတယ်... အရှင်မနဲ့ ကျိန်ဆိုတယ်... ငါ ဘယ်သူကိုမှာ ဒုက္ခမပေးဘူး... ငါ တကယ် ပြောနေတာ”

ဒန်းစမစ်ဟာ မျက်လုံးမှိတ်ပြီး ညင်သာလွန်းတဲ့ အသံနဲ့ မေးပါတယ်။

“ခင်ဗျား ဘာလုပ်ဖို့ စီစဉ်ထားလဲ... ဒီတစ်ချိန်လုံး ခင်ဗျား ဘာလုပ်ဖို့ ကြိုးစားနေခဲ့တာလဲ”

“ငါ...” လူအိုကြီးနီးလ်ဟာ ပထမတော့ ဝေခွဲမရ ဖြစ်သွားပြီး အဲဒီနောက် မျှော်လင့်ချက်တွေ ပြည့်နေတဲ့ လေသံနဲ့ ပြောပြပါတယ်။

“ငါ ဆယ်လက်ကို အသက်ပြန်ရှင်အောင် လုပ်ဖို့ ကြိုးစားနေတာ.. ဒန်း... ငါ နည်းလမ်းတစ်ခု ရှာတွေ့ထားတယ်... ငါ အခု လမ်းမှန်ပေါ်ကို ရောက်နေပြီ”

“မင်းလည်း ကြားမိမှာပါ... အဲဒီတုန်းက ငါ သူ့ကို ကုသတဲ့ အစီအရင်မှော်မှာ အမှားတစ်ခု လုပ်မိခဲ့လို့ မအောင်မြင်ခဲ့ဘူး... ငါ သူ့ကို မကယ်နိုင်ခဲ့ဘူး... အဲဒီတုန်းက အဲဒီလိုဖြစ်ခဲ့ရတာ ငါ ဂမ္ဘီရပညာကို ကျွမ်းကျွမ်းကျင်ကျင် မတတ်မြောက်လို့ဘဲ... ဒါပေမဲ့ အခု ငါ့ဆီမှာ အကုန်လုံးကို အောင်မြင်အောင် လုပ်ဖို့ အသိပညာနဲ့ အတွေ့အကြုံတွေ ရှိနေပြီ... လျှို့ဝှက်ဆန်းကြယ် စပ်စုသမားတွေရဲ့ ဆောင်ပုဒ်နဲ့ ဒေလီရဲ့ ဥပမာကနေ အကြံဉာဏ် မပွင့်လင်းခဲ့တာ နှမြောဖို့ကောင်းတယ်... ငါ့ရဲ့ အကောင်းဆုံး အခွင့်အ‌ရေးကို လက်လွှတ်လိုက်ရတယ်... ငါသာ... ငါသာ အဆင့်မြင့် သာလွန်သူ ဖြစ်ရင် ဒါတွေ အကုန်လုံးက အရမ်း လွယ်ကူသွားမှာ”

ပြောရင်းဆိုရင်းနဲ့ လူအိုကြီးနီးလ်ရဲ့ အသံဟာ ငိုသံ ပေါက်လာပါတယ်။

“မဖြစ်ဘူး... ငါ ထပ်ပြီးတော့ လက်လျှော့လို့ မဖြစ်ဘူး... ဒန်း... ပြန်သွားပါကွာ... ကျေးဇူးပြုပြီး ပြန်သွားပါကွာ... ငါ တောင်းပန်ပါတယ်”

ကလိုင်းဟာ အံကို ကြိတ်မိလိုက်ပါတယ်။ အဲဒီအချိန်မှာပဲ ကပ္ပတိန်ရဲ့ ခံစားချက်နဲ့ ထပ်မေးသံကို သူ ကြားလိုက်ရပါတယ်။

“ခင်ဗျားက ဆယ်လက်ကို ဘယ်လိုနည်းနဲ့ အသက်ပြန်ရှင်အောင် လုပ်မှာလဲ”

လူအိုကြီးနီးလ်ဟာ ရုတ်ခြည်း စိတ်လှုပ်ရှားသွားပါတယ်။

“ငါ လုပ်ရတ်ဇီဝကို သုံးပြီး သူ့အတွက် အင်မော်တယ်ခန္ဓာကိုယ် ဖန်တီးပေးမယ်... ဒန်း... မင်း အဲဒါကို မသိလောက်ဘူး... ဒါပေမဲ့ မယ်တော် မြေနတ်ဘုရားမ ဘုရားကျောင်းက ဆုံမှတ် ၄ သာလွန်သူတွေက ဒါကို ကျွမ်းတယ်... ပညာရှိ လမ်းကြောင်းက ဆုံမှတ် ၄ ကလည်း ဒီဟာကို လုပ်နိုင်ရုံ ရှိတယ်... ဟုတ်တယ်... ငါ ဒီဟာကို နတ်ဘုရားရဲ့ မျက်နှာသာပေးမှုနဲ့ ပြီးအောင် လုပ်မှာ”

“ပြီးရင် ငါ သူ့ရဲ့ စိတ်ဝိညာဉ်ကို စိတ်ဝိညာဉ် လောက,ကနေ ဆင့်ခေါ်ပြီး ဝိညာဉ်နဲ့ ခန္ဓာကိုယ် ပေါင်းစပ်တဲ့နေရာမှာ ကူညီပေးဖို့ နတ်ဘုရားကို ဆုတောင်းမယ်”

“ဒီအကြံ ကောင်းတယ်မလား”

ဒန်းစမစ်ဟာ နှုတ်ခမ်းထောင့်ကို ဟန်လုပ်,မလိုက်ပါတယ်။

“ဟုတ်တယ်... အကြံကောင်းပဲ... လူအိုကြီးနီးလ်... ကျွန်တော်တို့ကို အထဲဝင်ခွင့်ပေး... ကျွန်တော်တို့တွေ ခင်ဗျားကို ကူညီနိုင်လောက်တယ်”

“... ဒန်း... မင်းက ငါ့ကို အလွတ် မပေးချင်သေးဘူးလား”

လူအိုကြီးနီးလ်က အသနားခံပါတယ်။

“ပြန်ပါတော့... ပြန်သွားလိုက်ပါကွာ... မနက်ဖြန်ကျရင် ငါ တကယ်ကို ပုံမှန်အတိုင်း ပြန်ဖြစ်သွားလိမ့်မယ်... ဒန်း... ငါ ကျိန်ပါတယ်ကွာ... ငါ မင်းရဲ့ ကော်ဖီစေ့တွေကို ဘယ်တော့မှ ထပ်မခိုးတော့ပါဘူး... ကလိုင်း... ရိုင်ရွယ်... ငါ မင်းတို့ကိုလည်း မတန်တဲ့ ရင်းစားရငွေတွေ ရဖို့ အကူအညီ မတောင်းတော့ပါဘူး... ငါ အတည်ပြောနေတာ”

ကလိုင်းနဲ့ ရိုင်ရွယ်ရဲ့ ဝေဝါးလာတဲ့ မြင်ကွင်းထဲမှာ ဒန်းစမစ်ဟာ ခေါင်းငုံ့ပြီးနောက် ပြန်မော့လိုက်ပါတယ်။

“လူအိုကြီးနီးလ်... ခင်ဗျား နားလည်မှု လွဲနေပြီ... ကျွန်တော်တို့က ခင်ဗျားဆီ လာလည်တာ... ခင်ဗျားက ကျွန်တော်တို့ရဲ့ အဖွဲ့ဝင်လေ... ခင်ဗျား နေမကောင်း ဖြစ်နေတော့ ကျွန်တော်တို့တွေ နေသာထိုင်သာ ဘယ်ရှိပါ့မလဲ... ကျွန်တော်တို့တွေ ခင်ဗျားကို လာကြည့်ဖို့ လိုတယ်လေ... တံခါးဖွင့်ပေးပါ... ခင်ဗျား အဆင်ပြေတယ်ဆိုတာ သေချာအောင် ကျွန်တော်တို့တွေ ကြည့်ပါရစေ... ခင်ဗျား တကယ် အဆင်ပြေရင် ကျွန်တော်တို့တွေ ချက်ချင်း ပြန်သွားမယ်... ခင်ဗျားလည်း သိတာပဲ... ဒီလထဲမှာ တာဝန်တွေက နည်းတာ မဟုတ်ဘူး... စိတ္တဇဆေးရုံကို စောင့်ကြည့်ရတဲ့အပြင် တခြား ရုတ်တရက် ပေါ်လာတဲ့ ကိစ္စတွေကိုလည်း ဖြေရှင်းရသေးတယ်”

လူအိုကြီးနီးလ်ဟာ တစ်ခဏ တုံ့ဆိုင်းသွားပြီးနောက်...။

“ငါ့အခြေအနေက တကယ်ကို မပြင်းထန်ပါဘူး... တကယ်ပြောတာ... မနက်ဖြန်ကျ ကောင်းသွားလိမ့်မယ်”

တံခါးအောက်ခြေကနေ စီးထွက်လာတဲ့ သွေးရည်တွေဟာ လှေကားကနေ ဆင်းပြီး ကျောက်သားလမ်းနဲ့ ဥယျာဉ်ဆီ စီးဆင်းသွားပါတယ်။

“လူအိုကြီးနီးလ်... ကျွန်တော်တို့တွေ သိလာတာ ၁၅ နှစ်လောက် ရှိသွားပြီမလား... တာဝန်တွေ အများကြီးကို ကျွန်တော်တို့တွေ အတူတူ ထမ်းဆောင်ခဲ့ကြတယ်... ကျွန်တော်က ခင်ဗျားအတွက် တကယ်ကို စိုးရိမ်လို့ပါ... မျက်စိနဲ့ တပ်အပ်မြင်ရမှ ကျွန်တော် စိတ်ချလက်ချ နေနိုင်မှာ” ဒန်းစမစ်က ညင်ညင်သာသာ ပြောပါတယ်။

“...ကောင်းပြီလေ... ငါ တကယ်ကို ဘာမှ မဖြစ်ဘူး”

ကျွီခနဲ မြည်သွားပြီး အိမ်တံခါးဟာ ဖြည်းဖြည်းချင်း ပွင့်သွားပါတယ်။ ကလိုင်းဟာ မျက်လုံးကို သုတ်ပြီး မြင်ကွင်းရှင်းအောင် လုပ်ပါတယ်။

အဲဒီနောက် သူဟာ ဧည့်ခန်းထဲက ကော်ဇောဟာ နီရဲချွဲပစ်ပြီး သွေးနဲ့ ဆံပင်တွေ ပြန့်ကျဲနေတာ တွေ့လိုက်ရပါတယ်။

သူဟာ ရှေ့ကို မော့ကြည့်လိုက်တဲ့အခါ ဧည့်ခန်းရဲ့ ကြမ်းပြင်၊ မျက်နှာကြက်၊ စားပွဲဝိုင်း၊ စန္ဒရားနဲ့ ကုလားထိုင်တွေ အကုန်လုံးမှာ ရွံစရာကောင်းတဲ့ ချွဲပစ်တဲ့ အရည်တွေ ဆံပင်တွေ ပေကျံနေတာ တွေ့လိုက်ရပါတယ်။

လူအိုကြီးနီးလ်ရဲ့ ခေါင်းဟာ အခန်းမျက်နှာကြက်မှာ ချွဲပစ်ပစ်အရည်တွေနဲ့ ဆက်ပြီး လေထဲမှာ တွဲလောင်းကျနေပါတယ်။ သူ့နဖူးနဲ့ ပါးပြင်တွေမှာလည်း မျက်လုံးတစ်စုံစီ ရှိနေပါတယ်။ ဒီမျက်လုံးတွေက သွေးအေး ရက်စက်ပြီး မျက်တောင် လုံးဝ မရှိပါဘူး။

စန္ဒရားခလုတ်တွေဟာ နားဝင်ချိုတဲ့ သံစဉ်ကို သူ့ဘာသာ တီးခတ်နေပါတယ်။

“ဒန်း.... ကြည့်... ငါ တကယ်ကို အဆင်ပြေပါတယ်” လူအိုကြီးနီးလ်ဟာ တောက်ပတဲ့ အပြုံးနဲ့ ပြောပါတယ်။

“ရိုင်ရွယ်... ကလိုင်း... မင်းတို့လည်း ငါ အဆင်ပြေတယ်လို့ ထင်တယ်မလား”

သူပါးစပ်ဟလိုက်တဲ့ အချိန်မှာပဲ ကလိုင်းဟာ ချွဲပစ်ပြီး အမွေးအမျှင်တွေပါတဲ့ သွေးရည်တွေက အထဲမှာ စီးဆင်းနေတာ တွေ့လိုက်ရပါတယ်။

ဒန်းစမစ်ရဲ့ မီးခိုးရောင် မျက်လုံးတွေဟာ တလက်လက် တောက်သွားပြီး ဘာမှမဖြစ်သလိုမျိုး စကားပြောပါတယ်။

“လူအိုကြီးနီးလ်... ခင်ဗျား လုပ်ရတ်ဇီဝနဲ့ အသက်ပြန်သွင်းတဲ့ အစီအရင်ကို ဘယ်ကနေ သင်လာတာလဲ”

လူအိုကြီးနီးလ်ဟာ စိတ်လှုပ်တရှား ပြန်ဖြေပါတယ်။

“ငါ ကြားတာ... ငါ ပထမအပိုင်းကို စမ်းသပ်ကြည့်ပြီး အစစ်အမှန်ဆိုတာကို အတည်ပြုပြီးပြီ... အဲဒါက နတ်ဘုရားရဲ့ လက်ဆောင်မွန်ပဲ... သူက ငါ့နားထဲမှာ ဆက်တိုက် ပြောနေတယ်... ဆက်တိုက် ပြောနေတယ်... သူ... သူက...”

လူအိုကြီးနီးလ်ရဲ့ အသံဟာ ရုတ်တရက် တိတ်သွားပါတယ်။ ဆယ်စက္ကန့်လောက် ကြာတဲ့အခါမှာတော့ သူဟာ ကြောက်ကြောက်လန့်လန့် ဘာလုပ်ရမှန်း မသိတဲ့ မျက်နှာနဲ့ ဆက်ပြောပါတယ်။

“သူက ကွယ်ဝှက်ပညာရှိ...”

‘ကွယ်ဝှက်ပညာရှိ... မိုးဇက်ဂိုဏ်းက ယုံကြည်တဲ့ လူသားပုံစံမဟုတ်တဲ့ နတ်ဘုရားလား... ပြန်လည်ရှင်သန် ထမြောက်ပြီး မကောင်းမှုနဲ့ ခြစားမှုကို ဆောင်ယူလာတဲ့ နတ်ဘုရား... မိုးဇက်ဂိုဏ်းမှာက လျှို့ဝှက်ဆန်းကြယ် စပ်စုသမားရဲ့ ဆုံမှတ် လမ်းကြောင်း အပြည့်အစုံ ရှိတယ်...’ ကလိုင်းဟာ ရင်ထဲမှာ လှိုင်းထန်သွားပြီး အများကြီး တွေးမိလိုက်ပါတယ်။

ကွယ်ဝှက်ပညာရှိလို့ ပြောလိုက်ပြီးနောက် လူအိုကြီးနီးလ်ဟာ အိပ်နေရာကနေ နိုးသွားတဲ့လူလို ဖြစ်သွားပါတယ်။ သူဟာ ဘေးပတ်ဝန်းကျင်ကို လိုက်ကြည့်ပြီး အရာအားလုံးကို အကဲခတ်ပါတယ်။

စကားလုံးနဲ့ ဖော်ပြလို့မရတဲ့ တိတ်ဆိတ်မှုကြားမှာ သူ့မျက်လုံး ခြောက်လုံးဟာ ဒန်းစမစ်ကို ကြည့်ပြီး မချိပြုံး ပြုံးလိုက်ပါတယ်။

“အဲဒီတော့... အဲဒီတော့ ငါက မွန်းစတား ဖြစ်နေပြီပဲ”

ဒန်းစမစ်နဲ့ တခြားလူတွေဆီက စကားကို မစောင့်ဘဲ လူအိုကြီးနီးလ်ဟာ ရုတ်တရက် ပြုံးလိုက်ပါတယ်။ ခယဝပ်တွားတဲ့ ကြောက်ရွံ့တဲ့ သတ္တိနည်းတဲ့ အပြုံးပါ။

“ငါ့ကို သွားခွင့်ပေး... ငါ တောတောင်တွေထဲ ဝင်ပြီး လူမြင်ကွင်းမှာ ဘယ်တော့မှ ထပ်ပြီးတော့ ပေါ်မလာစေရဘူး... ငါ ဘယ်တော့မှ ဘယ်သူ့ကိုမှ ဒုက္ခမပေးဘူး... ငါ့အစီအရင်ကိုပဲ တိတ်တိတ်လေး စီရင်မယ်... ကျေးဇူးပြုပြီး ငါ့ကို သွားခွင့်ပေးပါ... ငါ တောင်းပန်ပါတယ်”

အဲဒီအချိန်မှာပဲ ကလိုင်းဟာ သူ့ရှေ့က ပုံရိပ်ယောင်တစ်ခု ကွဲကြေသွားတာကို ခံစားမိလိုက်ပါတယ်။

လူအိုကြီးနီးလ်ရဲ့ မျက်တောင် မရှိတဲ့ အေးစက်တဲ့ မျက်လုံး လေးလုံးဟာ အနက်ရောင် တောက်လာပြီး ဒန်းစမစ်ကို စိုက်ကြည့်လိုက်ပါတယ်။ သူ့အမူအရာဟာ ရုတ်တရက်ဆိုသလို အေးစက်သွားပါတယ်။

“မင်းက ငါ့ကို အိပ်မက်ထဲ ဆွဲထည့်နေတာပဲ”

“အသုံးမဝင်ဘူး... ငါ့မျက်လုံးတွေက အဲဒါတွေ အကုန်လုံးကို ထိုးဖောက် မြင်နိုင်တယ်”

မျက်နှာကြက်၊ ကြမ်းပြင်နဲ့ နံရံတွေမှာ ပေကျံနေတဲ့ ချွဲပစ်ပစ်သွေးတွေဟာ ဘီလူးတစ်ကောင် ပါးစပ်ဟပြီး ကလိုင်းတို့ကို ဝါးမျိုမဲ့ ပုံစံပြီး စပြီးတော့ လှုပ်ရှားလာပါတယ်။ လူအိုကြီးနီးလ်ရဲ့ ခေါင်းဟာလည်း နောက်ကျန် ပုံရိပ်တွေ ထပ်သလိုမျိုး ကြီးထွားသွားပါတယ်။

ကလိုင်းဟာ ခြောက်လုံးပြူးကို ဆွဲမထုတ်ဘဲ အိတ်ကပ်ထဲက အိမ်မွေ့ချအဆောင်ဆီ လက်ရောက်သွားပါတယ်။

ရုတ်တရက် သူ့ရှေ့က အရာအားလုံး ငြိမ်သက်သွားပါတယ်။ ချွဲပစ်ပစ် သွေးရည်တွေဟာ ရုတ်တရက် ရေအိုင်လိုမျိုး ငြိမ်သက် တည်ကြည်သွားပါတယ်။

လူအိုကြီးနီးလ်ဟာ အေးစက်မှု၊ မုန်းတီးမှု၊ ဆန္ဒတွေနဲ့ တခြား အမူအရာတွေ အကုန်လုံးကို ဆုံးရှုံးသွားပါတယ်။ သူဟာ တိတ်ဆိတ်ပြီး ငြိမ်သက် အေးချမ်းသွားပါတယ်။

ဒန်းစမစ်က ချိပ်ပိတ်လက်နက် ၃-၀၆၁၁ ကို သွေးတွေထဲ ဘယ်တုန်းက ပစ်ထည့်လိုက်လဲ မသိပါဘူး။

မျက်တောင် မရှိတဲ့ လူအိုကြီးနီးလ်ရဲ့ နဖူးနဲ့ ပါးပြင်ပေါ်က မျက်လုံးတွေဟာ မျက်လုံးဖွင့်ချင်စိတ် မရှိတော့သလိုမျိုး ဖြည်းဖြည်းချင်း မှိတ်သွားပါတယ်။

အေးချမ်းဆံခြည်မျှင်နဲ့ ထိတွေ့မိတဲ့ သက်ရှိမှန်သမျှ ငြိမ်သက် အေးချမ်းပြီး စိတ်ခွန်အားတွေ အကုန်လုံး သေတဲ့အထိ ဆုံးရှုံးသွားပါတယ်။

ဒန်းစမစ်၊ ကလိုင်းနဲ့ ရိုင်ရွယ်တို့ဟာ သေနတ်ကိုယ်စီ ဆွဲထုတ်ပြီး လူအိုကြီးနီးလ်ရဲ့ ခေါင်းကို တစ်ချိန်တည်းမှာ ရွယ်လိုက်ပါတယ်။

အဲဒီအချိန် လူအိုကြီးနီးလ်ရဲ့ မျက်နှာမှာ အလွန်တရာ ကြောက်ရွံ့သွားပြီး အားကုန် ရုန်းကန်ပါတယ်။ သူ့ရဲ့ အသက်ရှင်ချင်တဲ့ အားကောင်းတဲ့ ဆန္ဒက ချိပ်ပိတ်လက်နက် ၃-၀၆၁၁ ရဲ့ လွှမ်းမိုးမှုကို ရင်ဆိုင် တိုက်ခိုက်ပါတယ်။

အပိုမျက်လုံးလေးလုံးဟာ ပျောက်ကွယ်သွားပါတယ်။ သူ့ရဲ့ မျက်လုံးထောင့်နဲ့ ပါးစပ်ထောင့်က အရေးအကြောင်းတွေဟာ နက်နေတုန်း ဖြစ်ပြီး သူ့ဆံပင်တွေက ဖြူနေဆဲပါ။ သူ့ရဲ့ ကြက်သွေးရောင် မျက်လုံးတွေဟာ ကလိုင်း ပထမဆုံးအကြိမ် တွေ့တုန်းကလိုမျိုး နောက်ကျိနေပါတယ်။

“ဒန်း... ငါ မင်းကို ကယ်ခဲ့တာ မှတ်မိလား...”

“ရိုင်ရွယ်... ငါ မင်းမိသားစုရဲ့ အသက်တွေကို ကယ်တင်နိုင်အောင် ကူညီပေးခဲ့တာ မှတ်မိလား...”

“ကလိုင်း... ငါ မင်းကို ဂမ္ဘီရသင်ခန်းစာတွေ နေ့တိုင်း ဘယ်လိုသင်ပေးခဲ့လဲဆိုတာ မှတ်မိလား... ရင်းစာငွေရအောင် ဘယ်လိုလုပ်ရမလဲဆိုတာ ငါတို့တွေ ပြောခဲ့တာ မှတ်မိလား... ငါ မင်းကို လက်ကြိတ်ကော်ဖီ ဖျော်တိုက်ခဲ့တာ မှတ်မိလား... ငါတို့တွေ ဒဏ်ခတ်သမား မွန်းစတားကို အတူ ရင်ဆိုင်ခဲ့တာ မှတ်မိလား...”

...

ကလိုင်းရဲ့ နားထဲမှာ ဝိုးတိုးဝါးတား အသနားခံသံဟာ ပဲ့တင်ထပ်သွားပြီး သေနတ်ကိုင်ထားတဲ့ ညာဘက်လက်ဟာ တုန်ယင်သွားပါတယ်။ သူဟာ မောင်းကို ဆွဲဖို့ တွန့်ဆုတ်သွားပါတယ်။

“ဒိုင်း... ဒိုင်း...”

နတ်ဆိုးပစ် ငွေကျည်ဆံ နှစ်တောင့်ဟာ သေနတ်ပြောင်းဝကနေ ပျံထွက်ပြီး လူအိုကြီးနီးလ်ရဲ့ ခေါင်းကို တစ်တောင့်ဆီ မှန်သွားပါတယ်။

ကလိုင်းဟာ တရင်းတနှီးရှိတဲ့ ပုံမှန်မဟုတ်တဲ့ မျက်နှာဟာ ကူကယ်ရာမဲ့တဲ့ မျက်နှာ ဖြစ်သွားပြီး ဦးခေါင်းခွံပွင့်ကာ အထဲက အနီရောင် အဖြူရောင်တွေ အရပ်ဆယ်မျက်နှာ ပြန့်ကျဲသွားတာကို ရပ်ကြည့်နေမိပါတယ်။

ဘေးပတ်ဝန်းကျင်မှာ အုပ်ဆိုင်းနေတဲ့ ချွဲပစ်ပစ် သွေးတွေဟာ ကျုံ့ဝင်ပြီး ကြမ်းပြင်ပေါ် ပြုတ်ကျသွားတဲ့ လူအိုကြီးနီးလ်ရဲ့ ခေါင်းထဲကို ပြန်စီးဝင်သွားပါတယ်။ ဒန်းစမစ်နဲ့ ရိုင်ရွယ်ဟာ သေနတ်ချပြီး တိတ်ဆိတ်သွားပါတယ်။

ကလိုင်းဟာ သူ့ရှေ့က အရာအားလုံးကို ကြောင်ကြည့်နေပါတယ်။ လူအိုကြီးနီးလ်ရဲ့ အလောင်းဟာ ပုပ်ပွနေတဲ့ အသားလုံးတစ်လုံး ဖြစ်သွားပါတယ်။ သူဟာ ဒီအသွေးအသားတွေကြားမှာ ကြက်သွေးရောင်ရှိပြီး သလင်းကျောက်လို့ ကြည်လင်လှတဲ့ မျက်လုံးတစ်စုံက စကားလုံးနဲ့ ဖော်ပြလို့မရအောင် နာကျင်မှုတွေ ခံစားနေရတဲ့ပုံ ပေါ်နေတာ တွေ့လိုက်ရပါတယ်။

သူဟာ ဖြစ်ပျက်သွားတာတွေ အကုန်လုံးက အိပ်မက်တစ်ခုလို့ ခံစားလိုက်ရပြီး ဒီအဖြစ်အပျက်တွေနဲ့ ဒီအဆုံးသတ်ကို လက်မခံနိုင်အောင် ဖြစ်နေပါတယ်။

သူ ကြက်သေသေနေစဉ်မှာ ဒန်းစမစ်ဟာ ရှေ့နှစ်လှမ်း တိုးပြီး ခါးကိုင်းလိုက်ပါတယ်။

ဒန်းစမစ်ဟာ လူအိုကြီးနီးလ်ရဲ့ အလောင်းကို ကြည့်ပြီး လေးတွဲစွာ ရေရွတ်လိုက်ပါတယ်။

“ငါတို့က စောင့်ရှောက်သူတွေ... ဒါပေမဲ့ ခြိမ်းခြောက်မှုနဲ့ ရူးသွပ်မှုတွေကို အဆက်မပြတ် ရင်ဆိုင် တိုက်ခိုက်နေရတဲ့ သနားစရာကောင်းတဲ့ ကံဆိုးတဲ့လူတွေလည်း ဖြစ်နေတယ်”

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters